အပိုင်း ၁၄၆
Viewers 18k

Chapter 146


အာဟာရဆေးရည်ပုလင်းများကို ကြည့်ရင်း မူခါ့သီ၏ ပါးစပ်တို့မှာ အံ့ဩတကြီး ပွင့်ဟသွားတော့သည်။ မည်ကဲ့သို့ တုန့်ပြန်သင့်မှန်းပင် မသိတော့ချေ။


ဒီပစ္စည်းတွေ ... ဒါတွေက ဘာ်လောက်တောင် ကျသင့်မှာလဲ ပြီးတော့ ဘယ်သူကများ ပေးလိုက်တာလဲ ... 


သူက အလွန်အံ့ဩနေမိသော်ငြား သေတ္တာထဲတွင် ဆေးရည်၏ ဇစ်မြစ်နှင့် ပတ်သက်သည့် အကြောင်းအရာ တစ်ခုတစ်လေမှ မပါဝင်ချေ။ 


ဤရက်ပိုင်းအတွင်းတွင် အာဟာရဆေးရည်များကို အွန်လိုင်းပေါ်မှတစ်ဆင့် တစ်ရက်လျှင် ဆယ်ယောက်နှုန်း ရောင်းချပေးကာ ဝယ်ယူနိုင်ခဲ့သူများကို အမည်မဲ့စနစ်ဖြင့် ပို့ဆောင်ပေးပေသည်။ 


ထိုအချက်ကြောင့် ရောင်းချသူမှာ ဤဂြိုဟ်‌တွင်သာ ရှိနေကြောင်း သေချာသော်ငြား ပစ္စည်းပို့သူမှာ နေရာမျိုးစုံမှ ပေးပို့လာသည့်အပြင် လာရောက်ပေးပို့ချိန်တွင်လည်း ရုပ်ဖျက်ထားသည့်အတွက် ယခုအချိန်အထိ ပိုင်ရှင်အစစ်အမှန်ကို ခြေရာမခံနိုင်သေးပေ။ 


အင်တာနက်ပေါ်ရှိ အချို့လူများက ပိုင်ရှင်အစစ်ကို ရှာလိုပါလျှင် အမည်မဲ့ ‌ပစ္စည်းပို့သမားကို ပိတ်ဆို့ရန် အကြံပေးကြသော်ငြား ထိုအကြံကို လက်မခံသူ များပြားလှပေသည်။ အမည်မဲ့ စာပို့သူ မရှိတော့လို့ ဆေးရည်ကို မရောင်းတော့ဘူးဆိုရင် ဘယ့်နှယ့်လုပ်ပါ့မလဲ ... 


ဆေးရည်ကို အမည်မဲ့စနစ်နဲ့ ပို့တယ်ဆိုတာ သေချာပေမယ့် သူတို့က ဝယ်မှ မဝယ်ထားတာ ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ ... 


"ကျွန်မ‌တို့တွေ ဆေးရည်ကို သောက်လိုက်သင့်လား ..." 


ဒူနီယာက ထိုသို့ပြောကာ ဆေးရည်တစ်ပုလင်းကို ချက်ခြင်း ဖောက်သောက်လိုက်သည်။ 


မူခါ့သီက အနည်းငယ် တွေဝေနေသေးသော်ငြား အလျင်အမြန်ပင် တုန့်ပြန်လိုက်သည်။ 


"ဟုတ်တယ် ကိုယ်တို့အတွက် ပို့ပေးတာထင်တယ် ..." 


သူတို့က ဆေးရည်ကို မဝယ်နိုင်ခဲ့သော်ငြား အိမ်အထိ ရောက်လာရာ တစ်ယောက်ယောက်က သူတိူ့အတွက် ပို့ပေး၍သာ ရောက်လာခြင်း ဖြစ်ရမည်။ သူတို့က ဂရင်တန်ကို တွေးမိသွားကြတော့သည်။ 


ဒီဂရင်တန်က တကယ်ကို လျှို့ဝှက်ဆန်းကြယ်တာပဲ ပြီးခဲ့တဲ့တစ်ခေါက်ကလည်း ထူးဆန်းတဲ့ ဆေးလုံးတွေ ထုတ်လာသေးတယ် ... 


"ဒီဆေးရည်က သူပေးဖူးတဲ့ဆေးလုံးနဲ့ အရသာတူနေတယ် မူခါ့သီ ရှင် တစ်ခြားသူတွေကို သတင်းကောင်း ပြောရတော့မယ့်အချိန်ပဲ ..." 


