အပိုင်း ၁၄၃
Viewers 18k

Chapter 143


ပြိုင်ပွဲပြီးပြီးချင်း တော်ဝင်မိသားစုက ဧကရီ၏ ကိုယ်ဝန်အကြောင်း ကြေငြာခဲ့သည့်အပြင် အာဟာရဆေးရည်လည်း ပေါ်ထွက်လာခဲ့သဖြင့် ပြိုင်ပွဲအပေါ် လူစိတ်ဝင်စားမှု နည်းပါးလာကာ ရမ်ရှန့်ပင်လျှင် ဆုယူရဦးမည်ဖြစ်ကြောင်း မေ့နေခဲ့တော့၏။ 


သူ၏ တုန့်ပြန်မှုကို မြင်လိုက်ရသည့်အခါ ဖက်တီးက တောင်းပန်စကား ဆိုလိုက်သည်။ 


"တကယ်ဆို အဲဒါက ငါတို့အမှားလည်း မကင်းပါဘူး မင်းကို အစောကြီးကတည်းက ဆက်သွယ်ခဲ့သင့်တာလေ ... ဒါတွေအားလုံး ပြီးသွားတဲ့အထိ စောင့်ဖို့လုပ်ခဲ့ပေမယ့် မင်းကို အခုတွေ့လိုက်ရပြီဆိုတော့ စာပို့နေစရာ မလိုတော့ဘူးပေါ့ ..." 


"ဆုကို သွားယူလိုက်တော့မယ်လေ ဘယ်မှာ သွားယူရမှာလဲ ..." 


ရမ်ရှန့်က မေးလိုက်သည်။ 


"မင်းကို နေရာပို့ပေးလိုက်မယ်... ဒါနဲ့ မက်ခါတွေကို ဝယ်သူစိတ်ကြိုက် ဖန်တီးပေးတဲ့နေရာမှာ ကျွမ်းကျင်တဲ့ ဆရာဖန်းကလည်း ဆေးရည်ကို နေ့တိုင်း ဝယ်နိုင်ဖို့ ကြိုးစားနေတယ်...သူက ဆေးရည်ဆယ်ပုလင်းကို သီးသန့်မက်ခါတစ်စီးပေးမယ်လို့တောင် ပြောထားသေးတယ်တဲ့ အဲဒါကြောင့် မင်းလိုချင်တဲ့မက်ခါကတော့ ခဏစောင့်ရဉီးမယ်ထင်တယ် သူ့တပည့်တွေက မင်းအတွက် လုပ်ပေးတာလည်း ဖြစ်နိုင်သေးတယ် အဲဒါဆို‌ရင်တော့ မစ္စတာဖန်းက နောက်ဆုံးစစ်ဆေးချက်အတွက်ပဲ တာဝန်ရှိတော့မှာ ..." 


ဖက်တီးက ပြောလိုက်သည်။ 


မစ္စတာဖန်း၏ ဂုဏ်ဒြပ်မှာ မြင့်မားလှရာ သူတို့အနေဖြင့် ရမ်ရှန့်အတွက် မက်ခါကို ချက်ခြင်းပြုလုပ်ပေးရန် မတောင်းဆိုနိုင်ချေ။ 


သို့သော် မစ္စတာဖန်း၏ တပည့်များကသည်ပင် အလွန်ထူးချွန်ရာ ရမ်ရှန့်၏ မက်ခါမှာ သူတို့ဖန်တီးပေးလျှင်ပင် လုံလောက်နေပြီဖြစ်သည်။ 


"ကျေးဇူးတင်ပါတယ် ..." 


ရမ်ရှန့်က ပြောလိုက်သည်။ တစ်ချိန်တည်းတွင်ပင် အံ့ဩစိတ်တို့ ဖြစ်ပေါ်လာတော့၏။ အာဟာရဆေးရည်များမှာ ဖော်စပ်ရန် အလွန်လွယ်ကူပြီး ဆေးလုံးတစ်ဖုံစာဖြင့် ဆေးရည်ပုလင်း ၁၈၀ နီးပါးခန့် ထုတ်လုပ်နိုင်သော်ငြား မက်ခါတစ်စီးမှာ ... 


