အပိုင်း ၁၃၇
Viewers 18k

Chapter 137


ပြိုင်ပွဲတစ်လျှောက် ၇၈ မှာ တစ်ဖြေး‌ဖြေး လူသိများလာသည်း ပရိသတ်အများစုက သူ့ရုပ်ရည်အပေါ် သိပ်ဂရုမစိုက်ကြသော်ငြား ပွဲကြည့်သူများ၏ အာရုံစိုက်မှုမှာ နှစ်ပိုင်းကွဲသွားကြတော့သည်။ 


လိုလာကဲ့သို့ သူ့ကို လေးစားကာ အလွန်အင်အားကြီးသည်ဟု ထင်မြင်ကြသူများ ရှိသကဲ့သို့ ၇၈ ကို နင့်နင့်သည်းသည်း မုန်းတီးနေသူများလည်း ရှိနေကြပေသည်။ 


သူက အစောကြီး ပွဲသိမ်းလိုက်လို့ ရရဲ့သားနဲ့ တမင်တကာ အချိန်ဆွဲပြီး သူ့စကေးတွေကို ထုတ်ပြနေလိုက်သေးတယ် တကယ်ကို ရွံစရာပဲ ... 


၇၈ ကို မုန်းတီးသူ အများစုမှာ ပြိုင်ပွဲဝင်များသာ ဖြစ်ကြသည်။ ထိုတီးတိုးစကားများကို ကြားနေရသော ကျောက်လင်းယွီ၏ မျက်နှာမှာ အရုပ်ဆိုးလာသော်ငြား အများသုံးအင်တာနက်ဖြင့် အသုံးပြုနေသည့်အတွက် သူ့မျက်နှာမှာ အမူအယာမဲ့နေပေသည်။  သူ့အနေဖြင့် ထိုသူများကို ထရိုက်လိုက်၍လည်း မရ။ အများသုံးအင်တာနက်အကောင့်ကို အသုံးပြုသူများသည် အွန်လိုင်းပေါ်တွင် ရိုက်နှက်ခွင့် မရှိပေ။ 


ဒီစောက်ကျိုးနည်း စည်းမျဉ်းတွေကတော့ ... 


အစမ်းမောင်းနှင်စက်ကို အသုံးပြုလိုပါလျှင် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အစစ်ဆေးခံရမည် ဖြစ်၍သာ မဟုတ်ပါလျှင် ဤစောက်ကျိုးနည်း အများသုံး အင်တာနက်စက်ကို လုံးဝ အသုံးပြုမည် မဟုတ်ချေ။ 


"မလုပ်ချင်ဘူးလား ..." 


၄၇၂ က ရမ်ရှန့်၏ တုန့်ဆိုင်းနေမှုကို သတိထားမိသွားသည့်အတွက် အနည်းငယ် သိလိုစိတ် ပြင်းပျလာတော့သည်။ 


"သိပ်မကြာခင် ပြိုင်ပွဲကနေ မင်းရဲ့ အချက်အလက်တွေကို ကြေငြာမှာပဲလေ ..." 


တစ်ဖက်သူက သတိပေးလိုက်မှသာ ရမ်ရှန့်လည်း သူထုတ်မပြလျှင်ပင် မကြာခင် သိကြမည်ဖြစ်ကြောင်း သတိရသွားတော့သည်။ 


ဘာပဲဖြစ်ဖြစ် သူ့နာမည်အရင်းနဲ့ ပြိုင်ခဲ့တာမှ မဟုတ်တာ ... 


ရမ်ရှန့်လည်း မက်ခါကို ချွတ်ကာ ၄၇၂ ၏ အရှေ့တွင် မတ်တပ်ရပ်လိုက်သည်။ 


"မင်းကို ဒီလောက်အထိ ငယ်ရွယ်ခန့်ညားနေလိမ့်မယ်လို့ ထင်မထားမိဘူး ..." 


