အပိုင်း ၁၃၆
Viewers 18k

Chapter 136


ပြိုင်ဘက်၏ တိုက်ခိုက်ပုံများကို လေ့လာပြီးနောက်တွင်တော့ ရမ်ရှန့်သည် တစ်ဖက်သူကို တိုက်ရိုက် အလဲထိုးလိုက်တော့သည်။ တစ်ဖက်သူ၏ မက်ခါမှာ ပျက်စီးနေပြီဖြစ်ကာ ယာဉ်မောင်းသူထိုင်သည့်နေရာတစ်ခုသာ အကောင်းအတိုင်း ကျန်နေတော့သည်။ ပြိုင်ပွဲပြီးဆုံးချိန်တွင် ရမ်ရှန့်သည် နောက်ပြန်လှည့်မကြည့်ဘဲ တစ်ချိုးတည်း လှည့်ထွက်သွားတော့သည်။ 


အနိုင်ရသည့်အခါ ပရိသတ်များ ဝိုင်းရံကာ အောင်ပွဲခံတတ်သည့် အခြားပြိုင်ပွဲဝင်များနှင့် နှိုင်းယှဉ်ပါလျှင် ရမ်ရှန့်မှာ အတော်ကို ခပ်လျှိုလျှို နေတတ်သည်ဟု ဆိုနိုင်ပေသည်။ သူ၏ တစ်မူထူးခြားသော အပြုအမူကို မနှစ်မြို့သူများ ရှိသည့်တိုင် လေးစားသူက ပိုများသည်။ နံပါတ်တစ်ခုတည်းသာ သိရသော်ငြား ပရိသတ်အချို့ ရရှိနေပြီးဖြစ်သည်။ 


ထိုအချိန်တွင် အသက်မပြည့်သေးသူကို ပြိုင်ခွင့်ပေးခဲ့သည့် ကိစ္စကို မေးခွန်းထုတ်ထားသည့် ပို့စ်များကို အသစ်အသစ်သော ပို့စ်များက အစားထိုးသွားတော့သည်။ ၎င်းတို့အနက် "ဘယ်သူက အရွယ်မရောက်သေးတဲ့ ပြိုင်ပွဲဝင်ဖြစ်မလဲ ခန့်မှန်းကြည့်" နှင့် "၇၈ က ဘယ်သူလဲ" ဟူသော ပို့စ်နှစ်ခုမှာ နာမည်ကြီးလာတော့သည်။ 


အရွယ်မရောက်သေးသူ မည်သူဖြစ်ကြောင်း ခန့်မှန်းသည့် ပို့စ်များတွင် ပြိုင်ပွဲဗီဒီယိုများ အပြိုင်အဆိုင် တင်ကြကာ ရှုံးနိမ့်သူကို အသက်မပြည့်သေးသူအဖြစ် ခန့်မှန်းကြသည့်တိုင် အတိအကျတော့ သက်သေမပြသနိုင်ပေ။ ၇၈ အကြောင်း ခန့်မှန်းသည့် ပို့စ်များတွင်မူ ... အားလုံးက သိလိုကြကာ သူပြိုင်ခဲ့သည့် ဗီဒီယိုများကိုပင် တင်ပေးခဲ့ကြသည်။


သို့သော် အရွယ်မရောက်သေးသူ မည်သူဖြစ်ကြောင်း မခန့်မှန်းနိုင်သကဲ့သို့ပင် ၇၈ မှာ မည်သူဖြစ်ကြောင်း မသိကြ‌သေးပေ။ 


"ဒီတစ်ယောက်က ကျားကိုစားဖို့ ဝက်ယောင်ဆောင်တဲ့နေရာမှာတော့ ဆရာကြီးပဲနော် ပြီးတော့ သူ့ရဲ့ တိုက်ခိုက်တဲ့စတိုင်ကလည်း အမျိုးမျိုး ပြောင်းလဲနေတော့ ဘယ်သူဘယ်ဝါရယ်လို့ ခန့်မှန်းဖို့လည်း ခက်လိုက်တာမှ တအားပဲ ဒါပေမယ့်လေ ဒီလိုမျိုး ခက်ခဲလို့လား မသိဘူး ပိုပြီးတောင် သိချင်လာ‌ပြီ ..." 


