အပိုင်း ၁၄၂
Viewers 18k

Chapter 142


 ချပ်မင်ကို မဆိုထားနှင့်။ သူသည်ပင်လျှင် လူသားများကို မျက်လုံးထဲ ထည့်ထားဖူးသူ မဟုတ်ချေ။ အမှန်တွင်မူ လောယာတို့မှာလည်း လူသားများထက် များစွာ သာလွန်မနေပေ။ 


"အခုဆို လူတိုင်းက ငါတို့ကို လိုက်ရှာနေကြတော့မှာပဲ ... ဒီနေရာရဲ့ လုံခြုံရေးက စိတ်ချရပါတယ်နော် ..." 


ကျောက်လင်းယွီက သူ့ကို ကြည့်ကာ မေးလိုက်သည်။ 


အာဟာရဆေးရည်နှင့် သန္ဓေတည်ဆေးအတွက် လိုအပ်သော ကုန်ကြမ်းများကို လောယာတို့ မစိုက်ပျိုးနိုင်ရာကျောက်လင်းယွီသည် ထိုသူနှစ်ဦးမှာ လောယာအင်ပါယာ၏ အနာဂတ်အတွက် သူနှင့်ယှဉ်ပြိုင်ကာ လောင်းကြေးထပ်ရဲတော့မည် မဟုတ်ဟု ယုံကြည်ထားပေသည်။ 


လောယာအင်ပါယာ၏ လက်ရှိ လူဦီးရေးမှာ အလွန်နည်းပါးနေသည့်အပြင် ထိုကဲ့သို့သာ ဆက်လက်ပြီး လျော့နည်းသွားပါလျှင် ... အဆင့်မြင့်မျိုးနွယ်စု ဖြစ်ရခြင်းမှာ အလဟဿသာ ဖြစ်ပေတော့မည်။ မျိုးနွယ်တစ်ခုအနေဖြင့် ဆက်လက်ပြီး ဖွံ့ဖြိုးတိုးတက်‌လိုပါလျှင် ထိုက်သင့်သော လူဦးရေ ရှိရမည်ဖြစ်သည်။ 


မည်သို့ပင်ဖြစ်စေ လောယာအင်ပါယာသည် အလွန်သန်မာလှသည့်အတွက် ဖက်ဒရယ်တွင် သူတို့ကို တွန်းလှန်ရန် အင်အားမရှိချေ။ အပြန်အလှန်အားဖြင့် သူတို့၏ လက်ထဲရှိ နည်းပညာမှာလည်း လောယာတို့အတွက် မရှိမဖြစ်ပင်ဖြစ်သည်။ 


"ငါတို့က မိတ်ဆွေတွေလေ ..." 


ကျောက်လင်းယွီ၏ မယုံကြည်မှုကြောင့် Crohn ၏ မျက်ခုံးအစုံတို့မှာ တွန့်ကုတ်သွားတော့သည်။ 


"မင်းတို့ကို ယုံပေမယ့် တစ်ခြားသူတွေလည်း ရှိသေးတယ်လေ ..." 


ထိုအခါမှသာ Crohn လည်း အတိတ်က ဖြစ်ရပ်များကို ပြန်အမှတ်ရသွားပြီး သက်ပြင်းချလိုက်သည်။ 


"စိတ်ချလက်ချသာ နေပါ ဒီအိမ်က လုံးဝကို လုံခြုံတယ် ..." 


"ကောင်းပြီလေ ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


"ဒါဆို ဒုတိယခြေလှမ်း စရတော့မယ့် အချိန်ပဲ ..." 


