အပိုင်း ၁၄၈
Viewers 18k

Chapter 148


အမြဲလိုလို တည်ငြိမ်နေခဲ့သော ကျောက်လင်းယွီမှာ ရမ်ရှန့်၏ မျက်နှာပေးကို တွေ့လိုက်ရချိန်တွင် ဆက်ပြီး မတည်ငြိမ်နိုင်တော့ချေ။ 


သို့သော် ရမ်ရှန့်က သူ့ကို သနားနေဟန်ဖြင့် စိုက်ကြည့်လာ၍သာ တော်ပေသေးသည်။ 


"ကျွန်တော်ပဲ မွေးပေးပါ့မယ် ခင်ဗျားအသားက ခွဲစိတ်ဓားနဲ့ မလှီးနိုင်လောက်အောင်ကို မာနေတာလေ ..." 


အပြနအလှန်အားဖြင့် သူ ကိုယ်ဝန်လွယ်ထားခြင်းကသာ ပိုပြီး အဆင်ပြေပေသည်။ ထို့အပြင် သူ့အနေဖြင့် ခွဲစိတ်ရန်လည်း မလိုအပ်ချေ။ 


ကျောက်လင်းယွီက တူနှစ်ကိုယ်ကျင့်ကြံရေးတွင် ပိုအားစိုက်ရန် ဆုံးဖြတ်လိုက်သည်။


 Crohn နှင့် ဖန့်ချန်ကျွင့်တို့က တိုင်ပင်မထားဘဲ သူ့ကို ပြိုင်တူကြည့်လိုက်ကြသည်။ သို့သော် သူတို့ပင် စကားမစရသေး။ Gerd ၏ အသံက ထွက်လာသည်။ 


"ကျောက်လင်းယွီ မင်း ဒီလောက်အထိ မာလာအောင် ဘယ်လိုတွေများ လုပ်ခဲ့တာလဲ ငါ့ကို သင်ပေးစမ်းပါ ..." 


ကျောက်လင်းယွီ၏ နှုတ်ခမ်းထောင့်စွန်းတို့မှာ‌ ကော့ညွတ်သွားတော့သည်။ 


"ခွဲစိတ်တာကိုပဲ အရင်ပြီးအောင် လုပ်လိုက်ပါ ..." 


ကိတ်က ခွဲစိတ်ဓားကိုကိုင်ကာ ကျောက်လင်းယွီနှင့် အခြားသူများကို မေးလိုက်သည်။ 


"ကြည့်ချင်တာ သေချာလား ..." 


ဖန့်ခန်ကျွင့်မှအပ ကျန်လူများအားလုံး ခွဲခန်းထဲမှ ထွက်သွားကာ အပြင်ဘက်တွင်သာ စောင့်နေလိုက်ကြသည်။


 ကျောက်လင်းယွီက ခွဲခန်း၏ လေဝင်ပေါက်ထဲရှိ ဂျင်ဆင်းမြစ်တစ်ခုကို ဆွဲထုတ်ကာ ရမ်ရှန့်ကို အသံတိတ် စိုက်ကြည့်ပေးလိုက်၏။ 


ရမ်ရှန့်လည်း အထဲသို့ ခိုးဝင်နေသည့် အမြစ်ကို ပြန်ဆွဲယူကာ သူ့ကို ဆိတ်ဆွဲလိုက်သည်။ 


သူ့ကလေးတွေကကျ လူတွေရှေ့မှာပဲ ဥပေါက်လာတော့ အားလုံးက ရှင်းရှင်းလင်းလင်း မြင်လိုက်ကြတယ်လေ သူကျတော့ ဘာလို့ တစ်ခြားသူ ကလေးမွေးတာကို ကြည့်လို့မရတာလဲ မမျှတလိုက်တာ .. အာ ဒီကျောက်လင်းယွီရဲ့ ခန္ဓာကိုယ်ကြီးကလည်း မာလိုက်တာများ ဆွဲဆိတ်လို့တောင် မရဘူး .... 


ဘေးနားတွင် ရပ်ကြည့်နေသော အကြီးအကဲထန့်၏ နှုတ်ခမ်းထောင့်စွန်းတို့မှာလည်း ကွေးညွတ်လာတော့၏။ 


ကြည့်ရတာ ရမ်ရှန့်က ကျောက်လင်းယွီ ပြောခဲ့သလို တကယ်ပဲ သစ်ပင်လူသား ဖြစ်နေတာ ထင်တယ် သူ့ရဲ့ အမြစ်တွေကိုပဲ ကြည့်ပါလား ... 


