အပိုင်း ၁၄၀
Viewers 18k

Chapter 140 


ကိတ်၏ အသားအရေမှာ အလွန်အမင်း ဖြူဖွေးနေသည့်တိုင် ကျန်းမာရေးမကောင်း၍ ဖြူလျော်နေခြင်းမျိုး မဟုတ်ပေ။ ယာဉ်ပျံထဲမှ ထွက်ကာ Crohn ၏ ဘေးတွင် ဝင်ရပ်လိုက်သူ၏ အရှိန်အဝါမှာ Crohn ထက် လုံးဝ လျော့နည်းမနေချေ။ 


မဟုတ်ဘူး မလျော့နည်းဘူးလို့ ပြောရုံနဲ့တောင် မလုံလောက်ဘူး သူက Crohn ထက်တောင် ပိုပြီး သန်မာနေသေးတယ် 


Crohn မှာ ကိတ်၏အရှေ့သို့ ရောက်လေတိုင်း အရှိန်အဝါတို့ကို အလိုလို ရုတ်သိမ်းထားမိတတ်သောကြောင့် ပိုပြီး သေးငယ်ဟန် ပေါ်နေပေတော့သည်။ 


စွမ်းအားကြီးပါတယ်ဆိုတဲ့ အမတ်ကြီး Crohn မှာလည်း ဒီလိုပုံစံမျိုး ရှိနေသေးတာပဲလား ... ဒါပေမယ့် သူတို့ရဲ့ ဇနီးတွေမှာသာ ကလေးရှိလာမယ်ဆိုရင် အရှိန်အဝါတွေကို ရုတ်သိမ်းပြီး ကုတ်ချောင်းချောင်းလေး နေဖို့ မပြောနဲ့ ဒူးထောက်ပြီးပဲ သွားရမယ်ဆိုရင်တောင် ပျော်ပျော်ကြီး လုပ်ပေးမှာ ... 


ကိတ်က Crohn နှင့်အတူ ခန်းမထဲသို့ အေးအေးဆေးဆေး ဝင်သွားသော်ငြား သူတို့ကို အင်တာဗျူးလိုသူများမှာမူ နေရာတွင်သာ အေးခဲကုန်ကြတော့သည်။ 


အမတ် Crohn က ယောကျာ်းရုပ်ရည်၊ ယောကျာ်းလို ဝတ်စားထားတဲ့ ကိုယ်ဝန်သည်ကို တကယ်ကြီး ခေါ်လာတာပေါ့ သူက ဘာတွေများ တွေးနေတာလဲ ... 


Crohn နှင့် မတူညီဘဲ ကိတ်သည် အမြဲလိုလို ခပ်လျှိုလျှိုသာ နေခဲ့သည့်အတွက် သတင်းထောက်အများစုက သူ့ကို မသိကြချေ။ သို့သော် ပွဲသို့ လာသူတိုင်းက မသိကြသည်တော့ မဟုတ်ပေ။ 


"အမတ်မင်းကိတ် ..." 


အဆင့်မြင့် အထက်တန်းလွှာများနှင့် အာဏာရှိသူများနှင့် တွေ့ဆုံရန် အပေါက်ဝတွင် စောင့်ဆိုင်းနေသော အထက်တန်းလွှာလက်သစ်လေးက ကိတ်ကို တစ်လှည့် ၊ သူ၏ ဆက်သွယ်ရေးစက်ကို တစ်လှည့် အလန့်တကြား ကြည့်နေလိုက်တော့သည်။ 


သူ့ရဲ့ ဆက်သွယ်ရေးစက်က တကယ်ကို ပျက်နေပြီထင်တယ် စောက်ရမ်းကို အေးစက်တဲ့ ကိတ်က ကိုယ်ဝန်ရနေပြီတဲ့ ဘယ်လိုများ ဖြစ်နိုင်မှာလဲ တကယ်ပဲ သူ့မျက်လုံးတွေ ကန်းသွားပြီထင်တယ် ...


