အပိုင်း ၁၄၄
Viewers 18k

Chapter 144


မစ္စတာဖန့်၏ လေသံမှာ မကောင်းလှ။ သူ့ရှေ့တွင် ရှိနေသူ၏ တောင်းဆိုချက်များမှာ အလွန် အတွေ့အကြုံ နုနယ်သေးမှန်း ထင်ရှားလှသည့်အပြင် သူ့တောင်းဆိုချက်များအတိုင်း လုပ်ပေးပါလျှင်ပင် အဆင့် ၈ သို့မဟုတ် ၉ စွမ်းရည်ပိုင်ရှင်မှတစ်ပါး မောင်းနှင်နိုင်လိမ့်မည် မဟုတ်ချေ။ 


သို့သော် ထိုမောင်းနှင်မည့်ကိစ္စမှာ သူနှင့်တော့ မသက်ဆိုင်လှပေ။ ထိုသူက ဤအတိုင်း ‌တောင်းဆိုလာသည့်အတွက် တပည့်များလက်ထဲသိူ့ လွှဲထားလိုက်မည်ဖြစ်သည်။ လိုအပ်သော ကုန်ကြမ်းများကိုလည်း ပြိုင်ပွဲကျင်းပသူများက ထောက်ပံ့ထားပြီးဖြစ်သည်။ အားလုံးပြီးစီးပြီးနောက် မစ္စတာဖန်းသည် ပြန်ထွက်သွားမည် ပြင်လိုက်သည်။ သူသည် နေ့စဉ်နေ့တိုင်း အာဟာရဆေးရည်ကို ဝယ်ယူနိုင်ရန် ကြိုးပမ်းခဲ့သော်ငြား ယခုအချိန်အထိ မရသေးသည့်အတွက် စိတ်ဓာတ်တို့်မှာ အဝီစိအထိ ထိုးကျနေပေတော့သည်။ 


"မစ္စတာဖန်း မက်ခါကို ဘယ်သူက ဖန်တီးပေးမှာပါလဲ ..." 


ရမ်ရှန့်၏ လိုအပ်ချက်များအကြောင်း ပြောနေစဉ်တွင် မစ္စတာဖန့်က သူ့တပည့်များကို ထည့်ပြောလာသည့်အတွက် ကျောက်လင်းယွီက ထုတ်မေးလိုက်ခြင်းဖြစ်သည်။ 


"ဒီရက်ပိုင်းထဲ ငါမှာ အချိန်မရှိဘူး ဒါပေမယ့် ငါ့တပည့်တွေကလည်း ကောင်းကောင်းလုပ်နိုင်ပါတယ် ..." 


သူက ပြောလိုက်သည်။ သူသည် လောယာအင်ပါယာ၏ နာမည်ကြီး မက်ခါဖန်တီးသူဖြစ်ရာ သူ့တပည့်များမှာလည်း မညံ့လှချေ။ အရွယ်မရောက်သေးသည့် ကလေးတစ်ယောက်အတွက် မက်ခါဖန်တီးပေးရခြင်းသည် သူ့တပည့်များအဖို့ လုံးဝ မခက်ခဲလှပေ။ 


"မစ္စတာဖန်း ကျွန်တော်တို့ရဲ့ လက်ထဲမှာ အာဟာရဆေးရည် ဆယ်ပုလင်း ရှိပါတယ် ..." 


ကျောက်လင်းယွီက ရုတ်တရက် ပြောလိုက်သည်။ 


မူလက စိတ်မပါလက်မပါဖြစ်နေသော မစ္စတာဖန်းသည် ထိုစကားကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ရုတ်ချည်း စိတ်ဓာတ်နိုးကြားသွားတော့သည်။ ကျောက်လင်းယွီ၏ အရှေ့သို့ ချက်ခြင်းဝင်ထိုင်လိုက်သည့် သူ၏ အပြုအမူမှာ လူအိုတစ်ယောက်နှင့် လားလားမှ တူမနေချေ။ 


"မင်းမှာ အာဟာရဆေးရည်တွေ ရှိတယ်လား ဆယ်ပုလင်းဆိုရင် မင်းစိတ်ကြိုက် မက်ခါတစ်စီး ဖန်တီးပေးမယ် ..." 