၄၇၂ က အားရဝမ်းသာ ပြောလိုက်သည်။ ထို့နောက် ရမ်ရှန့်၏ နာမည်ထံ အကြည့်ရောက်သွားချိန်တွင်တော့ သူ၏ လှုပ်ရှားမှုအားလုံး အေးခဲသွားတော့သည်။ 


"ဂရင်တန် ..." 


ဂရင်တန်က အသက်မပြည့်သေးဘူး မဟုတ်လား ပြောတော့ကျ သူက အစောကြီးကတည်းက ရှုံးထွက် ထွက်လိုက်ရပြီဆို ဘာလို့ ဒီရှေ့မှာ လာရပ်နေရတာလဲ ... 


"ဟုတ်တယ် ..." 


ရမ်ရှန့်က ခေါင်းငြိမ့်ပြလိုက်သည်။ 


ပြိုင်ပွဲကွင်းပြင်တွင် စကားတွတ်ထိုးနေသူများ အများအပြား ရှိနေခဲ့သော်ငြား ယခုမူ အားလုံး အသံတိတ်သွားကြတော့သည်။ 


၇၈ မှာ မည်သူဖြစ်ကြောင်း သိလိုသူများ အများအပြား ရှိနေကြသကဲ့သို့ ဂရင်တန်မှာ အသက်မပြည့်သေးသူဖြစ်ကြောင်း သိသူများမှာလည်း လက်ချိုး၍ပင် မရေနိုင်တော့ချေ။ သူတို့က စာရင်းထွက်လာပါလျှင် ဂရင်တန် ဖြစ်ပျက်သွားမည့်ပုံကို စောင့်ကြည့်ရန် တေးမှတ်ထားကြသော်ငြား နာမည်ကြီးနေသူနှစ်ယောက်မှာ တစ်ယောက်တည်း ဖြစ်နေလိမ့်မည်ဟုတော့ မတွေးထားမိခဲ့ကြပေ။ 


ဒီလောက် ဗီဒီယိုတွေ အများကြီး ကြည့်ပြီးတာတောင် ၇၈ က ဘယ်သူမှန်း မခန့်မှန်းနိုင်သေးတာ မထူးဆန်းတော့ပါဘူး ဘာလို့လဲဆိုတော့ သူက ပြီးခဲ့တဲ့နှစ်ပွဲလုံးမှာ တိုက်မှ မတိုက်ခဲ့လိုက်ရတာ ... 


တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ကွင်းပြင်တစ်ခုလုံး ပေါက်ကွဲထွက်တော့မတတ် ဆူညံသွားတော့သည်။ အများစုမှာ မျက်မြင်တွေ့လိုက်ရသည့်တိုင် မယုံနိုင်ကြသေးပေ။  


"သူက ၁၉ နှစ်ပဲ ရှိသေးတာလေ ၁၉ နှစ်သားက ဘယ်လိုလုပ်ပြီး ဒီလိုမက်ခါမောင်းနှင်တဲ့ အရည်အချင်းမျိုး ရှိနိုင်မှာလဲ သေချာပေါက်ကို တစ်ခုခု မှားနေတာပဲ ဖြစ်ရမယ် ..." 


"ဟုတ်တယ် ဘယ်လိုဖြစ်သွားရတာလဲ အသက်တစ်ရာ ပတ်ချာလည်တွေက ဆယ်ကျော်သက်ကလေးကို အုပ်လိုက်ကြီး ရှူံးသွားတယ်တဲ့လား ..." 


"ပင်မကွန်ပျူတာက တစ်ခုခု မှားနေတာများလား ..." 


... 


အချို့က သံသယဝင်နေကြသည့်တိုင် အများစုကတော့ ရမ်ရှန့်ကို အားပေးထောက်ခံနေကြပေသည်။ 


"ဘုရားရေ ၇၈ က ဂရင်တန်တဲ့ သူက တကယ်ကို ခန့်ညားတာပဲ ..." 