ဒူနီယာက ပြောလိုက်သည်။ ဆေးရည်ကို ရောင်းချသူမှာ ဂရင်တန်ဖြစ်နိုင်ချေရှိသည့်အတွက်  မုချ လျှို့ဝှက်ထားပေးရမည်ဖြစ်သည်။ လျှို့ဝှက်ထားရန အကောင်းဆုံးနည်းလမ်းမှာ အခြားသူများကို သူမတို့ကိုယ်တိုင် ဝယ်ယူခဲ့သည်ဟု အသိပေးလိုက်ခြင်းပင်ဖြစ်သည်။ 


"ဟုတ်သားပဲ ဒီလိုသတင်းကောင်းမျိုးကို တစ်ခြားသူတွေဆီ သေချာပေါက် ပြောပြရမှာပေါ့ ..." 


မူခါ့သီက ထိုသို့ပြောကာ ဆက်သွယ်ရေးစက်ကို ထုတ်ပြီး ဆွေမျိုးမိတ်ဆွေများအားလုံးကို ဝမ်းသာအားရ အကြောင်းကြားလိုက်တော့သည်။ 


မူလက ဆေးရည်ဝယ်နိုင်သည်နှင့်တစ်ပြိုင်နက် လူသိရှင်ကြား ထုတ်ပြောသူများ အများအပြားရှိသော်ငြား နောက်ပိုင်းတွင် ပြန်ရောင်းပေးရန် အတင်းအကြပ် ဖိအားပေးခြင်းကို ခံရသည့်အတွက် မည်သူကမှ ဝယ်နိုင်‌ခဲ့ကြောင်း ထုတ်မပြောကြတော့ချေ။ ထို့ကြောင့် သူတို့က အွန်လိုင်းပေါ်မှတစ်ဆင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု လိမ်ညာလျှင်ပင် မည်သူမှ သံသယဝင်ကြမည် မဟုတ်ပေ။ 


မူခါ့သီက အားလုံးကို စိတ်လှုပ်ရှားစွာဖြင့် ဆက်သွယ်နေစဉ် ဒူနီယာက ဆေးရည်ဆယ်ပုလင်းလုံးကို ဆက်တိုက် သောက်လိုက်တော့၏။ 


အများစုမှာ ခက်ခဲသည့် အချိန်အတွက် စုဆောင်းထားရန်နှင့် အခြားသူများကို မဝေငှလို၍ ဆေးရည်ဝယ်နိုင်ကြောင်း မပြောခြင်းဖြစ်သော်ငြား သူမက အားလုံးကို သောက်သုံးလိုက်ပြီဖြစ်ရာ ထိုအကြောင်းကို ဆက်ပြောနေရန် မလိုတော့ချေ။ 


မြောက်များစွာသော မိတ်ဆွေများက သူမကို ဂုဏ်ပြုလိုက်ကြကာ ဆေးရုံမှ တာဝန်ရှိသူအချို့ကပင်လျှင် သူမ၏ ခန္ဓာကိုယ်ကို လာရောက်စစ်ဆေးပေးလိုက်ကြသည်။ ထိုအချိန်တွင် မူခ့ါသီ၏ အိမ်အစုတ်ကလေးမှာ လှုပ်ရှားသက်ဝင်နေကာ ဆေးရည်ကို ငွေအမြောက်အများပေးကာ ဝယ်ယူလိုကြောင်း ကမ်းလှမ်းလာသူများမှာလည်း မနည်းမနောပင် ဖြစ်သည်။ 


သူ့အိမ်မှာ ညနေခင်းအထိ အသက်ဝင်နေဆဲဖြစ်သည်။ ထိုစဉ် ဒူနီယာ၏ ဆေးရည်မသောက်မီနှင့် သောက်ပြီး ဆေးစစ်ချက်များကို အင်တာနက်ပေါ် တင်လိုက်သည့်အတွက် အင်တာနက်တစ်ခွင်လုံး ထိုသတင်းများဖြင့် ပြည့်နှက်သွားတော့သည်။ 


သန္ဓေသားကို တည်ငြိမ်စေရုံတင် မကဘူး အာဟာရဆေးရည်က ခန္ဓာကိုယ်ကိုလည်း အာဟာရ‌ဖြည့်ပေးနိုင်တယ်တဲ့ ... 