သူသည် မက်ခါပညာတွင် ဆရာတစ်ဆူ ဖြစ်သော်ငြား ငယ်ရွယ်စဉ်အချိန်က သုတေသနတွင်သာ မြှုပ်နှံထားကာ ပိုင်ဆိုင်သမျှကို ကုန်ကြမ်းဝယ်ယူခြင်းတွင် အသုံးပြုခဲ့မိသည်။ ပြီးခဲ့သည့်နှစ်အနည်းငယ်က သမီးဖြစ်သူ ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်ကို ပြန်စဉ်းစား‌လေတိုင်း စိတ်နှလုံး ကြေကွဲခဲ့ရသော်ငြား လက်ထဲတွင် ခြူးတစ်ပြားမှ မရှိသည့်အတွက် တန်ဖိုးနိမ့်နိမ့်ဖြင့် ရောင်းချသော ဆေးရည်ပုလင်းကိုပင် မက်ခါတစ်စီး ဖန်တီးပေးခြင်းဖြင့်သာ လဲလှယ်နိုင်ပေသည်။ 


သို့သော်လည်း တိုက်ခိုက်ရခြင်းကို နှစ်သက်သူများမှအပ သာမန်သူများအဖို့ မက်ခါကို မလိုအပ်လှချေ။ အမှန်တကယ် အင်အားကြီးမားလှသည့် တိုက်ခိုက်သူများမှာလည်း ကိုယ်ပိုင်မက်ခါများ ရှိထားကြပြီဖြစ်ရာ သူ့အနေဖြင့် အာဟာရဆေးရည်ကို ရနိုင်မည့်လမ်းစ မတွေ့ရသေးချေ။ 


"ဂရင်တန်အတွက် မက်ခါကောင်းကောင်းတစ်စီး ဖန်တီးပေးရင် ရပါပြီ ..." 


ကျောက်လင်းယွီက‌ ပြောလိုက်သည်။ 


"မနက်ဖြန် ငါ့အလုပ်ရုံကို လာခဲ့ မဟုတ်သေးဘူး အခုချက်ခြင်း ကွန်ယက်ကနေထွက်ပြီး ငါ့အလုပ်ရုံဆီ လာခဲ့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ငါကိုယ်တိုင် တွက်ချက်ပေးမယ် ..." 


မစ္စတာဖန်းက ပြောလိုက်သည်။ 


"ကျေးဇူးတင်ပါတယ် ..." 


ထို့နောက် ကျောက်လင်းယွီလည်း ရမ်ရှန့်နှင့်အတူ ကွန်ယက်မှ ထွက်လာခဲ့လိုက်တော့သည်။ 


"သူ့ကို တိုင်းတာခိုင်းရင် ကျွန်တော့်အ‌ခြေအနေကို ‌သိသွားနိုင်လောက်လား ..." 


ရမ်ရှန့်က သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။ 


"မပူပါနဲ့ အားလုံး အဆင်ပြေ‌သွားမှာပါ ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


"မစ္စတာဖန်းက လောယာအင်ပါယာမှာ နာမည်ကြီးပဲလေ သူက မက်ခါပညာရှင်ဖြစ်လို့တင် နာမည်ကြီးတာ မဟုတ်ဘူး မင်းသားချပ်မင်နဲ့ ရန်သူဖြစ်နေလို့လည်း ပါသေးတယ် သူတို့နှစ်ယောက်က သဘောထားကွဲလွဲခဲ့ကြတာ နှစ်တော်တော်ကြာနေပြီလေ ဒီနှစ်တွေထဲမှာ မင်းသားချပ်မင်ကို အားကုန်သုံးပြီး ဒုက္ခပေးနေလို့သာ မဟုတ်ရင် သူလည်း တစ်ဖြေးဖြေး မွဲတေလာမှာ မဟုတ်ဘူး ..." 


