အပိုင်း ၁၄၇
Viewers 18k

Chapter 147


 

သူ့သမီး နီယာသည်  သူကဲ့သို့ပင် အဆင့်ခုနစ် သတ္ထုစွမ်းရည်ပိုင်ရှင်ဖြစ်သည့်အပြင် မက်ခါပညာတွင်လည်း ထူးချွန်လှပေသည်။ ရုပ်ရည်မှာလည်း အလွန်လှပကာ အင်ပါယာ၏ ထိပ်သီးအမျိုးသမီးအဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်ကာ ထိုအချိန်က ချပ်မင်သည် အလွန်စိတ်အားထက်သန်နေ၍သာ မဟုတ်ပါလျှင် သူ့သမီးကို လက်ထပ်ခွင့် ပြုခဲ့မည် မဟုတ်ချေ။ 


လက်ထပ်ပြီးနောက် သူမသည် အလွန်ပျော်ရွှင်ဖွယ် ဘဝတစ်ခုကို ပိုင်ဆိုင်ခဲ့ရသည့်အတွက် သူလည်း စိတ်သက်သာရာ ရသွားကာ ချပ်မင်ကို သားအရင်းသဖွယ် သဘောထားခဲ့သော်ငြား အဆုံးသတ်တွင်မူ မည်သူမှ ထင်မထားသည့် ကိစ္စမျိုး ဖြစ်လာခဲ့ပေတော့သည်။


"မစ္စတာဖန်းအနေနဲ့ သမီးဖြစ်သူကို ဒီခေါ်လာဖို့ စိတ်ကူးများ ရှိလား ..." 


ကျောက်လင်းယွီက မေးလိုက်သည်။ 


"ဘာကြီး ..." 


သူက ကြက်သေသေသွားတော့သည်။ 


"ကျွန်တော့်ဆီမှာ ဒူနီယာ့ကို ကုသပေးနိုင်လောက်မယ့်ဆေးတွေ ရှိနေတယ် တကယ်လို့ မစ္စတာဖန်းသာ သူမကို ဒီနေရာ ခေါ်လာပေးရင် ကုသပေးနိုင်ပါတယ် ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


"ချပ်မင်က ..." 


မစ္စတာဖန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ 


"သူက တော်ဝင်မိသားစုရဲ့ တစ်ဦးတည်းသော ဆက်ခံသူဖြစ်နေလို့ ဧကရာဇ်က သူ့ကို မျက်နှာသာပေးခဲ့တာဆိုပေမယ့် အခုအခြေအနေက မတူတော့ဘူးလေ ..." 


ကျောက်လင်းယွီ၏ စကားကို ကြားလိုက်ရချိန်တွင် မစ္စတာဖန်းလည်း သက်ပြင်းအရှည်ကြီး ချလိုက်တော့၏။ နှစ်ပေါင်းများစွာ စိတ်ဖိစီးခဲ့ရသော လူအိုကြီးမှာ ယခုမူ ရုတ်ချည်း တက်ကြွလာပြီး ကိစ္စရပ်များစွာတို့ကို အချိန်ယူကာ စဉ်းစားနေလိုက်တော့သည်။ 


အတိတ်ကာလများ၌ ဧကရာဇ်သည် တော်ဝင်မိသားစုတွင် သူတို့နှစ်ဦးတည်း ကျန်ရစ်နေခဲ့၍သာ ချပ်မင်၏ လုပ်ရပ်များကို မျက်ကွယ်ပြုထားခြင်းဖြစ်ပြီး ယခုမူ ဧကရီတွင် ဆက်ခံသူမျိုးဆက် လွယ်ထားနေရပေသည်။ 


မတွေ့ရတာ နှစ်တွေကြာနေပြီဖြစ်တဲ့ သူ့သမီးကို တကယ် ပြန်ခေါ်သင့်နေပြီပဲ ပြီးတော့ သူမရွေးထားတဲ့ အမျိုးသားကိုရောပဲ... အဲဒီ့လူက အသုံးမကျဘူးလို့ ခံစားရပေမယ့် သူ့သမီးကို မစွန့်ပစ်သွားတာကတင် ချပ်မင်ထက် အဆထောင်ပေါင်းများစွာ သာနေပါပြီ ... 