ဒူနီယာ၏ ကျန်းမာရေးမှာ အပြည့်အဝ မသက်သာသေးသော်ငြား ယခင်ထက် များစွာ ကောင်းမွန်လာပေသည်။ အာဟာရဆေးရည်ကို ဝယ်ယူနိုင်ခဲ့ရုံသာမက ခင်ပွန်းဖြစ်သူကလည်း ထို‌ဆေးရည်ကို ရရှိပြီးနောက် ရောင်းစားကာ ဇနီးအသစ်မယူဘဲ သူမကိုသာ အားလုံး သောက်စေသည့်အတွက်  သူမကို အားကျနေသူများလည်း အများအပြားပင်ဖြစ်သည်။ ဒူနီယာ၏ ခန္ဓာကိုယ်မှာ အလွန်အားနည်းသည့်အတွက် ဆေးရည်ကို သောက်သုံးပြီးသည့်တိုင် ကလေးရနိုင်မည် မဟုတ်ချေ။ 


အင်တာနက်တစ်ခွင်လုံး သူမ၏ ဓာတ်ပုံများဖြင့် ပျံ့နှံ့နေစဉ်တွင် မစ္စတာဖန်းကမူ ရမ်ရှန့်နှင့်အတူ သူ၏ ဂန္တဝင်လက်ရာကို ပြုပြင်နေပေသည်။


မက်ခါတွင် အစိတ်အပိုင်းအမျိုးမျိုးနှင့် လက်နက်အမျိုးမျိုး ရှိနေရာ အကယ်၍ ရမ်ရှန့်သာ ၎င်းတို့ကို ပြောင်းလဲလိုပါလျှင် ပိုပြီး အသားကျအောင် မောင်းနှင်နိုင်သည်အထိ စောင့်ရဦးမည်ဖြစ်သည်။ သိူ့သော် ပုံပန်းသဏ္ဌာန်ကို ပြောင်းလဲရန်မှာမူ စောင့်ဆိုင်း‌နေရန် မလိုအပ်ချေ။ 


"အနီရောင်က ချပ်မင်စိတ်ကြိုက် ရွေးထားတာ မင်းပြန်ပြောင်းချင်လား ..." 


"အကုန်လုံး အနီရောင်ကြီးကကျ နည်းနည်း တောက်တောက်ပြောင်ပြောင်ကြီး ဖြစ်နေသလိုပဲ ကျွန်တော့်အထင်တော့ အစိမ်းနဲ့ မြေဝါရောင်က ကောင်းမယ်ထင်တယ် ဒီနှစ်ရောင်ကိုသုံးပြီး အစင်းကြောင်းလေးတွေ လုပ်လိုက်မယ်လေ ..." 


ရမ်ရှန့်က မက်ခါအရောင်ပြောင်းရန် ကြံရွယ်နေသော မစ္စတာဖန်းကို ပြောလိုက်သည်။ သူ့အစေ့များမှာ အနီရောင်ဖြစ်သော်ငြား သူကိုယ်တိုင်ကမူ အစိမ်းနှင့် မြေဝါရောင်ဖြစ်သည့်အတွက် ထိုနှစ်ရောင်ကသာ သင့်တော်လိမ့်မည်ဟု ခံစားလိုက်ရတော့သည်။ 


မစ္စတာဖန်း၏ နှုတ်ခမ်းထောင့်စွန်းတို့မှာ ကော့ညွတ်သွားတော့သည်။ 


သာမန်သူတို့အနေဖြင့် ရမ်ရှန့်၏ အလှရသ ခံစားတတ်မှုတို့ကို နားလည်နိုင်မည် မဟုတ်ချေ။ 


မက်ခါတစ်စီးရဲ့ အဆင့်အတန်းက ဘယ်လောက်မြင့်တယ်ထင်လဲ အင်တာနက်ပေါ်မှာတော့ မက်ခါကို ပန်းချီတစ်ချပ်လို ဆေးရောင်ခြယ်တာတွေ ရှိပေမယ့် လက်တွေ့မှာ ဘယ်သူမှ မလုပ်ရဲဘူးလေ အရောင်လိုက်ဖက်ညီတဲ့ မက်ခါတွေကပဲ ကောင်းတာ မဟုတ်ဘူးလား ... 