ထိုအထက်တန်းလွှာလေး အံအားသင့်နေစဉ်မှာပင် Crohn ၏ယာဉ်ပျံ ရပ်တန့်ခဲ့သည့်နေရာသို့ နောက်ထပ်ယာဉ်ပျံတစ်စီး ဆိုက်ရောက်လာပြန်တော့သည်။ ရောက်လာသူမှာ မင်းသားချပ်မင်နှင့် ကြင်ယာတော်တို့ဖြစ်ကာ မင်းသားချပ်မင်၏ ကျော်ကြားမှုမှာလည်း Crohn ထက် မနိမ့်လှချေ။ သို့သော် ဤနေ့တွင်မူ သတင်းထောက်များက သူကို မြင်လိုက်ရသည့်အတွက် အားရဝမ်းသာဖြစ်နေမည့်အစား ဓာတ်ပုံအချို့ကိုသာ ဝတ္တရားကျေ ရိုက်ကူးပြီး Crohn ၏ ဘေးနားရှိ အမျိုးသားကိုသာ ပြန်ကြည့်နေလိုက်ကြတော့သည်။ 


အဲဒီ့ ကိုယ်ဝန်သည်အမျိုးသားက ဘယ်သူများလဲ သူက ယောကျာ်းလား မိန်းမလား ... 


သတင်းထောက်များ၏ ရင်ထဲတွင် မေးခွန်းများဖြင့် ပြည့်နှက်နေသော်ငြား Crohn ကမူ သူ့လူအနားသို့ လုံးဝ အကပ်မခံချေ။ ထို့အပြင် မည်သူကမှ ကိုယ်ဝန်သည်အနား ဇွတ်အတင်း တိုးဝှေ့မနေရဲသည့်အတွက် သူတို့ ခန်းမထဲ ဝင်သွားသည်ကိုသာ လက်ပိုက်ကြည့်နေရမည်ပြုစဉ် အခြားတစ်ဦးက သူတို့၏ ဆန္ဒကို ကိုယ်စား ဖြည့်ဆည်းပေးလိုက်တော့သည်။ 


လုံးဝ လျစ်လျူရှုခံထားရသော မင်းသားချပ်မင်က ခြေလှမ်းအနည်းငယ်ဖြင့်ပင် သူ့ရှေ့မှ လူများအနားသို့ ရောက်သွားကာ လှမ်းခေါ်လိုက်သည်။ 


"Crohn ကိတ် မင်းတို့နှစ်ယောက် အတူတူ ရောက်လာကြလိမ့်မယ်လို့ ထင်တောင် မထင်ထားမိဘူး ..." 


မင်းသားချပ်မင်က ခပ်ပြုံးပြုံးဖြင့် နှုတ်ဆက်လိုက်သော်ငြား ကိတ်အနားသို့ နီးကပ်လာသည်နှင့်တစ်ပြိုင်နက် ထိုအပြုံးတို့ ပျောက်ကွယ်သွားတော့၏။ 


ကိတ် ... သူက တကယ်ကြီး ကိုယ်ဝန်ရှိနေတာလား ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... 


သူငယ်အိမ်တို့ ကျဉ်းမြောင်းလာသည်အထိ အသည်းအသန် စဉ်းစားပြီးမှသာ အကြောင်းအရာတစ်ခုကို သတိရလိုက်တော့သည်။ ပြီးခဲ့သည့် လအနည်းငယ်က Crohn သည် ဖက်ဒရယ်ရှိ ကိုယ်ဝန်သည်အမျိုးသားတစ်ဦးအကြောင်း အစီရင်ခံခဲ့ပေသည်။ ထိုအကြောင်းကို ကြားလိုက်စဉ်က သူသည် ထိုကိုယ်ဝန်သည်အမျိုးသားကို ဖမ်းဆီးပြီး သုတေသနပြုရန်သာ စိတ်စောနေသည့်အတွက် Crohn ကို အာရုံမစိုက်မိသော်ငြား ကိတ်တွင် ကိုယ်ဝန်ရှိနေလိမ့်မည်ဟုတော့ အိပ်မက်ပင် မမက်ခဲ့ဖူး‌ပေ။ 


ကိတ်က ယောကျာ်းတစ်ယောက်လေ အဲဒါကို ဘယ်လိုဖြစ်ပြီး ကိုယ်ဝန်ဆောင်နိုင်နေတာလဲ ပြီးတော့ အိုမင်းနေတဲ့ ဧကရီကရော ဘယ်လိုလုပ် ကိုယ်ဝန်ရသွားတာလဲ ဖက်ဒရယ်ရဲ့ လက်ထဲမှာ ရှိနေတဲ့ နည်းပညာက တကယ်ပဲ ဘာကြီးလဲ ... 


