အပိုင်း ၁၃၅
Viewers 18k

Chapter 135


တာဝန်ရှိ ဒိုင်လူကြီးများနှင့် မက်ခါကျွမ်းကျင်သူများ စုရုံးကာ ထိုအကြောင်း ဆွေးနွေးခဲ့ကြပြီ ၎င်းတို့အနက် ဖက်တီးနှင့်အတူ ရမ်ရှန့်၏ လေ့ကျင့်မှုကို မြင်ဖူးခဲ့သူများလည်း ရှ်ိသည့်အတွက် ထိုသူများက ရမ်ရှန့်၏ စွမ်းရည်ကို ယုံကြည်ကြသည့်တိုင် သူ၏ ဖြစ်တည်မှုသည် ပြိုင်ပွဲ၏ သဟဇာတဖြစ်မှုကို သက်ရောက်နေသည့်အတွက် မည်သူကမှ ၁၉ နှစ်အရွယ် ‌ကလေး၏ စွမ်းရည်ကို မယုံကြည်ပေးလိုကြတော့ပေ။ 


သရုပ်ပြကွန်ယက်အတွင်းရှိ ဖက်တီးမှာမူ ပူလောင်မွန်းကြပ်ကာ ချွေးများပင် စီးကျလာတော့သည်။ ပြီးခဲ့သည့် ရက်ပိုင်းကမှ ရမ်ရှန့်ကို နှစ်သိမ့်ပေးထားသော်ငြား ယခုမူ ပြိုင်ပွဲမှ နှုတ်ထွက်ပေးရန် တောင်းဆိုရပေတော့မည်။ သူက ထိုသို့ မလုပ်ချင်သော်ငြား လူတိုင်း၏ အကြည့်တို့မှာ သူ့ထံတွင်သာ ကျရောက်‌နေပေသည်။ 


"ငါသွားမယ် ..." 


သူက သက်ပြင်းချကာ ပြောလိုက်သော်ငြား စကားပင် မဆုံးသေးခင် ဧကရာဇ်ထံမှ အကြောင်းကြားစာကို လက်ခံလိုက်ရသည်။ 


ဧကရာဇ် ဟုတ်လား ... 


ဖက်တီးအပါအဝင် အနားနားတွင် ရှိနေသူအားလုံး ထိတ်လန့်သွားကြတော့၏။ ဧကရာဇ်သည် သက်ဦးဆံပိုင်စနစ်ဖြင့် အာဏာကို တစ်ဦးတည်း လက်ကိုင်မထားနိုင်တော့သည့်တိုင် အလေးစားရဆုံး ဂုဏ်ပုဒ်တစ်ခု ဖြစ်နေသေးပေသည်။ 


"အရှင်က ပြိုင်ပွဲရဲ့ လုပ်ငန်းစဉ်တွေကို အမည်မဲ့အဖြစ်  ပြောင်းလဲစေချင်တယ်တဲ့ ..." 


တစ်စုံတစ်ယောက်က တုံ့နှေးစွာဖြင့် ပြောလိုက်သည်။ ထို့နောက် နောက်ထပ် စာတစ်စောင် ရောက်ရှိလာပြန်တော့သည်။ ယခုအခေါက် ရောက်လာသည့်စာမှာ မက်ခါသုတေသန အဖွဲ့အစည်း၏ ဒါရိုက်တာ၊ အင်ပါယာ၏ ရေခဲရုပ်အလှလေးဟု လူသိများသည့် ကိတ်ထံမှ ဖြစ်သည်။ သူကလည်း ပြိုင်ပွဲကို အမည်မဖော်ဘဲ ကျင်းပပေးစေလိုကြောင်း ဖော်ပြထားပေသည်။ 