လိုလာက သက်ပြင်းချကာ တင်ထားသော ဗီဒီယိုများကိုသာ သွားကြည့်လိုက်တော့သည်။ အများစုမှာ အလွန် သိလိုစိတ်ပြင်းပျနေသည့်အတွက် သူ့သရုပ်မှန်ကို မှန်းဆထားသော ပို့စ်များမှာ ရမ်ရှန့်၏ နားထဲသို့ ရောက်လာသည်အထိပင် နာမည်ကြီးလာတော့သည်။ လှန်လှောကြည့်နေရင်း ရမ်ရှန့်၏ အကြည့်တို့သည် ၇၈ အကြောင်း ခန့်မှန်းနေသည့် အဖြေတစ်ခုအပေါ် ကျရောက်သွားတော့သည်။ 


" ဟိုးအရင်က အစမ်းလေ့ကျင့်ထားတဲ့ ဗီဒီယိုတွေ အကုန်လုံးကို လှန်လှောကြည့်ခဲ့ပေမယ့် အဲဒီ့ထဲက ဘယ်သူကမှ ၇၈နဲ့ တူမနေဘူးကွ ပြီးတော့လေ အသက်မပြည့်သေးတဲ့ တစ်ယောက်မှာပဲ အစမ်းလေ့ကျင့်ထားတဲ့ ဗီဒီယို မရှိတာဆိုတော့ မင်းတို့တွေရော သူက ၇၈ ဖြစ်မယ်လို့ ထင်ကြလား ..." 


ထိုသူက ဟာသသဘောဖြင့် ပြောလိုက်ခြင်းသာ ဖြစ်သော်ငြား တိုက်တိုက်ဆိုင်ဆိုင်ပင် မှန်ကန်နေတော့သည်။ သို့သော် မည်သူကမှ မယုံကြည်ကြသည့်အပြင် သူ့ကို မနောက်ပြောင်ရန်ပင် ဝိုင်းဝန်းအပြစ်တင်လိုက်ကြသေးသည်။ အမှန်တရားကို လူနည်းစုကသာ သိကြသည့်အတွက် ရမ်ရှန့်လည်း ဂရုစိုက်မနေတော့ဘဲ တတိယပွဲကိုသာ စတင်လိုက်တော့သည်။ 


ဤတစ်ကြိမ်အတွက် ရမ်ရှန့်၏ ပြိုင်ဘက်မှာ အရင်နှစ်ယောက်ထက်ပိုပြီး သန်မာပေသည်။ ပြီးခဲ့သည့်နှစ်ပွဲတွင် များစွာ သင်ယူခဲ့၍သာ မဟုတ်ပါလျှင် ထိုသူ့ကို လက်နှစ်ချောင်းတည်းဖြင့် တိုက်ခိုက်ရဲမည် မဟုတ်ချေ။ ထိုသို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ရသည့်အတွက် ရမ်ရှန့်သည် နောက်ထပ်အနည်းငယ် တိုက်ခိုက်ရန် ကြံရွယ်လိုက်သော်ငြား သူ့အကြံတို့ အထမမြောက်ခင်မှာပင် တစ်ဖက်သူက ပြောလာသည်။ 


"ငါအရှုံးပေးတယ် ..." 


"ခင်ဗျားက ရှုံးမှမရှုံးသေးဘဲနဲ့ ..." 


ရမ်ရှန့်လည်း စနစ်က ထောက်ပံ့ပေးထားသည့် အသံအတိုင်း ပြောလိုက်သည်။ 


"ဒါပေမယ့် မနိုင်နိုင်တော့ဘူးလေ အဲဒီလိုဆိုမှတော့ အချိန်ကုန်ခံမနေတော့ဘူး ..." 


ထိူက ပြောလိုက်သည်။ သူ့ကိုယ်သူ လူရွှင်တော်တစ်ဦးကဲ့သို့ ဟာသအဖြစ်မခံလိုပေ။ 


"အိုး ..." 