"ငါတို့က မကြာခင် လက်ထပ်ကြတော့မှာလေ အဲဒါကြောင့် အတူတူ လာကြတာပေါ့ ..." 


Crohn က ဟန်လုပ်ပြုံးပြကာ ကိတ်၏ အရှေ့တွင် ဝင်ရပ်ရင်း ပိုင်စိုးလိုစိတ်ကို ဖော်ထုတ်ပြသလိုက်သည်။ 


"လက်ထပ်မယ် ဟုတ်လား မင်းက ..." 


မင်းသားချပ်မင်က မေးမည်ပြုပြီးကာမှ ရုတ်ချည်း ရပ်တန့်လိုက်သည်။ လောယာအင်ပါယာတွင် ဆက်သွယ်ရေးစက်အားလုံး၌ ကိုယ်ဝန်သည်ကို အာရုံခံနိုင်သည့် စနစ်တစ်မျိုး ပါဝင်သော်ငြား ထိုစစ်ဆေးမှုမျိုးကို ဖယ်ရှားရန်မှာလည်း အလွန်လွယ်ကူလှပေသည်။ သိပ္ပံနည်းပညာသုတေသနနယ်ပယ်တွင် ဆရာတစ်ဆူဖြစ်သော ကိတ်အဖို့ ထိုသို့ ပြုလုပ်ရန်မှာ သာမန်လှည့်ကွက်တစ်ခုမျှသာ ဖြစ်ပေသည်။ 


သို့သော် ကိတ်တွင် ကိုယ်ဝန်အကြောင်း ကြေငြာမည့် အကြံရှိနေ၍သာ တမင်တကာ ချပြလာခြင်း ဖြစ်သည်။ သူသာ ဆက်ပြီး မေးမြန်းနေပါလျှင် ထိုသတင်းထောက်များအတွက် သတင်းပိုရစေရန် ကူညီပေးနေသလို ဖြစ်သွားမည် ဖြစ်သည့်အတွက် မင်းသားချပ်မင်က အပြုံးတစ်ပွင့်ကိုသာ လှစ်ဟလာလိုက်တော့သည်။ 


"ဂုဏ်ပြုပါတယ် ..." 


သူက အလွန်တည်ငြိမ်နေသော်ငြား ပွဲကို သူတစ်ယောက်တည်း လာခဲ့ခြင်း မဟုတ်ဘဲ ကြင်ယာတော်ပါ အတူပါလာကြောင်းကိုတော့ မေ့လျော့သွားခဲ့သည်။ 


"ကိတ် ရှင်က ယောကျာ်းကြီးလေ ဘယ်လိုလုပ် ကိုယ်ဝန်ဆောင်နိုင်နေတာလဲ ဒါမှမဟုတ် ပရိုဂရမ် သုံးပြီး ကျွန်မတို့တွေရဲ့ ဆက်သွယ်ရေးစက်တွေကို ကြားဖြတ်စွက်ဖတ်ဖို့ ကြံနေတာလား ..." 


ချပ်မင်၏ နောက်သို့ ဒေါက်ဖိနပ်သံပေးကာ လိုက်လာသော အဒီလာက မေးခွန်းထုတ်လိုက်သည်။ 


ဒါဆို ယောကျာ်းလေးနဲ့ တူတဲ့တစ်ယောက်က တကယ်ကြီး ယောကျာ်းလေးပေါ့ ... 


သတင်းထောက်များက မင်းသမီးအဒီလာကို အားကိုးတကြီးဖြင့် စိုက်ကြည့်လိုက်ကြတော့သည်။ 


"ကိတ်ရေ ကျွန်မဖြင့်လေ ရှင့်ကို ဒီလိုမျိုး လုပ်လိ့မ်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး ရှင်ကလည်း အမတ်တစ်ယောက်ပဲလေ ပြီးတော့ Crohn ထက် နည်းနည်းတောင် မနိမ့်ကျတဲ့သူက တကယ်ပဲ ကိုယ်ဝန်အတုလုပ်ဖို့ လိုအပ်နေသေးတာပဲလား ..." 