အာဟာရဆေးရည်နှင့် သန္ဓေတည်ဆေးအကြောင်းကို ဧကရီနှင့် ကိတ်တို့မှတစ်ဆင့် လောယာအထက်တန်းလွှာများကို ဖွင့်ထုတ်ပြလိုက်ခြင်းသည် ကျောက်လင်းယွီ၏ ပထမခြေလှမ်းဖြစ်သည်။ ထို့နောက်တွင်တော့ လောယာသားတို့ကို အနည်းငယ် မြည်းစမ်းခိုင်းရမည့် အချိန်သို့ ရောက်လာခဲ့ချေပြီ။ 


ညစာစားပွဲအပြီး နောက်တစ်နေ့၌ သန္ဓေသားအတွက် ကောင်းမွန်သည်ဆိုသော ဆေးရည်များကို လောယာအင်ပါယာ၏ မှောင်ခိုဈေးကွက်တွင် တွေ့လိုက်ရတော့၏။  ဆေးရည်၏ မူလဇစ်မြစ်ကို မသိရသော်ငြား စမ်းသပ်ချက်များအရမူ ၎င်းတွင် သန္ဓေသားကို အန္တရာယ်ဖြစ်စေမည့် အရာများ မပါဝင်သည့်အပြင် ဈေးနှုန်းမှာလည်း မမြင့်မားသည့်အတွက် ဝယ်ယူသောက်သုံးပြီးသူများပင် ရှိလာတော့သည်။ 


ဆေးရည်ကို သောက်လိုက်သည့် ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ single mother ဖြစ်ကာ စွမ်းအင်မှာလည်း မသန်မာလှချေ။ သူမ၏  မျှော်မှန်းသက်တမ်းမှာ နှစ်ငါးရာခန့်သာ ဖြစ်ပြီး ယခု နှစ်လေးရာ ရှိနေပြီဖြစ်သည်။ ပြီးခဲ့သည့် နှစ်လေးရာအတွင်း ကိုယ်ဝန်ငါးခါ ဆောင်ခဲ့ဖူးသော်ငြား တစ်ယောက်မှ အဖက်မတင်ခဲ့ချေ။ ယခုလက်ရှိကလေး၏ အခြေအနေမှာလည်း မတည်ငြိမ်သည့်အတွက် သူမသည် ဆေးရည်မသောက်သုံးမီက ဤကလေးကို လက်လျှော့ရန်ပင် ဆုံးဖြတ်ထားပြီးဖြစ်သည်။ 


သို့သော် ဆေးရည်သောက်သုံးပြီးနောက် သန္ဓေသားမှာ ပိုပြီး တည်ငြိမ်လာသည်ဟု ခံစားလာရသဖြင့် ဆေးရည်ပုလင်း ဒါဇင်ပေါင်းများစွာကို အလောတကြီး ဝယ်ယူရင်း လူတိုင်း၏ အာရုံကို ဆွဲယူသွားတော့သည်။ 


မူလက ဆေးအတုဟု သတ်မှတ်ခံထားရသော ဆေးရည်၏ ဈေးနှုန်းမှာ တစ်ဖြေးဖြေး မြင့်မားလာသည့်တိုင် ၎င်း၏ ဇစ်မြစ်ကိုတော့ မသိရသေးချေ။ ထိုသို့ဖြင့် ဧည့်ခံပွဲကို တက်ရောက်ခဲ့သူများပါ သတိထားမိလာကြတော့သည်။


အမည်မဲ့ဆေးရည်၏ ဈေးနှုန်းမှာ မိုးထိလုမတတ် မြင့်မားလာတော့၏။ မှောင်ခိုဈေးကွက်တွင် နေ့တိုင်း ဆေးရည်တစ်စု ရောက်လာတတ်ကြောင်း သိလိုက်ရသည့်အတွက် ဝယ်ယူရန် တန်းစီနေသူများ ပို၍ပင် များပြားလာတော့သည်။ 


ကိတ်က အများစု၏ ဆက်သွယ်ရေးစက်ကို ပိတ်ဆို့နိုင်သည့်တိုင် လူတိုင်းကိုတော့ မပိတ်ဆို့နိုင်ချေ။ သူ့ဆရာကပါ ဆက်သွယ်လာသည့်အတွက် ကိတ်လည်း မျက်နှာကို လက်နှစ်ဖက်ဖြင့် ဖုံးအုပ်ရင်း ဆက်သွယ်ရေးစက်ကို ချိတ်ဆက်လိုက်တော့သည်။ 


"ကောင်လေး မင်းကိုယ်ဝန်အကြောင်း ပြောမလို့ မဟုတ်ပါဘူး ပြောပါဦး အဲဒီ့ဆေးရည်တွေက ဖက်ဒရယ်ရဲ့ အာဟာရဆေးရည်တွေ မဟုတ်လား ..." 