ရမ်ရှန့်လည်း ခေါင်းငြိမ့်ပြကာ နောက်ပြန်လှည့်ထွက်သွားလိုက်တော့သည်။ ရမ်ရှန့်ကို ပြန်ဖြေပြီးနောက် ထိုသူကလည်း ခပ်ကြော့ကြော့ကိုယ်ဟန်ဖြင့် ထွက်သွားလိုသော်ငြား ရမ်ရှန့်က သူ့ထက် လက်ဦးသွားချေပြီ။ ထို့ကြောင့် အနည်းငယ် ဆွံ့အသွားသော်ငြား နောက်ဆုံးတွင်တော့ ရမ်ရှန့်ကဲ့သို့ပင် သူလည်း လှည့်ထွက်သွားလိုက်တော့သည်။ 


ရမ်ရှန့်၏ ပြိုင်ဘက်မှာ အခြားပွဲစဉ်များတွင် အလွန်မျက်စိကျခြင်းကို ခံခဲ့ရသော်ငြား သူနှင့် တွေ့ဆုံချိန်တွင် အရှုံးပေးခဲ့သဖြင့် အားလုံးက ၇၈ ကို ချန်ပီယံဖြစ်လာလိမ့်မည်ဟု ခန့်မှန်းလိုက်ကြတော့သည်။ သို့သော် ၇၈ မှာ မည်သူမှန်းတော့ ယခုထိ မသိသေးချေ။ ရမ်ရှန့်ကမူ ထိုကိစ္စများကို အာရုံထဲပင် မထည့်။ နောက်တစ်ကြိမ် လက်တွေ့တိုက်ခိုက်နိုင်မည့် အခွင့်အရေး ရလိုက်ပြန်၍သာ ပျော်ရွှင်နေပေတော့သည်။ 


ပြိုင်ပွဲ ပြိုင်နေချိန်မှလွဲ၍ သူ့အချိန်အများစုကို ကလေးများနှင့်သာ ကုန်ဆုံးလိုက်သည်။ ထို့နောက် အစမ်းမောင်းနှင်သည့် စက်ထဲမှ ထွက်လာချိန်တွင် ကျောက်လင်းယွီ၏ အသံကို ကြားလိုက်ရတော့သည်။ 


"ပဟေဠိဆန်တဲ့ ၇၈ ..." 


"Yeah ..."


ရမ်ရှန့်က သူ့ကို ပြန်ကြည့်လိုက်ကာ တက်ဘလက်ဖြင့် အခြားသူများ၏ တိုက်ပွဲများကို ဖွင့်ကြည့်နေရင်း ကလေးများနှင့် အချိန်ကုန်ဆုံးနေလိုက်သည်။ အမိုးကို ဖောက်ထွင်းမြင်နေရသည့် အကြည်ရောင်အမိုးအဖြစ် ပြောင်းပြီးနောက် သူက ပုံးသေးလေး ပုံးနှင့် ပုံးကြီးတစ်ပုံးကို ရွှေ့လိုက်ပြီး အာဟာရဖျော်ရည်များ အပြည့်ဖြည့်ကာ ကလေးများကို ဝင်စိမ်စေရင်း နေပူဆာလှုံကာ စွမ်းအင်စုဆောင်းလိုက်တော့သည်။ 


သရုပ်ပြကွန်ယက်မှာ အလွန်မျှတကာ ပြိုင်ဘက်ဝင်တိုင်းကို ကြိမ်ဖန်များစွာ ယှဉ်ပြိုင်စေပြီး အမှန်တကယ် ခွန်အားနည်းမှသာ ရှုံးနိမ့်ကြောင်း သေချာစေပေသည်။ ရမ်ရှန့်မှာ ထိုအခြေအနေကို အလွန်အားရမိသည့်တိုင် ရှုံးနိမ့်သူများသာလျှင် ပြန်တိုက်ခွင့်ရသည့်အတွက် သူ့တွင် ပြိုင်ဘက်များစွာ မရှိသည့်အချက်ကိုမူ မကျေမနပ် ဖြစ်‌မိတော့သည်။  