တစ်ဖန် စစ်တပ်မှ... လောယာအင်ပါယာ၏ စစ်နတ်ဘုရားဟု တင်စားရသည့် Crohn ကလည်း အထူးတလည် ဆက်သွယ်ကာ ပြိုင်ပွဲဝင်အားလုံးကို အမည်မဖော်၊ ရုပ်သွင် ဖော်ပြခြင်း မရှိဘဲ စံပုံစံမက်ခါများကိုသာ အသုံးပြုစေမှသာ မျှတလိမ့်မည်ဟု အကြံပြုလာသည်။  ထို့နောက်တွင်တော့ မြောက်များစွာသော ပုဂ္ဂိုလ်တို့ကလည်း အလားတူပင် တောင်းဆိုလာကြတော့သည်။ 


"ဖက်တီး ဂရင်တန်က ဘယ်သူလဲ မင်းသိလား အထက်တန်းလွှာတွေနဲ့ အဆင့်မြင့် စွမ်းရည်ပိုင်ရှင်တွေတစ်ယောက်မှ ကလေးမရကြတော့တာ နှစ်နှစ်ရာနီးပါးလောက် ရှိနေပြီလေ ..." 


မနေနိုင်တော့သည့် တစ်‌ယောက်က ထုတ်မေးလိုက်သည်။ 


အင်ပါယာရှိ အသန်မာဆုံးသူမှ ကလေးမွေးဖွားထားသည်မှာလည်း နှစ်ပေါင်းကြာညောင်းလှပြီဖြစ်သည့်အတွက် ဂရင်တန်ကို သာမန်သူဟုသာ ထင်ထားခဲ့သော်ငြား အမှန်တကယ်သာ သာမန်သူ ဖြစ်ခဲ့ပါလျှင် ဧကရာဇ်က သူ့အတွက် ကူပြောပေးမည် မဟုတ်ပေ။ တကယ်ပဲ ဂရင်တန်က ဘယ်သူလဲ ... 


ဖက်တီးကလည်း ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။ 


"ငါလည်း မသိဘူး ..." 


ထို့နောက်တွင်တော့ ကွန်ယက်မက်ခါပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများ ပြောင်းလဲသွားတော့သည်။ ယခင်က ပွင့်လင်းမြင်သာစေရန် အလို့ငှာ ပြိုင်ပွဲဝင်တို့၏ နာမည်ကို ခေါင်းပေါ်တွင် ရေးထားရန် လိုအပ်သော်ငြား ယခုမူ နာမည်မပါဘဲ နံပါတ်စဉ်သီးသန့်သာ ရေးထားရတော့သည်။ 


ဒါက ... အသက်မပြည့်သေးတဲ့တစ်ယောက်အတွက် လုပ်ပေးတာလား ... 


ထိုသတင်းကို ကြားလိုက်ရသူတိုင်း ဇဝေဇဝါ ဖြစ်ကုန်ကာ ပြိုင်ပွဲကျင်းပသည့် ကော်မတီကလည်း ရှင်းလင်းချက်တစ်ရပ်ကို ထုတ်ပြန်ပေးလိုက်တော့သည်။ 


"အခုလတ်တလောမှာ ပြိုင်ပွဲဝင်တစ်ဦးနဲ့ ပတ်သက်ပြီး နက်နက်နဲနဲ မေးခွန်းထုတ်မှုတွေကို ကြုံတွေ့နေရပါတယ် ကော်မတီအနေနဲ့ လူတစ်ယောက်ရဲ့ လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ကို ပိတ်ပင်တားမြစ်လို့ မရတဲ့အတွက် တရားမျှတမှုကို ထိန်းသိမ်းနိုင်ရန် အမည်မဲ့စနစ်နဲ့ ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ..." 


