အပိုင်း ၁၃၈
Viewers 18k

Chapter 138


သားကြီးက သူ့ရင်ဘက်ပေါ်ရှိ သိုလှောင်အိတ်ကို ပုတ်ပြရင်း ပြောလိုက်သည်။ 


ထိုအခါမှသာ ရမ်ရှန့်လည်း သားကြီးအတွက် ချန်ထားပေးသည့် ပစ္စည်းများကို သတိရသွားတော့သည်။ 


"သားက မစုပ်ယူဘူးလား အဲဒါ ခန္ဓာကိုယ်အတွက် ကောင်းတယ်လေ  ..." 


အကြီးဆုံးသားက လျင်လျင်မြန်မြန် ကြီးထွားလာသည့်တိုင် ထို့ကြောင့်ပင်လျှင် ခန္ဓာကိုယ်ထဲ၌ ပြဿနာများစွာ ရှိနေသည့်အတွက် ထိုသွေးက သူ့အတွက် မုချ အကျိုးပြုနိုင်မည်ဖြစ်သည်။ 


"စုပ်ယူပြီးသွားပြီ ဒါပေမယ့် နည်းနည်းလေး ချန်ထားတာ ..." 


သူက ပြောလိုက်သည်။ 


"ဒီကိုပေး ..." 


ထိုအချိန်တွင် ဒုတိယသားက အကြီးဆုံးသားကို ကရုဏာသက်စေနိုင်လောက်သည့် မျက်ဝန်းတို့ဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။ 


"ကောကော ပေးပါ ပေးပါလို့ ..." 


ဒုတိယသား၏ ပုံစံမှာ ကြင်နာစိတ်တို့ ယိုဖိတ်လိုဖွယ်ရာ ဖြစ်သော်ငြား သူ့အစ်ကို၏ ပစ္စည်းကို လိုချင်နေခြင်းမှာ လက်သင့်ခံရမည့်အရာ မဟုတ်ချေ။ 


အကြီးဆုံးသားက အနည်းငယ် ကြီးမားသည့်တိုင် သူတို့မှာ သက်တူရွယ်တူ ဖြစ်ကြပေသည်။ ရမ်ရှန့်က အမြစ်ကိုသုံးကာ ဒုတိယသားကို ဆွဲခွါလိုက်သည့်အတွက် သူ့အမြစ်တို့ကို ဖက်တွယ်ထားသော ဒုတိယသားမှာ ပို၍ပင် မကျေမနပ်ဖြစ်လာတော့သည်။ 


အကြီးဆုံးသား၏ မျက်နှာတွင်လည်း ဆိုင်းတွနေဟန်တို့ ဖြတ်ပြေးသွားတော့သည်။ 


"မရဘူး အဲဒါက ဒူနီယာ့ကို ပေးချင်လို့ ..." 


ရမ်ရှန့်က ဒုတိယသားသည် နိုင့်ထက်စီးနင်း လုယူနေသည်ဟု ထင်ခဲ့သဖြင့် သူ့ကို ဆုံးမရန် ကြံရွယ်ထားသော်ငြား မထင်မှတ်ထားဘဲ ‌သားကြီးက ဒူနီယာ့အကြောင်း ထုတ်ပြောလာသည်။ 


ရမ်ရှန့်မှာ မှတ်ဉာဏ်ကောင်းသူဖြစ်ရာ ဒူနီယာသည် မူခါ့သီ၏ ဇနီး၊ သားကြီးကို စောင့်ရှောက်ပေးခဲ့ကြသူများဖြစ်ကြောင်း အမှတ်ရလိုက်တော့သည်။ သားကြီးသည် ပြန်ရောက်လာကတည်းက ထိုသူတို့အကြောင်း မပြောတော့သည့်အတွက် သူတို့အပေါ် အာရုံမထားတော့ဟုသာ ထင်ခဲ့သော်ငြား ယခုတစ်ဖန် ဒူနီယာ၏ နာမည်ကို ကြားလိုက်ရပြန်တော့သည်။ 


"ဘာလို့လဲ ..." 


ရမ်ရှန့်က သူ့ကို မေးလိုက်သည်။ 


"ဒူနီယာက နေမကောင်းဘူး သူမသာ ဒါကို စားလိုက်ရင် သက်သာလာမှာ ..." 