"သူ့ရဲ့ အသက်မပြည့်သေးဘူးဆိုတဲ့ အချက်ကို သုံးရင်တောင် အနိုင်ရမှာ မဟုတ်ဘူးဆိုတဲ့ လူတွေကတော့ မျက်နှာဖြတ်ရိုက်ခံနေရလောက်ပြီ သိလား ..." 


"ဟုတ်ပါ့ ငါတို့ရဲ့ ဂရင်တန်လေးက တကယ်အရည်အချင်း ရှိတဲ့ဟာကို သူ့ရဲ့ အသက်မပြည့်သေးဘူးဆိုတာကို မှီခိုနေစရာ လိုမှာတဲ့လား ..."


"ကြည့်ရအောင် ... နာမည်တွေ ဖျောက်ပြီး ပြိုင်ရတဲ့ ပထမဆုံးပွဲမှာ ဂရင်တန်နဲ့ တိုက်ရတဲ့တစ်ယောက်က သူ့ကို အသက်မပြည့်သေးလို့ မတိုက်နိုင်ပါဘူးဆိုပြီး အရှုံးပေးသွားတဲ့တစ်ယောက် မဟုတ်လား နောက်ပိုင်းကျတော့လည်း ငါတို့ရဲ့ ဂရင်တန်လေးကို အနိုင်မတိုက်နိုင်တော့လို့ အရှုံးပေးလိုက်ရတာပဲလေ ..." 


... 


မှတ်ချက်မျိုးစုံ ထွက်ပေါ်လာသော်ငြား ရမ်ရှန့်မှာမူ ကွင်းထဲတွင်သာ ငြိမ်ငြိမ်လေး ရပ်နေလိုက်တော့သည်။ ပြိုင်ပွဲရှည်ကြီး ပြိုင်ထားရသည့်အတွက် အင်အားကုန်ခမ်းနေရာ အားလုံးကို အပြီးသတ်ကာ သူ့ကလေးများရှိရာသို့သာ ပြန်သွားလိုပေတော့သည်။ 


"ဘုရားရေ သူက တကယ်ကို ခန့်ညားတာပဲ ကျွန်မဖြင့်လေ သူ့ကို ပြင်းပြင်းရှရှကို နမ်းပစ်လိုက်ချင်တာ ဒါပေမယ့် အသက်မပြည့်သေးတဲ့ ကလေးတွေကို ကိုယ်ထိလက်ရောက် လုပ်လို့မရတာက တကယ်ဆိုးတာပဲနော် ဘယ်လိုပဲဖြစ်ဖြစ်ပါ ကျွန်မကတော့ သူ့ရဲ့ ပရိသတ်တစ်ယောက် ဆက်ဖြစ်နေပြီးတော့ ဒီ့ထက်အများကြီး ချစ်ခင်ပေးနေဦးမှာပါပဲ ..." 


