အပိုင်း ၁၄၁
Viewers 18k

Chapter 141


ကလေးနှင့် ပတ်သက်သည့် အကြောင်းအရာကို စကားစမိလေတိုင်း အိုင်ကျူနိမ့်သွားတတ်သော Crohn သည် ပြင်းထန်လှစွာသော အရှိန်အဝါတို့ကို ထုတ်လွှတ်ကာ ထိုအမျိုးသမီးကို ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားနိုင်လောက်သည်အထိ ဖိအားပေးလိုက်သည်။  ထို့နောက်တွင်မှ ကိတ်ထံ တစ်ဟုန်ထိုး ပြေးသွားကာ အမောတကော မေးလိုက်သည်။ 


"မင်းအပေါ် သက်ရောက်မသွားဘူး မဟုတ်လား ..." 


"အဆင်ပြေပါတယ် ..." 


ကိတ်က ပြောလိုက်သည်။ သူသည်လည်း ထိုအမျိုးသမီးကို သိထားပေသည်။ သူမသည် သူ့လက်ထောက် ဖြစ်ခဲ့ဖူးသော်ငြား သူ့အရေးကိစ္စတို့ကို အလွန်ဝင်စွက်ဖက်သဖြင့် အလုပ်ထုတ်ခဲ့ခြင်းဖြစ်သည်။ 


ကလေးကို သုတေသနလုပ်ဖို့ ရည်ရွယ်ချက်နဲ့ ယူခဲ့တော့ရော ဘာဖြစ်လဲ သူ့ကို ပြည့်ပြည့်ဝဝ ချစ်ခင်ပေးနိုင်တဲ့အပြင် ဒုက္ခတွေ့စေမှာမှ မဟုတ်တာ သူ့ကို အကောင်းဆုံးတွေပဲ ပေးမှာလေ ပြီးတော့ Crohn နဲ့ လက်ထပ်ဖို့ကလည်း နစ်နာစရာမှ မရှိတာ ... 


"အမတ်‌ကိတ်ရေ ဂုဏ်ယူပါတယ် ရှင်နဲ့ အမတ် Crohn တို့ကတော့ တကယ်ကို ကောင်းကင်ဘုံရဲ့ နတ်ဖတ်တဲ့စုံတွဲပါပဲ ..." 


နောက်ထပ်အမျိုးသမီးတစ်ဦးမှာတော့ အလွန် ပါးနပ်လှပေသည်။ သူမက အားလုံးသိချင်နေကြသည့် အကြောင်းအရာထံ ဦးမတည်ခင် သူတို့ကို အရင်ဆုံး ဂုဏ်ပြုပေးလိုက်သေးသည်။ 


"အမတ် ကိတ် ရှင်က ဘယ်လိုဖြစ်ပြီးတော့ ကိုယ်ဝန်လွယ်နိုင်ရတာလဲဟင် ..." 


ထိုမေးခွန်း ထွက်လာသည်နှင့်တစ်ပြိုင်နက် ခန်းမတစ်ခုလုံး ပြန်လည်ငြိမ်သက်သွားကြသည်။


 ထိုအချိန်တွင် ဧကရာဇ်နှင့် ဧကရီတို့ ဆိုက်ရောက်လာကြတော့၏။ 


ဧကရာဇ်နှင့် ဧကရီတို့တွင် သားသမီး မရှိခဲ့သော်ငြား နှစ်ရာပေါင်းများစွာကြာ အတူတူ လက်တွဲခဲ့ကြသူများ ဖြစ်ရာ တစ်ယောက်အပေါ် ထား‌ရှိသည့် ကျန်တစ်ယောက်၏ ခံစားချက်မှာ အလွန်နက်ရှိုင်းလှပေသည်။ ယခင်က ထိုခံစားချက်များကို အများရှေ့တွင် မပြသခဲ့သော်ငြား ယခုမူ သူတို့သွားလေရာတိုင်းတွင် ပန်းရောင်ပူဖောင်းများ ပျံ့လွင့်နေပေတော့သည်။ ဧကရာဇ်က ဧကရီကို ဂရုတစိုက် ထိန်းကိုင်ပေးထားပြီး ဧကရီမှာလည်း ... 