မက်ခါတစ်စီး ဖန်တီးရာတွင် သတ္ထုများကို အမျိုးစုံ ဖန်တီးနိုင်သည့် စွမ်းရည်ပိုင်ရှင်များ လိုအပ်သည့်အပြင် မက်ခါတွင် တပ်ဆင်သည့် သတ္ထုစများမှာလည်း အလွန်ဈေးကြီးလှပေရာ ထိုကဲ့သို့ ကုန်ကျစရိတ် ကြီးမားသည့် မက်ခါမျိုးကို ဆေးရည်ဆယ်ပုလင်းနှင့် လဲလှယ်ခြင်းသည် ... 


"ရပါတယ် အော် ဒါနဲ့ ငါလည်း စကားများနေတာ ရပ်ပြီး ဆေးရည်ပုလင်းအတွက် သွားတန်းစီလိုက်ဦးမယ် ပြိုင်ဘက်တွေ အများကြီး ရှိတယ်ဆိုပေမယ့် ငါသာ ရောင်းမယ့်ဆိုင်ကို ရွေးနိုင်ရင် ရချင်ရလာနိုင်မှာ ..." 


ဖက်တီးက ခပ်ပြုံးပြုံးပြောရင်း‌ ရောင်းဝယ်ရေးဧရိယာသို့ ထွက်သွားလိုက်သည်။ 


သူထွက်သွားသည်နှင့်တစ်ပြိုင်နက် ရမ်ရှန့်နှင့် ကျောက်လင်းယွီလည်း ကလေးများကို ချီရင်း ဆုလက်ခံဌာနသို့ ထွက်သွားလိုက်တော့သည်။ အင်ပါယာကြယ်သည် လှပသော ဂြိုဟ်တစ်လုံးဖြစ်ပြီး လူဦးရေ နည်းပါးသည့်အပြင် ပတ်ဝန်းကျင်ကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ထားသည့်အတွက် နေရာတိုင်းမှာ စိမ်းလန်းစိုပြည်နေပေသည်။ ဂြိုဟ်ပေါ်တွင် ကျက်စားသော တိရစ္ဆာန်များလည်း ရှိသော်ငြား ၎င်းတို့မှာ လောယာသားတို့ကို ကြောက်ရွံ့နေရပေသည်။ 


အင်ပါယာကြယ်မှာ မည်မျှပင် လှပစေကာမူ သရုပ်ပြကွန်ယက်၏ လှပမှုကိုတော့ မီနိုင်မည် မဟုတ်ချေ။ ကွန်ယက်တစ်ခုလုံးတွင် လှပသော ရှားပါးသစ်ပင်များဖြင့် ပြည့်နှက်နေသော်ငြား စိတ်စွမ်းအင် တစ်စိုးတစ်စိမျှပင် မရှိသည့်အတွက် အားလုံးမှာ အတုအယောင်သာ ဖြစ်ပေသည်။ 


‌ရမ်ရှန့်နှင့် ကျောက်လင်းယွီတို့မှာ အလျင်မလိုသည့်အတွက် ကလေးများကို စနောက်ရင်းသာ တစ်‌ဖြေးဖြေး လျှောက်လာလိုက်ကြတော့သည်။ 


သရုပ်ပြကွန်ယက်ရှိ အသိဉာဏ်တုတို့၏ ခန္ဓာကိုယ်မှာ တကယ့်ခန္ဓာကိုယ်အစစ်နှင့် အလွန်ဆင်တူလှသည့်အတွက် အချိန်တိုင်း အလွယ်တကူ ဂရုစိုက်ပေးနိုင်ပေသည်။ ၎င်းတို့မှာ အလွန်နာမည်ကြီးကာ လူတိုင်းတွင် အနည်းဆုံး တစ်ရုပ်စီ ရှိနေသည့်အတွက် ကလေးများကို ချီလာသော ရမ်ရှန့်တို့မှာ အဆန်းမဟုတ်လှချေ။ 