ဒီလူကလည်း အမတ်ပဲတဲ့ ...

140.2


ထိတ်လန့်ကုန်သော သတင်းထောက်များမှာ အွန်လိုင်းမှ အချက်အလက်များ ရှာကြည့်ပြီးနောက်တွင်တော့ ပို၍ပင် မျက်ပြူးဆန်ပြာ ဖြစ်ကုန်ကြတော့သည်။ 


"အမတ် ကိတ်၊ ဗစ်ခ်မိသားစုရဲ့ နောက်ဆုံးမျိုးဆက်၊ အဆင့်ရှစ်စွမ်းရည်ပိုင်ရှင်၊ လောယာတက္ကသိုလ်ရဲ့ ဒါရိုက်တာ၊ လောယာမက်ခါတက္ကသိုလ်ရဲ့ လက်ထောက်ဒါရိုက်တာ၊ လောယာစစ်လက်နက်ဆိုင်ရာ တက္ကသိုလ်ရဲ့ လက်ထောက်ဒါရိုက်တာ ..." 


ကိတ်၏ ကိုယ်ရေးအကျဉ်းသီးသန့်သည်ပင်လျှင် Crohn ကို စက္ကန့်ပိုင်းအတွင်း လက်စဖျောက်ပစ်နိုင်ပေသည်။ အင်တာနက်ပေါ်တွင် သူနှင့်သက်ဆိုင်သည့် ဓာတ်ပုံတစ်ပုံမှ မရှိသော်ငြား အကယ်၍ ဤလူနှစ်ယောက်သာ တစ်ဦးတည်း ဖြစ်ခဲ့ပါလျှင် ... 


"ဒါကလည်း တက္ကသိုလ်က သုတေသနလုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲလား ..." 


ထိုမေးခွန်းကို ကြားလိုက်သည့်အခါ အားလုံး၏ အကြည့်တို့မှာ ဝင်းလက်သွားကြတော့သည်။


"ကျွန်တော်က တကယ်ပဲ ကိုယ်ဝန်ရှိနေတာပါ ..." 


ကိတ်က အဒီယာကို ဖျတ်ကနဲ လှမ်းကြည့်ကာ ခန်းမထဲသို့ ဝင်လာလိုက်သည်။ သူမ၏ ကျေးဇူးကြောင့် သူလုပ်ဆောင်ရမည့် ကိစ္စအားလုံးမှာ လွယ်လင့်တကူ ပြီးစီးသွားချေပြီ။ 


ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... 


သူမက ငေးငိုင်နေသော်ငြား အတော်ကို စိတ်ပျက်နေပြီဖြစ်သော ချပ်မင်ကမူ သူမကို အားကုန်သုံးကာ ခန်းမထဲသို့ ဆွဲခေါ်လာ‌လိုက်တော့သည်။ 


"ချပ်မင် ရှင် ဘာတွေ လုပ်နေတာလဲ ..."

ခန်းမထဲသို့ ရောက်သည်နှင့်တစ်ပြိုင်နက် သူမက သူ့ကို ဒေါသတကြီး အော်ဟစ်လိုက်သည်။ 


"မင်း ဒီ့ထက်နည်းနည်းလောက် အရိပ်အကဲသိလို့ မရဘူးလား..." 


သူက မေးလိုက်သည်။ 


အဒီယာလည်း သူမ အမှားလုပ်ခဲ့မိကြောင်း သဘောပေါက်သည့်တိုင် ချပ်မင်ကို ကြောက်ရွံ့မနေချေ။ 


"ဟိုးအရင်က နီယာလည်း အရိပ်အကဲ သိတာပဲလေ ဒါပေမယ့် နောက်ပိုင်းကျတော့ ဘာဖြစ်သွားလဲ ရှင်က ကလေးမွေးပေးနိုင်မယ့်သူကိုပဲ လိုချင်ခဲ့တာ မဟုတ်ဘူးလား အခုတစ်ခါ လိုချင်တဲ့အချက်တွေ ပြောင်းသွားပြန်ပြီလား ..." 