အမျိုးသမီးအများစုသည် ကိုယ်ဝန်ဆောင်ချိန်တွင် အနည်းငယ် ရုပ်ရည်ကျဆင်းသွားတတ်ကြသော်ငြား သူမမှာမူ ယခင်ထက်ပင် ပိုမိုကောင်းမွန်နေကာ သိမ်မွေ့သည့် အပြုံးတစ်ပွင့်ကို မျက်နှာတွင် ချိတ်ဆွဲထားသည်။ 


သူတို့နှစ်ဦး ရောက်မလာခင်က အားလုံးက ကိတ်၏ အနားတွင်သာ ဝိုင်းအုံနေကြသူများမှာ ယခုမူ ဧကရီ့ထံတွင်သာ အကြည့်တို့ကို စုပုံထားလိုက်ကြတော့သည်။ အမျိုးသားတစ်ဦး ကိုယ်ဝန်ဆောင်နိုင်သည်မှာ အံ့ဩဖွယ် ကောင်းလှသော်လည်း မငယ်ရွယ်တော့သူတစ်ဦးက အမြွာကိုယ်ဝန် ဆောင်နိုင်သည်ကလည်း ထပ်တူထပ်မျှပင် အံ့ဩဖွယ် ကောင်းလှပေသည်။ 


ဧကရီနဲ့ကိတ်က ဘယ်လိုဖြစ်ပြီးများ ကိုယ်ဝန်ရသွားကြတာလဲ ... 


"အားလုံးက ကိတ်ရဲ့ ကိုယ်ဝန်အကြောင်း အံ့ဩနေကြတယ်လို့ ကြားမိတယ် ..." 


ခပ်ဝဝ ဧကရာဇ်က လှောင်ပြုံးပြုံးကာ မေးလိုက်သည်။ 


"ဟုတ်ပါတယ် အရှင် ..." 


တစ်ချက်ကြည့်ရုံဖြင့်ပင် ဘဝနေဝင်ချိန်နီးနေပြီဖြစ်ကြောင်း သိနိုင်သည့် တစ်ခေါင်းလုံး ဖွေးဖွေးဖြူနေသော အမျိုးသားတစ်ဦးက ပြောလိုက်သည်။


"အရှင် ကျွန်တော်တို့တွေအားလုံး သိချင်နေကြပါတယ် ..." 


"မှော်ဆန်တဲ့ ဆေးဝါးတစ်မျိုး စားခဲ့ရလို့ သန္ဓေတည်ကုန်ကြတာလေ ... ဒီပစ္စည်းအကြောင်းကို အားလုံးလည်း ကြားပြီးလောက်ပါပြီ ..." 


ဧကရာဇ်က ပြောလိုက်သည်။ 


"အရှင်‌ ပြောချင်တာက ဖက်ဒရယ်ရဲ့ သန္ဓေတည်ဆေးလုံးများလား ..." 


တစ်ယောက်က ထမေးလိုက်သည်။ 


"ဟုတ်တယ် ဖက်ဒရယ်ရဲ့ သန္ဓေတည်ဆေးလုံးပဲ အဲဒီ့အချိန်တုန်းက အင်ပါယာရဲ့ သန္ဓေတည်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်ဖို့အတွက် Crohn နဲ့ ကိတ်ကို ဖက်ဒရယ်ကို လွှတ်ခဲ့တယ်လေ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ..." 


ဧကရာဇ်က သက်ပြင်းချလိုက်သည်။ 


"အရှင် ..." 


အားလုံး၏ အကြည့်တို့မှာ သူ့ထံတွင်သာ ကပ်ငြိနေကြသည်။  


"အဲဒီ့ဆေးဝါးကို ဘယ်လိုဖလှယ်ရမလဲ ဆွေးနွေးနေစဉ်မှာပဲ ဒီအင်ပါယာသားတစ်ယောက်က ဆေးပိုင်ရှင်ကို တိုက်ခိုက်တဲ့အပြင် သူတို့ရဲ့ ကလေးတစ်ယောက်ကိုပါ ပြန်ပေးဆွဲသွားခဲ့တယ်လေ ဒီလိုတွေ ဖြစ်ကုန်တော့ ဆေးပိုင်ရှင်ကလည်း ငါတို့တွေနဲ့ အပေးအယူလုပ်ဖို့ ဆန္ဒမရှိတော့ဘူး ..." 