ဒါပေမယ့် အခုကျ ဘာတဲ့ မက်ခါပေါ်မှာ အစိမ်းရောင်နဲ့ မြေဝါရောင် အစင်းကြောင်းတွေ ဆွဲမယ် ဟုတ်လား အဲဒါဘာကြီးလဲ ပေါက်ဖတ်လား

146.2


သူ့အနေဖြင့် ထိုမက်ခါကို စတင်ဖန်တီးခဲ့စဉ်ကတည်းက အင်ပါယာတစ်ခုလုံးတွင် အသန်မာဆုံး မက်ခါဖြစ်စေရန် အရိုးကြေကြေ အရေခန်းခန်း အားကုန်သုံးကာ ကြိုးစားခဲ့ရပေသည်။ သို့သော် ယခုမူ ထိုမက်ခါကို အစင်းကြောင်းခြယ်ချင်သူပင် ရှိလာပေသည်။ 


"ဒါဆို အောက်ခြေကို မြေဝါရောင်နဲ့ အပေါ်‌ပိုင်းကို အစိမ်းရောင်ဆိုရင်ရော ဘယ်လိုလဲ ..." 


ရမ်ရှန့်လည်း မစ္စတာဖန်း၏ အမူအယာမှာ အနည်းငယ် ထူးဆန်းနေကြောင်း သတိထားလိုက်မိသည့်အတွက် မက်ခါ၏ခါးကို လက်ဟန်ခြေဟန်ဖြင့် သရုပ်ဖော်ပြလိုက်သည်။ 

(ဆရာသမားက မက်ခါရဲ့ ခါးအထက်ပိုင်းကို အစိမ်းရောင်၊ ခြေထောက်ပိုင်းကို အဝါရောင် ဆေးသုတ်ချင်တာပါတဲ့🥲) 


"..." 


ဆေးသုတ်တဲ့ပုံစံကြီးကလည်း ထူးဆန်းလိုက်တာ ... တကယ်ပါပဲ ကျေးဇူးတင်မိတာလေးနဲ့ပဲ သူတို့ရဲ့ အမြင်ကို မမေးလိုက်သင့်ဘူး ... 


မစ္စတာဖန်းမှာ နောင်တရနေမိတော့သည်။ 


မက်ခါပေါ်က ဆေးအနီတွေကို ဖျက်ပြီးတော့‌ ငွေရောင်နဲ့ အဖြူရောင်ပဲ သုတ်ခိုင်းလိုက်ရမှာ ... 


"ရမ် မက်ခါတစ်ခုလုံးကို အဝါရောင်ခြယ်ပြီးတော့ ဒီအပိုင်းတွေလောက်ပဲ အစိမ်းရောင်သုံးရင်ရော ဘယ်လိုလဲ ..." 


ကျောက်လင်းယွီက အနည်းငယ် ချွန်ထွက်နေသော အစိတ်အပိုင်းများကို ညွှန်ပြလိုက်သည်။ ထိုနေရာများမှာ ငွေဖြူရောင်မက်ခါများတွင် အနီကဲ့သို့ ထင်ရှားသည့်အရောင်များ ခြယ်လေ့ရှိသောအပိုင်း ဖြစ်သည်။ 


"ကောင်းသားပဲ ..." 


ရမ်ရှန့်က သဘောတူလိုက်သည်။ 


"အစိမ်းနဲ့ အဝါက ဘယ်လိုအရောင်တွေ သုံးမယ် ဘယ်လိုပုံစံတွေ ဆွဲမယ်ဆိုတာကတော့ ကိုယ်တို့တွေ အထူးဒီဇိုင်းဆွဲပေးတဲ့သူကိုပဲ အပ်လိုက်ကြရအောင်လေ ..." 


ရမ်ရှန့်ရွေးထားသည့် အဝါရောင်မှာ အဆင်မပြေလှချေ။ 


"ကောင်းပါပြီ ..." 


ရမ်ရှန့်က ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။ 


သူက နာနာခံခံဖြင့် သဘောတူလိုက်ကြောင်း တွေ့လိုက်ရသည့်အခါ မစ္စတာဖန်းက ကျောက်လင်းယွီကို အားကျမှုအပြည့်ဖြင့် စိုက်ကြည့်လိုက်တော့သည်။ ရမ်ရှန့်မှာ ဤမျှအထိ နာခံတတ်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားပေ။ 


ကျောက်လင်းယွီကမူ သူ့ကို အလေးအနက် စိုက်ကြည့်နေလိုက်သည်။ 


"ရမ်က တစ်ခြားသူတွေရဲ့ အမြင်ကို လက်မခံတတ်တဲ့သူမျိုး မဟုတ်ပါဘူး တကယ်လို့ သူလုပ်တာက မှားနေရင် တိုက်ရိုက် ပြောပြီး ‌ပြင်ခိုင်းလို့ရပါတယ် ..." 