သားကြီးက ပြောလိုက်သည်။ 


"ဖေဖေ့ သူမကို တွေ့ဖို့ ခေါ်သွားပေးပါလားဟင် ..." 


ရမ်ရှန့်နှင့်အတူ အိမ်ပြန်ရောက်လာပြီးနောက် ရမ်ရှန့်နှင့် ကျောက်လင်းယွီတို့ နှစ်ဦးလုံးက သူ့အပေါ် ကြင်နာလှသည့်အပြင် သူ့ညီလေးများမှာလည်း အလွန်ချစ်ဖို့ကောင်းသည့်တိုင် မူခါ့သီတို့ကိုတော့ နေ့စဉ်ရက်ဆက် လွမ်းဆွတ်နေ‌ဆဲဖြစ်သည်။ ထို့ကြောင့် ရမ်ရှန့်ပေးထားသော သွေးစက်၏ အာနိသင်ကို သိလိုက်ရချိန်တွင် အနည်းငယ် ချန်ထားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ 


ထိုအကြောင်းကို သူ့ညီလေးနှင့် တိုင်ပင်လိုက်ချိန်တွင် ညီလေးက သဘောမတူ။ ဒူနီယာကို ပေးမည့်အစား သူ့ကိုသာ ပေးရန် တပူပူ တောင်းဆိုလာတော့၏။ 


"သူမကို တွေ့ဖို့တော့ ခေါ်သွားပေးလို့ရတယ် ဒါပေမယ့် သွေးကကျ ... ပေးလို့ရမရ ဒယ်ဒီ့ကို အရင်မေးကြည့်ရအောင်နော် ..." 


"ဒူနီယာ့ကို ကုသ‌ဖို့ဆို ဖေဖေ့ရဲ့သွေး ပေးစရာ မလိုပါဘူး ဒယ်ဒီတို့ဆီမှာ မျက်နှာအားဖြည့်ဆေးလုံးတွေ ထုတ်လို့ ရပြီဆိုတာနဲ့ တစ်ပြိုင်နက် သူမကို ပေးဖို့ ခေါ်သွားပေးပါ့မယ် ..." 


ကျောက်လင်းယွီက ထိုသို့ ပြောကာ အခန်းထဲသို့ ဝင်လာလိုက်သည်။ ထို့နောက် ရှုပ်ထွေးနေသည့် အကြည့်တို့ဖြင့် သားကြီး၏ သိုလှောင်အိတ်ကို စိုက်ကြည့်လိုက်သည်။ 


ဒါက ရမ်ရှန့်ရဲ့သွေးလေ ... ရမ်ရှန့်ကို ဘယ်တော့မှ မထိခိုက်စေရပါဘူးလို့ သစ္စာဆိုခဲ့ပေမယ့် အဲ့ဒီအချိန်တုန်းက သူ့ခမျာ သွေးထွက်လွန်တဲ့အထိတောင် ဖြစ်သွားခဲ့တာ ... 


ရမ်ရှန့်၏သွေးမှာ မျက်နှာအားဖြည့်ဆေးလုံးနှင့် နှိုင်းယှဉ်၍ မရသည့်တိုင် ကျောက်လင်းယွီအတွက်မူ ချစ်ရသူ၏ သွေးကို သူစိမ်းတစ်ဦးလက်ထဲသို့ ထည့်မပေးလိုချေ။ 


"အိုကေ ..." 


ထိုအခါမှသာ သားကြီးလည်း ပြုံးလာပြီး ဒုတိယသားလည်း ငြိမ်သက်သွားတော့သည်။ အကယ်၍ အကြီးဆုံးသားကသာ တစ်ခြားသူကို ပေးမည်ဆိုပါလျှင် သူသာ ယူလိုက်မည်ဖြစ်သော်ငြား ကိုယ်တိုင်အသုံးပြုမည်ဆိုလျှင်မူ တောင်းဆိုမည် မဟုတ်ချေ။ သို့သော် သားကြီးက မစားနိုင်တော့ပါလျှင် သူ့အနေဖြင့် ကူညီပေးရန် မခဲယဉ်းလှချေ။ 


ဒုတိယသားအဖို့ အစားအသောက်ကို မုန်းတီးရန် မဖြစ်နိုင်လှချေ။ ထိုအကြောင်းကို တွေးရင်း သူက ဆက်ပြီး လုယူမိမည်ကို စိုးရိမ်သဖြင့် ဝမ်းနည်းပက်လက်ဖြင့်သာ တံတွေးမျိုချလိုက်တော့သည်။ 


သူတို့ပြဿနာကို ဖြေရှင်းပြီးနောက် ကျောက်လင်းယွီက ရမ်ရှန့်ကို ကြည့်လိုက်သည်။ 


"ရမ် အင်ပါယာက ပို့လိုက်တဲ့စာကို ဖတ်ကြည့်ပြီးပြီလား ..." 