ကလေးလေးယောက်လုံးမှာ အလွန်ပျော်မြူးနေကြကာ တတိယသားသည်ပင် မအိပ်ငိုက်ဘဲ နေရာတိုင်းကို တစူးတစမ်း လိုက်ကြည့်နေပေသည်။ 


"ဖေဖေ့ ကြည့်ပါဦး ..." 


အကြီးဆုံးသားက အနီးနားရှိ ဆိုင်းဘုတ်ကို လက်ညှိုးထိုးပြလိုက်သည်။ ၎င်းပေါ်တွင် ကလေးလေးယောက်နှင့်အတူ  ရမ်ရှန့်နှင့် အလွန်ဆင်တူလှသည့် ဆံပင်အနက်ရောင်နှင့် ကလေးတစ်ယောက်ကို ရှာဖွေသည့် အကြောင်းကြားစာ ကပ်ထားပြီး တွေ့ရှိပါလျှင် ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မည် ဖြစ်ကြောင်းပါ တစ်ပါတည်း ဖော်ပြထားသည်။ 


ထိုလူပျောက်ကြေငြာစာမှာ အကြီးဆုံးသားကို ရှာဖွေရန် အထက်တန်းလွှာတို့ ကပ်ထားကြခြင်းဖြစ်သည်။ လောယာအင်ပါယာရှိ အထက်တန်းလွှာတို့သည် အမွေပစ္စည်းပေါင်း‌ မြောက်များစွာကို ဆက်ခံပိုင်ဆိုင်ထားရသည့်အတွက်  တစ်ရက်ငှားနှုန်းကပင်လျှင် ကောင်းကင်တစ်မျှ မြင့်မားလှသည့် ကြေငြာသင်ပုန်းကို စိတ်ကြိုက်ငှားရမ်းနိုင်ခြင်းဖြစ်သည်။ 


Crohn ပြောပြီးကတည်းက နန်းတော်‌အကြောင်း မစဉ်းစားတော့သော ရမ်ရှန့်မှာမူ ထိုစာကို တွေ့လိုက်ရချိန်တွင် အံ့ဩသွားတော့သည်။ 


"မူခါ့သီက သားကြီးရဲ့ သရုပ်မှန်နဲ့ ပတ်သက်ပြီး သံသယဝင်သွားနိုင်လား ..."


၎င်းစာတွင် ပျောက်ဆုံးသွားသည့်အချိန်ကဲ့သို့သော အချက်အလက်များစွာ ပါဝင်နေရာ မူခါ့သီတို့အဖို့ ထိုကြေငြာထားသော ကလေးနှင့် သားကြီးတို့မှာ ဆက်စပ်နေကြောင်း သတိထားမိရန် လွယ်ကူလှပေသည်။ 


"စိတ်မပူပါနဲ့ သားကြီးပြန်ရောက်လာကတည်းက ကိုယ် ဒီကိစ္စတွေကို ကိုင်တွယ်ပြီးပါပြီ ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ Crohnက သားကြီး၏ အထောက်အထားများကို ပြင်ဆင်ပေးပြီးကတည်းက ထိုကိစ္စကို သိထားသူများနှင့် တွေ့ဆုံပြီးဖြစ်သည်။ မူခါ့သီသည် သားကြီးကို ပြန်ပေးဆွဲသွားသူအား မြင်ဖူးထားသည့်အတွက် သူ့ကို ပုံကြမ်းဆွဲပြပေးရန် တောင်းဆိုခဲ့သော်ငြား သူဆွဲပြလာသည့် ပုံမှာ ... 