ဒါနဲ့ ကိတ်ပြောခဲ့တာက သုတ်ရည်ကိုသာ အသုံးပြုရင် ကိုယ်ဝန်ရနိုင်တယ်လို့ ပြောချင်တာလား ... 


"ရမ်ရှန့် ငါ့ရဲ့ကိုယ်ပိုင်သုတ်ရည်ကို သုံးပြီးတော့ သန္ဓေတည်ဆေးကို သောက်လိုက်ရင်..." 


သူက ရမ်ရှန့်ကို မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ 


"မျိုးရိုးဗီဇတစ်ခုတည်းနဲ့ ဘယ်လိုလုပ် ကလေးရမှာလဲ ..." 


ဇီဝဗေဒဆိုင်ရာ ဗဟုသုတအချို့ကို သင်ကြားထားပြီးဖြစ်သော ရမ်ရှန့်က မေးလိုက်သည်။ အခြားသူများမှာလည်း အကြီးအကဲထန့်၏ အတွေးကို အံ့ဩမိသွားကြတော့သည်။ 


အသက်ကြီးလာလေ ဦးနှောက်က အပေါက်ဖြစ်လာလေပဲလား ... 


ရမ်ရှန့်မွေးချိန်က အလျင်အမြန် မွေးဖွားခဲ့သည်။ ယခုခေတ် နည်းပညာအရဆိုလျှင် Cesarean section ဖြင့် မွေးဖွားလျှင်ပင် အချိန်များစွာ ကြာမြင့်လှမည် မဟုတ်ချေ။ သို့သော် Gerd ၏ ခွဲစိတ်ခန်းတံခါးမှာမူ တစ်နာရီခွဲ ကြာသွားသည့်တိုင် ပွင့်မလာသေးချေ။


(Cesarean section- အရပ်အခေါ်အရဆို C section လို့ သုံးကြပါတယ် ကလေး‌ကို ခွဲမွေးတဲ့အခါ သုံးတဲ့ ခွဲစိတ်နည်းပါ) 


"မွေးရတာ ခက်နေလို့များလား ..." 


ဇီဝဗေဒကို လေ့လာထားရုံသာမက ‌ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးဖွားခြင်းတွင် များစွာ ဝါရင့်နေသော ရမ်ရှန့်က ထပ်မေးလိုက်ပြန်သည်။ 


ခွဲမွေးတဲ့သူ ဘယ်သူက မွေးတဲ့နေရာမှာ ခက်ခဲလို့လဲ ... 


အကြီးအကဲထန့်က ဆရာဖြစ်သူကို ပြောစရာစကားပင် မရှိတော့ဟန်ဖြင့် စိုက်ကြည့်လိုက်သည်။ ထိုအချိန်တွင် ခွဲခန်းတံခါး ပွင့်လာကာ ဖန့်ချန်ကျွင့် ထွက်လာသည်ကို‌ တွေ့လိုက်ရသည်။ သူ့အမူအယာမှာ သိပ်မကောင်းလှချေ။ 


သူ့အမူအယာကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် အကြီးအကဲထန့်မှာ စိုးရိမ်သွားရတော့သည်။ 


"ဘာလဲ ကလေးမွေးရတာ ခက်ခဲနေလို့လား ..." 


"မဟုတ်ပါဘူး ..." 


သူက အကြီးအကဲထန့်ကို ကြည့်လိုက်သည်။ 


"သူ့စွမ်းရည်ကြောင့်ပါ ခွဲစိတ်ဓား အနားကပ်လာတာနဲ့ တစ်ပြိုင်နက် သတ္ထုပုံကြီးအဖြစ် အရည်ဖျော်ပစ်တယ်လေ ကိတ်ကလည်း သူ့ကို ခဏခဏ ပြန်ပြောင်းခိုင်းနေရတာ စိတ်ရှုပ်လာလို့ ကျွန်တော့်ကို တစ်ခြားသတ္ထုနဲ့ လုပ်ထားတဲ့ ခွဲစိတ်ဓား ယူခိုင်းလိုက်တာ ..." 