"ဟင့်အင်း ဘာတဲ့လဲ ..." 


ရမ်ရှန့်က ဆက်သွယ်ရေးစက်ကို ဖွင့်ကြည့်ရင်း မေးလိုက်သည်။ 


ပထမစာမှာ ဧကရီတွင် အမြွာကိုယ်ဝန် လွယ်ထားရပြီဖြစ်ကြောင်း အကြောင်းကြားထားခြင်းဖြစ်ကာ ဒုတိယစာတွင်မူ သန္ဓေသားလောင်းနှစ်ခု၏ ဓာတ်ပုံကို ဖော်ပြထားသည်။ လိင်အမျိုးအစားကို မသိရသေးသော်ငြား တစ်ဦးကို အန်ဒီယာ၊ တစ်ဦးကို မိုဂါဟု ခေါ်တွင်စေကာ နာမည်နှစ်ခုလုံးမှာ လောယာဘာသာစကား၏ လှပသော စကားလုံးများပင်ဖြစ်သည်။ 


"ဒါက ကိုယ်တို့ရဲ့ ပထမဆုံး ခြေလှမ်းလေ ဘယ်လိုထင်လဲ ..." 


ကျောက်လင်းယွီက မေးလိုက်သည်။ 


"ကလေးတွေကို နာမည်ပေးဖို့ မေ့နေတယ် ..."


ရမ်ရှန့်က ကောက်ကာငင်ကာ ထပြောလိုက်သည်။ သားကြီးကို ရှာတွေ့ပါလျှင် နာမည်ပေးရန် စဉ်းစားထားသော်ငြား မေ့လျော့သွားခဲ့ခြင်းဖြစ်သည်။ အကြောင်းအရာမှာ ရုတ်ချည်း ပြောင်းလဲသွားသော်ငြား ကျောက်လင်းယွီကမူ ပြုံးရုံသာ ပြုံးနေလိုက်သည်။ 


"ကိုယ် အများကြီး စဉ်းစားထားတယ် ပြီးမှ မင်းကို ပို့ပေးမယ် ကလေးတွေအတွက် အကြိုက်ဆူံးလေးခုကို ရွေးလိုက်ပေါ့ ..." 


"ကောင်းပါပြီ ..." 


ရမ်ရှန့်က ခေါင်းငြိမ့်ပြလိုက်သည်။

138.2


"ပြီးတော့ မျက်နှာအားဖြည့်ဆေးလုံးနဲ့ သန္ဓေတည်ဆေးအတွက်ကတော့ မင်းကိုပဲ အားကိုးရမှာပဲ ..." 


"သိပါပြီ ..." 


သူက ထပ်ပြောလိုက်သည်။ 


ထိုအချိန်တွင် အင်ပါယာမှ ပေးပို့လာသော သန္ဓေသားပုံကို ကြည့်ရှုပြီးသူတိုင်းက ဧကရီ၏ ကိုယ်ဝန်အကြောင်း အလုအယက် ဆွေးနွေးနေကြတော့သည်။ 


"ဧကရီက ဒီအရွယ်ကြီးကျမှ ဘာလို့ ရုတ်တရက်ကြီး ကိုယ်ဝန်ရသွားတာလဲ ..."


"သူမ ကိုယ်ဝန်ရသွားတာ အထူးနည်းလမ်းတစ်ခုခု‌ကြောင့်များလား ..." 


"သန္ဓေတည်နှုန်း တိုးမြှင့်ပေးနိုင်တဲ့ နည်းလမ်းကို ရှာတွေ့သွားတာများလား ..." 


... 