သူ ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်ကြောင်းကို ကျောက်လင်းယွီကလည်း အကဲခတ်မိလိုက်သည်။ သူ့မျက်နှာပေါ်တွင် အရိပ်အယောင် အနည်းငယ်သာ တွေ့ရသည့်တိုင် ခံစားချက်တို့မှာတော့ ကောင်းမွန်လာပြီဖြစ်သည်။ အာဟာရဆေးရည်မှာ ထိုက်သင့်သလောက် ကျော်ကြားလာပြီဖြစ်ရာ ယခု ဒုတိယခြေလှမ်းကို စတင်ရပေတော့မည်။ 


ဒီနှစ်‌ယောက်ကို ကြည့်ရတာ သဘောတူညီမှုတစ်ခုခုကို လုပ်နေတဲ့ပုံပဲ ... 


ရမ်ရှန့်က မစ္စတာဖန့်ကိုတစ်လှည့် ကျောက်လင်းယွီကို တစ်လှည့် ကြည့်နေလိုက်သည်။ ထို့နောက်တွင်တော့ သူ့အကြည့်တို့မှာ သားကြီးထံ ကျရောက်သွားတော့သည်။ 


"ဖေဖေ့ ဖက်ပေးပါဦး ..."


သားကြီးက ရမ်ရှန့်ထံ လက်တို့ကို ဆန့်တန်းကာ ပြောလိုက်သည်။ သူ၏ ဝိုင်းစက်နေသော မျက်နှာမှာ သာမန်နှင့် ကွဲပြားစွာပင် ချစ်စရာကောင်းနေပေသည်။ ရမ်ရှန့်က ကလေးကို သူ့ပုခုံးပေါ်တင်ကာ မင်ခါထဲသို့ ပြန်ဝင်သွားလိုက်သည်။ သူ့စွမ်းအင်များကို တတ်နိုင်သမျှ မြန်မြန် တိုးတက်စေခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။ 


ထိုမြင်ကွင်းကို မြင်လိုက်မှသာ မစ္စတာဖန်းလည်း သတိပြန်ကပ်သွားတော့သည်။ 


"ဟေး ဘာတွေလုပ်နေတာလဲ အဲဒါက ကလေးလေ ..." 


မက်ခါအတွင်းပိုင်းမှာ ကလေးတစ်ယောက်အတွက် နေထိုင်ရန် မသင့်တော်လှချေ။ 


ဒီနှစ်ယောက်ကတော့ တကယ်ကို ရူးနေကြတာပဲ မက်ခါကို အတတ်နိုင်ဆုံး မြန်မြန် ပြင်ပေးပြီး ကလေးကို သူကိုယ်တိုင် ဂရုစိုက်ပေးမှပဲ ... 


မစ္စတာဖန်းသည် သမီးဖြစ်သူကို ပျိုးထောင်ရန် ဇနီးနှင့်အတူ သားသမီးထိန်းကျောင်းရေးနည်းလမ်းများစွာကို လေ့လာခဲ့သော်ငြား ၎င်းတို့ကို အသုံးမချနိုင်ခင်မှာပင် သူ့သမီးမှာ အရွယ်ရောက်နှင့်နေသည့်အပြင် မြေးလည်း မရသေးချေ။ မစ္စတာဖန်းမှာ သူ့လေ့လာထားခဲ့သမျှကို ပြန်လေ့ကျင့်ကာ ရမ်ရှန့်၏ နာမည်မသိရသေးသော ကလေးကို ဂရုစိုက်ပေးရန် ဆုံးဖြတ်လိုက်တော့သည်။ 


သူက ပူပန်နေသော်ငြား ရမ်ရှန့်၏ လှုပ်ရှားမှုတို့မှာ အလွန်မြန်ဆန်ကာ သားကြီးကို မက်ခါထဲသို့ ခေါ်သွားနှင့်ပြီးဖြစ်သည်။ ကျောက်လင်းယွီကလည်း အစောပိုင်းတွင် အံ့ဩသွားခဲ့သေးသော်ငြား ထို့နောက်တွင်မူ မစ္စတာဖန်းကို ဟန့်တားလိုက်သည်။ 


"အဆင်ပြေပါတယ် ရမ်ရှန့်က ကလေးကို ကာကွယ်ပေးနိုင်တဲ့အပြင် ကလေးကလည်း ..." 


ကလေးမှာ မွေးကင်းစအရွယ်ကတည်းကပင် ယာဥ်တစ်စီးနှင့်အတူ ဂြိုဟ်ပတ်လမ်းကြောင်းထဲ ဖြတ်သန်းခဲ့ရရာ ယခုကြုံနေရသမျှအားလုံးသည် သူ့အတွက် ကစားစရာမျှသာ ဖြစ်ပေသည်။ 


"သား ကြောက်နေလား ..." 