တာဝန်ရှိသူများက တရားမျှတလေဟန်ဖြင့် ပြောလိုက်ချိန်တွင် အရွယ်မရောက်သေးသူ၏ ပါဝင်မှုကို မနှစ်မြို့ကြသူများကလည်း ထိုကလေးပေါက်စကို သူဖော်သည့်ဆေး သူပြန်စားနိုင်ရန် ဖန်တီးပေးမည်ဟု ကြုံးဝါးလိုက်ကြတော့သည်။ 


အရွယ်မရောက်သေးသူကို ဤကဲ့သို့ ပြိုင်ပွဲမျိုး ဝင်ရောက်ခွင့် မပြုသင့်ဟု ခံစားမိသူများလည်း ရှိနေသေးပေသည်။ 


သရုပ်ပြကွန်ယက်က လက်တွေ့ မဟုတ်ဘူး ဆိုပေမယ့် အရိုက်ခံရရင်တော့ နာတာပဲလေ ပြီးတော့ စိတ်ပိုင်းဆိုင်ရာ အရိပ်မည်းကြီးပါ ဖြစ်ချင်ဖြစ်သွားဦးမှာကို ဘာလို့များ ပြိုင်ခိုင်းရတာလဲ ... 


အပြင်လောကတွင် မည်မျှပင် အငြင်းပွားနေပါစေ၊ ပြိုင်ပွဲကတော့ ယခင်အတိုင်းပင် ကျင်းပနေဆဲဖြစ်သည်။ ရမ်ရှန့်၏ ခေါင်းပေါ်တွင် ၇၈ ဟူသော နံပါတ်တစ်ခုသာ ရှိနေသည့်အတွက် လူအုပ်ထဲတွင် ထင်းမနေတော့ချေ။ 


"ညီအစ်ကို ဘယ်တစ်ယောက်က အသက်မပြည့်သေးတဲ့တစ်ယောက်လို့ ထင်လဲ ..." 


မက်ခါနံပါတ် ၇၇ က သူ့အနားသို့ လျှောက်လာရင်း မေးလိုက်သည်။ 


ရမ်ရှန့်က တုံဏှိဘာဝေ နေနေသည့်အတွက် ထိုလူကပင် ထပ်ပြောလိုက်သည်။ 


"တကယ်ဆို အဲဒီ့ကောင်လေးက တော်တော်ကံဆိုးတယ် ပြောရမယ် အခု လူတိုင်းက သူနဲ့တွေ့ရင် ပြင်းပြင်းထန်ထန် ရိုက်နှက်ပစ်မယ်လို့ ပြောနေကြပြီလေ ..." 


"..." 


ရမ်ရှန့်က တစ်ခွန်းမှ ဆိုမ‌လာသေး။ 


သူက စကားတစ်ခွန်းမှ တုန့်ပြန်မလာသည့်အတွက် နံပါတ် ၇၇ လည်း သူ့ကိုယ်သူ အရူးလုပ်ခြင်းကို ရပ်တန့်လိုက်တော့၏။ ထိုအချိန်တွင် ပြိုင်ပွဲ စတင်လိုက်တော့သည်။


ဤတစ်ကြိမ်တွင် ရမ်ရှန့်၏ အလှည့်မှာ နောက်ကျပြီး သူ့ပြိုင်ဘက်မှာ နံပါတ် ၃၄၅ ဖြစ်သည်။ မက်ခါနှစ်စီးမှာ တစ်ထပ်တည်း တူ‌ညီနေကာ ရင်ဘက်နှင့် ခေါင်းပေါ်ရှိ ဂဏန်းများသာလျှင် ကွဲပြားကြပေသည်။

135.2


"ပြိုင်ပွဲ စတင်ပါပြီ ..." 


စက်ရုပ်ဒိုင်လူကြီး၏ အသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် နှစ်ယောက်လုံး စတင်တိုက်ခိုက်လိုက်ကြတော့သည်။ 


နောက်ဆုံးတော့ သူလည်း ကောင်းကောင်းတိုက်နိုင်ပြီပဲ ...