သားကြီးသည် ပြန်ပေးသမား၏ စွမ်းရည်များကို စုပ်ယူခဲ့သည့်အတွက် ထိုလူ၏ မျက်နှာမှာ ပျက်စီးနေကာ သူ့မိခင်ရင်းပင်လျှင် မှတ်မိနိုင်မည် မဟုတ်တော့ချေ။ ထိုသို့ဖြစ်သည့်တိုင် သူက ထိုလူ၏ ခန္ဓာကိုယ်ကို ဖျက်ဆီးရန် စေခိုင်းလိုက်သေးသည်။  သားကြီး၏ မူမမှန်မှုကို မည်သူ့ကိုမှ အသိခံမည် မဟုတ်ချေ။ 


"တော်လိုက်တာ ခင်ဗျားက အကုန်လုံး အကွက်စေ့အောင် လုပ်ထားတာပဲ ..." 


ရမ်ရှန့်က သူ့ကို ပြုံးကာ ကြည့်နေလိုက်သည်။ 


"ကိုယ်က မင်းကို ကာကွယ်ပေးချင်လို့ပါ ..." 


သူက ထိုသို့ပြောကာ သားကြီးကို လှည့်ကြည့်လိုက်သည်။ 


"သားကြီး အခု ဒယ်ဒီတို့က မလုံခြုံသေးတော့ မစ္စတာနဲ့ မစ္စစ်မူခါ့သီကို တွေ့ဖို့ ခေါ်သွားပေးနိုင်ဦးမှာ မဟုတ်ဘူး နားလည်လား တကယ်လို့ ဒူနီယာရဲ့ ကျန်းမာရေးကို စိတ်ပူနေတာဆိုရင် သူမကို အာဟာရဆေးရည်တစ်ချို့ ပေးနိုင်အောင် ကြိုးစားပေးမယ်နော် ..." 


"ကျေးဇူးတင်ပါတယ် ဒယ်ဒီ ..."

143.2


သားကြီးက သူ့ကို ဖက်နမ်းလိုက်သည်။ အိစက်နေသော နှုတ်ခမ်းလေးများဖြင့် အနမ်းခံလိုက်ရသည့်အတွက် ကျောက်လင်းယွီ၏ နှလုံးသားတစ်ခုလုံး အရည်ပျော်ကျသွားတော့၏။ ထိုသည်ကို မြင်လိုက်သော ကျန်ကလေးသုံးယောက်ကလည်း အနားသို့ ရောက်လာကာ သူတို့ကိုပါ နမ်းပေးရန် ပူဆာလိုက်ကြတော့သည်။ 


"ရှင်က ကလေးရုပ် လေးရုပ်တောင် ယူလာတယ်ပေါ့ ကျွန်မဖြင့် တစ်ရုပ်တည်းနဲ့တောင် ပင်ပန်းနေပြီ  ..." 


အစောပိုင်းက ရမ်ရှန့်ကို ဖက်တီးနှင့်အတူ တွေ့လိုက်သော ဆံပင်အနီရောင်နှင့်အလှလေးက သူတို့ကို အားကျဟန်အပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ 


"သူတို့ကို သေချာသာ ပွေ့ထားရင် ကလန်ကဆန် မလုပ်ကြပါဘူး ..." 


ရမ်ရှန့်က ခပ်ပြုံးပြုံးပြောလိုက်သည်။ 


"ဟုတ်တော့ဟုတ်ပါတယ် ဒါပေမယ့် ကျွန်မက သူတို့ကို တစ်ချိန်လုံး ချီမထားနိုင်ဘူး ဖြစ်နေတာ  ဒါနဲ့ ဂရင်တန် အထဲဝင်လာခဲ့လိုက်လေ ရှင့်ကို အပိုဆု အရင်ပေးလိုက်မယ် ပြီးမှ ဆရာဖန်းကို စောင့်နေပေါ့ ..." 


