အပိုင်း ၁၃၉
Viewers 18k

Chapter 139


ဒီမိန်းမက သူနဲ့ မျိုးရိုးဗီဇ အကိုက်ညီဆုံးဆိုပေမယ့် တကယ်တမ်းတော့ ရူးကြောင်ကြောင် နိုင်လိုက်တာကို အရင်လူတွေရဲ့ ခြေဖျားတောင် မမီဘူး ပြီးတော့ ကလေးလည်း မွေးနိုင်မှာ မဟုတ်တော့ဘူး ... 


ဧကရာဇ်နှင့် ဧကရီတို့က လူတိုင်းကို ဖိတ်ကြားထားခဲ့သော်ငြား ကျောက်လင်းယွီကမူ ရမ်ရှန့်နှင့်အတူ ကလေးနာမည်ပေးရန် ရွေးချယ်နေပေသည်။ ရမ်ရှန့်က မွေးဖွားပေးထားသည့်အတွက် နာမည်ရွေးချယ်ပေးရန်မှာ သူ့အပေါ် ကျရောက်လာကာ နာမည်လေးခုကို ဆက်နွယ်နေစေရန် အသည်းအသန် ကြိုးစားနေရတော့သည်။ 


"စုတ်တံ၊ မင်၊ စာရွက်၊ မင်ခဲ ...

သစ္စာရှိခြင်း၊ ကျင့်ဝတ်သိတတ်ခြင်း၊ သဒ္ဓါထက်သန်ခြင်းနဲ့ တရားမျှတခြင်း ..." 


ရမ်ရှန့်က ထိုစကားလုံးများကို ဖတ်ကြည့်လိုက်သော်ငြား ဘဝင်မကျ။ 


"နောက်ထပ်ရှိသေးတယ် ..." 


ကျောက်လင်းယွီက သူ့ကို သိုင်းဖက်ကာ ပါးကို နမ်းရင်း ပြောလိုက်သည်။ 


"ဒီတစ်ခုကိုပဲ ရွေးလိုက်ရအောင် ..." 


ရမ်ရှန့်၏ အကြည့်တို့မှာ ဝင်းလက်သွားတော့သည်။ 


"လေ၊ တိမ်၊ မိုးကြိုး၊ လျှပ်စီး ဒါလေးက တကယ်ကောင်းတယ်  ..." 


ကျောက်လင်းယွီကလည်း ထောက်ခံလိုက်သည်။ သို့သော် ထိုနာမည်များမှာ ကြုံရာကျပန်း ထည့်ထားခြင်း ဖြစ်ကြောင်းကိုတော့ မပြောရဲတော့ချေ။ 


"လေက အတားအဆီး မရှိဘူး တိမ်က မတည်မြဲဘူး လျှပ်စီးနဲ့ မိုးကြိုးကတော့ အရာတိုင်းကို ဖျက်ဆီးပစ်နိုင်တယ် ဒါတွေအကုန်လုံးက ကောင်းကင်ဘုံက သဘောကျတဲ့ စွမ်းရည်တွေပဲ ..." 


ရမ်ရှန့်က ပြောလိုက်သည်။ ‌။


လေတွေမိုးတွေဆိုတာ ဘယ်လောက် အားကြီးတယ်ထင်လဲ ပြီးတော့ မသေမျိုးဖြစ်ချင်ရင် ကောင်းကင်ဘုံရဲ့ လျှပ်စီးဒဏ်ကို ခံရမှာလေ ... 


"ကလေးနှစ်ယောက်ကို ကိုယ့်မျိုးရိုး နောက်နှစ်ယောက်ကို မင်းရဲ့မျိုးရိုး ဆက်ခံခိုင်းလိုက်မယ်လေ မူဖုန်း၊ မူယွင်၊ မူလိန့်၊ မူသျန်း ဆို‌ပြီးတော့ ဘယ်လိုလဲ  ..." 