"ဟုတ်ပါတယ် ..." 


ကိတ်က ပြောလိုက်သည်။ 


" အာနိသင်ကရော ဘယ်လိုနေလဲ ..." 


ကိတ်က ဘာမှ မပြောတော့ဘဲ အချက်အလက်များကိုသာ တိုက်ရိုက်ပို့ပေးလိုက်သည်။ 


"ဒီကလေးကတော့ နှုတ်ဆိတ်လိုက်တာများ ... တော်သေးတာပေါ့ ကလေးကို မင်းတစ်ယောက်တည်း ပျိုးထောင်မယ့်အကြံ မရှိလို့ မဟုတ်ရင် ကလေးကလည်း မင်းလိုပဲ ဝစီပိတ်ဖြစ်လာမှာ ကျိန်းသေတယ် ..." 


ကိတ်က တိတ်တဆိတ် ဖုန်းချကာ သုတေသန website တွင် တင်ထားသော အချက်အလက်များကို ကြည့်နေလိုက်သည်။ ဆေးရည်၏ ဈေးနှုန်းမှာ ထပ်မံတိုးမြင့်နေလိမ့်ဦးမည်ဟု ခန့်မှန်းရပေသည်။ 


သူ့အတွေးများမှာ မှန်ကန်ပေ၏။ သူ၏ စစ်ဆေးချက်အစီရင်ခံစာကို တင်ပြီးပြီးချင်းပင် မှောင်ခိုဈေးကွက်ထဲရှိ ဆေးရည်၏ တန်ဖိုးမှာ တိုးမြင့်သွားပြန်တော့သည်။ တစ်ချိန်တည်းမှာပင် ဆေးရည်၏ အာနိသင်ကို မျက်မြင်ဒိဌ ကြုံတွေ့ခဲ့ရသူ အရေအတွက်မှာလည်း တစ်ဖြေးဖြေး များပြားလာတော့၏။ 


မူလက လောယာအင်ပါယာ၏ အထက်တန်းလွှာများသည် ဖက်ဒရယ်နှင့် ပတ်သက်သည့် သတင်းများကို အမှောင်ချထားလိုခဲ့သော်ငြား ယခုမူ ဖုံးကွယ်ထား၍ မရတော့ချေ။ တစ်ခဏအကြာတွင် လောယာအင်ပါယာ၏ အင်တာနက်ကွန်ယက်တစ်ခုလုံးကို သန္ဓေတည်ဆေးနှင့် အာဟာရဆေးရည်သတင်းက ဖုံးအုပ်သွားတော့သည်။ 


ကျောက်လင်းယွီက အကြီးအကဲထန့် ထုတ်လုပ်ထားသော အာဟာရဆေးရည်ပုလင်း ရာပေါင်းများစွာကို Crohn ထံ ပေးပို့လိုက်သည်။ မျက်ဝန်းတို့ တဖျတ်ဖျတ်တောက်လာသော Crohn ကြောင့် သူက သတိပေးစကားကိုပါ တစ်ခါတည်း ပြောလိုက်ရသည်။

142.2


"မင်းသုံးချင်ရင် အကြီးအကဲထန့်ဆီကနေ သွားယူ ဒါတွေအကုန်လုံးက ရောင်းဖို့သီးသန့်ပဲ ..." 


"သိပါပြီ ..." 


Crohn လည်း ဆေးရည်ပုလင်းများကို ယူရင်း အင်တင်တင်ဖြင့် ထွက်သွားလိုက်တော့သည်။ ၎င်းတို့ကို မှောင်ခိုဈေးကွက်တွင် ရောင်းချလိုက်သည့်အတွက် သူ့သရုပ်မှန်ကို ဖုံးကွယ်ထားရန် မဖြစ်နိုင်တော့ရာ ကြားခံလူများအနေဖြင့်လည်း သူတို့၏ တည်ရှိမှုကို ကြာရှည် ဖုံးကွယ်ထားနိုင်တော့မည် မဟုတ်ချေ။ 