Crohn က ဘေးပတ်လည်ရှိ လူများ၏ တီးတိုးစကားသံကို တိတ်တဆိတ် နားထောင်ရင်း သက်ပြင်းခိုးချလိုက်သည်။ အစွန်းရောက်များ၏ နှောင့်ယှက်မှုကြောင့်သာ မဟုတ်ပါလျှင် ဤသတင်းကို ယခုထက်ပင် စောကာ သိကြရမည်ဖြစ်သည်။ 


သာမန်သူများသည်ပင် ထိုအကြောင်းကို သိနေရာ အထက်တန်းလွှာများအတွက်မူ ဆိုဖွယ်ရာပင် မရှိတော့ချေ။ ဧကရီ၏ ကျန်းမာရေးမှာ မကောင်းမွန်သည့်အပြင် သူမက မည်သူ့ကိုမှ လက်ခံတွေ့ဆုံခြင်း မရှိတော့သည့်အတွက် မီးစာကုန်တော့မည်ဟုသာ ထင်ခဲ့ကြသော်ငြား အမှန်တကယ်တွင်မူ ကိုယ်ဝန်သတင်း ဖြစ်နေလေသည်။ လူတိုင်းက သတင်းမကြားရသည်မှာ အတော်ကြာလှပြီဖြစ်သော ဖက်ဒရယ်နှင့် အာဟာရဆေးရည်များအကြောင်း ချက်ခြင်း တွေးမိသွားကြတော့သည်။ 


အစပိုင်းတွင် ထိုဆေးရည်ကို လိုချင်သူ အများအပြား ရှိခဲ့သော်ငြား နောက်ပိုင်းတွင် တစ်ခုမှ မရခဲ့သူ အချို့က ရန်မူလာသည့်အတွက် ဧကရာဇ်က ဖက်ဒရယ်ကို ရန်မပြုရန် တားမြစ်လိုက်သည်။ ယခု ဧကရီတွင် ကိုယ်ဝန်ရှိလာရာ ... ဤနှစ်ချက်မှာ မုချ ဆက်စပ်နေပေလိမ့်မည်။ 


အာဟာရဆေးရည်က ဒီလောက်တောင် အံ့ဩဖို့ ကောင်းတာလား သူတို့တွေရော ဘယ်လိုလုပ်ပြီး ရနိုင်လောက်လဲ ... 


လူတိုင်း၏ အတွေးတို့ လှုပ်ရှားကုန်ကာ ထိုအချိန်တွင် ဖက်ဒရယ်အကြောင်း သိထားသူတိုင်း နန်းတော်ထဲရှိ ညစာစားပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခံလိုက်ရတော့သည်။ 


ထိုသည်သာမက ဖက်ဒရယ်အကြောင်း လုံးဝ သိမထားသူများလည်း ဖိတ်စာရထားပြီး နောက်တစ်နေ့တွင် လောယာအင်ပါယာ၏ အထက်တန်းလွှာ အားလုံးနီးပါး နန်းတော်သို့ပွဲတက်ရန် ဖိတ်ကြားခံလိုက်ရတော့သည်။ 


ဧကရီ၏ ဝမ်းမြောက်ဖွယ် သတင်းအပေါ် တုန့်ပြန်မှု အကြီးမားဆုံး သူမှာ သရဖူ မဆောင်းရသေးသည့် မင်းလောင်း မင်းသားချပ်မင်ပင်ဖြစ်သည်။  အင်ပါယာကြယ်မှာ အလွန်ကြီးမားကျယ်ပြန့်လှသည့်အတွက် မင်းသားချပ်မင်နေထိုင်သည့် နန်းတော်မှာလည်း ဧရိယာ အလွန်ကျယ်ဝန်းကာ ပြင်ဆင်ထားသည့် အဆောင်အယောင်များမှာလည်း တော်ဝင်နန်းတော်ထက် မနိမ့်ကျလှပေ။ 


ထိုသည်များမှာ သူ ကိုယ်တိုင် ရှာဖွေထားခြင်းတော့ မဟုတ်ချေ။ တော်ဝင်မိသားစုမှာ တစ်ဖြေးဖြေး သေးငယ်လာရာ နောက်ဆုံးကျန်ရစ်သော တော်ဝင်မိသားစုဝင်သည် တစ်ချိန်က အခြားမိသားစုဝင်တစ်ဦး၏ နန်းတော်များကဲ့သို့သော အမွေပစ္စည်း အမြောက်အများကို လက်တစ်ချက်ပင် လှုပ်ရန် မလိုအပ်ဘဲ အလိုလို ပိုင်ဆိုင်လာနိုင်ပေသည်။ 


