အပိုင်း ၁၄၅
Viewers 18k

Chapter 145


"ဘာပြောလိုက်တာလဲ ..." 


မစ္စတာဖန်း၏ တစ်ကိုယ်လုံး တောင့်တင်းသွားတောသည်။ 


ကျောက်လင်းယွီက ရမ်ရှန့်နှင့်အတူ လိုက်လာခြင်းမှာ သင့်လျော်သည့်မက်ခါကို ရွေးချယ်ပေးနိုင်ရန်သာမက မစ္စတာဖန်းနှင့် မိတ်ဖွဲ့ပူးပေါင်းနိုင်ရန်လည်းဖြစ်သည်။ 


ဖန်းနှင့်အတူ ပူးပေါင်းလိုပါလျှင် သူ့သမီးဖြစ်သူအကြောင်း ဦးစွာ စကားစရမည်ဖြစ်သည်။ 


သို့သော် ဖန်း၏ အမူအယာကို တွေ့လိုက်ရချိန်တွင် ကျောက်လင်းယွီ၏ ချဉ်းကပ်မှုမှာ မထင်မှတ်ထားလောက်စရာ ဖြစ်သွားတော့သည်။ 


အကယ်၍ သူသာ မစ္စတာဖန်းဖြစ်ခဲ့ပါလျှင် ဆေးရည်ရလျှင်ရချင်း သမီးဖြစ်သူကို ပေးမည်ဖြစ်သော်ငြား မစ္စတာဖန်းက ထိုသို့ မလုပ်ခဲ့။ 


"ကျွန်တော် ဆေးရည်ပေးလိုက်တဲ့အချိန်မှာ ခင်ဗျားက ချက်ခြင်း သွားမပေးဘူးလေ အဲဒါကြောင့် အပြင်လူတွေ ပြောကြသလိုမျိုး သူမရဲ့ ခန္ဓာကိုယ်က အားနည်းလို့ အလုပ်ရုံအပေါ်ထပ်မှာပဲ ပုန်းနေတယ်ဆိုတာ မဟုတ်ဘူး ..." 


ကျောက်လင်းယွီက ထိုသို့ပြောရင်း မနီးမဝေးရှိ ရမ်ရှန့်ကို ငေးကြည့်နေလိုက်သည်။ 


အနီရောင်မက်ခါမှာ တစ်ဖြေးဖြေး လမ်းလျှောက်စပြုနေပြီဖြစ်ရာ ရမ်ရှန့်၏ ထူးခြားချက်များကို ချမပြခင် မစ္စတာဖန်းကို ဦးစွာ ကိုင်တွယ်ရပေလိမ့်မည်။ 


မစ္စတာဖန်း၏ အရေးအကြောင်းတို့ဖြင့် ပြည့်နှက်နေသော မျက်နှာမှာ သံသယအရိပ်အယောင်တို့ လွှမ်းမိုးနေပြီး တစ်ကိုယ်လုံးလည်း တောင့်တင်းနေပေသည်။ 


"မင်းက ဘယ်သူလဲ ..." 


ကျောက်လင်းယွီက သူ့မေးခွန်းကို ပြန်မဖြေဘဲ ဆက်ပြောလိုက်သည်။ 


"ခင်ဗျားရဲ့သမီးက တော်တော်ထက်မြတ်တယ်လို့ ပြောကြတော့ သစ္စာအဖောက်ခံရရင်တောင် သူ့ဘာသူ ကောင်းကောင်း ထိန်းကျောင်းနိုင်မှာပဲ အိမ်ထဲမှာပဲ ပိတ်ခံထားရမှာမျိုးကို ကြိုက်မှာ မဟုတ်ဘူး ..." 


ထိုအကြောင်းကို ပြောနေရင်းမှ ကျောက်လင်းယွီလည်း ကိစ္စတစ်ခုကို တွေးမိသွားတော့သည်။ 


"ဒူနီယာလား ..." 


မစ္စတာဖန်း၏ မျက်ဆန်တို့မှာ လှုပ်ခတ်သွားသော်ငြား စကားတစ်ခွန်းမှ ဆိုမလာခဲ့။ ထိုစဉ် သံတံခါးများစွာ ပြုတ်ကျသွားကာ မြေအောက်ထပ်တစ်ခုလုံး ပိတ်ဆို့သွားတော့သည်။ 


သူ့တွင် အခြားရည်ရွယ်ချက်များ ရှိသော်ငြား ကျောက်လင်းယွီက ထိန်းကိုင်ထား၍ မလှုပ်ရှားနိုင်တော့ချေ။ 


"ကျွန်တော်ပြောတာ မှန်တယ် မဟုတ်လား ..." 