Crohn က အနည်းငယ် ချင့်ချိန်စဉ်းစားပြီးနောက် ဆေးရည်များကို သရုပ်ပြကွန်ယက်တွင် တိုက်ရိုက် တင်သွင်းရောင်းချလိုက်တော့သည်။ 


ဆေးရည်ဝယ်ယူရန် မှောင်ခိုဈေးကွက်ကို စောင့်ကြည့်နေသူများမှာ ယနေ့အတွက် ဆေးရည်ရောက်မလာကြောင်း တွေ့လိုက်ရသည့်အတွက် အနည်းငယ် လမ်းပျောက်သွားကြတော့သည်။ ထိုစဉ် အွန်လိုင်းမှ ဈေးဝယ်ထွက်ခြင်းကို သဘောကျသည့် အမျိုးသမီးတစ်ဦးက အသစ်စက်စက် စာရင်းသွင်းထားသည့် ဆိုင်တစ်ခုတွင် လတ်တလော နာမည်ကြီးနေသည့် အာဟာရဆေးရည်များ ရောင်းချနေကြောင်း တွေ့လိုက်ရတော့သည်။ 


"ဒါက အတုကြီးလား ..." 


ထိုသို့ တွေးလိုက်မိသော်ငြား သူမ၏ ညီမဖြစ်သူထံတွင် ကိုယ်ဝန်ရှိနေကြောင်း သိလိုက်ရသည့်အတွက် အံတင်းတင်းကြိတ်ကာ ပုလင်း ၂၀ ဝယ်ယူလိုက်သည်။ ထို့နောက် website စာမျက်နှာကို နောက်တစ်ကြိမ် ပြန်ဝင်လိုက်ချိန်တွင် ဆေးရည်ပုလင်းတစ်ရာလုံး ရောင်းထွက်သွားကြောင်း တွေ့လိုက်ရတော့သည်။ ၎င်းမှာ မထူးဆန်းလှသော်ငြား ပိုပြီး အံ့ဩစရာ ကောင်းသည်မှာ ရောက်ရှိလာသည့် ပစ္စည်းများမှာ အစစ်ဖြစ်နေခြင်းပင် ဖြစ်သည်။ 


ပရိဘောဂအသစ်များဖြင့် ပြန်လည်ပြင်ဆင်ထားသော မင်းသားချပ်မင်၏ နန်းတော်မှာ တစ်ဖန် ဖျက်ဆီးခံလိုက်ရပြန်၏။ 


"တစ်ပုလင်းတောင် မရခဲ့ဘူးပေါ့ ဟုတ်လား ..." 


ချပ်မင်က သူ့ရှေ့တွင် ရပ်နေသူကို ကြည့်ရင်း အေးစက်စွာ ပြောလိုက်သည်။ ဆေးရည်ကို စတင်ရောင်းချနေပြီဖြစ်ကြောင်း သိလိုက်ရစဉ်က မဝယ်ခဲ့သော်ငြား ယခုမူ တစ်ပုလင်းပင် ဝယ်၍ မရတော့‌ချေ။ 


"မှောင်ခိုဈေးကွက်ကို ကြီးကြပ်ပေးတဲ့ ကြားခံလူကို ထိန်းချုပ်လိုက်ပေမယ့် ဆေးရည်က သရုပ်ပြကွန်ယက်မှာပဲ ရောင်းချနေပါတယ် ..." 


ထိုသူက ချပ်မင်ကို အလွန်လေးစားသည့်တိုင် စကားပြောချိန်တွင်တော့ ဟန်မဆောင်နိုင်အောင်ကို တုန်ရီနေပေသည်။ 


"ထွက်သွားစမ်း ..." 


ချပ်မင်က ပြောလိုက်ပြီး ထိုသူထွက်သွားသည်နှင့်တစ်ပြိုင်နက် အကြည့်တို့ မဲမှောင်သွားတော့သည်။ 


ဒါတွေအားလုံးက Crohn ရဲ့ လက်ချက်ပဲ သူက ဖက်ဒရယ်အုပ်စုနဲ့ ပူးပေါင်းပြီး ကြိုးကိုင်နေတာ ဖြစ်ရမယ် ပြီးတော့ ဧကရာဇ်လည်း ပါနေမှာ သေချာတယ် ... 