ထိုသို့ဖြင့် ပြိုင်ပွဲဝင်သုံးဦးမှအပ ကျန်ပြိုင်ပွဲဝင်အားလုံး ထုတ်ပယ်ခံလိုက်ရတော့သည်။ နံပါတ် ၇၈ ဖြစ်သော ရမ်ရှန့်နှင့်အတူ နံပါတ် ၁၉၃ နှင့် ၄၇၂ တို့ နှစ်ဦးသာ ဆန်ခါတင် ကျန်ရစ်ခဲ့ပြီး သုံးဦးစလုံးမှာ ပွဲစဉ်တိုင်း၌ အများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့ကြသူများဖြစ်သည်။ ၁၉၃ နှင့် ၄၇၂ တို့၏ ထူးခြားလှသော တိုက်ခိုက်ပုံနှင့် ခွန်အားတို့ကြောင့် သူတို့၏ သရုပ်မှန်ကို ခန့်မှန်း၍ ရနေသော်ငြား ၇၈ ကိုမူ မည်သူမှ မသိကြသေးချေ။

136.2


နောက်ဆုံးဗိုလ်လုပွဲအတွက် ပထမဆုံး ယှဉ်ပြိုင်ရမည့်သူမှာ ရမ်ရှန့်နှင့် ၁၉၃ ဖြစ်သည်။ ဤတစ်ကြိမ်တွင်လည်း ရမ်ရှန့်သည် ယခင်အကြိမ်များကဲ့သို့ပင် အချိန်အနည်းငယ်ဆွဲကာ လေ့ကျင့်လိုသေးသော်ငြား အနိုင်မတိုက်နိုင်မှန်း ခန့်မှန်းမိသွားသော သူ့ပြိုင်ဘက်က ပြိုင်ပွဲစကတည်းကပင် အရှုံးပေးလိုက်တော့သည်။ 


ဒီလူတွေက အလွယ်တကူကို အရှုံးပေးနေကြတာပဲ ဘယ်သူမှ သူနဲ့ မလေ့ကျင့်ပေးချင်ကြတော့ဘူးလား ... 


ရမ်ရှန့်မှာ အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားတော့သည်။ 


ရမ်ရှန့် အနိုင်ရသွားခဲ့တော့သည်။ 


အကယ်၍  ၄၇၂ နှင့် ၁၉၃ ၏ ပြိုင်ပွဲတွင် ၁၉၃ သာ အနိုင်ရသွားပါက ရမ်ရှန့်သည် ဆက်ပြိုင်နေရန် မလိုအပ်တော့ဘဲ ချန်ပီယံ ဖြစ်သွားတော့မည်ဖြစ်သည်။ 


သို့သော် ၁၉၃ က ရှုံးသွားခဲ့သည့်အတွက် ၄၇၂ နှင့် ဆက်တိုက်ရဦးမည်ဖြစ်သည်။


 ရမ်ရှန့်က ၁၉၃  ရှုံးနိမ့်စေရန် မျှော်လင့်ထားပြီး မျှော်လင့်ထားသည့်အတိုင်းပင် အမှန်တကယ် ရှုံးနိမ့်ခဲ့ပေသည်။ 


၄၇၂ သည် အပျော်တမ်း မက်ခါမောင်းနှင်ရာတွင် နာမည်ကြီး ကျွမ်းကျင်သူဖြစ်ပြီး သူ၏ အရှုံးပေးသွားသော ပြိုင်ဘက်မှာမူ ပြီးခဲ့သည့် ကွန်ယက်မက်ခါပြိုင်ပွဲ၏ ချန်ပီယံဖြစ်သည်။ 

(သူပြောချင်တာ‌ကလေ မနှစ်က ချန်ပီယံက ၁၉၃ လို့ ပြောချင်တာလား မသိဘူး🥲) 