ရမ်ရှန့်က သူ့အမြစ်များကို ထုတ်မသုံးရန် ဆုံးဖြတ်ထားသည့်အတွက် ပြီးခဲ့သည့်ပွဲတွင် ကြုံတွေ့ခဲ့ရသည့် ဒေါသများကို ဖြေဖျောက်ရန် အားကုန်ထုတ်ကာ တိုက်ခိုက်လိုက်တော့သည်။ ယခင် ဖြစ်ပျက်ခဲ့သည်များကြောင့် ပြိုင်ပွဲကို မေးခွန်းထုတ်သူ များပြားလာသော်ငြား အာရုံစိုက်သူများလည်း ထပ်တူ တိုးပွါးလာတော့၏။ ယခုအချိန်တွင် ပြိုင်ပွဲကို စိတ်ဝင်တစားနှင့် စောင့်ကြည့်သူအရေအတွက်မှာ ယခင်ပွဲစဉ်များနှင့် မယှဉ်နိုင်လောက်အောင်ပင် များပြားလာပေတော့သည်။ 


'လိုလာ' သည် အားကစားသတင်းများကို တိုက်ရိုက်တင်ဆက်သည့် အထူးသတင်းထောက်တစ်ယောက် ဖြစ်သည်။ သူမ၏ အားကစားချန်နယ်ကို ကြည့်ရှုသူအများစုမှာ ပြိုင်ပွဲများကို ရံဖန်ရံခါမှသာ ကြည့်ရှုတတ်သည့် သာမန်သူများဖြစ်ပြီး အတင်းအဖျင်း အမျိုးမျိုးကိုသာ ပိုပြီး အာရုံစိုက်တတ်ကြကာ လိုလာ၏ တိုက်ရိုက်ထုတ်လွှင့်မှုမှာလည်း ထိုအကြောင်းအရာကိုသာ အများဆုံး ဦးတည်ပေသည်။ ယခုလည်း သူမသည် မည်သူက အသက်မပြည့်သေးသူ ဖြစ်နိုင်ကြောင်း ခန့်မှန်းနေပြန်သည်။ 


"နံပါတ် ၂၆၇ ရဲ့ လှုပ်ရှားမှုတွေက တောင့်တင်းနေပြီးတော့ ပြိုင်ဘက်ရဲ့ လက်စာကို မိတော့မလို့ သီသီလေးပဲ လိုတော့တယ်ရှင် သူက ဒီပွဲကို ဘယ်လိုများ ဝင်ပြိုင်ခွင့် ရလာလဲတောင် မပြောတတ်တော့ပါဘူး မဟုတ်မှလွဲရော ဒဏ္ဍာရီလာ အသက်မပြည့်သေးတဲ့ကလေးက သူများ ဖြစ်နေမလား မသိဘူးနော် နေပါဦး ပရိသတ်တို့ရေ နံပါတ် ၇၈ နဲ့ ၃၄၅ ကို ကြည့်လိုက်ကြပါဦး ၇၈ ရဲ့ လှုပ်ရှားမှုတွေက မြန်ဆန်တယ် ပြီးတော့ မလှပေမယ့် AI ရဲ့ တွက်ချက်မှုအရဆိုရင် သူ့ရဲ့ လှုပ်ရှားမှုတွေက ပြိုင်ဘက်ကို စွမ်းအင်အကုန်အကျ သက်သက်သာသာနဲ့ အကျိုးရှိရှိ တိုက်ခိုက်နိုင်တဲ့ စံလှုပ်ရှားမှုတွေတဲ့ သူကတော့ သန်မာလွန်းလို့ ပြိုင်ဘက်ထက်ကို နှာတစ်ဖျား သာနေပြီနော် အိုး မဟုတ်သေးဘူး ပြိုင်ဘက်လို့တောင် မသုံးသင့်တော့ဘူး သနားစရာ ၃၄၅ လေးကတော့ အထိုးခံ ဖွဲအိတ်လေး ဖြစ်နေရှာပြီ အခုလည်း ကြည့်လိုက်ပါဦး သူ့ကို ထိုးမယ်လုပ်လိုက် ပြန်ခွါသွားလိုက်နဲ့ ကျီစားနေတာ ..." 