ကိတ်က Gerd ကို မေ့ဆေးပေးရန် ကြံရွယ်ထားသော်ငြား သူက ကလေးများ ထွက်လာသည်ကို ကိုယ်တိုင်မြင်တွေ့ချင်သည်ဟု ပြောခဲ့၍သာ မေ့ဆေးမပေးခဲ့ခြင်းဖြစ်သည်။ သို့သော် ခွဲစိတ်ဓား ကပ်လာချိန်တိုင်း စွမ်းရည်ကို ထုတ်သုံးမိနေတော့သည်။ 


လောယာအင်ပါယာနှင့် ပတ်သက်၍ ဗဟုသုတ အကြွယ်ဝဆုံး Crohn က ကြွေသားဖန်သား ခွဲစိတ်ဓားကို မှာယူပေးခဲ့ကာ အင်ပါယာ၏ အလွန့်အလွန် မြန်ဆန်လှသော သယ်ယူပို့ဆောင်ရေးကြောင့် အချိန်တိုအတွင်းမှာပင် ရောက်ရှိလာတော့သည်။ 


ဓားအသစ်စက်စက်များ ရောက်လာပြီးနောက် နာရီဝက် မပြည့်ခင်မှာပင် ကလေးနှစ်ဦးကို မွေးဖွားနိုင်ခဲ့ပေသည်။ 


ထိုကလေးများမှာ တစ်ကိုယ်လုံး နီမြန်းနေပြီး  လမစေ့ဘဲ မွေးဖွားလာသည်ဟု သတ်မှတ်၍ ရသဖြင့် သူတို့ကို အထူးတလည် ပြင်ဆင်ထားသော အာဟာရဖျော်ရည်ထဲ စိမ်ရန်အတွက် အနွေးခန်းထဲသို့ ထည့်ထားပေးရမည်ဖြစ်သည်။ ကိတ်မှာ အာဟာရ‌ဖျော်ရည်နှင့် ပတ်သက်ပြီး အထူးတလည် လေ့လာထားသည့်အပြင် ကလေးများကိုလည်း ယခင်ကတည်းက အထူးတလည် ဂရုစိုက်ပေးခဲ့သူဖြစ်ရာ သူတို့ကို အချိန်အကြာကြီး စိမ်ပေးထားသည့်တိုင် ဘေးထွက်ဆိုးကျိုး ရှိလာမည် မဟုတ်ချေ။ 


"ဖေ့သားတွေက တကယ်ကို လူချောလေးတွေပဲ ..." 


ဖန့်ချန်ကျွင့်က အိပ်မောကျနေသော ကလေးနှစ်ယောက်ကို ကြည့်ရင်း စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြောလိုက်သည်။ 


ငါကတော့ မထင်ဘူးနော် ဟုတ်ပြီလား ကလေးတွေက နူးညံ့ပြီး အပြစ်ကင်းစင်တယ် ဆိုပေမယ့် လှတယ်လို့ ပြောစရာ မရှိဘူးလေ ... 


အဖေတွေက သူတို့ကလေးကို ကြည့်တဲ့အချိန်မှာ သူ့အမြင်နဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေတယ်ဆိုတာ အဟုတ်ပဲထင်တယ်နော်... ဒီ မျောက်နီလို အကောင်ပေါက်စလေးတွေက ချောတယ်လို့ ပြောလို့ရလို့လား ... 


ရမ်ရှန့်က သူ့သားကြီးကိုတစ်လှည့် ကျောက်လင်းယွီ၏ လက်ထဲရှိ ကျန်ကလေးသုံးယောက်ကိုတစ်လှည့် ကြည့်လိုက်သည်။

148.2


ကြည့်ပါဦး သူတို့သားကြီးရဲ့ မျက်လုံးလေးတွေကဘယ်လောက်တောင် တောက်ပလိုက်သလဲ ဒုတိယသားရဲ့ သွားရည်တမြားမြား ကျနေတာလေးဆိုလည်း ချစ်စရာကောင်းချက်မှ တအားပဲ တတိယသားလေးဆိုလည်း ငိုက်နေတဲ့အချိန်ဆို အရမ်း ချောမောတယ်လို့ ခံစားနေရတာ စတုတ္ထသားကတော့ ပြောကိုမနေနဲ့ ချောတဲ့နေရာမှာ ကျောက်လင်းယွီရဲ့ ခြေရာကို တစ်ထေရာတည်း နင်းနိုင်တယ် ... 