ဧကရာဇ်က ပြောလိုက်သည်။ 


အစောပိုင်းက ကျောက်လင်းယွီက သူ့ထံ ချဉ်းကပ်ကာ  လောယာအင်ပါယာ၏ သန္ဓေတည်နှုန်း တိုးမြင့်လာအောင် ကူညီပေးမည်ဟု ကမ်းလှမ်းလာပြီး အပြန်အလှန်အားဖြင့် သူက အစွန်းရောက်အုပ်စုကို ရှင်းလင်းကာ ဖက်ဒရယ်နှင့် လောယာအင်ပါယာ အတူတကွ ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲနေထိုင်နိုင်ရန် ဆောင်ရွက်ပေးရမည်ဟု အပေးအယူ လုပ်လာသည်။ 


ဖက်ဒရယ်ကို တိုက်ခိုက်ခဲ့သည့်အကြောင်းကို သိရှိသူ သိပ်မများလှ။  အချို့တဝက်လောက်ကသာ နားစွန်နားဖျား ကြားထားကြပေသည်။ စတင်သိရစဉ်က သာမန်ကာလျှံကာ သဘောထားကာ လျစ်လျူရှုခဲ့သော်ငြား နောက်ကွယ်တွင် ဤကဲ့သို့ အရေးကြီးသည့် ကိစ္စမျိုး ရှိနေကြောင်း သိလိုက်ရချိန်တွင် လုပ်ကြံရန် ညွှန်ကြားခဲ့သူများကို မုန်းတီးလာကြတော့သည်။ 


"အရှင် ဖက်ဒရယ်က ဒီလောက်ကောင်းတဲ့ နည်းပညာမျိုး ရှိနေတာတောင် ပေးဖို့ငြင်းဆန်တယ်ဆိုမှတော့ ကျွန်တော်တို့တွေ စစ်ပွဲကို ကြေငြာသင့်ပါတယ် ..." 


တစ်စုံတစ်ယောက်က ထပြောလိုက်သည်။ 


"သူတို့က အဆင့်နိမ့်မျိုးနွယ်စုတွေပဲလေ ကျွန်တော်တို့ရဲ့ ခေါင်းပေါ်ကို တက်လာမှာကို ငြိမ်ခံမနေသင့်ပါဘူး ..." 


"အဲဒီ့နည်းပညာရဲ့ပိုင်ရှင်က ဖက်ဒရယ်သား မဟုတ်ဘူး သူ့ရဲ့ဇစ်မြစ်ကို သိတဲ့သူမရှိသေးဘူး သူက ဖက်ဒရယ်က မာရှယ်နဲ့ လက်ထပ်ထားရုံလေးတင်ပဲ တကယ်လို့ မင်းသာ ဖက်ဒရယ်ကို တိုက်မယ်ဆိုရင်တောင် အဲဒီ့နည်းပညာကို ရပါ့မလား စောင့်ကြည့်ရသေးတာပေါ့ ..." 


ကိတ်က ပြောလိုက်သည်။ 


"အမတ်ကိတ် သူတို့က ခင်ဗျားကို ကလေးရအောင် လုပ်ပေးတဲ့ကျေးဇူး ရှိတာနဲ့ပဲ သူတို့ဘက်ကနေ ပြောပေးလို့ မရဘူးလေ ..." 


ဖက်ဒရယ်ကို တိုက်ခိုက်ရန် အကြံပြုခဲ့သူ၏ မျက်နှာထားမှာ အတော်ကို ပျက်ယွင်းနေလေတော့၏။

141.2


အဲဒီ့နည်းပညာပိုင်ရှင်ကသာ ဖက်ဒရယ်နိုင်ငံသား မဟုတ်ဘူးဆိုရင် ဖြစ်လာမယ့် အကျိုးဆက်က ကောင်းမှာ မဟုတ်ဘူး ... 


"မင်းတို့ ကြည့်လို့ရအောင် ဗီဒီယိုတစ်ချို့ ပြင်ပေးထားတယ် ..." 