ရမ်ရှန့်က ကလေးကို ပြုံးကာ မေးလိုက်သည်။ 


"မကြောက်ပါဘူး ..." 


သားကြီးက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ 


သားကြီးက မကြောက်ပါဟု ပြောသည့်တိုင် ရမ်ရှန့်က အမြစ်များဖြင့် သူ့ကို ရစ်ပတ်ပေးထားလိုက်သည်။ မက်ခါအတွင်းရှိ နေရာများကို လေ့လာပြီးနောက် ကလေးကို သူ့ခေါင်းပေါ်သို့ တင်ထားလိုက်တော့၏။  


သူ့အမြစ်များမှာ မက်ခါအတွင်းတွင် ကခုန်နေကြကာ ထိုမြင်ကွင်းကို သားကြီးတစ်ဦးတည်းသာ မြင်နိုင်သော်ငြား သူက ကြောက်မသွားခဲ့ချေ။ မျက်လုံးများက တဖိတ်ဖိတ်တောက်လာကာ သူ့ကိုယ်ထဲမှလည်း အမြစ်များ ထွက်လာပြီး ရမ်ရှန့်နှင့်အတူ ကခုန်နေလိုက်သည်။ 


တကယ်ကို သူ့ရဲ့သား ဖြစ်ထိုက်တာပဲ ... 


ရမ်ရှန့်က သားဖြစ်သူကို အရွက်နှစ်ရွက်ဖြင့် ပုတ်ပေးကာ မက်ခါကို စတင်မောင်းနှင်လိုက်သည်။ 


သူတို့သည် အိမ်ထဲတွင်သာ ရှိနေသေးသော်ငြား လောယာအင်ပါယာ၏ လူဦးရေ နည်းပါးမှုကြောင့် မစ္စတာဖန်း၏ မြေအောက်ခန်းမှာ အလွန်ကျယ်ဝန်းလှသည့်အပြင် လူးလိမ့်ခုန်ပေါက်ခြင်းအတွက် လေ့ကျင့်ရန်လည်း သတ္ထုအပိုင်းအစ များစွာ ရှိနေသေးပေသည်။ 


မီးတောက်နီရောင် မက်ခါမှာ အင်မတန် သွက်လက်ကာ တိုင်နှစ်ခုအကြား နတ်မိမယ်ကဲ့သို့ ကခုန်ကာ ဖြတ်သန်းလိုက်သော်ငြား မစ္စတာဖန်းမှာမူ ထိတ်လန့်လွန်း၍ ရင်ဘက်နေရာကိုပင် ဖိထားနေရတော့သည်။ 


"ဒီကလေးက ဘယ်နှနှစ်ပဲ ရှိသေးလို့လဲ အလွန်ဆုံးမှ သုံးလေးနှစ်သားပဲ ရှိဦးမှာ မဟုတ်လား ဒီလိုမျိုး စိတ်လှုပ်ရှားစရာကောင်းတာမျိုးက သူ့ကျန်းမာရေးအတွက် မကောင်းဘူး ..." 


ကလေးဆိုတာ ‌ဂရုတစိုက်နဲ့ အရိပ်တကြည့်ကြည့် ပျိုးထောင်ပေးမှ စွမ်းရည်ပိုင်းဆိုင်ရာမှ ပြဿနာ ဖြစ်မလာမှာလေ ... 


"သုံးလေးနှစ်သား ဟုတ်လား ဒီကလေးရဲ့အသက်က ၆ လ တောင် မပြည့်သေးဘူး ချပ်မင်ရဲ့လူတွေ ပြန်ပေးဆွဲသွားတဲ့အချိန်မှာ မတော်တဆဖြစ်သွားခဲ့လို့သာ ဒီလိုမျိုး ကြီးထွားလာခဲ့တာပါ ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။

147.2


မစ္စတာဖန်းက  သူ့နှလုံးခုန်သံမှာ မြန်ဆန်လွန်း၍ အထိန်းအကွပ် မဲ့သွားတော့မည်ဟုပင် ခံစားလိုက်ရတော့သည်။ သူ၏ စိုးရိမ်တကြီး ဖြစ်နေသော နှလုံးလေး ချွတ်ချော်မသွားခင် ရမ်ရှန့်က မက်ခါကို ရပ်တန့်ကာ  ပြုတ်မကျစေရန် အလို့ငှာ သူ့ဆံပင်ကို ဆွဲထားသည့် အကြီးဆုံးသားနှင့်အတူ ပြန်ဆင်းလာ၍သာ တော်ပေသေးသည်။ 