ကိတ်တို့ပြောတဲ့စကားအရဆို အဲဒီ့ လူသားတွေက အင်ပါယာကြယ်မှာ ရောက်နေတဲ့ပုံပဲ ... အင်ပါယာကြယ်ဆိုတာ ဘယ်လိုနေရာမျိုးမိုလို့လဲ ... အင်ပါယာတစ်ခုလုံးမှာ လုံခြုံရေးအတင်းကြပ်ဆုံးပဲလေ အကူအညီမပါဘဲ ဘယ်လူသားက ပုန်းနေ‌နိုင်မှာလဲ ဘယ်သူ့အကူအညီမှ မပါဘဲ ပုန်းနေနိုင်တယ် ဆိုဦးတောင် အာဟာရဆေးရည်ကို ရောင်းနိုင်မယ့် အခွင့်အရေးက ဘယ်လိုလုပ် ရလာတာလဲ ...


ချပ်မင် ၏ အစပိုင်းက မရေမရာဖြစ်နေသော အမူအယာများမှာ ရက်စက်မှုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ 


.....


ထိုအချိန်တွင် ရမ်ရှန့်က သူ့ကလေးများ အင်တာနက် အသုံးပြုရန်အတွက် ကိတ်ပေးထားသော စက်လေးလုံးကို လေ့လာနေသည်။ ကလေးများကို ဈေးအစစ်အမှန်သို့ ခေါ်သွားရန် မဖြစ်နိုင်သော်ငြား လောယာအင်ပါယာ၏ အင်တာနက်ကွန်ယက်မှာ လက်တွေ့နှင့် များစွာ မခြားနားလှသည့်အတွက် အွန်လိုင်းဈေးသို့ ခေါ်သွားရန်သာ ဆုံးဖြတ်လိုက်သည်။ 


"ဒီစက်လေးလုံးက ကလေးတွေအတွက် ပြီးတော့ သူတို့ရဲ့ လုံခြုံရေးကို အာမခံနိုင်အောင် ကိတ်က NPC အနေနဲ့ ပြုပြင်ထားပေးပြီးသား အွန်လိုင်းပေါ်မှာလည်း ကလေးပုံစံ လုပ်ထားတဲ့ အသိဉာဏ်တုစက်ရုပ်တွေကို သဘောကျတဲ့လူတွေ အများကြီး ရှိတာဆိုတော့ သူတို့ကို ခေါ်သွားရင်တောင် အထူးတဆန်း ဖြစ်မှာ မဟုတ်ဘူး ..." 


Crohn က ရှင်းပြလိုက်သည်။ 

(NPC - non-player character, ကလေးတွေကို ရမ်ရှန့်တို့လို လူအစစ်ကနေ ကွန်ယက်ထဲ ဝင်လာတာ မဟုတ်ဘဲ ကွန်ယက်အတွက် ဖန်တီးထားတဲ့ ဇာတ်ကောင်ပုံစံမျိုး လုပ်ထားပေးတယ်လို့ ပြောတာပါ) 


ရမ်ရှန့်၏ မျက်ဝန်းတို့မှာ တဖိတ်ဖိတ်လက်သွားတော့သည်။ သူ့ကလေးများကို အပြင်ခေါ်သွားနိုင်ရန် အခွင့်အရေး မရှိခဲ့သော်ငြား ယခုမူ သူဆန္ဒရှိနေသည်ကို အကောင်အထည် ဖော်နိုင်တော့မည်ဖြစ်သည်။ သူ့မျက်ဝန်းတို့ကို စိုက်ကြည့်ရင်း ကျောက်လင်းယွီက ပြောလိုက်သည်။ 


"သွားရအောင် ..." 


ရမ်ရှန့်က ရုတ်ချည်းပင် Crohn ကို မေ့လျော့သွားကာ ခေါင်းငြိမ့်ပြလိုက်သည်။ 


"ဟုတ်တယ် အွန်လိုင်းပေါ် သွားကြရအောင် ..." 