"အာ ..." 


ရမ်ရှန့်က သူ့ကို တအံ့တဩ ကြည့်နေလိုက်သည်။ သူသည်လည်း မစ္စတာဖန်း၏ အချက်အလက်များကို စစ်ဆေးကြည့်ခဲ့ဖူးသော်ငြား ထိုအချက်များကို မတွေ့ခဲ့ပေ။ 


"အဲဒီ့အချိန်တုန်းက သတင်းတွေကို ဖိနှိပ်ထားလို့ အင်တာနက်ပေါ်အထိ ရောက်မလာခဲ့ဘူးလေ ..." 


သူသည် Crohn နှင့်အတူ ချပ်မင်အကြောင်း စုံစမ်းခဲ့၍သာ ထိုလျှို့ဝှက်ချက်များကို အနည်းငယ် သိလာခဲ့ခြင်းဖြစ်သည်။ 


"မင်းသားချပ်မင်က မစ္စတာဖန်းရဲ့သမီး နီယာနဲ့ ချစ်ကျွမ်းဝင်ဖူးတယ်လေ နောက်ပိုင်းကျ ဇနီးအဖြစ် လက်ထပ်ပေါင်းသင်းတဲ့အထိကို  တော်တော်လေး နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့ကြတာ အင်ပါယာတစ်ခုလုံးကတောင် ပြောစမှတ်ပြုရတဲ့ အချစ်ပုံပြင်လေးပေါ့ ဒါပေမယ့် နောက်ပိုင်းကျ အဲဒီ့အမျိုးသမီးမှာ ကိုယ်ဝန်ရှိလာရော ..." 


အဲဒါက သတင်းကောင်းပဲ မဟုတ်ဘူးလား ... 


ရမ်ရှန့်မှာ ပို၍ပင် နားမလည်နိုင်တော့ချေ။


"အဲဒီ့အချိန်တုန်းက နီယာလွယ်ထားတဲ့ သန္ဓေသားက မတည်မြဲလို့ ဖျက်ချပစ်မှ ဖြစ်မယ်တဲ့ ဒါပေမယ့် ချပ်မင်က ဖျက်မချချင်တော့ ကလေးကို ဆက်လွယ်ထားနိုင်ဖို့အတွက်နဲ့ မိခင်ကို ထိခိုက်စေနိုင်တဲ့ နည်းလမ်းတွေကို သုံးလာခဲ့တယ်လေ အဲဒီ့လိုလုပ်ခဲ့တာတောင် ကလေးက အသက်မရှင်တော့ ချပ်မင်က သူမနဲ့ ကွာရှင်းပြီး အခုလက်ရှိကြင်ယာတော်ကို လက်ထပ်လိုက်တော့တာပဲ ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


ကလေးကို ထိန်းသိမ်းလိုပါလျှင် မိခင်ကို အထိခိုက်ခံခိုင်းရမည့် နည်းလမ်းများစွာ ရှိသော်ငြား မည်သူကမှ ထိုနည်းလမ်းများကို မသုံးကြချေ။ ချပ်မင်ကမူ အရက်စက်ဆုံးနည်းလမ်းကို သုံးခဲ့သည့်အပြင် နီယာကိုလည်း ထိုအကြောင်းကို ဖုံးကွယ်ခဲ့သေးသည်။ 


"ဒီချပ်မင်ကတော့ တကယ်ကို ဆန်ကုန်မြေလေးကောင်ပဲ ..." 


ရမ်ရှန့်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ 


ဇနီးက ကျန်းမာရေး မကောင်းတော့တာတောင် သူက ချက်ခြင်းကွာရှင်းလိုက်သေးတယ်ပေါ့ ... တကယ်ကို လွန်လွန်းတာပဲ ... 