ကျောက်လင်းယွီက ထပ်မေးလိုက်သည်။ 


"မကောင်းဘူး ..." 


ရမ်ရှန့်က ခေါင်းယမ်းပြလိုက်သည်။ 


"ကျွန်တော့်ရဲ့ ပထမဆုံးနာမည်ရတာက ဆရာက ပြဿနာတွေကြားကနေ ကယ်ပေးရင်း ဂျင်ဆင်းလို့ ခေါ်လိုက်ရာကနေ ရလာတာလေ မျိူရိုးနာမည်ကလည်း ရမ် မဟုတ်ဘူး အဲဒါကြောင့် ကလေးတွေကို ကျွန်တော့်မျိုးရိုးနာမည် ထည့်ပေးဖို့ မလိုအပ်ဘူး ..." 


သူက ပြောလိုက်သည်။ 


လူသားများက မျိုးရိုးနာမည်ကို အလေးထားကြကြောင်း သိထားသော်ငြား သူကတော့ ဆန့်ကျင်ဘက်ပင်။ အပင်တို့အတွက် မျိုးရိုးနာမည်မှာ အဓိပ္ပါယ်မရှိလှပေ။ 


"ဒါဆိုလည်း အားလုံးကို ကျောက်မျိုးရိုးပဲ ပေးလိုက်မယ်နော် ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ သူသည် ကျောက်မျိုးရိုးအရေအတွက် တိုးပွါးလာမည့်အချိန်ကို မစောင့်နိုင်တော့ချေ။ ကျောက်မူဖုန်း၊ ကျောက်မူယွင်၊ ကျောက်မူလိန့်၊ ကျောက်မူသျန်း ... ကလေးများ၏ နာမည်ကို ဆုံးဖြတ်ပြီးနောက် သူက ရမ်ရှန့်ကို ငုံ့နမ်းလိုက်သည်။ 


"ရမ် တစ်ခဏတာက ရွှေစင်တစ်ထောင်နဲ့ညီ ..." 


"ရွှေစင်တစ်ထောင်က ဘာကောင်းလို့လဲ စားလို့မှ မရတာ သန့်စင်မြေကမှ ပိုကောင်းသေးတယ် ..." 


ရမ်ရှန့်က ပြောလိုက်သည်။ ရွှေ၏တန်ဖိုးမှာ အလွန်ဈေးပေါကာ သူတို့လက်ရှိ နေအိမ်ရှိ ပရိဘောဂ အများစုကိုပင် ရွှေဖြင့် ပြုလုပ်ထားသည်။ 


ထိုစကားစုကို ပြောနိုင်ရန်အတွက် ရှေးဟောင်းတရုတ်စာကို လေ့လာရန် များစွာ အားစိုက်ထုတ်ခဲ့ရရှာသော ကျောက်လင်းယွီမှာမူ ပြောစရာစကားပင် ပျောက်ရှသွားတော့သည်။ 


နောက်တစ်နေ့မနက် သူ နိုးလာချိန်တွင်မူ ကျောက်လင်းယွီ မရှိတော့။ အနားရှိ အရံအတားကို ဖယ်လိုက်သည်နှင့် တစ်ပြိုင်နက် ကလေးလေးဦး ချက်ခြင်း ရောက်လာကြသည့်အတွက် သူ့အမြစ်များကို ဆန့်ထုတ်ပေးလိုက်လျှင် ဒုတိယ၊ တတိယနှင့် စတုတ္ထကလေးတို့က ချက်ခြင်း တွယ်တက်လိုက်ကြသည်။ အကြီးဆုံးသားမှာ သူတို့ကို မနာလိုဖြစ်မိသည့်တိုင် မလှုပ်မယှက်ဖြင့်သာ ဆက်ကြည့်နေပေသည်။ 