ကိတ်က ဆက်သွယ်ရေးစက်ကို ဖိရင်း ပြောလိုက်သည်။ ထို့နောက်တွင် သုံးဖက်မြင်ပုံရိပိအချို့ ထွက်ပေါ်လာတော့၏။ 


ထိုပုံရိပ်များမှာ သူနှင့် Crohn တို့ ဖက်ဒရယ်တွင် ရှိနေစဉ်က ရိုက်ကူးထားခဲ့ခြင်း ဖြစ်ကာ အစောပိုင်းတွင် သူတို့ကို ဖော်ရွေခဲ့သော ကျောက်လင်းယွီ၏ ပုံရိပ်များ၊ သန္ဓေတည်ဆေးအကြောင်း ပြောပြနေပုံများနှင့် နောက်ပိုင်း တိုက်ခိုက်ခံရပြီးနောက်တွင် ဆေးလုံးကို လုံးဝ ထောက်ပံ့မပေးနိုင်တော့ဟု ပြောနေသည်များပါ ပါဝင်ပေသည်။ ထိုဗီဒီယိုများမှာ အထူးတလည် တည်းဖြတ်ထားသည့်အတွက် များစွာ မကြာမြင့်လှ။ အားလုံးပြီးစီးသွားချိန်တွင် ခန်းမတစ်ခုလုံး အသံတိတ်ဆိတ်သွားတော့သည်။ 


"ဒီခွေးမသားတွေ ..." 


ဧည့်သည်တစ်ယောက်က မထိန်းချုပ်နိုင်စွာဖြင့် ကျိန်ဆဲလိုက်သည်။ 


"သူတို့ကြောင့်သာ မဟုတ်ရင် ငါတို့တွေ ..." 


ထိုသူ၏ ဂုဏ်ပုဒ်မှာ မနိမ့်လှ။ အကယ်၍သာ ကြားဖြတ်နှောင့်ယှက်မှုများ မရှိပါလျှင် အင်ပါယာနှင့် သဘောတူညီမှုမှာ အစောကတည်းက အောင်မြင်ကာ သူလည်း မျိုးဆက်ရနိုင်မည်ဖြစ်သည်။ 


"သူတို့က ဘာလိုချင်တာတဲ့လဲ ...." 


တစ်ခြားတစ်ယောက်က မေးလိုက်သည်။ 


"သူတို့က အခု လောယာအင်ပါယာမှာ သူတို့ရဲ့ကလေးကို လိုက်ရှာနေကြတယ် သန္ဓေတည်ဆေး ထောက်ပံ့မယ် မထောက်ပံ့ဘူးကတော့ ... ငါလည်း မပြောတတ်ဘူး ..." 


ကိတ်က ထိုသို့ပြောရင်း သူ့ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။ 


"အော် ဒါနဲ့ ပြောစရာကျန်နေသေးတယ် သူတို့လက်ထဲမှာ သန္ဓေတည်ဆေးတင် ရှိနေတာ မဟုတ်ဘူး သန္ဓေသားရဲ့ အခြေအနေကို တည်မြဲစေနိုင်တဲ့ အာဟာရဆေးရည်လည်း ရှိနေသေးတယ် ..." 


Crohn က ထပ်ပြောလိုက်သည်။ 


ထိုစကားကို ကြားလိုက်ရသည့်အခါ လူတိုင်း၏ မျက်ဝန်းတို့မှာ ဝင်းလက်သွားသော်ငြား တစ်ချိန်တည်းတွင်ပင် စိတ်အနှောင့်အယှက် ဖြစ်လိုက်ရတော့သည်။ 


ဖက်ဒရယ်ဆိုတာ အဆင့်နိမ့်မျိုးနွယ်လေး တစ်ခုပဲလေ သာမန်သဘောတူညီချက်လေး တစ်ခုလောက်နဲ့တင် လိုချင်တာအကုန် ယူလို့ရနေတာပဲကို ... ဒါပေမယ့် သူတို့ဆိုရင်လည်း သူတို့ကလေး ပြန်ပေးဆွဲခံရရင် လုံးဝ ကူညီပေးတော့မှာ မဟုတ်ဘူးလေ ...