"ဟုတ်တယ် ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


ချပ်မင်က ရမ်ရှန့်နဲ့ ကလေးတွေကိုပါ ပြန်ပေးဆွဲခိုင်းလိုက်သေးတယ် သူ့ကိုယ်ပိုင်ရင်သွေးတော့ လိုချင်ပေမယ့် ဧကရာဇ်နဲ့ ဧကရီကိုကျ ကလေးမရ‌စေချင်ဘူးတဲ့ ... 


ထိုအကြောင်းကို တွေးမိသည်နှင့်တစ်ပြိုင်နက် ကျောက်လင်းယွီ၏ မျက်ဝန်းထဲတွင် ရက်စက်မှုအချို့ ဖြတ်ပြေးသွားတော့သည်။ ယခင်က ရမ်ရှန့်မှာ အလွန်ချစ်မြတ်နိုးဖွယ်ကောင်းကာ အပူအပင်ကင်းလှသော်ငြား ယခုမူ ကိစ္စများစွာကို ပူပန်နေရတော့သည်။ 


"ဒါဆို မစ္စတာဖန်းက ချပ်မင်နဲ့ မတည့်တော့ဘူးပေါ့ ..." 


ရမ်ရှန့်က ထပ်မေးလိုက်ပြန်သည်။ 


"သူ့သမီးရဲ့ ခန္ဓာကိုယ်က ကိုယ်ဝန်ပျက်ကျပြီး ဆိုးဆိုးဝါးဝါး ထိခိုက်သွားတဲ့အပြင် ‌တစ်ဖြေးဖြေး ပိုပိုဆိုးလာတယ်လေ ပြောကြတာတော့ သူမက အသက်ရှင်နေတယ်ဆိုရုံလေးပဲ ရှိတော့လို့ လူရှေ့ထွက်မလာတော့တာတောင် ကြာပြီတဲ့ မစ္စတာဖန်းက အခုအချိန်မှာတော့ ချပ်မင်နဲ့ လုံးဝကို ရန်သူတွေပဲ ကိုယ်ထင်တာသာ မှန်ရင် ဆေးရည်တွေက သူ့သမီးအတွက်ပဲ ဖြစ်ရမယ် ဒါပေမယ့် သူမရဲ့ ခန္ဓာကိုယ်ကသာ လူတွေပြောသလို ဆိုးဆိုးရွားရွား ထိခိုက်သွားတာဆိုရင် ဆေးရည်က သိပ်ပြီး ထိရောက်မှာ မဟုတ်ဘူး ..."

144.2


ရမ်ရှန့်က ခေါင်းငြိမ့်ပြလိုက်သည်။ ဆေးရည်၏ အဓိက အာနိသင်မှာ ခန္ဓာကိုယ်ကို အားဖြည့်ပေးခြင်းဖြစ်ရာ သန္ဓေသားကို တည်မြဲစေလိုလျှင်ပင် ပမာဏများစွာ သောက်သုံးရမည်ဖြစ်သည်။ မီးစာကုန် ဆီခမ်းနေသော ခန္ဓာကိုယ်အတွက်မူ အကြီးအကဲထန့်ကဲ့သို့ သောက်သုံးခြင်း သို့မဟုတ် စိတ်စွမ်းအင်ဖြင့် သန့်စင်ထားသော မျက်နှာအားဖြည့်ဆေးလုံးကို သောက်သုံးခြင်းတို့ ပြုလုပ်မှသာ အပြည့်အဝ ပြန်လည်သက်သာလာမည်ဖြစ်သည်။ 


ကျောက်လင်းယွီက အားလုံးရှင်းပြပြီးနောက် ရမ်ရှန့်၏လက်ကို ဆွဲယူလိုက်သည်။ 


"ကဲ အခု သိသင့်တာတွေအားလုံး သိသွားပြီဆိုတော့ မစ္စတာဖန်းဆီ သွားကြရအောင် ..." 