လိုလာက အချို့လူများကို ဝေဖန်ရင်း ပရိသတ်ကို စကားဆိုလိုက်သည်။

137.2


"ရွှေပွဲလာပရိသတ်များရှင် ၇၈ က သေချာပေါက် အနိုင်တိုက်နိုင်ရဲ့သားနဲ့ ဘာလို့ တမင်တကာ အချိန်ဆွဲပြီး ပြိုင်ဘက်ကို ရန်စနေရတာလဲဆိုတာ သိချင်နေကြလိမ့်မယ်လို့ ထင်ပါတယ် ဒါပေမယ့် ကျွန်မတို့တွေသာ အပြန်ပြန်အလှန်လှန် ပြန်စဉ်းစားကြည့်ရင် သေချာပေါက်ကို နားလည်နိုင်မှာနော် ဂရင်တန်က အသက်မပြည့်သေးဘူးဆိုတဲ့ အကြောင်းပြချက်လေး တစ်ခုနဲ့တင် ပြိုင်ပွဲက အဘန်းခံရတော့မလို ဖြစ်ခဲ့တာ သူ့အတွက်တော့ တကယ်ကို စိတ်ပျက်စရာ အခြေအနေဖြစ်ခဲ့မှာပဲ ပြီးတော့ နာမည်ဖျောက်ရမယ့် စည်းကမ်း ထွက်လာပြီးတဲ့နောက် သူနဲ့ ပထမဆုံး တိုက်ရတဲ့ တစ်ယောက်ကလည်း အစောပိုင်းမှာ သူနဲ့ မတိုက်ချင်ပါဘူးဆိုတဲ့ တစ်ယောက်တဲ့လေ အဲဒီလိုလူမျိုးကို သင်ခန်းစာပေးဖို့ ကြိုးစားတာက ကလေးတစ်ယောက်ရဲ့ ဒေါသအလျောက် တုန့်ပြန်တာလေး‌ပါပဲ ... ပြောရရင် သူက လူတွေအများကြီးက မျိုးစုံ စွပ်စွဲတာကို ခံခဲ့ရတာလေ ဒါပေမယ့် အဲဒီ့လူတွေကတော့ အခုအချိန်အထိ အပြစ်ပေး မခံရသေးဘူး ကျွန်မကတော့ တစ်ချိူတစ်ချို့သော လူတွေက ဂရင်တန်ကို တောင်းပန်သင့်တယ်လို့ပဲ ထင်မိတယ်ရှင် ..." 


လိုလာကဲ့သို့ပင် ရမ်ရှန့်ဘက်မှ ကူပြောပေးသူများ တစ်ဖြေးဖြေး များပြားလာတော့သည်။ သူ့ကို ယခင်ကတည်းက သဘောကျခဲ့သူများမှာ မည်သူမည်ဝါမှန်း သိပြီးနောက် ပိုပြီး သဘောကျလာခဲ့ကြတော့ပြီး သူ့ကို မုန်းတီးခဲ့သူများမှာတော့ အရှက်ရမှုကို ခံစားလိုက်ရတော့သည်။ 


ထိုသူများက ဂရင်တန်ကို သံသယဝင်ကာ မျိုးစုံ စိတ်ညှိုးနွမ်းအောင် ဆောင်ရွက်ခဲ့ကြသည့်အတွက် ယှဉ်ပြိုင်နေစဉ်အတွင်း အနည်းငယ် လက်စားချေသည်မှာ အလွန်သဘာဝကျပေသည်။ ဂရင်တန်နှင့် ၇၈ ကို မနာလိုဖြစ်ခဲ့ကြသူများကသာ ရှက်ရွံရမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဂရင်တန်မှာ အသက်မပြည့်သေးသူတစ်ဦးပင် ဖြစ်သည်။ 


လူတိုင်းက သူ့အကြောင်းကိုသာ ပြောနေကြရာ ရမ်ရှန့်လည်း စိတ်မသက်မသာ ဖြစ်လာသည့်အတွက် ၄၇၂ ကိုသာ ခေါင်းငြိမ့်ပြလိုက်ပြီး ကွင်းထဲမှ ထွက်လာခဲ့လိုက်တော့သည်။ သိူ့သော် ပြိုင်ကွင်းထဲမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် လူပေါင်းများစွာတို့က သူ့အနား ဝိုင်းအုံလာကြသည့်အတွက် ရမ်ရှန့်လည်း ချက်ခြင်း အင်တာနက်ကွန်ယက်မှ ထွက်ခွါရန် ဆုံးဖြတ်လိုက်တော့သည်။ 


ထိုသည်ကို မြင်လိုက်ရသည့် သတင်းထောက်များမှာမူ ခါးသီးမှုတို့ကို ရင်ဝယ်ပိုက်ရင်း ပြုံးရုံသာ ပြုံးနေနိုင်တော့သည်။ အခြားသူများက အင်တာဗျူးခံလို၍ သူတို့ကိုပင် လမ်းပိတ်ကာ တားတတ်ကြသော်ငြား ဤဂရင်တန်မှာမူ သူတို့ကို အဆိပ်ရှိသည့် ကင်းမြီးကောက်နှင့် မြွေများသဖွယ် သဘောထားကာ ခပ်ဝေးဝေးမှ ရှောင်ကွင်းသွားလိုက်သေးသည်။ 


ဟေး ဂရင်တန်ကို အင်တာမဗျူးနိုင်မှတော့ ဒုတိယရသွားတဲ့ သူ့ပြိုင်ဘက်ဆီပဲ သွားကြတာပေါ့ ... 