ကျောက်လင်းယွီက မျက်ခုံးတို့ကိုပင့်ကာ အံဩတကြီး ပြောလိုက်သည်။ 


သားကြီးကို ပြန်ခေါ်လာပြီးကတည်းက သူသည် မူခါ့သီနှင့် ဒူနီယာတို့အကြောင်း စုံစမ်းခဲ့သော်ငြား အလွန်ရိုးရှင်းကာ ပစ်ချက်တစ်စုံတစ်ရာကိုမှ မတွေ့ရချေ။ သို့သော် ဒူနီယာ၏ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုကို တွေ့လိုက်ရချိန်တွင် အနည်းငယ် ရင်းနှီးနေသလို ခံစားခဲ့ရသည်။ 


ထိုသည့်တိုင် မစ္စတာဖန်း၏ သမီးမှာ အိမ်တွင် ရှိမနေကြောင်း သတိထားမိမှသာ ဒူနီယာနှင့် ကြင်ယာတော်ဟောင်းတို့ကို ဆက်စပ်မိသွားခြင်းဖြစ်သည်။ ထို့အပြင် ပရိဘောဂများမှာလည်း မူခါ့သီ၏ အိမ်တွင် ရှိနေသည်များနှင့် အလွန်တူနေပေသည်။ 


ဒူနီယာအကြောင်း ထုတ်ပြောခြင်းသည် သူ၏ အတွေး မှန်မမှန် စမ်းသပ်ခြင်းမျှသာ ဖြစ်သော်လည်း မထင်မှတ်ထားစွာဖြင့် မှန်ကန်သွားခဲ့သည်။ 


"မင်း ဘာလုပ်ချင်တာလဲ..." 


မစ္စတာဖန်းက သတိကြီးကြီးထားကာ မေးလိုက်သည်။ တစ်ချိန်တည်းမှာပင် အနီရောင်မက်ခါက သူ့အရှေ့သို့ တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသည့် အနေအထားဖြင့် ကျဆင်းလာတော့သည်။ 


မစ္စတာဖန်းမှာ အလွန်တုန်လှုပ်နေသည့်တိုင် မက်ခါတို့ဖြင့် နှစ်ရာပေါင်းများစွာ ထိတွေ့ခဲ့သူတစ်ဦးဖြစ်ရာ အနီရောင်မက်ခါ၏ လှုပ်ရှားမှုတို့ကို အာရုံမစိုက်ဘဲ မနေနိုင်ချေ။ 


"လှုပ်ရှားမှုတွေ အများကြီးကို ထပ်ကာထပ်ကာ လုပ်ပြသွားတာဆိုတော့ သူက တကယ်ပဲ ဒီမက်ခါကို ထိန်းချုပ်နိုင်နေတာပဲ တကယ်ကို သန်မာလိုက်တာ မင်းတို့တွေက ဘယ်သူတွေလဲ ..." 


ဤကဲ့သို့သော မက်ခါမျိုးကို ထိန်းချုပ်နိုင်ကာ သူ့သမီးအကြောင်း ရှာတွေ့နိုင်သူ မည်သူကမှ သူ့အ ကြောင်းကို ဟိုဟိုသည်သည် လျှောက်ပတ်စုံစမ်းကာ ကွန်ယက်ပေါ်ရှိ မက်ခါပြိုင်ပွဲအသေးလေးများကို ဝင်ပြိုင်လိမ့်မည် မဟုတ်ချေ။ 


"ဘာဖြစ်လို့လဲ ..." 


ရမ်ရှန့်က မောင်းနှင်သူနေရာမှ ထွက်လာကာ မြေအောက်ခန်းထဲရှိ သံမဏိပြားများကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ အခန်းပတ်လည်ရှိ သံမဏိပြားများမှာ အလွန်ခိုင်ခံ့လှသည့်အပြင် သန်မာသော စွမ်းအင်တစ်မျိုး ကိန်းအောင်းနေကာ လူတိုင်းကို အကြောင်းပြချက်မရှိ ကြောက်ရွံသော ခံစားချက်မျိုး ပေးစွမ်းနေပေသည်။ 


ထိုအချိန်တွင် ကျောက်လင်းယွီကတော့ မစ္စတာဖန်းနှင့် ပတ်သက်၍ သူ၏ သံသယအချို့ကို အဖြေထုတ်နိုင်နေပြီဖြစ်သည်။ 