တစ်ချိန်က နတ်ဘုံနတ်နန်းသဖွယ် တင့်တယ်လှသည့် နန်းတော်ကြီးမှာ ယခုတော့ ပျက်စီးကျိုးပဲ့နေပေတော့သည်။  တင့်တယ်လှသော နန်းတော်၏ အောင်ခံကြွေပြားများကပင်လျှင် အင်မတန် မာ‌ကြောလှသည့် သင်ပုန်းကျောက်ကို ထွင်းထုထားခြင်းဖြစ်ကာ ဖက်ဒရယ်၏ S အဆင့် စွမ်းရည်ပိုင်ရှင်ပင်လျှင် မဖျက်ဆီးနိုင်လောက်အောင် ခိုင်မာလှပေသည်။ သို့သော် လောယာအင်ပါယာ၏ အဆင့်ရှစ်စွမ်းရည်ပိုင်ရှင် မင်းသားချပ်မင်အတွက်မူ ထိုကျောက်ပြားအနည်းငယ်ကို မဆိုထားနှင့်၊ နန်းတော်တစ်ခုလုံးကိုပင် အခက်အခဲမရှိ ဖျက်ဆီးပစ်နိုင်ပေသည်။ သူ့တွင် ဂြိုဟ်တစ်ခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်သည့် အစွမ်းအစ ရှိနေသည်။ တော်ဝင်မိသားစု၏ စွမ်းရည်မှာ နေရာလွတ်တွင် သိမ်းဆည်းထား၍ရသော ဓားသွားဖြစ်သည်။  


စိတ်တိုင်းကျ အမျက်ဖြေပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်လျှင် အမျိုးသားတစ်ဦး ရုတ်ချည်း ပေါ်ထွက်လာတော့သည်။ 


"အခုတလော ငါတို့ကို လိုက်တိုက်ခိုက်နေတဲ့ကောင်အကြောင်း စုံစမ်းပြီးပြီလား ..." 


သူက မေးလိုက်သည်။ Crohn ပြန်ရောက်လာကတည်းက သူ့စီးပွားရေးအားလုံးနီးပါး နှောင့်ယှက်ခံနေရကာ Crohn နှင့် အခြားတစ်ယောက်၏ ခြေရာလက်ရာများကိုလည်း နေရာတိုင်းတွင် တွေ့နေ‌ရပေသည်။ 


"အရှင့်ကို ပြန်တင်ပြပါတယ် အဲဒီ့လူက အမတ်ကြီး Crohn နဲ့ တော်တော်ကို ရင်းနှီးနေပြီးတော့ သူလုပ်သမျှတိုင်းကို အမတ်ကြီးရဲ့ လူတွေက လိုက်ဖုံးဖိပေးနေပါတယ် ..." 


ထိုသူက ပြောလိုက်သည်။ 


"ဖက်ဒရယ်ကနေ ရောက်လာတဲ့ လူတွေကရော ..." 


ချပ်မင်က မေးလိုက်သည်။ 


"ဖက်ဒရယ်က ရောက်လာတဲ့ လူတွေကတော့ ကောင်းကောင်းကြီး ပုန်းအောင်းနေတဲ့အပြင် အထောက်အထားတွေကိုပါ အတုလုပ်ထားတယ် ထင်ပါတယ် ..." 


ထိုသူက ခေါင်းကို ငုံ့ချကာ ပြောလိုက်သည်။ 


"ဒါပေမယ့် ကျွန်တော်တို့ရဲ့ ခံတပ်အများစုကို ဖျက်ဆီးသွားတဲ့သူကတော့ ကျောက်လင်းယွီဖြစ်ဖို့ များပါတယ် ..." 


"ကျောက်လင်းယွီက ဒီလောက်မြန်မြန်ကြီး သန်မာလာပြန်ပြီလား ဖက်ဒရယ်ကလူတွေကတော့ ..." 