‌လိုလာက ကျယ်ကျယ်လောင်လောင်ဖြင့် မှတ်ချက်ချလိုက်သည်။ 


"ပုံမှန်မက်ခါတွေအနေနဲ့ဆို ဒီလိုအရှိန်မျိုး ရဖို့ဆိုတာ တော်တော်ကို ခက်တာနော် အခြေခံမက်ခါလေးနဲ့ ဒါမျိုး လုပ်ပြနိုင်တယ်ဆိုတာ ယုံကို မယုံနိုင်လောက်စရာပဲ ကျွန်မဘဝမှာလေ တစ်ခါမှ စံပြပုဂ္ဂိုလ်ရယ်လို့ မရှိခဲ့ဘူးပေမယ့် အခုတော့ ရှာတွေ့သွားပြီ ထင်ပါတယ်ရှင် ... ဒါပေမယ့် တစ်ခုဆိုးတာကလေ နံပါတ် ၇၈ ရဲ့ အရည်အချင်းက နည်းနည်းလေး လိုနေသေးတော့ အစောကြီးကတည်းက ပွဲသိမ်းရမယ့် ပြိုင်ပွဲက အခုအချိန်အထိ မပြီးသေးဘူး ဖြစ်နေတော့တာပဲ ...." 


ရမ်ရှန့်က သူ့ပြိုင်ဘက်မှာ ပထမပွဲစဉ်တွင် တွေ့ခဲ့စဉ်က အသက်မပြည့်သေး၍ မတိုက်နိုင်ကြောင်း ငြင်းခဲ့သူဟု သိလိုက်ရသည့်အတွက် အချိန်ဆွဲကာ ဝေ့လည်ကြောင်ပတ် လုပ်နေခြင်းဖြစ်သည်။ ယခုမူ ထိုသူ ကောင်းကောင်လေ့ကျင့်နိုင်ရန်အလို့ငှာ လက်သီး၏ အရှိန်ကို တိုးမြှင့်လိုက်တော့၏။ 


သူ့အရှိန်များမှာ အလွန်မြန်‌ဆန်လှသည့်အတွက် ပြိုင်ဘက်ကို တစ်ချက်တည်းဖြင့်ပင် ပွဲသိမ်းလိုက်နိုင်သော်ငြား နိုင်တော့မည့် အချိန်တိုင်း အရှိန်ကိုလျော့ကာ တစ်ဖက်သူကို ထွက်ပေါက်ပေးလိုက်ပြန်သည်။ ဤကဲ့သို့ အတိုးအလျော့ လုပ်လာသည့်အတွက် သူ့လှုပ်ရှားမှုများမှာ တစ်စထက်တစ်စ ချောမွေ့ကာ တိုက်ခိုက်မှုတိုင်းကို အလွယ်တကူ ရှောင်ရှားလာနိုင်တော့သည်။ သို့သော် အခြားသူများကတော့ သူ့အရည်အချင်းများမှာ ဤတစ်ပွဲတည်းဖြင့် တိုးတက်လာခဲ့ခြင်းဖြစ်သည်ဟု မထင်ကြ။ အစောပိုင်းတွင် အားနည်းချင်ယောင်ဆောင်ကာ ပွဲပြီးကာနီးမှ အရည်အချင်းအစစ်ကို ထုတ်သုံးလာသည်ဟုသာ ထင်ကြပေသည်။ 


ဒါက ... တမင်တကာကို ညစ်ပတ်တာပဲကွ ...ဒီနံပါတ် ၇၈ က ဆိုးရွားလိုက်တာ ... 


အချို့ကြည့်ရှုသူများမှာ သူ့ကို စိတ်ပျက်သွားကြသည့်တိုင် ကျန်သူများမှာတော့ သောင်းသောင်းဖျဖျ အော်ဟစ်အားပေးနေကြတော့သည်။ ဤကဲ့သို့ ယှဉ်ပြိုင်လိုစိတ် ပြင်းထန်သော အခြေအနေမျိုးတွင် မည်သည့်နည်းလမ်းကို အသုံးပြုပါစေ၊ အချိန်မရွေးအနိုင်ရနိုင်မည်မှန်း သေချာနေသည့် အားကောင်းသူတစ်ဦးကို အားမပေးနိုင်စရာအကြောင်း မရှိချေ။ သို့သော် ရမ်ရှန့်၏ ပြိုင်ဘက်မှာမူ သည်းမခံနိုင်တော့။  တိုက်ခိုက်ရန် အရှိန်မြှင့်လိုက်သည့်အချိန်တွင် သူက အော်ပြောလိုက်သည်။ 


"ငါ အရှုံးပေးတယ် ..." 