မစ္စတာဖန်း၏ အလုပ်ရုံမှာ သူတို့နေထိုင်ရာ‌နှင့် သိပ်မဝေးလှ။ ကျောက်လင်းယွီက ‌ယာဉ်ပျံကို ယူပြီး ပြန်လာချိန်တွင် သားကြီးကို ချီရင်း အိမ်ရှေ့တွင် ရပ်နေသော ရမ်ရှန့်ကို တွေ့လိုက်သည်။ 


"ကလေးက ..." 


သူက ရမ်ရှန့်ကို မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။ 


"သားကြီးရဲ့ ဆံပင်တွေက အရောင်ဆိုးထားပြီးပြီဆိုတော့ ကြော်ညာထဲက ကလေးနဲ့ မတူတော့ပါဘူး သူ့ကို အပြင်ခေါ်သွား‌လို့ ရတယ်မဟုတ်လား ဟင် ..." 


ရမ်ရှန့်က မေးလိုက်သည်။ သားကြီးမှာ ပြန်ရောက်လာကတည်းက အိမ်ထဲတွင်သာ အချိန်ကုန်နေရပြီး မူခါ့သီတို့ထံ ပို့ပေးမည့် ကတိကိုလည်း ဖြည့်ဆည်းမပေးနိုင်သေးသည့်အတွက် သူ့ကို တစ်နေရာရာသို့ လိုက်ပို့ပေးလိုသည်။ 


"ကိစ္စမရှိပါဘူး တကယ်တမ်းပြောရရင် သူ့ကို ခေါ်လာတော့ သံသယဖြစ်စရာကိစ္စတွေကို ရှောင်လွှဲပြီးသား ဖြစ်တာပေါ့ ဒါပေမယ့် အခေါ်အဝေါ်တွေကိုတော့ ပြောင်းမှရမယ် ..." 


သူက သားကြီး၏ခေါင်းကို ခပ်ဖွဖွပုတ်ပေးရင်း ပြောလိုက်သည်။ ရမ်ရှန့်ကသာ သူသည် သုံးနှစ်အရွယ်ကလေးတစ်ယောက်၏ ဖခင်ဖြစ်ကြောင်း ပြောလိုက်ပါလျှင် အားလုံးက သံသယဝင်ကြတော့မည်ဖြစ်သည်။ 


သားကြီးမှာ အလွန်ဉာဏ်ကောင်းလှသူဖြစ်ရာ ရမ်ရှန့်ကို ချက်ခြင်းပင် ပြောင်းခေါ်လိုက်သည်။ 


"ကောကော ..." 


ကလေး၏ အသံမှာ အလွန်ချိုသာကာ နားဝင်ပီယံ ရှိလှသည့်အတွက် ရမ်ရှန့်၏ နှလုံးသားတစ်ခုလုံး မြည်ဟီးကာ သားကြီး၏ မျက်နှာကို အကြိမ်အနည်းငယ် ပွတ်သပ်နမ်းရှုံ့လိုက်မိတော့သည်။ 


ကျောက်လင်းယွီမှာတော့ သားကြီးကို ခေါ်လာရန် သဘောတူခဲ့မိသည်ကိုပင် နောင်တရလာတော့သည်။


 မစ္စတာဖန်း၏ အလုပ်ရုံမှာလည်း အင်ပါယာရှိ အခြားနေအိမ်များနည်းတူပင် အလွန်ကျယ်ဝန်းကာ မြေညီထပ်ကို ဒုတိယထပ်၊ တတိယထပ်များနှင့် ဆက်စပ်ထားပေသည်။ အခန်းဖွဲ့စည်းပုံမှာ ထူးခြားလှသော်ငြား အခန်းအများစုမှာ အလွတ်ဖြစ်နေပြီး နောက်ဖေးခြံဝန်းထဲတွင်လည်း အပျက်အစီးများ တစ်ပုံကြီး ‌ရှိနေပေသည်။ 