ကျောက်လင်းယွီက အနွေးသေတ္တာပေါ်သို့ တက်ကာ အထဲမှ အာဟာရဖျော်ရည်များ ထွက်လာစေရန် အဖုံးကို လှပ်နေသော ဒုတိယသား‌အား တိတ်တိတ်လေး ပြန်ဆွဲယူလိုက်သည်။ 


"နောက်ထပ် ဆူဆူညံညံ ထပ်လုပ်ရင် မင်းကို အလုံပိတ်ပြီး သော့ခတ်ထားလိုက်မှာ ..." 


"အဲဒီ့ထဲမှာ အပိတ်ခံထားချင်တယ် ..." 


ဒုတိယသားက အာဟာရဖျော်ရည်များ ထည့်ထားသော သေတ္တာကိုကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ 


.......


ကလေးနှစ်ယောက် အနားရောက်လာသည့်တိုင် Gerd မှာ အနည်းငယ် ရှက်ရွံ့နေဆဲဖြစ်သည့်အတွက် ရမ်ရှန့်ကို လှမ်းမေးလိုက်သည်။ 


"ရမ်ရှန့် မင်းမွေးတုန်းက အချိန်သိပ်မကြာလိုက်ဘူးဆို ဘယ်လိုများ မွေးလိုက်တာလဲ ..." 


သူ့ဗိုက်ကို ဖွင့်နေခြင်းအား ကိုယ်တိုင် မြင်နေရခြင်းမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည့်အတွက် စိတ်ပိုင်းဆိုင်ရာ အရိပ်ဆိုးကြီးတစ်ခုပင် ရလာတော့၏။ 


"ကလေးမွေးတာလား ဒီတိုင်း အသံတွေမြည်ပြီး ပြုတ်ကျလာတာပဲလေ ..." 


ရမ်ရှန့်က ပြောလိုက်သည်။ 


ပြုတ်ကျလာခြင်းမှာ အလွန်မြန်ဆန်လွန်း၍ အချိန်မီပင် မဖမ်းနိုင်ခဲ့ချေ။ 


Gerd က သူ့ကို အလန့်တကြား စိုက်ကြည့်လိုက်သည်။ ဥများ၏ မူလအရွယ်အစားမှာ သေးငယ်သော်ငြား သူမွေးဖွားချိန်တွင် ကြက်ဥအရွယ်ခန့် ရှိနေပြီဖြစ်သည်။ 


အဲဒီ့အချိန်တုန်းက ရမ်ရှန့်ရဲ့ကိုယ်ကလည်း သေးသေးလေးပါ ... ဗိုက်ထဲကနေ အသံမြည်ပြီး ထွက်ကျလာတယ်ဆိုတော့ ... သူက ဘယ်လောက်တောင် လျော့တိလျော့ရဲ ဖြစ်နေလို့လဲ ... 


သူ့အမူအယာကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ကျောက်လင်းယွီက တွန့်ကုတ်နေသော ဒုတိယသား၏ မျက်မှောင်များကို ပြန်ဖြည်ပေးရင်း ရမ်ရှန့်ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ 


"ရမ်ရဲ့ မျိုးနွယ်က ထူးခြားတယ်လေ ပြီးတော့ ဥတွေကလည်း တော်တော်ကို နူးညံ့ပျော့ပြောင်းတယ် ..." 


"ဆိုတော့ အဲဒါကလည်း ကြီးတာပဲပေါ့နော် ..." 


Gerd က ကြောက်ရွံ့ရိုသေမှုအပြည့်ဖြင့် မေးလိုက်သည်။ 


"မဟုတ်ဘူး အဲဒါက နှစ်တွေအကြာကြီး ခေါင်းမလျှော်ထားရတဲ့လူ‌လိုပဲ ..." 