အင်တာနက်ကို အသုံးပြုချိန်တိုင်း ရမ်ရှန့်သည် မက်ခါမောင်းနှင်ခြင်းကို လေ့ကျင့်သည်မှအပ အချိန်ကောင်းလေး မပိုင်ဆိုင်ခဲ့ရသည့်အတွက် ဤတစ်ကြိမ်ကို ကောင်းကောင်းဖြတ်သန်းရန် ဆုံးဖြတ်လိုက်သည်။ အွန်လိုင်းပေါ် ရောက်ပြီးနောက် သူ့ဘေးနားတွင် ရပ်နေသော ကလေးလေးယောက်ကို တွေ့လိုက်ရချိန်တွင် ထို‌အတွေးတို့မှာ ပို၍ပင် ပြင်းပြလာတော့သည်။ 


"သွားရအောင် ..." 


ကျောက်လင်းယွီက ကလေးနှစ်ယောက်ကို ပွေ့ချီကာ ပြောလိုက်သည်။ ထို့နောက် ရမ်ရှန့်လည်း ကျန်နှစ်ယောက်ကို ပွေ့ချီရင်း အံ့ဩတကြီး မေးလိုက်သည်။ 


"ဘယ်သူက ဘယ်သူတွေလဲ ..." 


သူ့ကလေးများမှာ ရုပ်ရည်သွင်ပြင်သာမက သဘောသဘာဝများပါ မတူညီကြသည့်အတွက် အလွယ်တကူ ခွဲခြားနိုင်ပေသည်။ သို့သော် ယခုကဲ့သို့ တစ်ပုံစံတည်း တူညီနေသည်မှာ ပိုပြီး ချစ်စရာကောင်းနေပေသည်။ ကလေးလေးယောက်က သူတို့၏ နာမည်များ ပြောပြနေသည်ကို နားထောင်ရင်း ရမ်ရှန့်က " ၁ ၊ ၂ ၊ ၃ ၊ ၄ " ဟူ၍ နာမည်ပေးလိုက်သည်။ 


ဒီနာမည်တွေကလည်း သာမန်ကာလျှံကာ ဖြစ်လိုက်တာ ... 


ဤတစ်ကြိမ်တွင် အများသုံးအင်တာနက်ကို မသုံးထားသည့် ကျောက်လင်းယွီ၏ နှုတ်ခမ်းထောင့်စွန်းတို့မှာ ကော့တက်လာတော့သည်။ မိသားစုခြောက်ယောက် အတူတူ လျှောက်လာရင်း ရမ်ရှန့်မှာ အံ့ဩသွားရတော့သည်။ 


"ဒီလမ်းကို ဟိုးအရင်ကလည်း ခဏခဏ ရောက်ဖူးပေမယ့် အဲ့ဒီ့အချိန်တုန်းက တော်တော်ကို စည်ကားတာပါ အခုကျ ဘာလို့ သဲကန္တာရကြီးလို ဖြစ်သွားရတာလဲ ..." 


"ဒီအချိန်ဆို လူတိုင်းက ဟိုဖက်ခြမ်းက ဈေးဆိုင်မှာ အာဟာရဆေးရည် ပေါ်လာမယ့်အချိန်ကို စောင့်နေကြပြီလေ ရောင်းတဲ့ဆိုင်က နေ့တိုင်းလိုလို ပြောင်းနေတဲ့အပြင် အခုဆို ဆေးပုလင်းအုပ်စု ဆယ်စုတောင် ရောင်းလာပြီလေ အားလုံးက ကံအပေါ် မူတည်တာပါပဲ လူတိုင်းမှာ ဝယ်နိုင်မယ့်အခွင့်အရေး ရှိနေတာဆိုတော့ အားလုံး တန်းစီပြီး စောင့်နေကြ‌တာပေါ့ ..." 


ထိုအချိန်တွင် ရုတ်တရက် ဖက်တီးက သူ့ရှေ့သို့ ရုတ်တရက် ရောက်လာပြီး ပြောလိုက်သည်။ 


"ဂရင်တန် မင်းက ချန်ပီယံဖြစ်သွားပြီဆိုတော့ ဆုလာယူဖို့ မမေ့နဲ့ဦးနော် အဲဒါက သီးသန့်ပြုလုပ်ပေးထားတဲ့ မက်ခါကွ ..."


Xxxxx