ခြံဝန်းမှာ မူခါ့သီတို့ကဲ့သို့ပင် အမှိုက်များဖြင့် ပြည့်နှက်နေပြီး တံခါးမကြီးနားအထိပင် ရောက်နေပေသည်။ မစ္စတာဖန်းက သူတို့ကို ချက်ခြင်းထွက်လာရန် ပြောခဲ့သော်ငြား အမှန်တကယ် ရောက်လာချိန်တွင်မူ သူ့တပည့်များကသာ ကြိုဆိုပြီး သူက အတော်ကြာမှသာ ရေစိုနေသော ဆံပင်ဖြင့် ထွက်လာခဲ့သည်။


သူ့ရုပ်သွင်မှာ အွန်လိုင်းပေါ်ကထက်ပင် ပိုပြီး အိုစာနေသည်။ ခါးမှာလည်း ကိုင်းနေပြီဖြစ်သော်ငြား မျက်ဝန်းတို့မှာတော့ တောက်ပကြည်လင်နေဆဲဖြစ်သည်။ သူ ရောက်လာပြီးနောက် ကျောက်လင်းယွီကို ချက်ခြင်း စိုက်ကြည့်လိုက်သော်ငြား အကြည့်တို့မှာ အကြီးဆုံးသားထံ တစ်ဖြေးဖြေး ရောက်ရှိသွားတော့သည်။ 


"ကလေးက ချစ်စရာလေးပဲ ..." 


တစ်ခေါင်းလုံး ဆွတ်ဆွတ်ဖြူနေသူက သားကြီးကို ပြုံးပြပြီးမှသာ ကျောက်လင်းယွီဘက်သို့လှည့်ကာ စကားပြောလိုက်သည်။ 


"အာဟာရဆေးရည်ရော ယူလာခဲ့လား ..." 


"ဟုတ်ကဲ့ ..." 


ကျောက်လင်းယွီက အဖုံးပိတ်ထားသော ဆေးရည်ဆယ်ပုလင်းကို ထုတ်ပြလိုက်လျှင် မစ္စတာဖန်းလည်း ပုလင်းတစ်လုံးကို ဖွင့်ကာ နမ်းကြည့်လိုက်သည်။ ထို့နောက် စိုစွတ်နေသော မျက်ဝန်းတို့နှင့်အတူ ဆေးပုလင်းကို ဘေးပို့ကာ ရမ်ရှန့်ကို ပြောလိုက်သည်။ 


"ငါနဲ့လိုက်ခဲ့ မင်းရဲ့ မက်ခါနဲ့ ပတ်သက်ပြီး ဆွေးနွေးစရာတွေ ရှိနေသေးတယ် မင်း ပြောထားသလိုသာ လက်နက်တွေကို ထည့်လိုက်ရင် မက်ခါက အရမ်းလေးသွားလိမ့်မယ် အဲဒါကြောင့် တစ်ဝက်လောက် လျော့ပစ်ဖို့ အကြံပေးချင်တယ် လက်ရှိမက်ခါတွေမှာ လက်နက်ဆယ်မျိုး ပါပေမယ့် အများစုကတော့ သုံးလေးမျိုးလောက်ပဲ အများဆုံး သုံးနိုင်ကြတာ ..." 


မက်ခါအကြောင်း ပြောလိုက်သည်နှင့်တစ်ပြိုင်နက် မစ္စတာဖန်းမှာ အလွန် အားတက်သရော ဖြစ်လာတော့သည်။ 


"နားလည်ပါပြီ ဒါပေမယ့် ... လိုချင်နေတုန်းပဲ ..." 


ရမ်ရှန့်က ပြောလိုက်သည်။ 


"အဲဒါက စွမ်းအင်ကို ဖြုန်းတီးရာ ကျလွန်းတယ် တကယ် စစ်မြေပြင်ကို သွားရမယ့်အချိန်ကျရင် မင်းမှာ စွမ်းအင်ပြောင်းလဲစရာ အချိန်ကို ရှိမှာမဟုတ်တော့ဘူး ..." 


"မစ္စတာဖန်း ကျွန်တော်တို့တွေ စမ်းကြည့်လို့ရတယ်လေ ..." 