အကယ်၍ ဒူနီယာကသာ သူ့သမီး ဟုတ်ခဲ့ပါလျှင် မစ္စတာဖန်းနှင့် ချပ်မင်တို့၏ ရန်ငြိုးမှာ ကမ္ဘာကြေ၍ပင် ပြေလည်ကြမည် မဟုတ်ချေ။ 


"ပြီးခဲ့တဲ့အခေါက်တုန်းက မစ္စတာဖန်းအနေနဲ့ နန်းတော်ကိုလာပြီး ကိတ်နဲ့ Crohn တို့ကို တွေ့ခဲ့လိုက်သင့်တာ ..." 


ကျောက်လင်းယွီက ပြုံးကာ ပြောလိုက်သည်။ 


မစ္စတာဖန်းက ရမ်ရှန့်မှာ မက်ခါကို အမှန်တကယ် ထိန်းချုပ်နိုင်ကြောင်း သိလိုက်ရသည့်အတွက် သူ့သရုပ်မှန်‌အပေါ် သံသယဝင်စပြုလာတော့သည်။ လောယာအင်ပါယာတွင် ဤမျှငယ်ရွယ်သော သခင်လေးတစ်ဦး မည်သို့မည်ပုံ ပေါ်လာမှန်း နားမလည်နိုင်ခဲ့သော်ငြား တစ်စုံတစ်ခုကို ရုတ်ချည်း သတိရသွားတော့သည်။ 


"မင်းတို့က ဖက်ဒရယ်ကလား ..."


"ဟုတ်ပါတယ် ကျွန်တော်တို့တွေက ဖက်ဒရယ်ကပါ ..." 


ကျောက်လင်းယွီက ပြုံးကာ ပြောလိုက်သည်။ 


"မင်းတို့က အာဟာရဆေးရည်တွေ ရောင်းနေတာပေါ့ နောက်ထပ်ရှိသေးလား ..." 


သူ၏ အစောပိုင်းက ထုတ်ဖော်ခဲ့သော အရှိန်အဝါတို့ကို ရုတ်သိမ်းကာ အားတက်သရော မေးလိုက်သည်။ 


"ခင်ဗျားရဲ့သမီးက ဒူနီယာဆိုရင် အများကြီး စိတ်ပူနေစရာ မလိုတော့ပါဘူး သူမက တော်တော်လေး ပြန်သက်သာနေပါပြီ ..." 


ကျောက်လင်းယွီက ပြုံးကာ ပြောလိုက်သည်။ 


မစ္စတာဖန်းက မျက်မှောင်ကြုတ်လိုက်သည်။ 


"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ..." 


သူမ၏ လုံခြုံရေးအတွက် သူနှင့် အဆက်အသွယ် မရတော့သည်မှာ အတော်ကြာနေပြီဖြစ်ရာ အကယ်၍ ထိုကောင်လေးက ကောင်းကောင်းမွန်မွန် ဂရုစိုက်‌လျှင်ပင် မီးစာကုန်နေသော ခန္ဓာကိုယ်ကြောင့် ကြာကြာအသက်ရှည်လိမ့်မည် မဟုတ်ချေ။ 


သမီးဖြစ်သူသည် သူမ၏ ရင်သွေးအပေါ် အရာအားလုံးကို အပြည့်အဝ ပေးဆပ်ခဲ့ပြီး... ကလေးကို ထိန်းသိမ်းရန် အစွမ်းကုန် လုပ်ဆောင်ခဲ့သော်လည်း ချပ်မင်၏ သစ္စာဖောက်မှုကို ခံခဲ့ရသည်။ 


သူမက သူ့ကို ပြန်လက်စားချေရန် တွေးခဲ့သေးသော်လည်း အကယ်၍ လက်စားချေပါက သူတို့သာလျှင် ဒုက္ခရောက်မည် ဖြစ်သည့်အတွက် ချပ်မင်ကို ဖယ်ထားကာ ဘဝသစ်သာ ပြန်စရန် ဆုံးဖြတ်လိုက်သည်။ 


ထိုသို့ဖြင့် သမီးဖြစ်သူသည် သူ့အကူအညီနှင့်အတူ နေရာသစ်တွင် စိတ်သစ်လူသစ်ဖြင့် ဘဝသစ်ပြန်စကာ သူနှင့် လုံးဝ အဆက်အသွယ် မလုပ်တော့။