တစ်ဖက်သူ၏ စကားသံကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ရမ်ရှန့်လည်း ကွင်းထဲမှ ထွက်ခွါလိုက်သည်။ ကြည့်ရှုသူများကလည်း နံပါတ် ၇၈ ဟု ရုတ်ချည်း ကြွေးကြော်လိုက်ကြတော့သည်။


 ဤကဲ့သို့ တစ်ခဲနက် အားပေးမှုများမှာ ရမ်ရှန့်၏ ခွန်အားကို သက်သေပြနိုင်ရန် လုံလောက်သည်ထက်ပင် ပိုနေကာ သူ့အရည်အချင်းမှာ ကျွမ်းကျင်အဆင့် မက်ခါမောင်းနှင်သူများထက်ပင် သာလွန်နေကြောင်း သာမန်မျက်စိဖြင့်ပင် အကဲဖြတ်နိုင်ပေသည်။ 


ထိုသူတွင် သန်မာသည့် စိတ်စွမ်းအင်သာမက အလွန်မြန်ဆန်သော လက်အရှိန်ပါ ပိုင်ဆိုင်ထားမည်ကို စိုးရိမ်မိကြတော့သည်။ ယနေ့ခေတ်တွင် လူဦီးရေ နည်းပါးလာသည့်အတွက် အွန်လိုင်းပြိုင်ပွဲများကို တစ်ရက်တည်းပင် အပြီးသတ် ကျင်းပလာကြသည့်အပြင် ပြိုင်ပွဲဝင်သူများကို နားချိန်လည်း များများစားစား မပေးသည့်အတွက် ရမ်ရှန့်မှာ နောက်တစ်နေ့တွင်လည်း ထပ်ပြိုင်ရဦးမည်ဖြစ်သည်။ 


ဤတစ်ကြိမ်အတွက် သူ့ပြိုင်ဘက်မှာ နံပါတ် ၂၇၆ ဖြစ်သည်။ သူ့ဒေါသများကို ဖြေဖျောက်ပြီး ဖြစ်သည့်အတွက် ရမ်ရှန့်သည် အစပိုင်းကတည်းက အမြစ်များကို သုံးမည့်အစား စိတ်စွမ်းအင်နှင့် လက်ကိုသာ အသုံးပြုပြီး တိုက်ခိုက်လိုက်သည်။ ပြီးခဲ့သည့် ပြိုင်ပွဲတွင် လိုလာသည် နံပါတ် ၇၈ အကြောင်း တင်ဆက်ရင်း ကြည့်ရှုသူ တိုးလာခဲ့သည့်အတွက် ရမ်ရှန့်၏ နောက်ထပ်ပြိုင်ပွဲကို တွေ့လိုက်ရချိန်တွင် စခရင်ကို ရမ်ရှန့်ရှိရာသို့ ပြောင်းလဲလိုက်တော့သည်။ 