အချိန်ကောင်းလေးကို ပိုင်ဆိုင်ခဲ့ရသဖြင့် ရမ်ရှန့်မှာ နှစ်ထောင်းအားရမှုတို့ဖြင့် ပြည့်နှက်နေကာ သူ့ခေါင်ူပေါ်ရှိ အကြီးဆုံးသားကလည်း စိတ်လှုပ်ရှားနေဟန်ဖြင့် ကြီးမားစိုစွတ်သော မျက်ဝန်းဝိုင်းကြီးများကို မျက်တောင်တဖျတ်ဖျတ် ခတ်နေပေသည်။ 


"သားလေး အဆင်ပြေရဲ့လား ..." 


မစ္စတာဖန်းက မေးလိုက်သည်။ 


"ဘိုးဘိုးကြီး ကျွန်တော်လည်း မက်ခါတစ်စီးလောက် လိုချင်တယ် ..." 


သူက မစ္စတာဖန်းကို ပူဆာလိုက်သည်။ 


မစ္စတာဖန်းမှာ နေရာတွင်ပင် အေးခဲသွားရှာသော်ငြား ရမ်ရှန့်က သားကြီးကို သူ့ခေါင်းပေါ်မှ ပြန်ဆင်းခိုင်းလိုက်တော့သည်။ 


"ငါ့အရွက် ... ဆံပင်တွေ အကုန်လုံးကို နှုတ်ပစ်ဖို့ ကြိုးစားနေတာလား ..." 


"ဖေဖေ့ ..." 


သားကြီးက သူ့လက်ကို အလောတကြီး လွှတ်ချကာ ရမ်ရှန့်ကို အရှက်သည်းစွာဖြင့် ပြောလိုက်သည်။ 


"ဖေဖေ့ ကျွန်တော် သွားဆော့ချင်လို့ ..." 


"သွားလေ ..." 


ရမ်ရှန့်က လက်ကို ယမ်းပြလိုက်သော်ငြား ထိုအချိန်တွင် မစ္စတာဖန်းက မက်ခါရှေ့သို့ တစ်လှမ်းတိုးလာကာ ပြောလိုက်သည်။


"နေဦး ဒီမက်ခါက ဆေးခြယ်ဖို့ လိုနေသေးတဲ့အပြင် အသေးအဖွဲလေးတွေကိုလည်း ပြန်ပြင်ရဦးမှာ မင်းတို့တွေ အိမ်ကိုပဲ ပြန်လိုက်ကြတော့ ..." 


သူ့အ‌နေဖြင့် ဤကဲ့သို့ အန္တရာယ်များသော မက်ခါအား ကလေးတစ်ဦး မောင်းနှင်မည်ကို လက်ပိုက်ကာ ကြည့်မနေနိုင်ချေ။ 


သူက မက်ခါကို ပြန်သိမ်းလိုက်သည့်အတွက် ရမ်ရှန့်လည်း အနည်းငယ် စိတ်လေသွားရှာတော့သည်။ ထိုစဉ် ကျောက်လင်းယွီထံသို့ အကြောင်းကြားစာတစ်စောင် ဝင်လာသည့်အတွက် မတ်တပ်ထရပ်လိုက်သည်။ 


"Gerd က မွေးတော့မယ်တဲ့ ..." 


"ဟမ် မွေးတော့မယ် ဟုတ်လား ဘယ်အချိန်လဲ ..." 


ရမ်ရှန့်က တအံ့တဩ မေးလိုက်သည်။ 


"လစေ့လို့ မွေးတာ မဟုတ်ဘူး ကလေးကို သီးသန့်အနွေးခန်းထဲ ထည့်ဖို့အတွက် ခွဲထုတ်မှာ ကိတ်က ကလေးကို Gerd ရဲ့ ဗိုက်ထဲမှာ နည်းနည်းလောက်ပိုပြီး ထားချင်သေးပေမယ့် Gerd က ဖယ်ထုတ်ချင်နေလို့လေ ..." 