အခြားသူများကသာ ထုတ်မပြောပါလျှင် ရမ်ရှန့်မှာ သူ့အပြုအမူ ထူးဆန်းနေကြောင်း သိလိမ့်မည် မဟုတ်ချေ။ 


သူ့စကားများကို ကြားလိုက်ရသည့်အခါ မစ္စတာဖန်းမှာ အနည်းငယ် အရှက်ရသွားတော့သည်။ သူက ရမ်ရှန့်၏ အကြံများကို သဘောမကျသော်ငြား ရေငုံနှုတ်ပိတ်နေခဲ့မိသည်မှာ အနည်းငယ် စိတ်သဘောထား ကျဉ်းမြောင်းသည့်သဘော သက်ရောက်သွားတော့၏။ 


"ကျွန်တော်များ တစ်ခုခု အမှားလုပ်မိလို့လား ..." 


ရမ်ရှန့်က ကျောက်လင်းယွီကို အံ့ဩတကြီး မေးလိုက်သည်။ 


"ဒီမက်ခါကို အခုမှ စမောင်းဖူးတာဆိုတော့ လှုပ်ရှားမှုထဲမှာ အမှားလေးတွေ ပါသွားတယ်ထင်တယ် ပြီးတော့ လက်နက်သုံးတဲ့နေရာမှာလည်း သိပ်မကျွမ်းကျင်သေးဘူး ဦးတည်ချက်ကလည်း မပြင်ဆင်လိုက်ရသလောက် နီးပါးပဲ ဒါပေမယ့် အနာဂတ်မှာ ပိုပြီး ကောင်းကောင်းလုပ်နိုင်အောင် ကြိုးစားပါ့မယ် ..." 


"မင်း အခုလုပ်နေတာတွေကိုက တော်တော်ကောင်းနေပါပြီ ဒါက မင်းလုပ်နိုင်တာ အကုန်ပဲလို့ ထင်ခဲ့ပေမယ့် ကြည့်ရတာ မင်းကို အထင်သေးမိသွားပြီထင်တယ် ..." 


မစ္စတာဖန်းက ပြောလိုက်သည်။ ရမ်ရှန့်သည် သူ့မက်ခါကို ပထမဆုံးအကြိမ် အသုံးပြုကတည်းက လှုပ်ရှားမှုအားလုံးကို ဆောင်ရွက်နိုင်သည့် ဉာဏ်ကြီးရှင်ဖြစ်သည်။


ယခင်ကသာ ဤကဲ့သို့သော ဉာဏ်ကြီးရှင်မျိုးအတွက် မက်ခါဖန်တီးပေးခွင့် ရခဲ့ပါလျှင် ယခုလက်ရှိမက်ခါထက် ပိုကောင်းသည့်တစ်ခုကို ဖန်တီးနိုင်ခဲ့မည်ဖြစ်သည်။ မဟုတ်သေးဘူး ... အခုလည်း သိပ်နောက်မကျသေးဘူး ... 


မစ္စတာဖန်းမှာ ရုတ်ချည်း ရည်မှန်းချက် ပြင်းပြလာပြန်တော့၏။ 


ဒီ့ထက်ပိုကောင်းတဲ့ မက်ခါတစ်စီး သေချာပေါက် ဖန်တီးနိုင်ရမယ် ... 


ချပ်မင်က ထိုမက်ခါကို အလွန်သဘောကျခဲ့သော်ငြား ကိစ္စတို့ ဖြစ်ပွားပြီးနောက် တောင်းဆိုရမည်ကို ရှက်ရွံ့နေခဲ့ခြင်းဖြစ်သည်။  ယခုမူ ထိုမက်ခါကို သူ့ရန်သူ၏ လက်ထဲသို့ ထည့်ပေးလိုက်တော့မည်။ 


မစ္စတာဖန်းမှာ အတော်ကို စိတ်လက်ကြည်သာနေသော်ငြား ဘေးသိူ့ လှည့်ကြည့်လိုက်ချိန်တွင် သူ့သမီး၏ သတင်းကို ဖတ်နေသော ကျောက်လင်းယွီကို တွေ့လိုက်ရသည်။ 


မစ္စတာဖန်းက တိုက်ခိုက်လိုစိတ်တို့ ပြင်းထန်နေစဉ်တွင် ကျောက်လင်းယွီ၏ ရင်ခွင်ထဲရှိ သားကြီးက ဆက်သွယ်ရေးစက်၏ ညာဘက်ထောင့် အပေါ်နားရှိ ဒူနီယာ၏ ဓာတ်ပုံကို ညွှန်ပြလိုက်သည်။ 


"အန်တီ ..." 