သူမက ပြောလိုက်သည်။ 


ရမ်ရှန့်က ခေါင်းငြိမ့်ကာ သူ့အကောင့်နံပါတ်ကို ရေးပေးလိုက်ပြီး မကြာခင်တွင်ပင် ဘဏ်အကောင့်ထဲသို့ ငွေပမာဏအချို့ ရောက်လာတော့သည်။ ထိုချိန်ထိတိုင် ဆရာဖန်း ရောက်မလာသေးသည့်အတွက် ရမ်ရှန့်လည်း သတင်းများကိုသာ ဖတ်နေလိုက်သည်။ ဤနေ့တွင် အာဟာရဆေးရည်ပုလင်း တစ်ရာကျော်ကို အမည်မဖော်လိုသူတစ်ယောက်က ဝယ်ယူသွားကြောင်းနှင့် ဝယ်သူ၏ သရုပ်မှန်အစစ်ကို မည်သူမှ မသိကြကြောင်း တွေ့လိုက်ရသည်။ 


လောယာအင်ပါယာ၏ သတင်းများမှာ အလွန်အဆင့်မြင့်ကာ အောက်ခြေရှိ ခလုတ်ကို နှိပ်လိုက်ပါလျှင် ကုန်သွယ်ရေးဧရိယာအား တိုက်ရိုက်ထုတ်လွှင့်နေခြင်းကိုပါ တွေ့ရမည်ဖြစ်သည်။ ရမ်ရှန့်လည်း ထိုထုတ်လွှင့်မှုကို ဖွင့်ကြည့်လိုက်လျှင် သရုပ်ပြကွန်ယက်၏ ကုန်သွယ်ရေးဧရိယာတွင် လူများ ပျားပန်းခတ် လှုပ်ရှားနေသည်ကို တွေ့လိုက်ရတော့၏။ အများစုမှာ အားမလိုအားမရ ဖြစ်နေကြကာ လူတစ်ဦးတည်းကသာ ဟက်ဟက်ပက်ပက် ရယ်မောနေပေသည်။ 


သူ့အမူအယာမှာ ထူးဆန်းလွန်း၍ ကင်မရာက သူ့ကို ချိန်ရွယ်လိုက်မှသာ လက်ထဲတွင် နံပါတ်တစ်ခု ကိုင်ထားကြောင်း တွေ့လိုက်ရတော့သည်။ ထိုနံပါတ်မှာ ဆေးရည်ဝယ်ယူခွင့်ရသူများသာ ရနိုင်ဟန် တူပေသည်။ ဆေးရည်ကို ဝယ်ယူလိုသူ အများအပြားရှိသော်ငြား တစ်နေ့လျှင်ဆယ်ယောက်၊ တစ်ယောက်လျှင် ဆယ်ပုလင်းသာ ဝယ်ယူနိုင်ပေသည်။ 


သာမန်မျှ တွေးကြည့်လျှင်ပင် ဆေးရည်မှာ အလွန်တန်ဖိုးကြီးကြောင်း သိနိုင်သည့်အတွက် လူတိုင်းသည် ခပ်လျှိုလျှိုသာ ဝယ်ယူကြသော်ငြား ဤလူကမူ ... 


"သူက ရောင်းစားဖို့ ကြံနေတာ ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


သူ့မှန်းဆချက်မှာ မှန်ကန်ပေသည်။ နံပါတ်ကို ပြသပြီးနောက် ထိုသူက ပြောလိုက်သည်။ 


"ဒီလူအိုကြီးက တစ်သက်လုံး အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိတဲ့အပြင် မိသားစုလည်း များများစားစား မကျန်ခဲ့တော့ ဒီဆေးရည်ကို ရလာလိမ့်မယ်လို့တောင် မျှော်လင့်မထားဘူး အဲဒါကြောင့် ဈေးအများဆုံး ပေးမယ့်သူကို ပြန်ရောင်းပေးပါ့မယ် ..." 