ရရှိထားသော အဆင့်အလိုက် ပြိုင်ပွဲဝင်များကို အင်တာဗျူးရန် ကြံနေစဉ် ကောင်းကင်မှ ရောင်စုံစက္ကူစများ တဖွဲဖွဲ ကျဆင်းလာတော့သည်။ 


၎င်းတို့မှာ တစ်နေရာတည်းတွင်သာ မဟုတ်ဘဲ သရုပ်ပြကွန်ယက်တစ်ခုလုံးအနှံ့ ကျဆင်းနေခြင်းဖြစ်သည်။ တစ်မဟုတ်ချင်းပင် ကွန်ယက်တစ်ခုလုံး နှင်းကျသည့်နှယ် ကျဆင်းထားသော စက္ကူပန်းရောင်စုံတို့ဖြင့် ဖုံးလွှမ်းသွားတော့သည်။ 


လောယာအင်ပါယာမှာ ဘာပျော်စရာကိစ္စတွေများ ကြုံလာရလို့လဲ ... 


အားလုံး သိလိုစိတ် ပြင်းပြလာကြတော့သည်။ 


ကောင်းကင်မှ ပြုတ်ကျလာသည့် စက္ကူပန်းများသည် မြေပြင်ကို ထိမိသည်နှင့် တစ်ပြိုင်နက် ပျောက်ကွယ်သွားတော့သည်။ သို့သော် မကြာမီ ဖဲကြိုးတို့ ပြုတ်ကျလာကာ လောကတစ်ခွင်ကို ထူးထူးကဲကဲ အလှဆင်လိုက်ပြန်၏။ ဤသည်မှာ ပင်မကွန်ပျူတာ၏ ပန်းစနစ်ဖြစ်ကာ အင်ပါယာတွင် ကိစ္စထူး ရှိလာမှသာ ပေါ်ထွက်တတ်ပေသည်။ 


ဒါပေမယ့် လေယာအင်ပါယာမှာ ဘယ်လိုပျော်စရာ ကိစ္စမျိုး ရှိနေလို့လဲ ... 


လူတိုင်း သိလိုစိတ် များပြားလာသည့်အတွက် အွန်လိုင်းပေါ်တက်ကာ အကြောင်းအရင်းကို လိုက်ရှာလိုက်ကြတော့သည်။ ပင်မကွန်ပျူတာ၏ ပန်းစနစ်ကို နောက်ဆုံး အသုံးပြုခဲ့သည်မှာ လွန်ခဲ့သော နှစ်သုံးရာခန့်က ဖြစ်သည့်အတွက် လူတိုင်းက အံ့ဩနေကြသော်ငြား ကျောက်လင်းယွီကမူ ကွန်ယက်မှ ထွက်ခွါရန် အဆင်သင့်ဖြစ်နေသည့်အတွက် သူ့ရည်ရွယ်ချက်ကို ခန့်မှန်းမိသော Crohn က လက်မောင်းကို ဆွဲထားလိုက်သည်။ 


"တစ်ခြားလူတွေရဲ့ တကယ့် တုန့်ပြန်ပုံကို အင်တာနက်ပေါ်မှာပဲ တွေ့ရမှာလေ ဘာလို့ ဒီမှာပဲ ဆက်ပြီး ကြည့်မနေတာလဲ ..." 


"မဟုတ်ဘူး ငါ့အထင်တော့ မင်းက အရာအားလုံးကို မျက်စိ‌ဒေါက်ထောက်ပြီး ကြည့်လွန်းနေတယ် ..." 