ချန်ပီယံဆုကို ရမ်ရှန့်နှင့် ၄၇၂ နှစ်ဦးအနက် တစ်ဦးက ရရှိမည်ဖြစ်ကာ အနိုင်ရရှိသွားပါလျှင် ပြိုင်ပွဲဝင်များ၏ သရုပ်မှန်အစစ်ကို ကြေငြာပေးမည်ဖြစ်သည်။ ကြီးမားလှသော ပြိုင်ပွဲကွင်းပြင်တွင် လူနှစ်ဦးသာ ရပ်နေပြီး ရမ်ရှန့်က သူ့ရှေ့တွင် ရပ်နေသူကို အနည်းငယ်မှပင် စိတ်မပျံ့လွင့်စေဘဲ အာရုံစူးစိုက်မှုအပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ 


သူမ ရွေးချယ်ထားသည့် စံပြပုဂ္ဂိုလ်က ဖိုင်နယ်အထိ တက်လှမ်းနိုင်သွားသည့်အတွက် ဂုဏ်ယူနေသော လိုလာမှာ သတင်းတင်ဆက်ရန်ပင် စိတ်လှုပ်ရှားနေတော့သည်။ 


"နံပါတ် ၄၇၂ က ဘယ်သူလဲဆိုတာ ခန့်မှန်းနိုင်နေကြပြီ ဆိုပေမယ့် ၇၈ ကတော့ လျှို့ဝှက်ချက် ဖြစ်နေတုန်းပါပဲ နံပါတ် ၇၈ ရဲ့ မျက်နှာဖုံးအောက်မှာ ဘယ်သူကများ ပုန်းအောင်းနေလဲဆိုတာ ကျွန်မနဲ့အတူတူ စောင့်ကြည့်လိုက်ကြရအောင်နော် မဟုတ်သေးပါဘူး ကျွန်မပြောတာ နည်းနည်းလေး လွဲသွားတယ် ဘယ်သူက ချန်ပီယံ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်လိုက်ကြရအောင်ပါ ..." 


လိုလာက ကျယ်ကျယ်လောင်လောင် ပြောပြီးနောက် ရွတ်နောက်နောက် ပြုံးပြလိုက်သည်။ 


"အခုဆို အားလုံးက ချန်ပီယံ ဘယ်သူဖြစ်မလဲဆိုတာ သိချင်နေကြပြီထင်ပါတယ် ဒါပေမယ့် ကျွန်မကတော့လေ ဘယ်သူနိုင်မယ်ဆိုတာထက် ၇၈ က ဘယ်သူဖြစ်မလဲ ဆိုတာကိုပဲ ပိုပြီး စိတ်ဝင်စားမိနေပါပြီ တကယ်လို့ သူကသာ ဗလတောင့်တောင့်နဲ့ လူချောလေး ဖြစ်နေလို့ကတော့ ချက်ခြင်းကို ဖက်နမ်းလိုက်မိမှာပဲ ..." 


.......


"ဒီမိန်းမက ဘယ်သူလဲ ..." 


တောင့်တင်းလှသည့် ရုပ်သွင်နှင့် အများသုံး အင်တာနက်ကို အသုံးပြုထားသော ကျောက်လင်းယွီက သူ့ဘေးတွင် ထိုင်နေသော Crohn ကို လှမ်းမေးလိုက်သည်။ 


"သူမက နာမည်ကြီး အစီအစဉ်တင်ဆက်သူလေ ကြည့်ပါဦး မလှဘူးလား ..." 


သူက ကျောက်လင်းယွီကို မျက်စိမှိတ်ပြလိုက်သည်။ သူ့ကိုယ်ပိုင် ခန္ဓာကိုယ်ကိုသာ အသုံးပြုပါလျှင် ထိုအပြုအမူမှာ အလွန်စွဲမက်ဖွယ်ကောင်းမည် ဖြစ်သော်ငြား ယခုမူ ... သူ့ဘေးတွင် ထိုင်နေသူသည် သည်းမခံနိုင်တော့ဟန်ဖြင့် မျက်နှာလွှဲလိုက်တော့သည်။ 


"အဲဒီလိုလား ..." 