145.2


"ကျွန်တော်တို့တွေ သူမကို တွေ့ဖူးပြီးသားပါ ပြီးတော့ သူမက ကျွန်တော်တို့ကို ကူညီပေးခဲ့ဖူးတယ် ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


သူ့အမြင်တွင်မူ ဒူနီယာတစ်ယောက် မူခါ့သီနှင့်အတူ ဇာတ်မြှုပ်ကာ နေနေခြင်းသည် အိမ်ထဲတွင် တစ်နေကုန် အချိန်ကုန်နေရခြင်းကို မနှစ်မြို့၍သာမက သူမ၏ အားနည်းချက်ကြောင့် မစ္စတာဖန်းတစ်ယောက် သူ့ကိုယ်သူ အပြစ်တင်‌နေမိမည်ကိုလည်း မဖြစ်စေချင်၍ဖြစ်သည်။ 


"တကယ်လား ..." 


သူက ကျောက်လင်းယွီကို မေးလိုက်သည်။ 


"တကယ်ပါ ..." 


ထိုအချိန်တွင် သူ့လက်မောင်းထဲရှိ သားကြီးက မျက်လုံးတို့ကို ဖွင့်လာကာ ရုတ်တရက် ပြောလိုက်သည်။ 


"အဘိုးက အန်တီပြောပြောနေတဲ့ ဘိုးဘိုးကြီးဆိုတဲ့ တစ်ယောက်လား ..." 


"အန်တီ ဟုတ်လား ..." 


မစ္စတာဖန်းက သူ့ကို ဇဝေဇဝါဖြင့် ပြန်မေးလိုက်သည်။ 


"ကျွန်တော့်ကို ကယ်တင်ပေးခဲ့တဲ့ အန်တီဒူနီယာလေ ..." 


သားကြီးက သူ့အိတ်ကပ်ထဲမှ ဓာတ်ပုံတစ်ပုံကို ထုတ်ပြလာသည်။ ထိုပုံထဲတွင် ဒူနီယာက သူ့ကိုပွေ့ကာ ညင်ညင်သာသာ ပြုံးနေသော်ငြား သူကမူ အနည်းငယ် အလိုမကျဟန်ပင်။ 


"အန်တီက တစ်ခါ ပြောဖူးတယ် အဘိုးသာ ကျွန်တော့်ကိုတွေ့ရင် သဘောကျမှာတဲ့ ..." 


"အဲဒါ နီယာ မင်းတိူ့တွေ နီယာကို တကယ် သိကြတာပဲ ..." 


သူက သားကြီးကိုကြည့်ရင်း အားတက်သရော ပြောလိုက်သည်။ 


သူနှင့် သူ့သမီး နှစ်ယောက်လုံးသည် ကလေးချစ်တတ်ကြသည့်အတွက် သားကြီးကို ချစ်စရာကောင်းသည်ဟု ထင်ခဲ့မိသော်ငြား ယခုမူ နေရာအနှံ့မှာ ကောင်းမွန်လှသည်ဟုပင် ခံစားမိလာတော့သည်။ ဒီကလေးက သူ့သမီး ချီခဲ့ဖူးတဲ့ကလေးတဲ့ ... 


"ဒီကလေးက ကျွန်တော်တို့ ပျောက်သွားခဲ့တဲ့ကလေးပါ နီယာရဲ့ ခင်ပွန်းက သူ့ကို ကယ်တင်ပေးထားခဲ့တဲ့အတွက် ကျေးဇူးတင်လို့ ဆေးရည်အနည်းငယ် ပေးထားခဲ့ဖူးတော့ သူမက သိပ်မကြာခင် သက်သာလာမှာပါ ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


ထိုသူများမှာ သူ့ကို လိမ်ရန်အကြောင်း မရှိသည့်အပြင် ဓာတ်ပုံကလည်း အတုမဟုတ်သဖြင့် ခပ်မြန်မြန်ပင် လက်ခံလိုက်သည်။ 


"ကျေးဇူးတင်ပါတယ် ..." 


"ကျွန်တော်တို့ကမှ ကျေးဇူးတင်ရမှာပါ ချပ်မင်က ကလေးကို ပြန်ပေးဆွဲခိုင်းခဲ့တာလေ မူခါ့သီကြောင့်သာ မဟုတ်ရင် အဲဒီ့နေရာမှာတင် သေနေလောက်ပြီ ..." 