ချပ်မင်၏ ပထမဇနီး နီယာမှာ ကလေးမမွေးပေးနိုင်သည့်အတွက် စွန့်ပစ်ခံလိုက်ရသူဖြစ်သည်။ 


ချပ်မင်လည်း မင်သက်သွားပြီး ဘာစကားမှ မဆိုနိုင်တော့ချေ။ ထိုအချိန်တွင် လူအပြည့်ဖြစ်နေသော ခန်းမတစ်ခုလုံး တစ်ဖြေးဖြေး အသံတိတ်လာကာ လုံးဝ ငြိမ်သက်သွားတော့သည်။ 


ကိတ်၏ ကိုယ်ဝန်သတင်းမှာ ဧကရီထက်ပင် ထိတ်လန့်ဖွယ် ကောင်းလှပေသည်။ Gerd၏ ကိုယ်ဝန်အကြောင်း  Crohn ၏ တင်ပြချက်ကို သိထားကြသော အထက်တန်းလွှာအချို့မှာမူ အံ့ဩမှုနှင့် ဝမ်းသာမှုတို့ကို တစ်ပြိုင်တည်း ခံစားလိုက်ရတော့သည်။ 


ဖက်ဒရယ်မှာ ကိုယ်ဝန်သည်အမျိုးသားတစ်ယောက် ရှိနေတဲ့အပြင် ကိတ်ကလည်း ကိုယ်ဝန်လွယ်ထားရတယ်ဆိုတော့ ဒီလိုနည်းပညာမျိုး တကယ်ရှိနေတယ်လို့ ဆိုလိုချင်တာလား ကလေးသာ ရနိုင်မယ်ဆိုရင် အမျိုးသားလက်တွဲဖော်ပဲ ရှာရရှာရ ကိုယ်တိုင်ပဲ ကိုယ်ဝန်လွယ်ရလွယ်ရ ကိစ္စမရှိတော့ဘူး ... 


"အားလုံးပဲ လမ်းဖယ်ပေးကြပါဦး ကိတ်က လေကောင်းလေသန့် ရှူဖို့ လိုအပ်နေတယ် အနားကို အရမ်းတိုးမလာကြပါနဲ့ ..." 


Crohn က သူနှင့် ကိတ်အနား တိုးလာသူတိုင်းကို နှင်ထုတ်လိုက်သည်။ ထိုသူတို့၏ မျက်နှာမှာ အံ့ဩမှုတို့ဖြင့် ပြည့်နှက်နေသေးသော်ငြား သူ့စကားကို ကြားလိုက်ရချိန်တွင် တစ်ဖြေးဖြေး လူစုခွဲသွားလိုက်ကြတော့သည်။ 


ထိုကဲ့သို့ လူစုခွဲသွားသည့်တိုင် အကြည့်တို့မှာမူ ကိတ်တို့နှစ်ဦးထံတွင်သာ ကပ်ငြိနေကြကာ ကိတ်၏ ဆက်သွယ်ရေးစက်မှာလည်း အသံပေါင်းစုံ မြည်ဟီးနေပေသည်။ သူက ကုလားထိုင်ပေါ်တွင် ပျင်းတိပျင်းရွဲဖြင့် ထိုင်ရင်း Crohn ယူလာပေးသော နွားနို့်ကို သောက်နေလိုက်သည်။ Crohnအစား သူကိုယ်တိုင် ကိုယ်ဝန်ဆောင်ရန် ဆုံးဖြတ်လိုက်ခြင်းသည် မှန်ကန်သည်ဟု‌ ပြော၍ရပေမည်။ Crohn ကိုသာ ကိုယ်ဝန်ဆောင်ခိုင်းခဲ့ပါလျှင် အချက်အလက်များ စုဆောင်းရန် ပိုပြီး ခက်ခဲသွားမည့်အပြင် ပြဿနာများကို ရှင်းပြရန် လူရှေ့ထွက်ရဦးမည့် အချက်မှာ တွေးကြည့်လျှင်ပင် ခေါင်းကိုက်ဖွယ်ရာဖြစ်သည်။ 


ယခုမူ ... ထိုကိစ္စများအားလုံးကို Crohn အပေါ်သို့ လွှဲထားနိုင်ပြီဖြစ်သည့်အတွက် သူ့လုပ်ရပ်အပေါ် အလွန်ကျေနပ်နေမိတော့သည်။ 