ကျောက်လင်းယွီက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။ သရုပ်ပြကွန်ယက်ကြောင့် သူ့အမူအယာများကို ရှင်းရှင်းလင်းလင်း မမြင်ရသည့်တိုင် Crohn ကတော့ သူ့အတွေးများကို ခန့်မှန်းနိုင်ပေသည်။ သိူ့သော် ဘေးနားတွင် လူအများအပြား ရှိနေသည့်အတွက် စကားမပြောဘဲ တိုက်ရိုက်သာ စာပို့လိုက်သည်။ 


" မင်း မနာလိုဖြစ်နေတာနဲ့ပဲ တစ်ခြားသူကို သေးသိမ်အောင် လုပ်လို့ မရဘူးနော် ဟုတ်ပြီလား ဒါပေမယ့် စိတ်ချပါ သူမက ဘာလှည့်ကွက်မှ ရွှေ့ရဲမှာ မဟုတ်ဘူး အရွယ်မရောက်သေးတဲ့သူကို ကိုယ်ထိလက်ရောက် ကျူးလွန်မိရင် ပေးဆောင်ရမယ့် ဒဏ်ကြေးကို တတ်နိုင်မှာ မဟုတ်ဘူးလေ ..." 


ကျောက်လင်းယွီက ထိုစာကိုဖတ်ရင်း အသံတိတ်သွားပြန်တော့သည်။ ရမ်ရှန့် ပြိုင်ပွဲမဝင်ခင် သူသည် ထိုအရွယ်မရောက်သေးဟု အများက သတ်မှတ်ထားသူကို ကြိမ်ဖန်များစွာ နမ်းရှိုက်ခဲ့သည့်အပြင် ကိုယ်ထိလက်ရောက်ပင်  ထိတွေ့ခဲ့သေးသည်။ 


ဒီလောကကြီးမှာ နှစ်တစ်သိန်းကျော် အသက်ရှင်နေပြီးသား အရွယ်မရောက်သေးတဲ့သူဆိုတာ ရှိရော ရှိသေးလို့လား ရမ်ရှန့်နဲ့ ယှဉ်လိုက်ရင် သူကမှ တော်တော်ကို ငယ်သေးတယ်လို့ ပြောရမှာကို ... 


သို့သော် ပြိုင်ပွဲစတင်နေပြီ ဖြစ်သည့်အတွက် ထိုအကြောင်းများကို တွေးနေရန် အချိန်မရှိတော့ချေ။ ရမ်ရှန့်၏ ပြိုင်ဘက်မှာ ယခင် သူယှဉ်ပြိုင်ခဲ့သူများနှင့် မတူညီ။ အလွန်လျင်မြန်သည့်အပြင် တည်တည်ငြိမ်ငြိမ် မောင်းနှင်နိုင်သည့်အတွက် ရမ်ရှန့်၏ အရှိန်အတိုးအလျော့ကြောင့် စိတ်အာရုံ ထွေပြားမသွားချေ။ ထိုကဲ့သို့သော ထင်မှတ်မထားသည့် အခက်အခဲများကြောင့် ရမ်ရှန့်မှာ ပို၍ပင် စိတ်လှုပ်ရှားမိလာတော့သည်။ သူ၏ ပြိုင်ပွဲဝင်ပြိုင်ရသည့် ရည်ရွယ်ချက်မှာလည်း ပိုပြီး အတွေ့အကြုံရနိုင်ရန်သာ ဖြစ်ပေသည်။ 


သူ့စိတ်အခြေ‌အနေကို ပြန်ပြင်ဆင်ရင်း အပြန်ပြန်အလှန်လှန် တိုက်ခိုက်လိုက်ကြသည်။ ရမ်ရှန့်မှာ အလွန် သဘောကျနေသည့်အတွက် စွမ်းအင်ပြတ်တောက်သွားသည်အထိ လေ့ကျင့်ရေးတစ်ခုသဖွယ် သဘောထားကာ တိုက်ခိုက်နေလိုက်သည်။ ပထမဆုမှာ လူတိုင်းအတွက် အိပ်မက်တစ်ခု ဖြစ်သော်ငြား ရမ်ရှန့်အတွက်မူ များစွာ အသုံးမဝင်လှချေ။  ဆုမှာ အထူးသီးသန့် ဖန်တီးထားသည့် မက်ခါဖြစ်ရာ သူ့အနေဖြင့် ပထမမရလျှင်ပင် ကိတ်က မက်ခါတစ်စီး ဖန်တီးပေးရန် အကူအညီပေးဦးမည်ဖြစ်သည်။ 