ရမ်ရှန့်က အလေးအနက် ဝင်ပြောလိုက်သည်။ ထိုစဉ်က အခြေအနေမှာ သူ့အဖို့ အလွန်သက်တောင့်သက်သာ ရှိလှပေသည်။ 

(T/N ဒီနား‌မှာ တော်တော်လည်နေကြမယ်ထင်လို့ Gerd က ရမ်ရှန့်ရဲ့ဥတွေ ဒီတိုင်းထွက်ကျလာတယ်လို့ပြောတော့ သူ့ဂန္ဓမာပန်းက ဥထွက်လာလို့ရအောင် ချောင်နေလို့လို့ ထင်လိုက်တာပါ နောက်ပိုင်း ဥက ပုံမှန်ဆိုဒ်လားလို့ ပြန်မေးတာပါ ဒီအပိုင်းကို နားလည်အောင် မနည်းကို ဖတ်လိုက်ရတယ်🥲) 


"ဟမ် ..." 


Gerd မှာ နားမလည်ပြန်တော့။ 


"ကိတ် ရော ..." 


ကျောက်လင်းယွီ ဝင်ပြောလိုက်မှသာ စကားလမ်းကြောင်း ပြောင်းသွားတော့သည်။ 


"သူ ဘာတွေ တွေ့လိုက်လဲ မသိပါဘူး လေ့လာမယ်ဆိုပြီး ထွက်သွားပြီ ..." 


Gerd က ပြောလိုက်သည်။ သူ့သားများတွင် ဆံပင်အနည်းငယ်သာ ရှိသော်ငြား ဆဲလ်အလွှာ၊ ဆံပင်နှင့် ကျန်အရာများအားလုံးမှာ စမ်းသပ်ရန် ယူဆောင်သွားခြင်းကို ခံလိုက်ရတော့သည်။ 


"ဘာတွေ အလောတကြီး လုပ်နေတာတဲ့လဲ ..." 


ဖန့်ချန်ကျွင့်က တအံ့တဩ မေးလိုက်သည်။ 


"သူ ဘယ်လောက်တောင် လောနေသလဲဆို ဒီဒဏ်ရာတွေကိုတောင် ကိုယ့်ဘာသာကိုယ် ‌ဆေးထည့်လိုက်ရတယ်လေ ..." 


Gerd က အထူးကော်တစ်မျိုးဖြင့် ပြန်ချုပ်ထားပြီးဖြစ်သော သူ့ဗိုက်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။ ဤဒဏ်ရာမှာ အနာကျက်လာရန် သေချာပေါက် ကြာမြင့်တော့မည်ဖြစ်သည်။ 


"သူ မွေးကာကျမှ ဒီလိုအရသာမျိုး တစ်လှည့်မြည်းစမ်းခိုင်းရမယ် ..." 


"မဟုတ်ဘူး သူ့အလှည့်ကျရင် ဗိုက်ကို လက်နဲ့အုပ်၊ ကလေးကို ချီထားရင်း ဓာတ်ခွဲခန်းထဲကို ပြေးသွားလောက်တယ် ..." 


Crohn က မှိုင်တွေငေးမောစွာဖြင့် ပြောလိုက်သည်။ ကိတ်သည် အလွန်အလုပ်များကာ အချိန်ဇယား ချထားခြင်းကို အထူးနှစ်သက်လှသည့် ဖြစ်သည့်အတွက် Crohn မှာ မွေးဖွားမလာသေးသည့် ကလေးကိုပင် အချိန်အကန့်အသတ်နှင့်သာ တွေ့နေရပေသည်။ 


ယခုအချိန်တွင်မူ သူသည် နန်းတော်မှ ပွဲများများ ကျင်းပလာစေရန်ကိုသာ မျှော်လင့်နေမိတော့သည်။ သို့မှသာ ကိတ်ကို လူရှေ့တွင် ကြွားလုံးထုတ်ကာ အကြင်လင်မယားနှစ်ဦးအကြား လုပ်ခွင့်ရှိသည့် အသားယူခြင်းမျိုးကို လုပ်နိုင်မည်ဖြစ်သည်။ 


........


သူတို့မိသားစုရဲ့ ရမ်ရှန့်လေးက တကယ်ကို ကောင်းတာပဲ ... 