သူ့စကားကို ကြားသည်နှင့်တစ်ပြိုင်နက် အပြိုင်အဆိုင် ဈေးခေါ်လိုက်ကြတော့သည်။ မည်သူကမှ ဈေးထပ်မတင်နိုင်တော့ကြောင်း တွေ့လိုက်ရသည့်အခါ ဈေးအမြင့်ဆုံး ပေးထားသူထံ သွားလိုက်သည်။ 


"ငွေချေတာနဲ့ ပစ္စည်းကို လွှဲပေးမယ် ..." 


"ဆောရီး ငါ့လက်ထဲမှာ အဲဒီ့လောက်ငွေအများကြီး မရှိသေးဘူး ..."


ထိုသူက ဒုတိယအများဆုံး ပေးထားသူထံ ချက်ခြင်း လှည့်ထွက်သွားတော့သည်။ ဒုတိယအများဆုံး‌ပေးသူ၏ ဈေးမှာလည်း မနိမ့်လှ။ သူတတ်နိုင်သည့်ပမာဏထက် ကျော်လွန်သွား၍သာ မဟုတ်လျှင် ထပ်ပြီး ဈေးပြိုင်ပေးနေဦးမည်ဖြစ်သည်။ သူမရနိုင်လောက်ဟုသာ ထင်ထားခဲ့သည့် ဆေးရည်မှာ ယခု သူ့ရှေ့သို့ ရောက်လာသည့်အတွက် ထိုသူလည်း အံ့အားသင့်သွားကာ သူပြောထားသော ပမာဏကို ချက်ခြင်း ထုတ်ပေးလိုက်သည်။ 


"ခဏလေး နေပါဦး ..." 


သက်ကြီးပိုင်းအမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာပြီးနောက် ပိန်လှီညှိုးလျော်နေသော အဘိုးအိုတစ်ဦး အပြေးလာနေသည်ကို တွေ့လိုက်ရတော့သည်။ 


"မင်း သီးသန့်ဖန်တီးထားတဲ့မက်ခါကို လိုချင်လား ငါ့ကို ဆေးရည်ဆယ်ပုလင်းပေးရင် မက်ခါတစ်စီး စိတ်ကြိုက်ဖန်တီးပေးမယ်လေ ..." 


ထိုသူ၏ မျက်နှာမှာ မျှော်လင့်ချက်တို့ဖြင့် ပြည့်လျှံနေကာ ဆေးရည်ကို အလွန်လိုချင်နေကြောင်း ထင်ရှားလှပေသည်။ သို့သော် တစ်ဖက်သူမှာတော့ မက်ခါကို မလိုချင်ပေ။ 


"ဆောရီး ကျွန်တော်က မက်ခါမလိုချင်ဘူး ထိန်းသိမ်းစရိတ်ကြီးတဲ့ မက်ခါနဲ့စာရင် တစ်သက်လုံး အေးအေးချမ်းချမ်း နေလို့ရမယ့် ငွေပမာဏကိုပဲ လိုချင်တယ် ..." 


အာဟာရဆေးရည်ဝယ်ခွင့် ရခဲ့သည့် ကံထူးရှင်က ပြောလိုက်သည်။ 


"ကျွန်တော့်ဇနီးက ကိုယ်ဝန်ရှိနေတာ ..." 