Crohn ကတော့ ရှေ့သို့ တွန်းထုတ်ခံရသည်ဟု မခံစားရ။ ကိတ်ကို ဂရုစိုက်ပေးနေရခြင်းတွင်သာ ပျော်မွေ့နေပေသည်။ ကိတ်ကဲ့သို့ အဆင့်ရှစ်စွမ်းရည်ပိုင်ရှင်တစ်ဦးက လိုလိုလားလားဖြင့် ကိုယ်ဝန်လွယ်ပေးထားသည့်အတွက် သူ့ကို ကျိန်းသေ မြတ်နိုးကာ ကောင်းကောင်းမွန်မွန် ဆက်‌ဆံပေးရမည်ဖြစ်သည်။ 


ထိုသို့ တွေးလိုက်မိသည်နှင့်တစ်ပြိုင်နက် ကိတ်ကို ကြည့်နေသည့် သူ့အကြည့်တို့မှာ ပို၍ပင် သိမ်မွေ့လာတော့သည်။ အနီးနားရှိ အံ့ဩနေသူများမှာမူ စိတ်ငြိမ်သက်သွားကြပြီဖြစ်သည်။  Crohn ကဲ့သို့ စစ်ပွဲများတွင် အညှာအတာ ကင်းမဲ့လှသည့် သံမဏိနှလုံးသားပိုင်ရှင်မှာ ဤကဲ့သို့ ဖြစ်ပျက်နေသည့်အပြင် အင်ပါယာ၏ သွေးအေးသုတေသီ ကိတ်ကလည်း အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ပင် ကိုယ်ဝန်လွယ်ထားပေသည်။ 


"ငါ အခုလေးတင် ကြားလာတာ မင်းတို့တွေ လက်ထပ်တော့မလို့ဆို ..." 


Crohn ၏ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်က သိလိုစိတ်ကို ထိန်းမထားနိုင်တော့ဟန်ဖြင့် မေးလိုက်သည်။ 


"ဟုတ်တယ် ငါတို့တွေ လက်ထပ်တော့မှာ ..." 


သူက ပြောလိုက်သည်။ 


"အရှင်ကိတ် ..." 


မိန်းမလှတစ်ဦးက လူအုပ်ထဲမှ ထွက်လာကာ ပြောလိုက်သည်။ 


"အရှင်ကိတ် ရှင်က တကယ်ပဲ အမတ် Crohn နဲ့ လက်ထပ်တော့မှာလား ဒါကြီးက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ကလေးကလည်း အစမ်းသပ်ခံသက်သက်ပဲ မဟုတ်လား အဲဒါကြောင့်နဲ့တော့ သူ့ကို လက်ထပ်လိုက်ဖို့ မလိုအပ်ဘူးလေ ..." 


သူမက ဂါဝန်စကို တင်းတင်းဆုပ်ထားကာ ဝမ်းနည်းအလိုမကျမှု အပြည့်ဖြင့် ခပ်သွက်သွက် ပြောလိုက်သည်။ 


ဘေးနားရှိ လူများကလည်း ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ထောက်ခံလိုက်ကြတော့သည်။ 


ကိတ်နဲ့ Crohn ဟုတ်လား သူတို့နှစ်ယောက် အတူတူရှိတယ်ဆိုတာ တကယ်ကို မယုံနိုင်စရာပဲ ... 


"ဘယ်က စမ်းသပ်ချက်လဲ ဒီကလေးက ငါတို့နှစ်ယောက်ရဲ့ ချစ်ခြင်းတွေကနေ ရလာတဲ့ အသီးအပွင့်လေးလေ ပြီးတော့ အနာဂတ်မှာလည်း ကလေးတွေ အများကြီး ရှိလာဦးမှာ ကလေးကို အတူတူ ပျိုးထောင်မယ်ဆိုမှတော့ လက်ထပ်ရမှာပေါ့ ..." 


Crohn က သူမကို အလိုမကျမှုအပြည့်ဖြင့် စိုက်ကြည့်၍ပြော လိုက်သည်။ 


အချစ်ပြိုင်ဘက် ... တကယ်ကို အချစ်ပြိုင်ဘက်ပဲ ... 


Xxxxxxx