သူက ပြောလိုက်သည်။ 


Gerd ၏ ကလေးနှစ်ယောက်မှာ မငယ်တော့သည့်အတွက် ခွဲထုတ်လိုက်ခြင်းသည်လည်း သာမန်ပင်ဖြစ်သည်။ သီးသန့်အနွေးခန်းက ကလေးများကို ပိုပြီး အာဟာရဓာတ် ဖြည့်‌ဆည်းပေးနိုင်သည့်အပြင် သူ၏ လတ်တလော ရုပ်ပိုင်းဆိုင်ရာ အခြေအနေမှာ ကလေးနှစ်ဦးလုံးကို စွမ်းအင် လုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်လောက်သည်အထိ ကောင်းမွန်မနေချေ။ ထို့အပြင် ကြီးမားဆူဖြိုးနေသည့် ဝမ်းဗိုက်ကြီးမှာလည်း သူ့ဘဝအတွက် များစွာ သက်ရောက်နေပေသည်။ 


"ဒါဆို သွားကြည့်ကြရအောင် ..." 


ရမ်ရှန့်က ပြောလိုက်သည်။ 


"ဟုတ်တယ် ကိုယ်တို့ ပြန်သွားကြည့်သင့်တယ် ..." 


ကျောက်လင်းယွီက သားကြီးကို ပွေ့ချီကာ ပြောလိုက်သည်။ 


သူတို့ပြန်ရောက်လာချိန်အထိ ခွဲစိတ်မှုမှာ မစတင်သေး။ Gerd မှာ အရပ်ရှည်သည့်အပြင် အမြဲလိုလို သုတေသနတို့ဖြင့်သာ အချိန်ကုန်နေတတ်ပြီး သူ့ကိုယ်သူ ဂရုစိုက်ရန်လည်း ပျင်းရိသည့်အတွက် ရုပ်ရည်မှာ ချောမောသည့်တိုင် ရင့်ကျက်သည့် အမျိုးသားအသွင်ကိုသာ ဆောင်ခဲ့ပေသည်။


 သို့သော် ယခုမူ ... 


သန္ဓေသားကို အာဟာရဖြစ်စေရန် ပုံမှန်နှုန်းထက်ပင် ပိုပြီး အများအပြား စားသောက်ခဲ့သည့်အပြင် မျက်နှာအားဖြည့်ဆေးလုံး၏ အာနိသင်သာမက အိမ်ထဲတွင်သာ တစ်ချိန်လုံး‌ နေနေခဲ့သည့်အတွက် မုဆိတ်မွှေးတို့ ကျဲပါးသွားကာ အသားအရေမှာလည်း ဖြူဖွေးနူးညံ့‌ကာ ယခင်ထက် များစွာ ငယ်ရွယ်သွားပုံ ပေါ်နေသည်။ သူ၏ ကြီးမားလှသော ဝမ်းဗိုက်တစ်ခုတည်းကသာ အမြင်ဆန်းနေပေသည်။ 


ရုပ်ရည်သွင်ပြင်ကို အထူးတလည် သဘောမထားခဲ့သည့် ရမ်ရှန့်မှာမူ ထိုသည်ကို သတိမပြုမိ။ ဗိုက်ကိုသာလျှင် စိတ်ဝင်တစား စိုက်ကြည့်နေလိုက်သည်။ 


"ကြည့်ရတာ ချက်ခြင်းလက်ငင်းကြီးကို ကြီးထွားလာသလိုပဲနော် ..." 


"ဒီလက ကလေးတွေ ပူစီဖောင်းလိုမျိုး ကြီးထွားလာတဲ့လလေ ဒီအချိန်မှာမှ သူတို့ကို ခွဲထုတ်ပစ်ရတာ နည်းနည်းတော့ သနားစရာပဲ ..." 


ဗိုက်ထွက်စ ပြုနေပြီဖြစ်သော ကိတ်က Gerd ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ 


"မင်း အချက်အလက်တွေကို လုံလုံလောက်လောက် မှတ်တမ်းတင်ပြီးသား မဟုတ်လား ..." 


Gerd က မေးလိုက်သည်။ 


ဒီလူ့ရဲ့စိတ်ထဲမှာ ဘာတွေတွေးနေလဲ မသိဘူးများ ထင်နေလား သူက နည်းနည်းလောက်ပိုပြီး လေ့လာချင်နေတာလေ ... 