အရာအားလုံးမှာ အစသာ ရှိသေးရာ ရန်သူနှင့်လည်း ရင်ဆိုင်ရန် မလိုအပ်သေးသည့်အတွက် သူသည် ရမ်ရှန့်ကိုသာ အပြေးလေး သွားတွေ့လိုတော့သည်။ 


"ဒါက သေချာပေါက်ကို ဘက်လိုက်တာပဲ ..." 


သူ့စကားပင် မဆုံးသေး။ ကျောက်လင်းယွီမှာ ပျောက်ကွယ်သွားနှင့်ပြီ ဖြစ်သည့်အတွက် Crohn လည်း သက်ပြင်းချကာ လူအုပ်ကြားတွင်သာ မလှုပ်မယှက် ထိုင်နေလိုက်တော့သည်။ ထိုအချိန်တွင် သရုပ်ပြကွန်ယက်တစ်ခုလုံး မီးရှူးမီးပန်းတို့ ပေ့်ထွက်လာကာ ဖိုရမ်တိုင်းနှင့် ပြည်သူများ၏ ဆက်သွယ်ရေးစက်တိုင်းတွင် အသိပေးစာတစ်စောင် ရောက်ရှိလာတော့သည်။ 


ဧကရာဇ်နဲ့ ဧကရီမှာ အမြွာကိုယ်ဝန် ရှိနေပြီ ... 


လူတိုင်းက သတင်းကောင်း အမျိုးအစားပေါင်းများစွာကို ခန့်မှန်းခဲ့ကြသည့်တိုင် ထိုကဲ့သို့ ကိုယ်ဝန်သတင်းမျိုး ကြားရလိမ့်မည်ဟု မထင်ခဲ့ကြသည့်အတွက် အားလုံး ကြက်သေသေကုန်ကြတော့သည်။ 


လောယာအင်ပါယာရှိ အဆင့်နိမ့် စွမ်းရည်ပိုင်ရှင်များမှာ ကိုယ်ဝန်ဆောင်နိုင်သေးသည့်တိုင် အမြွာကိုယ်ဝန် မရကြတော့သည်မှာ နှစ်ထောင်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည်။ အင်ပါယာ၏ အထက်တန်းလွှာများမှာမူ ... စစ်ဒဏ်ကြောင့် မဟုတ်ဘဲ မျိုးဆက်ပြတ်တောက်သွားသည့်အတွက် သမိုင်းကြောင်းမှ ပျောက်ကွယ်သွားရရှာသော အထက်တန်းလွှာ အရေအတွက်မှာ ရေတွက်၍ပင် မကုန်ခမ်းနိုင်တော့ချေ။ 


လက်ရှိ ဧကရာဇ်သည်ပင်လျှင် ပင်မမျိုးရိုးမှ မဟုတ်ချေ။ ဧကရာဇ်မှာ သက်တော်ကြီးရင့်နေပြီဖြစ်ရာ မည်သူကမှ သူ့ကို နန်းသွေးရလာနိုင်တော့မည်ဟု မထင်ခဲ့ကြသည့်အတွက် နိုင်ငံရေးနယ်ပယ်တွင် မင်းသား ချပ်မင်၏အာဏာ ကျယ်ပြန့်လာခဲ့ခြင်းဖြစ်သည်။ 


ဒါပေမယ့် အခုကျ ဧကရီမှာ ကိုယ်ဝန်ရှိနေပြီ ပြီးတော့ နှစ်ယောက်တောင် ... ဒါကြီးက လုံးဝ မဖြစ်နိုင်တာကြီးလေ ဟုတ်တယ် မဟုတ်လား ... 