ကျောက်လင်းယွီ၏ အကြံကို မစ္စတာဖန်းကလည်း တိတ်တဆိတ် ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။ 


"အကြံကောင်းပဲ တကယ်တမ်းတော့ ငါလည်း သိပ်ပြီး လက်တွေ့မကျတဲ့ မက်ခါတစ်စီး ဖန်တီးဖူးတယ် ဒီ‌ကလေးကို အစမ်းမောင်းကြည့်ခိုင်းကြတာပေါ့ ..." 


ထို့နောက် သုံးဦးသား မြေအောက်ထပ်ထဲသိူ့ ဆင်းလိုက်ကြတော့သည်။ ထိုထဲတွင် အလွန်ဝင့်ကြွားလှသည့် အနီရောင်မက်ခါတစ်စီး ရှိနေသော်ငြား ထိုမက်ခါအပေါ် မစ္စတာဖန်း၏ အကြည့်တို့မှာမူ ရွံရှာမှုတို့ ရောယှက်နေပေသည်။ 


သို့သော် ရွံရှာမှုမှ ဝမ်းနည်းမှုအဖြစ် ပြောင်းလဲသွားကာ သူက သက်ပြင်းချလျက် ပြောလိုက်သည်။ 


"ဒီမက်ခါကို လူတစ်ယောက်အတွက် ရည်ရွယ်ပြီး လုပ်ခဲ့ပေမယ့် အဲဒီ့လူကို ဘယ်တော့မှ ပေးမှာမဟုတ်ဘူး အဲဒီ့လူက သန်မာတဲ့ စိတ်စွမ်းအင်ရှိတဲ့ အဆင့်ရှစ်စွမ်းရည်ပိုင်ရှင်ဆိုတော့ ငါ့အတွက် ဒီမက်ခါဖန်တီးရတာ တော်တော်ကို ခဲယဉ်းခဲ့တာ ဂရင်တန် မင်း စမ်းကြည့်လိုက်ပါ  ..." 


ရမ်ရှန့်က ခေါင်းငြိမ့်ပြလိုက်လျှင် မစ္စတာဖန်းက သူ့ကို စာရွက်စာတမ်းတစ်ခု ပေးလာသည်။ 


"ဒါက ဒီမက်ခါရဲ့ အချက်အလက်တွေ ဖတ်ကြည့်လိုက်ပါ ..." 


မက်ခါထဲသို့ ဝင်သွားသော ရမ်ရှန့်ကို ကြည့်နေရင်း မစ္စတာဖန်း၏ အကြည့်တို့မှာ ပို၍ပင် ထူးဆန်းလာတော့သည်။ ဤမက်ခါမှာ သူ၏ ပြောင်မြောက်သောလက်ရာဖြစ်ကာ ထိုစဉ်က သားမက်ဖြစ်သူကို အကောင်းဆုံးမက်ခါ ဖန်တီးပေးလိုသည့်အတွက် တစ်နှစ်လုံးလုံး လေ့လာခဲ့သော်ငြား ... သူပြန်ထွက်လာချိန်တွင် သမီးဖြစ်သူမှာ အဖြစ်ဆိုးကြီးနှင့် ကြုံခဲ့ရပြီးဖြစ်သည်။ 


မူလက ထိုမက်ခါကို ဖျက်ဆီးရန် တွေးလိုက်မိသေးသော်ငြား သူ၏ အပတ်တကုတ် ကြိုးပမ်းခဲ့ရမှုများကို ဖျက်ဆီးပစ်ရန် နှမြောနေမိသည့်အတွက် မြေအောက်ခန်းထဲတွင် ထားထားခြင်းဖြစ်သည်။ 


"မစ္စတာဖန်းရဲ့သမီးက ဒီမှာ မနေဘူးနဲ့တူတယ်နော် ..." 


သားကြီးကို ချီထားသော ကျောက်လင်းယွီက အတွေးနွံထဲနစ်နေသော မစ္စတာဖန်းကို ကောက်ကာငင်ကာ ပြောလိုက်သည်။ 


Xxxxxxx