ကျောက်လင်းယွီက ထပ်ပြောလိုက်သည်။ 


"ချပ်မင် ထပ်ပြီး ချပ်မင်ပဲလား ..." 


သူက အံကို တင်းတင်းကြိတ်ကာ ပြောလိုက်သည်။ 


"ဒီခွေးကောင်ကတော့...  ဒါနဲ့ မင်းတို့နေတဲ့နေရာက လုံခြုံရဲ့လား ဒီကို ပြောင်းလာချင်လား ..." 


ထိုသူနှစ်ဦးသာ သူနှင့်အတူ လာနေပါလျှင် သူ့သမီး၏ ခန္ဓာကိုယ်ကို ထိန်းညှိပေးနိုင်မည့် ဆေးရည်ကို အနည်းငယ် ပိုရနိုင်မည်ဖြစ်သည်။  မစ္စတာဖန်းမှာ တွေးလေလေ ကျောက်လင်းယွီအပေါ် အကောင်းမြင်လာလေပင်ဖြစ်သည်။   


"မလိုအပ်ပါဘူး ကျွန်တော်တို့တွေ အင်ပါယာကြယ်မှာ နေနိုင်တယ်ဆိုကတည်းက ထိုက်သင့်တဲ့ အရည်အချင်း ရှိတဲ့အပြင် နောက်ကွယ်မှာလည်း တစ်စုံတစ်ယောက် ရှိနေပါသေးတယ် ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ သူက မစ္စတာဖန်းထံတွင်သာ အလုံးစုံမှီခိုရန် ရည်ရွယ်မထား။ ရမ်ရှန့်အတွက် မက်ခါကိုသာ အလိုရှိပေသည်။ သိူ့သော် Gerd ကို မက်ခါအကြောင်း အနည်းငယ် သင်ပေးနိုင်ပါလျှင်မူ အတိုင်းထက်အလွန် ကောင်းမွန်မည်ဖြစ်သည်။ 


သူ့စကားတို့ကို ကြားရကာမှ မစ္စတာဖန်းလည်း ကိတ်နှင့် Crohn တို့ကို သတိရသွားတော့သည်။ ထိုသူနှစ်ဦးသည် ညစာစားပွဲတွင် ကျောက်လင်းယွီဘက်မှ ရပ်တည်ကာ ဖက်ဒရယ်ရှိ လူသားတို့ကို အကာအကွယ် ပေးခဲ့သည်။ 


ဓမ္မဓိဌာန်ကျကျ စဉ်းစားပါလျှင် သူသည် အပြင်လူကို ကူညီပေးနေသည့် ကိတ်တို့ကို ဒေါသထွက်ရမည်ဖြစ်သော်ငြား ထိုအစား ကျေနပ်စိတ်တို့သာ ဖြစ်ပေါ်လာပေသည်။


ထို့ကြောင့် ရမ်ရှန့်အပေါ် မကျေနပ်ချက်တို့မှာ လေနှင့်အတူ ပျောက်ကွယ်သွားသလို ကျောက်လင်းယွီသည် ရမ်ရှန့်ကို အလွန်ဂရုစိုက်သော ခေါင်းဆောင်တစ်ဦးဖြစ်မှန်း သဘောပေါက်သွားတော့သည်။ 


ထူးချွန်ပြောင်မြောက်သည့် မက်ခါပညာရှင်အဖြစ်သို့ တစ်ဖန်ပြန်ရောက်သွားပြီဖြစ်သော မစ္စတာဖန်းက ရမ်ရှန့်၏ ပုခုံးကိုပုတ်ကာ ပြောလိုက်သည်။ 


"ကောင်လေး မင်းက တကယ်ကို သန်မာတာပဲ ငါ့အထင်တော့ မင်း ဒီမက်ခါကို မောင်းနိုင်မယ်ထင်တယ် မင်းကို ဒီတစ်ခု ပေးလိုက်မယ် ဘယ်လိုလဲ ဒါက ငါ့အတွက် ‌အပြောင်မြောက်ဆုံးလက်ရာဆိုတော့ ဒီ့ထက်ကောင်းတာလည်း ထပ်လုပ်နိုင်ချင်မှ လုပ်နိုင်တော့မှာ နည်းနည်းလောက် ပြုပြင်လိုက်ရင် ဒါက မင်းနဲ့ အသင့်တော်ဆုံးပဲ ဘယ်လိုလဲ လိုချင်လား ..." 


"ဟုတ်ကဲ့ ..." 