ကျောက်လင်းယွီက သူ့ကို ရင်ခွင်ထဲ ဆွဲပွေ့လိုက်သည်။ ထိုစဉ် ကလေးများကလည်း အနားသို့ ခုန်ပေါက်ကာ ရောက်လာပြီး သူတို့ကို ပွေ့ဖက်လိုက်ကြ၏။  


သူတို့ကို သော့ခတ်ထားဖို့အတွက် အာဟာရဖျော်ရည်ထည့်ထားတဲ့ အနွေးသေတ္တာနည်းနည်းလောက် လုပ်လိုက်သင့်လား ... ဒါပေမယ့် သူ့ကလေးတွေက နည်းနည်း တော်လွန်းနေတော့ အနွေးသေတ္တာက သူတို့ကို ပိတ်ထားနိုင်ပါ့မလားတောင် မသိဘူး ... 


Gerd ၏ ကလေးတစ်ယောက်မှာ သတ္ထုစွမ်းရည်ပိုင်ရှင်ဖြစ်ကာ ကျန်တစ်ဦးမှာ ရေခဲစွမ်းရည်ပိုင်ရှင် ဖြစ်ပေသည်။ အာဟာရဖျော်ရည်ထဲတွင် စိမ်ထားသည့်အတွက် အသားအရေမှာ နီမြန်းနေပေသည်။  တွန့်ရှုံ့နေသော မျက်နှာနှင့် ပိန်လှီသော ခြေသလုံးများမှာ သူ့ကလေးများနှင့်သာ အသားကျနေသော ရမ်ရှန့်အဖို့ အနည်းငယ် ထူးဆန်းနေပေသည်။ 


သို့သော် သူ့တွင် ထိုကလေးနှစ်ဦးကို စေ့စေ့စပ်စပ် စပ်စုနေရန် အချိန်မရှိ။ Gerd ၏ ခွဲစိတ်မှုအပြီး နောက်တစ်နေ့တွင် ကျောက်လင်းယွီနှင့်အတူ မစ္စတာဖန်းထံ ပြန်သွားလိုက်ရတော့သည်။ 


သူ့မက်ခါ၏ ပုံစံကို ပြောင်းလဲလိုက်ပြီး အစိမ်းရောင်နှင့် အဝါရောင်တို့ဖြင့် ရောစပ်ခြယ်မှုန်းထားသည်မှာလည်း အလွန်နုပျိုလန်းဆန်းနေသည့်အသွင်ကို ဆောင်နေပေသည်။ အတွင်းပိုင်းအစိတ်အပိုင်းအချို့ကို အဆင့်မြှင့်တင်ပြီး ဖြစ်သော်ငြား အချို့နေရာများမှာမူ ပြောင်းလဲရန် လိုအပ်နေဆဲဖြစ်သည်။ 


"တကယ်တမ်း ပြောရရင် မက်ခါစနစ်တွေ ဖန်တီးတဲ့နေရာမှာ ငါ့သမီးက ငါ့ထက် ပိုတော်တယ် ..."မက်ခါအကြောင်း အကျဉ်းရုံး ရှင်းပြ‌ပြီးနောက် မစ္စတာဖန်းက ပြောလိုက်သည်။ 


"သူတို့ကို ခေါ်ဖို့ နည်းလမ်းရှာပြီးပြီလား ..." 


ကျောက်လင်းယွီက မေးလိုက်သည်။ သူကိုယ်တိုင် ဆောင်ရွက်လျှင်လည်း အဆင်ပြေသော်ငြား မစ္စတာဖန်းတွင်လည်း ဆန္ဒရှိနေ‌နိုင်ပေသည်။ 


"ပြီးပြီ နီယာကို ဆက်သွယ်ပြီးတော့ ဟိုကောင်‌လေးကို တစ်ခြားဂြိုဟ်တစ်ခုပေါ် အနားယူဖို့ လိုက်ပို့ပေးလို့ တောင်းဆိုခိုင်းလိုက်တယ် ပြီးမှ သူတို့ကို ခေါ်လာပေးဖို့ စက်ရုပ်နှစ်ရုပ် လွှတ်လိုက်မယ်လေ ..." 


မစ္စတာဖန်းမှာ ထောင့်စေ့အောင် အစီအစဉ် ချထားပြီးဖြစ်သည်။ 


"ဒါဆိုလည်း သူတို့ကို ခေါ်လိုက်တော့လေ ..." 


ကျောက်လင်းယွီက မက်ခါထံ အပြေးသွားနေသော ရမ်ရှန့်ကို ကြည့်ရင်း ပြောလိုက်သည်။ 


Xxxxxxxxx