ယခုအချိန်တွင် ဖက်ဒရယ်ကို ခွဲခြားဆက်ဆံခြင်း မပြုသူများသာမက အဆင့်နိမ့်မျိုးနွယ်စုအဖြစ် အထင်သေးရှုံ့ချခဲ့သူများပါ ထိုလုပ်ကြံရေးသမားများကို မုန်းတီးနေကြတော့သည်။ သူတို့သည်လည်း အဆင့်နိမ့်မျိုးနွယ်စုများကို အထင်သေးကာ ထိန်းချုပ်ထား‌လိုသော်ငြား ကလေးလည်း လိုချင်နေသေးသည်။ 


အထက်တန်းလွှာလက်သစ်လေးများက ထိုအကြောင်းကို မသိကြသေးသော်ငြား သိထားပြီးဖြစ်သော မင်းမျိုးမင်းနွယ်များကမူ ချပ်မင်ကို တိတ်တဆိတ် မုန်းတီးနေကြတော့သည်။ သို့သော် ချပ်မင်မှာလည်း သူတို့နှင့်ထပ်တူ လုပ်ကြံရေးသမားများကို ဒေါသထွက်နေခဲ့ပေ၏။ သူက ထူးခြားသည့် အခြေအနေကို မသိခဲ့သော်ငြား ယခုမူ ဗီဒီယိုနှင့်တကွ ထွက်ပေါ်လာချေပြီ။ 


ထိုသူများအား ရမ်ရှန့်နှင့် သူ့ကလေးများကို အရှင်ဖမ်းလာရန် အမိန့်ပေးခဲ့သော်လည်း သူတို့က လက်စဖျောက်ပစ်ရန်ပင် ကြိုးစားခဲ့သေးသည်။


 ထိုသည်သာမက ကလေးကိုပင် ပြန်ပေးဆွဲလာခဲ့ရာ ... 


"ကလေးကို အမြန်ဆုံး ရှာပေးလိုက်ရအောင် ထပ်ပြီး အချိန်ကြန့်ကြာနေလို့ မဖြစ်တော့ဘူး ..." 


ဧကရာဇ်ကို ပထမဆုံး မေးမြန်းခဲ့သူက ထိုသို့ ပြောလိုက်ချိန်တွင် အားလုံးကလည်း တစ်ညီတစ်ညွတ်တည်း ထောက်ခံလိုက်ကြတော့သည်။ 


"ငါတို့တွေ ဖက်ဒရယ်ကို လျော်ကြေးရော မပေးသင့်ဘူးလား ..." 


နောက်တစ်ယောက်က ထပ်ပြောလိုက်သည်။ 


"ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးစာချုပ်ကို လက်မှတ်ထိုးပြီးတော့ ဟိုဘက်က မာရှယ်ကိုလည်း တွေ့ခွင့်ပေးလိုက်ကြရအောင်လေ ..." 


အစွန်းရောက်များက ဆန့်ကျင်လိုသော်ငြား ကလေးလိုချင်နေသော လူအုပ်ကြီးမှာ သူတို့ကို တစ်စစီဖျက်ဆီးပစ်ရန် တုန့်ဆိုင်းနေမည် မဟုတ်ချေ။ ကလေးသာ ရမည်ဆိုပါလျှင် အဆင့်နိမ့်မျိုးနွယ်စုများကို ခွဲခြားဆက်ဆံခြင်း မပြုတော့ရန် မဆိုထားနှင့်။ ထိုသူတို့နှင့် လက်ထပ်ရမည်ဆိုလျှင်ပင် လိုလိုလားလား သဘောတူမည်ဖြစ်သည်။ 


ဆွေးနွေးမှုမျိုးစုံကို တစ်ချိန်တည်း စတင်လိုက်ကာ ကလေးရှာဖွေမည့် သတင်းများကိုလည်း တစ်ပြိုင်တည်း ထုတ်လွှင့်လိုက်သည်။ ဧကရီ၏ ကိုယ်ဝန်ရလာသည့် အထိမ်းအမှတ် ညစာစားပွဲ မပြီးခင်မှာပင် လသားအရွယ်သာ ရှိသေးသည့် မွေးကင်းစ ကလေးငယ်တစ်ဦးကို ရှာဖွေရန် အင်ပါယာအနှံသို့ ကြေငြာလိုက်တော့သည်။ 


ထိုသတင်းကို မြင်လိုက်သည့် ကျောက်လင်းယွီက ပြုံးရုံသာ ပြုံးနေသည့်အတွက် ရမ်ရှန့်က မေးလိုက်သည်။ 


"သူတို့က သားကြီးကို ရှာနေကြတာလား ..." 