ရမ်ရှန့်ကလည်း ကလေးမှာ သူ့ကိုယ်သူ အသက်ကြီးနေပြီဟု ထင်နေကြောင်း သဘောပေါက်လိုက်သည့်အတွက် သူ့ကို ရင်ခွင်ထဲ ဆွဲပွေ့ကာ ကလေးစာအုပ်အနည်းငယ် ရှာပေးလိုက်သည်။ ထို့နောက် သူလည်း လတ်တလောသတင်းများကို လိုက်ဖတ်နေလိုက်တော့သည်။ 


မူလက မက်ခါပြိုင်ပွဲမှာ နာမည်အကြီး‌ဆုံး ဖြစ်သော်ငြား ဧကရီ၏ ကိုယ်ဝန်သတင်းကို ထုတ်ပြန်ပြီးနောက် ပြိုင်ပွဲအကြောင်း စိတ်ဝင်စားသူ နည်းလာကာ ဧကရီ မည်သို့မည်ပုံ ကိုယ်ဝန်ရခဲ့သည်ကိုသာ စပ်စုနေကြတော့သည်။ 


ထို့ကြောင့် မက်ခါပြိုင်ပွဲကို အကြောင်းပြုကာ နာမည်ကြီးလိုကြသူအချို့က မပျော်မရွှင် ဖြစ်ကုန်ကြသော်ငြား ရမ်ရှန့်အတွက်မူ ကောင်းသည့်အရာပင် ဖြစ်သည်။ သူ ကွန်ယက်ကို ဖြတ်တောက်လိုက်ပြီးကာမှ သတင်းထုတ်ပြန်လာသည့်အတွက် စာတိုက်ပုံးထဲတွင် သီးသန့်စာတိုများ ပြည့်နှက်နေသည့် အချက်ကသာလျှင် အနည်းငယ် သည်းမခံနိုင်စရာ ဖြစ်ပေသည်။ 


အသိဉာဏ်တု၏ အကူအညီဖြင့် စာများကို ရှင်းလင်းပြီးနောက်တွင်တော့ သူနှင့် အဆက်အသွယ်ရှိဖူးသူတို့၏ စာများသာ ကျန်ခဲ့တော့သည်။ ပထမဆုံးစာမှာ သူနှင့်အတူတူ လေ့ကျင့်ရေး ဆင်းခဲ့သည့် မိန်းကလေးတစ်ဦးထံမှ ဖြစ်သည်။ 


"ဂရင်တန် ရှင်က အရမ်းတော်တာပဲ တကယ်ကို ကျွန်မအတွက်တော့ စံပြပုဂ္ဂိုလ်ပဲ ကျွန်မဖြင့်လေ ရှင့်ကို ပိုပြီးကို သဘောကျလာပြီ ..." 


သူမက အနည်းငယ် စိတ်လှုပ်ရှားနေသော်ငြား ရမ်ရှန့်မှာလည်း ထိုစကားမျိုး ကြားရခြင်းကို နှစ်ထောင်းအားရသဖြင့် ပြန်စာပို့ပေးလိုက်သည်။


"ကျေးဇူးတင်ပါတယ် ..." 


နောက်တစ်စောင်မှာမူ အလွန်စိတ်လှုပ်ရှားနေသည့် ဖက်တီးထံမှ ဖြစ်သည်။ ဝါကျတိုင်း၌ အာမေဋိတ်အမှတ်အသားများစွာဖြင့် ဂုဏ်ပြုစာ‌အရှည်ကြီးကို ပေးပို့ထားကာ မက်ခါပြိုင်ပွဲ၏ ပြောင်မြောက်သော အောင်မြင်မှုကြောင့် ရာထူးတိုးသွားခဲ့ပြီ ဖြစ်ကြောင်းပါ ပြောပြထားသေးသည်။ သူ့လက်အောက်ရှိ ဝန်ထမ်းများကလည်း ဂုဏ်ပြုစကားများ ပေးပို့ထားကြပြီး ထိုစာတို့၏ အောက်တွင်မူ မူခါ့သီ၏ စာကို တွေ့လိုက်ရသည်။ 