ရမ်ရှန့်က နှစ်ခါပြန်မစဉ်းစားတော့ဘဲ သဘောတူလိုက်သည်။ ပြန်ပြီး မပြင်ဆင်လျှင်ပင် ထိုမက်ခါမှာ အဆင်ပြေလှသည်ဟု ခံစားနေရပေသည်။ 


"မက်ခါက အရမ်းကို ကြံ့ခိုင်တာပဲ ပြီးတော့ သူ့ကို မောင်းနှင်ရတဲ့ ခံစားချက်ကလည်း တကယ်ကို ကောင်းတယ် ..." 


"ကောင်းတယ် ကောင်းတယ် လာ လာ မင်းရဲ့ ခွန်အားတွေကို အစွမ်းကုန် ထုတ်ပြီး မင်းက ဘယ်လိုလူလဲဆိုတာ ပြလိုက်ပါဦး ..." 


သမီးဖြစ်သူ အဆင်ပြေနေကြောင်း သိလိုက်ရကတည်းက မစ္စတာဖန်းမှာ အားအင်ပြည့်ဖြိုးလာပြီဖြစ်သည်။ 


ထိုအချိန်တွင် မူခါ့သီက ကွန်ယက်မှ ထွက်လာကာ ပြောလိုက်သည်။ 


"ဒူနီယာ ကိုယ်တောင်းပန်ပါတယ် ဒီတစ်ခေါက်လည်း ဆေးကို မယူနိုင်ခဲ့ဘူး ..." 


"ကိစ္စမရှိပါဘူး ကျွန်မရဲ့ ခန္ဓာကိုယ်က သက်သာနေပါပြီ ..." 


သူမက ပြောလိုက်သည်။ 


"ဒါပေမယ့် မင်းခန္ဓာကိုယ်က ပိုပြီး သက်သာလာဖို့ လိုနေသေးတယ်လေ ..." 


သူက ပြောလိုက်သည်။ 


"အဲဒီ့အကြောင်းကို အများကြီး တွေးမနေပါနဲ့ ကျွန်မလည်း နည်းနည်းချင်း ပြန်သက်သာနေပါပြီ ..." 


သူမက ထိုသို့ပြောကာ သက်ပြင်းချလိုက်သည်။ 


"ကလေးက ..." 


ရမ်ရှန့်နှင့် ကျောက်လင်းယွီတို့ ကလေးကို ပြန်ခေါ်သွားစဉ်က သူမသည် မည်သူ့ကိုမှ မပြောခဲ့။ အခြားသူများ မေးလာချိန်တွင်လည်း ကျောက်လင်းယွီ ချန်ထားပေးခဲ့သည့် အချက်အလက်များအတိုင်း ပြောခဲ့သော်ငြား ထူးဆန်းနေကြောင်းကိုတော့ သတိထားမိလိုက်သည်။ 


သိူ့သော် ကလေးက အလွန် ချစ်စဖွယ်ကောင်းလှသည့်အပြင် ဂရင်တန်ကလည်း သူမကို ကူညီပေးထား၍ သတိမထားမိဟန်ဆောင်လိုက်ခြင်းဖြစ်သည်။ 


နှစ်ဦးသား ပူပန်မှုအပြည့်ဖြင့် အကြည့်ချင်း ဆုံလိုက်သော်ငြား စကားတစ်ခွန်းမှတော့ ထွက်မလာခဲ့ချေ။ ထိုအချိန်တွင် တံခါးဝမှ စက်ရုပ်သံတစ်သံကို ကြားလိုက်ရသည်။ 


"မစ္စစ်မူခါ့သီအတွက် ပေးပို့သူလိပ်စာမပါတဲ့ အထုပ်တစ်ထုပ် ရောက်နေပါတယ် ကျေးဇူးပြုပြီး လက်မှတ်ထိုးပေးပါ ..." 


ဘယ်လိုဖြစ်ပြီး ရုတ်တရက် ပစ္စည်းရောက်လာတာလဲ ... 


သူမက သက်ပြင်းချကာ အထုပ်ကို ဂရုတစိုက် ဖြည်လိုက်သည်။ 


အထဲတွင် အင်တာနက်ပေါ်ရှိ ပုံများနှင့် တစ်ထပ်တည်း တူညီသော အာဟာရဆေးရည် ဆယ်ပုလင်းပါ မီးခိုးရောင် သာမန်သေတ္တာတစ်လုံးကို တွေ့လိုက်ရလေသည်။


Xxxxxxxx