အာဟာရဆေးရည်ကို ဝယ်ယူရန် ပိုင်ဆိုင်မှုအားလုံးကို အသုံးပြုခဲ့သူက ပြောလိုက်သည်။ သူကလည်း ထိုဆေးရည်များကို လုံးဝ ရောင်းချပေးမည် မဟုတ်သဖြင့် အဘိုးအိုမှာ စိတ်ပျက်လက်ပျက်ဖြင့်သာ သက်ပြင်းချလိုက်တော့သည်။ 


ထိုအရာအားလုံးကို ကင်မရာက မှတ်တမ်းတင်ထားကာ  ဘဝ၏ ရှုထောင့်အမျိုးမျိုးကိုသာ တွေးနေခဲ့သော ရမ်ရှန့်ပင်လျှင် ပိုပြီး နက်နက်နဲနဲ တွေးလာပြီး ကျောက်လင်းယွီကို အံ့ဩတကြီး မေးလိုက်သည်။ 


"လင်းယွီ ခင်ဗျားတွေ့လိုက်လား ဒီလူအိုကြီးကလည်း မစ္စတာဖန်းလိုပဲ ဆေးရည်ဆယ်ပုလင်းကို မက်ခါတစ်စီး ပေးမယ်တဲ့ ..." 


"သူက ဆရာဖန်းပဲလေ ..." 


ကျောက်လင်းယွီက ပြုံးကာ ပြောလိုက်သည်။ 


အဲဒီလိုကိုး ... 


ရမ်ရှန့်က စခရင်ကို အံ့ဩတကြီး ကြည့်နေလိုက်သည်။ ကျောက်လင်းယွီ၏ မှန်းဆချက်မှာ ကွက်တိပင်ဖြစ်သည်။ ထိုလူအိုကြီးမှာ မစ္စတာဖန်းပင် ဖြစ်ကာ တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းမှ ပျောက်သွားပြီး မကြာလိုက် သူတို့၏ရှေ့သို့ ရောက်လာတော့သည်။ 


"မင်းက ချန်ပီယံ မဟုတ်လား ဘယ်လိုမက်ခါပုံစံမျိုးကို ဖန်တီးချင်လဲ ..." 


မစ္စတာဖန်းမှာ သူတို့အရှေ့သို့ ဝင်ထိုင်လိုက်သည့်တိုင် အနည်းငယ် ပင်ပန်းနေဆဲဖြစ်သည်။ 


"အားကောင်းတဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့ လက်နက်ပိုများတာမျိုး လုံလုံလောက်လောက် အားကောင်းတာမျိုးကို လိုချင်တယ် ..." 


ရမ်ရှန့်က ပြောလိုက်သည်။ သူ့အနေဖြင့် စိတ်စွမ်းအင် မလုံလောက်မည်၊ လက်အရှိန် မမြန်မည်ကို စိုးရိမ်နေရန် မလိုအပ်သည့်အတွက် အရောင်ကအစ အသေးစိတ် ပြောပြလိုက်သော်ငြား မစ္စတာဖန်းကမူ သဘောမတူချေ။ 


"မင်းပြောတဲ့ပုံစံအတိုင်း ထုတ်လုပ်ဖို့ကတော့ ပြဿနာမရှိဘူး ဒါပေမယ့် အဲဒီ့လိုမက်ခါမျိုးဆို တော်တော်ကို လက်အရှိန်မြန်မှ မောင်းလို့ရမှာနော် မင်းလိုချင်သေးတာ သေချာလား ..." 


"လိုချင်ပါတယ် ..." 


"ကောင်းပြီ ဒါဆို မနက်ဖြန် ငါ့အလုပ်ရုံကို လာခဲ့ ငါ့တပည့်တွေနဲ့အတူ လိုအပ်တဲ့ အချက်အလက်တွေကို တိုင်းတာတွက်ချက်ပေးမယ် ..." 


မစ္စတာဖန်းက ပြောလိုက်သည်။ 


"ကျေးဇူးတင်ပါတယ် မနက်ဖြန်ကျရင် တကယ်ကို အံ့ဩရလောက်တဲ့ လက်ဆောင်တစ်ခု ပြင်ဆင်လာခဲ့ပါ့မယ် ..." 


ကျောက်လင်းယွီက ပြုံးကာ ပြောလိုက်သည်။ 


Xxxxxxxx