အကြီးဆုံးသားက မူခါ့သီအကြောင်း ပြောလာချိန်တွင် ဝမ်းသာမိသည့်တိုင် သူ့နှလုံးသားတစ်ခုလုံး ချဉ်စူးနေခဲ့သည့်အတွက် စာကို ဖွင့်ဖတ်ရန် အနည်းငယ် တုန့်ဆိုင်းနေမိသေးသည်။ မူခါ့သီက စာထဲတွင် သားကြီးအကြောင်း တစ်ခွန်းမှ ဆိုမထားဘဲ သူ့ကို ဂုဏ်ပြုစကားသာ ပြောထားပေသည်။ ထို့နောက်တွင်တော့ ဒူနီယာကလည်း သူ့ကို စာပို့ထားသေးသည်။ 


ရမ်ရှန့်က ဖတ်ကြည့်ပြီးနောက် သားကြီး၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။

139.2


"သားကြီး ဒီရက်ပိုင်းအတွင်းမှာပဲ ဖေဖေက မူခါ့သီနဲ့ ဒူနီယာကို တွေ့ဖို့ ခေါ်သွားပေးမယ် ဒါပေမယ့် ဖေဖေတို့အကြောင်းတွေ အကုန်လုံးကိူ ပြောပြလို့ မရဘူးဆိုတာကိုတော့ မှတ်ထားရမယ်နော် ဟုတ်ပြီလား ..." 


အကြီးဆုံးသားသည် ကိစ္စအားလုံးကို နားလည်ရန် ငယ်လွန်းလှသည့်အတွက် သူ့ကို အရင်ဆုံး နားလည်အောင် ရှင်းပြပေးရမည်ဖြစ်သည်။ 


"ဘာလို့လဲဟင် ..." 


သူက ဇဝေဇဝါဖြင့် မေးလိုက်သည်။ 


"ဖေဖေတို့ကို ဖမ်းသွားဖို့ ကြိုးစားနေတဲ့တစ်ယောက်ကို မေ့သွားပြီလား ဖေဖေတို့က အခုအထိ အန္တရာယ်တောထဲမှာပဲ ရှိနေသေးတာဆိုတော့ ဖေဖေတို့အကြောင်းတွေ အများကြီး သိသွားရင် သူတို့တွေပါ အန္တရာယ်ဖြစ်လာနိုင်တယ်လေ ..." 


အင်ပါယာတွင် အစွန်းရောက်အုပ်စုများသာ မရှိခဲ့ပါလျှင် ရမ်ရှန့်က ဒူနီယာကို လိုလိုလားလား ကူညီမိမည် ဖြစ်သော်ငြား ယခုလက်ရှိ အခြေအနေမှာ ထူးခြားနေပေသည်။ 


"နားလည်ပါပြီ ..." 


အကြီးဆုံးသားက နာခံစွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ သူ့အခြေအနေမှာ အနည်းငယ် ထူးခြားသည့်အတွက် ကျန်ကလေးသုံးယောက်ထက် ပိုပြီး နားလည်ပေသည်။ ထို့ကြောင့် ရမ်ရှန့်ကလည်း ဂရုတစိုက် ရှင်းပြပေးခဲ့ခြင်းဖြစ်သော်ငြား သားကြီးသာမက ကျန်သုံးယောက်ကပါ နားထောင်နေကြတော့သည်။ 


"ကလေးတွေကို ဒီအကြောင်းတွေ ပြောပြနေတာလား ..." 


လောယာအင်ပါယာ၏ အာဏာခွဲဝေမှုအကြောင်း ပြောပြနေသည်ကို နားစွန်နားဖျား ကြားလိုက်ရသော Gerd က အထဲဝင်လာကာ မေးလိုက်သည်။ 


"နည်းနည်းလေး ပိုသိထားလို့ ပြဿနာ ဖြစ်မသွားဘူးလေ ..." 