သို့ရာတွင် အရှုံးပေးရမည်ကိုလည်း တွန့်ဆုတ်နေမိပြန်သည်။ သူ့ပြိုင်ဘက်တွင်လည်း သီးသန့်ပြုလုပ်ပေးထားသော မက်ခါများ အများအပြား ရှိနေကြောင်း သိထားသည့်အတွက် အခြားသူ၏ အခွင့်အရေးကို ခိုးယူရန် အားနာ‌မနေတော့ချေ။ 


သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အား ကုန်ဆုံးလာပြီဖြစ်ရာ ရမ်ရှန့်သည် စိတ်စွမ်းအင်ကို အသုံးပြုကာ အမြစ်တို့၏ အကူအညီဖြင့် ပြိုင်ဘက်ကို အချိန်တိုအတွင်း အလဲထိုးလိုက်တော့သည်။ သို့သော် သူ့ခွန်အားအချို့လည်း ဆုံးရှုံးခဲ့လိုက်ရပေသည်။ 


"ငါရှုံးသွားပြီ မင်းက တကယ်ကို သန်မာတာပဲ ဘယ်သူလဲဆိုတာ သိခွင့်ရှိမလား ..." 


၄၇၂ က ပြောလိုက်သည်။ 


ပြိုင်ပွဲပြီးသွားပြီဖြစ်သည့်အတွက် ၄၇၂ က မက်ခါကို ဆွဲချွတ်ကာ မျက်နှာကို ထုတ်ဖော်ပြသလိုက်သည်။ သူသည် မုတ်ဆိတ်ပါးသိုင်းမွှေးအပြည့်ဖြင့် ဗလတောင့်တောင့် အမျိုးသားတစ်ဦးဖြစ်ကာ ရမ်ရှန့်ကို တောက်တောက်ပပ ပြုံးပြနေပေသည်။


ရမ်ရှန့်မှာ အနည်းငယ် တွေဝေသွားတော့သည်။ သူကိုယ်တိုင် လေ့ကျင့်ရင်း ပန်းတိုင်သို့ ရောက်လာခဲ့ရပြီ ဖြစ်သည့်တိုင် သူ့သရုပ်မှန်ကိုတော့ ထုတ်မပြလိုပေ။ ထိုအတင်းအဖျင်းပြောတတ်သည့် အုပ်စုသာ သူ့ကို ရှာတွေ့သွားပါလျှင် ... လောယာပြည်သူအချို့က သူ့ကို အဆီတုံးကြီးသဖွယ် စိုက်ကြည့်နေကြသည့်အတွက် ချွေးများပင် စိုရွှဲလာတော့သည်။ 


သူက တုန့်ဆိုင်းနေသည့်အတွက် လူအုပ်ထဲရှိ ပွဲကြည့်ပရိသတ်တစ်ဦးက လှောင်ပြောင်လိုက်သည်။ 


"၇၈ က ဘာလို့ မလှုပ်တာလဲ တော်တော်ကြီးကို ရုပ်ဆိုးနေလို့တော့ မဟုတ်လောက်ပါဘူးနော် ..." 


"ဟုတ်ချင်ဟုတ်နေမှာ ပြောမရဘူး ..." 


"သူက ဒီလိုမျိုး တိုက်ခိုက်နိုင်တာတောင် သူ့အကြောင်း တစ်ခါမှ ပြောသံမကြားဖူးဘူး ကြည့်ရတာတော့ တကယ်ပဲ တစ်ခုခု မှားနေတာ ထင်တယ် ..." 


Xxxxxxx