ထိုသတင်းကို ကြားလိုက်ရသူတိုင်း၏ ပထမဆုံး တုန့်ပြန်မှုမှာ သင်္ကာမကင်းစိတ်ပင် ဖြစ်သည်။ သို့သော် ဧကရာဇ်အနေဖြင့်လည်း သူ့ပြည်သူများကို လိမ်ညာရန် အကြောင်းမရှိရာ ကွန်ယက်တစ်ခုလုံးသည် တော်ဝင်မိသားစုက နောက်ထပ်ထုတ်ပြန်လာမည့် သတင်းကိုသာ တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်တော့သည်။ လက်တွေ့တွင်မူ ထိုသတင်းငြားလိုက်ရသူတိုင်း လုပ်လက်စ အလုပ်များကို အလိုအလျောက် ရပ်တန့်လိုက်ကြပြီး ထိုအတွက် မည်သူကမှလည်း အပြစ်မဆိုပေ။ 


ရမ်ရှန့်ထံသို့လည်း ထိုသတင်းကို ပေးပို့ထားပေသည်။ သူ့ဆက်သွယ်ရေးစက်၏ အချက်ပြသံမှာ သာမန်နှင့် မတူဘဲ ထူးခြားနေကြောင်း သတိထားမိသော်ငြား အကြီးဆုံးသားသည် ဒုတိယသားနှင့် ကောက်ကာငင်ကာ ရန်ဖြစ်လိုက်သည့်အတွက် စာကို စစ်ကြည့်ရန်ပင် အချိန်မရှိတော့ချေ။ အကြီးဆုံးသားက ဘယ်ညာယိမ်းကာ တိမ်းရှောင်နေစဉ် ဒုတိယသားက သူ့နောက်သို့ တကောက်ကောက် လိုက်နေသည်။ 


ရမ်ရှန့်ထွက်လာချိန်တွင် အကြီးဆုံးသားက ဒုတိယသားကို ခွါချကာ သူ့ဘေးသို့ လျှောက်လာသည်။ 


"ဝါး ဝါး ..." 


ဒုတိယသားကလည်း အော်ငိုရင်း အကြီးဆုံးသားရှိရာသို့ တွားသွားကာ ရောက်လာတော့သည်။ သူ၏ တွားသွားသည့် အရှိန်မှာ ခြေနှစ်ချောင်းဖြင့် လမ်းလျှောက်သော အကြီးဆုံးသားထက်ပင် မြန်ဆန်နေရာ ဤသည်ကို သူ၏ စွမ်းရည်အဖြစ်ပင် သတ်မှတ်ရမလား မသိတော့ချေ။ ထို့နောက်တွင်တော့ သူက သားကြီး၏ ခြေထောက်ကို အတင်းဖက်ကာ လုံးဝ လွှတ်မပေးတော့ချေ။ 


ညီဖြစ်သူကို ရုန်းကန်ရင်း သားကြီးသည် ခက်ခက်ခဲခဲဖြင့် ခြေလှမ်းအနည်းငယ် လှမ်းလိုက်သေးသော်ငြား နောက်ဆုံးတွင် ခြေနှစ်ချောင်းဖြင့် လမ်းလျှောက်မည့် အကြံကို စွန့်လွှတ်ကာ ဒုတိယသား၏ ခေါင်းအပေါ် တက်ထိုင်ပြီး လေလည်လိုက်မှသာ ဒုတိယသားလည်း ရုန်းကန်နေခြင်းကို ရပ်တန့်လိုက်တော့သည်။ သားကြီးက ထိုအခြေအနေကို အခွင့်ကောင်းယူကာ မတ်တပ်ထရပ်လိုက်သည်။ 


"ဘာဖြစ်နေတာလဲ ..." 


ရမ်ရှန့်က တအံ့တဩ မေးလိုက်သည်။ 


"သူက ကျွန်တော့်ပစ္စည်းကို လိုချင်နေတယ် ..." 


အကြီးဆုံးသားက စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။ ထို့နောက်တွင်တော့ ဒုတိယသား၏ ဖမ်းချုပ်ခြင်းကို ခံလိုက်ရပြန်တော့သည်။ 


"သူက ဘာလိုချင်တာလဲ ..." 


ရမ်ရှန့်က မေးလိုက်သည်။ 


"‌ဖေဖေ့ရဲ့သွေး ..."


Xxxxxxx