ရမ်ရှန့်က ပြောလိုက်သည်။ 


"ဒါလည်း ဟုတ်ပါတယ်လေ ..." 


သူက ပြောလိုက်သည်။ 


သူတို့သည် ရက်ပေါင်းများစွာ စုံစမ်းမှုအပြီးတွင် ထိုကိစ္စတို့၏ လက်သည်ကို ယေဘုယျအားဖြင့် သိလိုက်ပြီဖြစ်သော်ငြား ဖက်ဒရယ်ကို အန္တရာယ်နွံထဲမှ ဆွဲထုတ်နိုင်ရန်မှာ လက်စားချေရန်ထက်ပိုပြီး အရေးကြီးနေပေသည်။ 


နောက်တစ်နေ့ နန်းတော်၏ ညစာစားပွဲ ကျင်းပမည့် အချိန်အတွင် ပုံမှန်အားဖြင့် အပြင်ထွက်လေ့ မရှိသော ကိတ်သည် Crohn ကဲ့သို့ပင်  ရှုပ်ထွေးလှသော ရာထူးဝတ်စုံကို ဝတ်ဆင်ထားသည်။ ယနေ့ပွဲမှာ ရိုးရှင်းမည် မဟုတ်သည့်တိုင် သွားရန် ဆုံးဖြတ်ပြီးကြပြီးဖြစ်သည်။ 


ကိတ်သည် အခြားသူများ သူ့ကိုယ်ဝန်အကြောင်း သိသွားမည်ကို စိုးရိမ်သဖြင့် လူတွေ့မခံခဲ့သော်ငြား ယခုမူ အများရှေ့သို့ ထွက်လာရတော့မည် ဖြစ်သည့်အတွက် ပုန်းနေရန် နည်းလမ်း မရှိတော့ချေ။ Crohn သည် ဧကရာဇ်ကို Gerd ၏ ကိုယ်ဝန်အကြောင်း တင်ပြရင်း သန္ဓေတည်ဆေးလုံးအကြောင်းကိုပါ တင်ပြခဲ့သော်ငြား ကိတ်၏ ကိုယ်ဝန်နှင့် ပတ်သက်၍မူ မပြောခဲ့ရသေးသည့်အတွက် ဤသတင်းသည် အထက်တန်းလွှာအသိုင်းအဝိုင်းတစ်ခုလုံးကို မုန်တိုင်းထန်သွားစေမည်ဖြစ်သည်။ ဖက်ဒရယ်မှလာသူများမှတစ်ပါး ကျန်သူများ၏ အမူအယာကို မခန့်မှန်းတတ်သော်ငြား ထိုသူတို့မှာ မယုံလိုခြင်းနှင့် လုယက်လိုခြင်း တစ်ခုခုဖြင့်သာ တုန့်ပြန်ကြပေလိမ့်မည်။ 


သူနှင့် ကိတ်တို့သည် လှိုဏ်ခေါင်းထဲမှတစ်ဆင့် သူ၏ အမတ်အိမ်တော်သို့ သွားရောက်ကာ ထိုမှတစ်ဆင့် နန်းတော်သို့ ယာဉ်ပျံဖြင့် ထွက်ခွါလာခဲ့သည်။ အချိန်မှာ နောက်ကျနေပြီဖြစ်၍ နန်းတော်ထဲတွင် လူစုံစပြုနေပြီဖြစ်သည်။ ယာဉ်ပျံက တံခါးပေါက်ရှေ့ ရပ်တန့်ကာ သူထွက်ပေါ်လာချိန်တွင် အားလုံးက ဝိုင်းဝန်းနှုတ်ဆက်လိုက်ကြပြီး သတင်းထောက်များကလည်း အလုအယက် ဓာတ်ပုံရိုက်လိုက်ကြတော့သည်။ Crohn က ခန်းမထဲသို့ ချက်ခြင်းဝင်သွားလိမ့်မည်ဟု ခန့်မှန်းလိုက်ကြသော်ငြား သူက ယာဉ်ပျံ၏ တံခါး‌ဝရှေ့တွင်ရပ်ကာ ကိုယ်ကို အထဲသို့ ကိုင်းညွတ်လိုက်သည်။ 


ယာဉ်ပျံထဲမှာ နောက်တစ်ယောက် ရှိနေသေးတာလား ... 