ဒါပေမယ့် သူကတော့ ဆက်ပြီး သည်းမခံနိုင်တော့ဘူး လောယာအင်ပါယာကို ရောက်ကတည်းက တစ်ခြားသူတွေ အလုပ်တွေ လုပ်နေကြပေမယ့် သူကတော့ ... တစ်ချိန်လုံး ဒီဗိုက်ကြီးကို သယ်ထားရလို့ ဘာမှ မည်မည်ရရ လုပ်ရတယ်လို့ကို မရှိဘူး ပြီးတော့ ခြေထောက်တွေကလည်း ယောင်ကိုင်းနေတဲ့အပြင် ဗိုက်က ကြားထဲကနေ ခံနေလို့ ခြေထောက်ကိုတောင် ငုံ့ကြည့်လို့ မရဘူး ... 


"လုံလောက်ပါတယ် တကယ်တမ်းတော့ မင်းကိုယ်ထဲက ဆဲလ်အလွှာကို ထုတ်ပြီး ပါတဲ့ပစ္စည်းတွေအကြောင်း စမ်းသပ်တာလည်း ကောင်းတာပါပဲ ..." 


ကိတ်က ခွဲစိတ်ဓားကို ယူကာ ကင်မရာကို ဘေးတွင် ထားလိုက်သည်။ 


"ခွဲစိတ်တဲ့တစ်လျှောက်လုံး မှတ်တမ်းတင်ထားမှာဆိုတော့ စိတ်ချလက်ချနေပါ ဒါကလည်း မင်းအတွက်ပါပဲ ရှေ့နှစ်လနေရင် ငါ့ကို မင်းပဲ ခွဲပေးရမှာလေ ပြောမရဘူး အနာဂတ်မှာလည်း ဒီလို ခွဲစိတ်မှုတွေအများကြီး ရှိလာနိုင်တယ်လေ ..." 


ကိတ်က ထူးထူးဆန်းဆန်း တည်ငြိမ်နေပေသည်။ 


ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးဖွားခြင်းအပေါ် ကိတ်၏ ထူးထူးကဲကဲ တည်ငြိမ်နေမှုမှာ အနည်းငယ် ထူးဆန်းနေ‌သည့်အတွက် Gerd မှာ အထိတ်တလန့် ဖြစ်သွားရတော့သည်။ 


"မင်းက ကလေးတစ်ယောက်တည်း မဟုတ်ဘဲ ‌နောက်ထပ်လည်း ထပ်ယူဦးမှာပေါ့ ဟုတ်လား ..." 


"အေးလေ ..." 


ကိတ်က မဆိုင်းမတွ ပြန်ဖြေလိုက်သည်။ Gerd ၏ အမူအယာမှာ သိပ်မကောင်းလှသည့်အတွက် သူက ဖန့်ချန်ကျွင့်ကို ကြည့်လိုက်သည်။ 


"Gerd မင်းက ကလေးမလိုချင်တော့ဘူး ဆိုရင်တောင် တစ်ခြားတစ်ယောက်ကို လွယ်ခိုင်းလိုက်လို့ရတယ်လေ မင်းရဲ့ လက်တွဲဖော်ကို သန္ဓေတည်ဆေး စားခိုင်းရုံပဲကို ... အာ နေပါဦး မင်းက သုညသီးသန့်လေးဆိုရင်တောင် ကိစ္စမရှိဘူးလေ ပစ္စည်းအကူအညီနဲ့ မင်းရဲ့ မျိုးမြတ်ရည်တွေကို မင်းလက်တွဲဖော်အထဲ ထည့်ပြီး ကိုယ်ဝန်လွယ်ခိုင်းလို့ ရသားပဲ ... ငါရှာတွေ့ထားသလောက်ဆို သူက အထဲမထည့်ဘဲ စားလိုက်ရင်တောင် ရတယ်တဲ့ ..." 


"..."


Gerd နှင့် Crohn ကို အဖော်ပြုပေးနေသော ဖန့်ချန်ကျွင့်မှာ ဘေးနားတွင် တံတိုင်းကြီးသဖွယ်သာ မလှုပ်မယှက် ရပ်နေလိုက်တော့သည်။ သူတို့၏ ဂန္ဓမာပန်းလေးများမှာ တင်းကြပ်သွားသည်ဟုပင် ခံစားမိလိုက်ကြကာ ရမ်ရှန့်ပင်လျှင် ကျောက်လင်းယွီကို မနေနိုင်မထိုင်နိုင် လှမ်းကြည့်လိုက်မိသည်။ 


Xxxxxx