"အားလုံးပဲရှင် ပြီးခဲ့တဲ့တစ်ခေါက်က နံပါတ် ၇၈ ကို မှတ်မိကြလိမ့်ဦးမယ်လို့ ထင်ပါတယ် အခုလည်း သူ့ပွဲစဉ်အလှည့်ကို ရောက်လာပြန်ပါပြီ ဒီတစ်ခေါက်ရော ဘယ်လိုမျိုး တိုက်ခိုက်မှုတွေကို မြင်တွေ့ရဦီးမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ကြရအောင်နော် ကျွန်မသာ ဗဟိုကွန်ပျူတာရဲ့ သမာသမတ်ကျမှုကို မယုံကြည်ရင် ဒါက နောက်တစ်ယောက်လို့ ထင်မိမှာ အသေအချာပဲ အားလုံးပဲ ကြည့်လိုက်ကြပါဦး ၇၈ က ရှုံးတော့မယ့်ပုံ ပေါက်နေကာမှ ၃၆၀ ဒီကရီ နောက်ကျွမ်းပစ်လိုက်တဲ့အပြင်  ပိုပြီး ခက်ခဲတဲ့ လှုပ်ရှားမှုနှစ်ခုကိုပါ ဆက်တိုက်လုပ်သွားတယ်ရှင် တကယ်ကို ချောချောမွေ့မွေ့နဲ့ လုပ်သွားတာနော် ကြည့်ရတာ သူ့ပြိုင်ဘက်ကို ရန်စမလို့ ကြံနေပြန်ပြီ ထင်တယ်နော် ဒါကတော့ ခပ်ဆိုးဆိုးအကြိုက်ရှိတဲ့ ဆရာတစ်ယောက်ပဲ ဖြစ်ရမယ် ကျွန်မဖြင့်လေ အရင်က ပြိုင်ပွဲဗီဒီယိုတွေ အများကြီး ကြည့်ခဲ့တာတောင် ဘယ်သူဘယ်ဝါရယ်လို့ မခန့်မှန်းတတ်သေးဘူး ..." 


လိုလာက စိတ်ဝင်စားမှုအပြည့်ဖြင့် တင်ဆက်နေစဉ် ရမ်ရှန့်မှာမူ အမြစ်များကို သုံးကာ မရှုံးနိမ့်စေရန် ကြိုးစားနေရသည်။ သူ့မှတ်ဉာဏ်မှာ ကောင်းလှသည့်အပြင် လက်လှုပ်ရှားမှုမှာလည်း မနှေးလှသည့်အတွက် ပွဲစတင်စဉ်ကထက် များစွာ တိုးတက်ကာ လှုပ်ရှားမှုတို့မှာလည်း မြန်ဆန်လာတော့သည်။ သို့သော် မက်ခါများအကြောင်း လေ့လာခဲ့သည်မှာ မကြာမြင့်လှသေးသည့်အပြင် တိုက်ခိုက်ရေးစွမ်းရည်တွင်လည်း အားနည်းသည့်အတွက် အလျင်အမြန် လှုပ်ရှားရန် ရှုံးနိမ့်သွားပြီးနောက် ပြိုင်ဘက်က အသာစီးရသွားတော့သည်။ 


ထို့နောက် သူ့အမြစ်များကပါ စက်ခလုတ်များကို ကူနှိပ်ပေးလိုက်ကြတော့သည်။ 


"နံပါတ် ၇၈ က ခပ်သွက်သွက်လေး ပြန်တိုက်ခိုက်လာပြန်ပါပြီရှင် ရှုံးတော့မယ်ဆိုကာမှ သီသီလေး ကပ်လွဲသွားပြန်ပါပြီရော အင်တာနက်ပေါ်မှာ သူ့ရဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ အများအပြား ရှိနေပေမယ့် သူ့ရဲ့ ပရိသတ်တစ်ယောက်အနေနဲ့ ပြောရရင် ဒီလိုလုပ်နေတာတွေက ပွဲကို နည်းနည်းလေး အချိန်ပိုဆွဲပြီး ကျွန်မတို့တွေရဲ့ ရင်ထဲမှာ သူ့ကို စွဲနေအောင်လို့ပဲ ထင်ပါတယ် ၇၈ ရေ ရှင့် လှုပ်ရှားမှုတွေကတော့ တကယ်ကို ရူးလောက်စရာပဲ ၂၇၆ ရဲ့ တိုက်ခိုက်မှုကို ကွက်တိရှောင်နိုင်လိုက်တာများ ကိုယ့်မျက်လုံးကိုယ်တောင် မယုံနိုင်တော့ဘူး ..." 


လိုလာက သူမ၏ ကိုယ်ပိုင်ထင်မြင်ချက်များနှင့် ပေါင်းစပ်ကာ ဆက်တိုက် တင်ဆက်နေတော့သည်။


Xxxxxxx