အားလုံးမှာ မျက်လုံးတို့ ပြူးကျယ်ကာ စပ်စုလိုစိတ်များ ဖြစ်ပေါ်လာကြတော့သည်။ Crohn တွင် ချစ်မှုရေးရာကိစ္စများ အများအပြား ရှိခဲ့သည့်တိုင် မည်သည်ကိုမှ တရားဝင် ချမပြခဲ့ချေ။ ယခုမူ ပါတီသို့ ပွဲတက်ဖော် ခေါ်လာခဲ့ချေပြီ။  


ယာဉ်ပျံထဲမှ လက်တစ်ဖက် ဆန့်ထွက်လာသည်။ လက်မှာ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသည့်တိုင် အလွန်ကြီးမားနေရာ မည်သည့်‌နည်းနှင့်မျှ အမျိုးသမီးတစ်ဦး၏ လက်နှင့် တူမနေပေ။ Crohn နှင့် တူညီသည့် ဝတ်စုံလည်း ထွက်ပေါ်လာကာ ထိုဝတ်စုံမှာလည်း အမျိုးသမီးဝတ်စုံ မဟုတ်ချေ။ 


Crohn က တကယ်ကြီး ဧည့်ခံပွဲမှာ ယောကျာ်းတစ်ယောက် ခေါ်လာတာလား ...


ကျောက်လင်းယွီသည် ဖက်ဒရယ်၏ နိုင်ငံ့စံပြပုဂ္ဂိုလ်ဖြစ်သည့်အတွက် အရွယ်ရောက်ပြီးသူတိုင်းက သူ့ကို သိကြသလိုမျိုး လောယာအင်ပါယာရှိ Crohn ၏ အဆင့်အတန်းမှာလည်း သူနှင့် အလားတူပင်ဖြစ်သည်။ Crohn မှာ လောယာအင်ပါယာကို မကယ်တင်ဖူးသော်ငြား အင်ပါယာ၏ လူဦးရေမှာ အလွန်နည်းပါးလှသည့်အတွက် လူတိုင်းက သူ့ကို သိကြပေသည်။ 


သူ၏ တည်ရှိမှုကို လူသိစေရန် နှစ် ရာပေါင်းများစွာကြာ ကြိုးစားခဲ့သူ တစ်ဦးအဖို့ သူ့ကို မသိသည့်သူ ရှိနေသေးပါလျှင် ကြိုးစားထားသမျှအားလုံးမှာ သဲထဲရေသွန် ဖြစ်ကုန်တော့မည်ဖြစ်သည်။ ထို့ကြောင့် အမတ် Crohn မှာ လောယာအင်ပါယာတွင် အလွန်ကျော်ကြားကာ သူ၏ ချစ်ရေးချစ်ရာ အကြောင်းအရာမှာလည်း လူပြောများလှပေသည်။ သူက အမျိုးသမီးပေါင်းမြောက်များစွာနှင့် ချိန်းတွေ့ဖူးသည့်တိုင် မည်သူ့ကိုမှ တရားဝင် ထုတ်မပြခဲ့ဖူးပေ။ ယခုမူ နန်းတော်ထဲရှိ ညစာစားပွဲသို့ အမျိုးသားတစ်ဦးကို ခေါ်လာခဲ့ချေပြီ။ 