ဒူနီယာ၏ ပုံကို ကြည့်နေသော သားကြီး၏ အကြည့်တို့်မှာ မရောရာမှုတို့ ရောထွေးနေသည်။ 


"ကြည့်ရအောင် ..." 


မစ္စတာဖန်းက ဒူနီယာ၏ ပုံကို အစမှအဆုံးအထိ စိတ်ဝင်တစား ဆွဲယူကြည့်ပြီးနောက် မျက်ရည်စတို့ ရစ်သိုင်းလာတော့သည်။ သူ့သမီးကို ထိုနေရာတွင် နေခိုင်းရန် များစွာ ချင့်ချိန်စဉ်းစားခဲ့ရပြီး သူမကို စိတ်သက်တောင့်သက်သာ ဖြစ်စေလိုသည့်အပြင် လုံခြုံသော ဘဝတစ်ခုကို ပိုင်ဆိုင်စေလို၍သာ သဘောတူ‌ခဲ့ရပေသည်။ 


ချပ်မင်သည် အမြဲလိုလို ရက်စက်တတ်သူ ဖြစ်သည်။ အစပိုင်းတွင် သူတို့သားအဖနှစ်ဦးက ချပ်မင်ကို ပစ်မှတ်ထားကာ ဆုံးရှုံးမှုအနည်းငယ်နှင့် ကြုံစေခဲ့သည့်အတွက် ချပ်မင်က သူတို့ကို ပြန်လည်ကာ လက်စားချေလာမည်ကို စိုးရိမ်မိလာ၏။


သူသည် မက်ခါပညာရှင်ဖြစ်သည့်အပြင် အဆင့်ခုနစ်စွမ်းရည်ပိုင်ရှင်လည်း ဖြစ်သည့်အတွက် ချပ်မင်က အလွယ်တကူ မစော်ကားရဲသော်ငြား သူ့သမီးမှာမူတစ်ဖက်မှ အနည်းငယ် လှုပ်ရှားလိုက်လျှင်ပင် အသက်ဆုံးသွားနိုင်ချေရှိသည့် နာမကျန်းသူဖြစ်သည်။ ထိုသို့သော ကြောက်ရွံ့မှုများကြောင့် သူမ ထွက်သွားပြီးကတည်းက တစ်ခါမှ မဆက်သွယ်တော့ရာ ယခု သူမ၏ ရုပ်ဖျက်ထားသော သွင်ပြင်ကို မြင်လိုက်ရသည့်တိုင် အလွန်စိတ်လှုပ်ရှားလာမိတော့သည်။ 


"သူမက တကယ်ကို ထက်မြက်တာပဲ ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ သူနှင့် မစ္စတာဖန်းတို့ သဘောတူပူးပေါင်းကြပြီးနောက် သူမထံ Crohn မှ တစ်ဆင့် အာဟာရဆေးရည်ဆယ်ပုလင်းကို ပို့ပေးလိုက်သည်။ သူတို့လင်မယား၏ တုန့်ပြန်မှုကို သိလို၍ အချက်အလက်တစ်စုံတစ်ရာမှ မဖော်ပြဘဲ ပို့ပေးခဲ့သော်လည်း  ဒူနီယာသည် သူ့ကူညီမှုနှင့် ထိုက်တန်အောင် ထက်မြက်လှသူဖြစ်ကြောင်း သိလိုက်ရတော့သည်။ 


"ဒါပေါ့ ငါ့သမီးက တကယ်ကို ထက်မြက်တာလေ လူရွေးမှားသွားတာ တစ်ခုပဲ နှမြောစရာကောင်းတာ ..." 


မစ္စတာဖန်းမှာ ချပ်မင်အကြောင်း တွေးမိသွားသည့်အခါ တစ်ဖန် ဒေါသတို့ လှိုင်းထန်လာပြန်၏။ 


Xxxxxx