"ဟုတ်တယ် သူတို့ရဲ့ စိတ်ရင်းကို ဖော်ပြဖို့ နေမှာပေါ့ ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ ယခုအချိန်တွင် သူ့အနေဖြင့် ဝင်ပါရန်အကြောင်း မရှိသေးချေ။ ကလေးရှာနေသည့်သတင်းမှာ အချိန်တိုအတွင်းမှာပင် ပျံ့နှံ့သွားသည်။ 


မူခါ့သီတို့၏ ဇနီးမောင်နှံလည်း သိလိုက်သော်ငြား သာမန်ကာလျှံကာသာ ဖတ်ပြီး ဘေးဖယ်ထားလိုက်သည်။ သူတို့က ကလေးတစ်ယောက်ကို ကယ်လာခဲ့ဖူးသော်ငြား ထိုကလေး၏ အသက်မှာ နှစ်အနည်းငယ် ရှိနေပြီဖြစ်ကာ လသားအရွယ် မဟုတ်သည့်အတွက် ထိုသတင်းမှာ သူတို့နှင့် သက်ဆိုင်မှု မရှိချေ။ 


Crohn နှင့် ကိတ်တို့ လှိုဏ်ခေါင်းမှတစ်ဆင့် အိမ်သို့ ပြန်ရောက်လာချိန်တွင် အတော်နောက်ကျနေပေပြီ။ 


သူတို့၏ အသံကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ရမ်ရှန့်နှင့် ကျောက်လင်းယွီတို့နှစ်ဦးလုဲး နိုးလာခဲ့ကြတော့သည်။ 


"အခုဆို လောယာအင်ပါယာမှာ သန္ဓေတည်ဆေး မလိုချင်တဲ့ အထက်တန်းလွှာ တစ်ယောက်မှ မရှိတော့ဘူး အဲဒါကြောင့် ကိုယ်တို့နှစ်ယောက် သူတို့ရဲ့လက်ထဲကနေ လွတ်အောင်ပြေးမှ ရတော့မယ် ..." 


Crohn က ပြောလိုက်သည်။ 


ကိတ်က ဧည့်ခံပွဲတွင် ဖြစ်ကြောင်းကုန်စင် ပြောပြရန် စဉ်းစားခဲ့သေးသော်ငြား အချိန်ကျရောက်လာသောအခါတွင်မူ နောက်ကြောင်းပြန်ခြင်း လုပ်ငန်းစဉ်အား Crohn ထံသို့ ပစ်ပေးလိုက်ရင်း သူက တိတ်တဆိတ်သာ နေနေခဲ့လိုက်တော့သည်။ 


Crohn ကလည်း ထိုတာဝန်ကို အားရဝမ်းသာ ယူလိုက်သည့်အပြင် ချပ်မင်ကိုပင် ပစ်မှတ်ထားလိုက်သေးသည်။ 


"ဟိုလူချပ်မင်တော့ သေချာပေါက် နောင်တရနေလောက်ပြီ အရှင်က ကလေးလိုချင်တယ် ဆိုပေမယ့် ဘာကိုမှ လွန်လွန်ကျူးကျူး မလုပ်ခဲ့ဖူးဘူး ဒါပေမယ့် ချပ်မင်ကတော့ တစ်ခြားစီပဲ သူ့ရဲ့ ကြင်ယာတော်ဟောင်းကဆို ဆက်လွယ်ထားဖို့ မသင့်တော်တဲ့ ကလေးကို အတင်းအကျပ် လွယ်ထားဖို့ ဖိအားပေးခံရပြီး သေလုနီးပါး ဖြစ်ခဲ့တာလေ ... အခုဆို သူ တစ်ဖြေးဖြေး နောင်တရနေလောက်ပြီ ... " 


"နောင်တရရင်တောင် သူ့ခံယူချက်တွေကတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူး ..." 


ကျောက်လင်းယွီက ဝင်ပြောလိုက်ရာ Crohn လည်း အသံတိတ်သွားရတော့သည်။


Xxxxxx