ချပ်မင်က မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။  


သူ့ဘဝတွင် နောင်တရခဲလှသော်ငြား ယခုမူ သူလုပ်ခဲ့သည့် ကိစ္စတစ်ခုအပေါ် နောင်တရမိလာတော့သည်။ 


Crohn က ဖက်ဒရယ်တွင် သန္ဓေတည်စေနိုင်သည့် ထူးခြားဆေးလုံးများ ရှိနေကြောင်း အကြောင်းကြားလိုက်စဉ်က သူ၏ ပထမဆုံး တုန့်ပြန်မှုမှာ ထိုသူများကို ဖမ်းဆီးလာစေရန်ဖြစ်သည်။ အကယ်၍ သူသာ လောယာအင်ပါယာသားတို့၏ သန္ဓေတည်နှုန်းကို မြင့်တက်အောင် ဆောင်ရွက်ပေးနိုင်ပါလျှင် အားလုံး၏ သူရဲကောင်းအဖြစ်သို့ ရောက်ရှိမည်ဖြစ်သော်ငြား မထင်မှတ်ထားစွာဖြင့် သူစေလွှတ်လိုက်သူများမှာ တာဝန်ကျရှုံးလာခဲ့တော့သည်။ 


ထိုသည်သာမက ဖက်ဒရယ်မှ လူများသည် အင်ပါယာသို့ ရောက်လာပြီး မြုံစပြုနေပြီဖြစ်သော ဧကရီကိုပင် ကိုယ်ဝန်ရစေရန် ဆောင်ရွက်ပေးလိုက်သေးသည်။ သူ့ရှေ့တွင် ရပ်နေသော အမျိုးသားက တိတ်တဆိတ်သာ ဆက်ရပ်နေသည့်အတွက် သူလည်း အတော်ကြာ စဉ်းစားပြီးမှသာ ညွှန်ကြားလိုက်တော့သည်။ 


"ဒါဆို သူတို့ကို ဆက်ပြီး စောင့်ကြည့်ထား ..." 


"ဟုတ်ကဲ့ပါ ..." 


ထို့နောက် ထိုအမျိုးသားလည်း ပျောက်ကွယ်သွားတော့သည်။ 


ချပ်မင်က သူ့ဆက်သွယ်ရေးစက်ထဲရှိ ဖိတ်ကြားလွှာကို ပဟေဠိအပြည့်ဖြင့် စိုက်ကြည့်နေလိုက်သည်။ 


မနက်ဖြန်ကျမှပဲ ဧကရာဇ်တစ်ယောက် ဘယ်လိုတွေ အကွက်ရွှေ့မလဲ စောင့်ကြည့်ကြတာပေါ့ ... 


"ချပ်မင်ရေ ကျွန်မတော့ဖြင့် ဒေါသထွက်လွန်းလို့ သေတော့မှာပဲ ..." 


ထို့နောက် လှပသော အဝတ်အစားတို့ ဆင်ယင်ထားသည့် အမျိုးသမီးတစ်ဦးက ကြော့ရှင်းစွာ ရောက်လာတော့သည်။ သူမမှာ အခြားသူမဟုတ်။ ကြင်ရာတော် အဒီလာပင်ဖြစ်သည်။ သူမ၏ မြင်လိုက်သည်နှင့် တစ်ပြိုင်နက် ချပ်မင်၏ အမူအယာတို့မှာ သိမ်မွေ့သွားတော့သည်။ 


"ဘာဖြစ်လို့လဲ ..." 


"ဟိုဧကရီကြောင့်ပေါ့ ဧည့်တွေ့မခံဘူးဆိုတော့ သေတော့မယ် ထင်နေတာကို အခုကျ ဗိုက်ကြီးနေတာတဲ့လေ ဒီလောက် အိုနေတာကိုတောင် ကိုယ်ဝန်ရ‌နိုင်သေးတယ်ပေါ့ ကျွန်မကျတော့ ကလေးတစ်ယောက်မှ မရသေးဘူး ..." 


သူမက အလွန် မကျေမနပ်ဖြင့် ပြောလိုက်သည်။ 


"အဒီလာရယ် ကိုယ်တို့တွေက ငယ်ပါသေးတယ်ကွာ ..." 


ချပ်မင်က ရယ်ကာမောကာဖြင့် ပြောလိုက်သည်။ 


"ဒါလည်း ဟုတ်တာပဲ ... ပြီးတော့ ဧကရီ့ဗိုက်ထဲက ကလေးကလည်း ရှင် မှာမှ မဟုတ်တာ ..." 


ခင်ပွန်းဖြစ်သူ၏ နှစ်သိမ့်ခြင်းကို ခံလိုက်ရသည့်အတွက် သူမက ဒေါသတို့ကို ပြန်ရုတ်သိမ်းလိုက်ပြီဖြစ်သော်ငြား ချပ်မင်၏ မျက်ခုံးတို့မှာမူ တွန့်ရှုံ့နေဆဲပင်ဖြစ်သည်။


Xxxxxxxx