ဖက်ဒရယ်တွင် လိင်တူချစ်ကြိုက်မှုမှာ သာမန်လူများအကြား မထူးဆန်းသော်ငြား စွမ်းရည်ပိုင်ရှင်အသိုင်းအဝိုင်းတွင်မူ အပြင်းအထန် ဆန့်ကျင်ခံရပေသည်။ စွမ်းရည်ပိုင်ရှင်များသည် ဖက်ဒရယ်အဖို့ အလွန်အရေးကြီးသော တည်ရှိမှုဖြစ်သည့်အပြင် ယောက်ျားနှင့်မိန်းမ ပေါင်းစပ်ပါမှသာ မျိုးဆက်ပြန့်ပွါးနိုင်သည့်အတွက် ခါးခါးသီးသီး မုန်းတီးကြခြင်းဖြစ်ကာ အကြီးအကဲဖန့်တို့နှစ်ဦးအကြား ပူဆွေးဖွယ်ချစ်ဇာတ်လမ်းမှာလည်း  ထိုအကြောင်းအရင်းကြောင့်ပင် ဖြစ်ပေသည်။ 


လောယာအင်ပါယာတွင်မူ ထိုကိစ္စမှာ ပို၍ပင် ပြင်းထန်လှပေသည်။ မျိုးဆက်သစ်အရေအတွက် တစ်ဖြေးဖြေး ရှားပါးလာကာ မျိုးတုန်းပျောက်ကွယ်မည့် အခြေအနေကိုပင် ကြုံတွေ့လာရနိုင်ချေရှိသည့် နိုင်ငံတွင် မည်သူကမှ လိင်တူလက်ထပ်မှုကို ကောင်းချီးပေးမည် မဟုတ်ချေ။ သို့သည့်တိုင် လူငယ်အများစုကတော့ တိတ်တဆိတ် ဆောင်ရွက်နေကြဆဲပင် ဖြစ်သည်။ တရားမဝင်ဟု ပြော၍ မရသော်ငြား မည်သူကမှလည်း ပွင့်ပွင့်လင်းလင်း ထုတ်ပြမလာချေ။ 


ဒီအမျိုးသားက Crohn ရဲ့ အချစ်စစ်ပဲ ဖြစ်ရမယ် ဟုတ်တယ် မဟုတ်လား ... 


"ဟမ် ယာဉ်ပျံထဲက တစ်ယောက်က ကိုယ်ဝန်သည်အမျိုးသမီးကွ ..." 


Crohn အနားတွင် ရှိနေသော သတင်းထောက်တစ်ယောက်က ရုတ်ချည်း ထအော်လိုက်ကာ သူ့စကားဆုံးသည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ ဆက်သွယ်ရေးစက်ထဲသို့ သတင်းရောက်လာပြီးဖြစ်သည်။ 


အမတ် Crohn က ဧည့်ခံပွဲကို ယောက်ျားတစ်ယောက် ခေါ်လာတာ မဟုတ်ဘဲ ကိုယ်ဝန်သည်အမျိုးသမီးကို ခေါ်လာတာတဲ့ အဲဒီ့အမျိုးသမီးက ဘာလို့ အရပ်ရှည်ပြီး အမျိုးသားဝတ်စုံကို ဝတ်လာသလဲ ဆိုတာကတော့ ... ကြည့်ရတာ အရပ်ရှည်လေ ကလေးမွေးဖို့ ပိုကောင်းလေ ဖြစ်လို့လားမသိဘူး အမျိုးသားဝတ်စုံတွေကို ဝတ်ထားတာကတော့ သူ့ဝါသနာ ထင်တယ်နော် ... 


လူတိုင်းက လိုရာဆွဲတွေးကာ သဘောပေါက်ဟန် ပြူလိုက်ကြသော်ငြား မကြာမီတွင်ပင် Crohn ၏ အကူအညီဖြင့် ယာဉ်ပျံထဲမှ ထွက်လာသူကို ကြည့်ရင်း တစ်ဖန် အံ့ဩထိတ်လန့်သွားကြရပြန်တော့သည်။ 


အဲဒါက တကယ်ကို ယောကျာ်းကြီးဟ ...


Xxxxxxxx