အပိုင်း ၁၄၉
Viewers 18k

Chapter 149


လောယာအင်ပါယာကို ဧရိယာများစွာ ပိုင်းခြားထားပြီး အချို့မှာ အာဏာရှိလူတန်းစားသာ နေထိုင်နိုင်ကာ ပြည်သူများကမူ ကျန်နေရာများတွင်သာ အခြေချခွင့် ရပေသည်။ မူခါ့သီနေထိုင်သည့် နေရာမှာလည်း ပြည်သူများအတွက် ချထားပေးသောရပ်ကွက် ဖြစ်သည်။ 


အာဟာရဆေးရည် ဆယ်ပုလင်းကို ရုတ်ချည်း လက်ခံရလိုက်သည့်တိုင် မူခါ့သီသည် သူ့အဆင့်အတန်းကို ပြောင်းနိုင်လိမ့်မည်ဟု‌ တွေးမထားခဲ့ဖူးချေ။ ရက်အနည်းငယ် ကြာပြီးနောက် သူနှင့် သူ့ဇနီးတို့အကြောင်းကို အားလုံးက မေ့လျော့သွားကြပြီဖြစ်သည်။ 


ယခုမူ သူသည် ကြီးမားသော ကာကွယ်ရေးစနစ် တပ်ဆင်ထားသည့် ခမ်းနားသော အခန်းကျယ်ကြီးတစ်ခုထဲတွင် ထိုင်နေရသည်။ အခန်းတစ်ခုလုံးကို ရွှေတို့ဖြင့် အလှဆင်ထားကာ ဇနီးဖြစ်သူကလည်း ၎င်းမှာ သူမ၏ အိမ်ဖြစ်ကြောင်း ပြောလာပေသည်။ 


သူမပြောတော့ကျ ယောကျာ်းဟောင်းရဲ့ အိမ်ကနေ ကန်ထုတ်ခံလိုက်ရတဲ့ လူဆင်းရဲလေးဆို ဘယ်လိုဖြစ်လို့ ဒီလိုအိမ်မျိုး ရှိနေရတာလဲ ဒီအိမ်က သိပ်ပြီး ဈေးမကြီးဘူးပဲထားဦး ... သူ့မျက်စိရှေ့မှာ ရှိနေတဲ့ မက်ခါပုံစံတူတွေ အားလုံးက ကန့်သတ်ထုတ်ကုန်တွေ မဟုတ်လား အမှိုက်ကို ကြိုးကြိုးစားစားကောက်ပြီး ရှိသမျှအကုန် ပုံအောပေးရင်တောင် ဒီထဲက တစ်ခုကိုမှ ဝယ်နိုင်မှာ မဟုတ်ဘူး ... 


အင်ပါယာကြယ်နှင့် အဝေးရှိ အခြားဂြိုဟ်တစ်လုံးသို့ အပန်းဖြေခရီး လိုက်ပို့ရန် ဇနီးဖြစ်သူ၏ အကြံပြုခြင်းကို ခံခဲ့ရသည့် မူခါ့သီမှာ ဘုမသိဘမသိဖြင့် ဟိုတယ်မြေအောက်ထပ်သို့ ဆွဲခေါ်ခံရကာ သီးသန့်ဥမင်လှိုဏ်ခေါင်းများကို ဖြတ်သန်းလာရသည့်အတွက် ဖြစ်ပျက်နေသည်များကို နားမလည်နိုင်သေးချေ။ 


"မစ္စတာမူခါ့သီ လက်ဖက်ရည်လေး သုံးဆောင်လိုက်ပါဦး ..." 


အိမ်အကူဝတ်စုံကို ဝတ်ဆင်ထားသော မိန်းမလှသဏ္ဌာန် စက်ရုပ်က လက်ဖက်ရည်တစ်ခွက်ကို လာပေးလိုက်သည်။ 


လောယာအင်ပါယာတွင် လူသားပုံစံစက်ရုပ်များကို အဆင့်များစွာ သတ်မှတ်ထားသည်။ အစစ်အမှန်နှင့် တစ်ထပ်တည်းနီးပါး တူညီကာ သာမန်မဟုတ်သော စွမ်းရည်စိမ့်ထွက်မှုများကိုပါ စုပ်ယူပေးနိုင်သည့် အမျိုးသမီးစက်ရုပ်မှာ အဆင့်အမြင့်ဆုံးအမျိုးအစားတစ်ခု ဖြစ်သည်။ ၎င်း၏ ခေါင်းပေါ်ရှိ ခလုတ်ကြောင့်သာ မဟုတ်ပါလျှင် စက်ရုပ်ဟုပင် သတိထားမိနိုင်မည် မဟုတ်ချေ။ 


မူခါ့သီက လက်ဖက်ရည်တစ်ငုံ သောက်လိုက်သော်ငြား အနည်းငယ် ပူပန်နေသည့်အတွက် မေးခွန်းမေးလိုစိတ်ကို အောင့်အည်းထား၍ မရတော့ချေ။ 


"ဒူနီယာရော သူမ ဘယ်ရောက်နေလဲ ..." 


"ကျွန်မ မသိပါဘူး မစ္စတာမူခါ့သီ လက်ဖက်ရည် ထပ်ယူချင်သေးလား ..." 


စက်ရုပ်၏ စိုက်ကြည့်ခြင်းကို ခံနေရသည့်အပြင် မသက်မသာလည်း ဖြစ်နေသည့်အတွက် မူခါ့သီက နောက်တစ်ငုံ ထပ်သောက်လိုက်သည်။ 


မကြာမီ စက်ရုပ်က သူ့လက်ဖက်ရည်ခွက်ကို ထပ်ဖြည့်ပေးလိုက်ပြီး သူကလည်း သတိလက်လွတ်ဖြင့် နောက်တစ်ငုံ ထပ်သောက်လိုက်သည်။ 


ဒူနီယာ ခေါ် နီယာက ရေတစ်ခွက်ပြီးတစ်ခွက် သောက်နေသော ခင်ပွန်းဖြစ်သူကို တွေ့လိုက်ရသည့်အတွက် သူမ၏ ဖခင်ကို ကူကယ်ရာမဲ့စွာဖြင့် စိုက်ကြည့်လိုက်သည်။  


"ဖေဖေ့ ဘာတွေလုပ်နေတာလဲ ..." 


"သူက ငါ့သမီးကို ခိုးသွားတာလေ အဲဒါနဲ့ ပတ်သက်ပြီး ရင်ထဲမှာ အစာမကြေသေးဘူး သမီးလည်း မြင်တဲ့အတိုင်းပဲ သူက ရေတွေ ဒီလောက်သောက်နေမှတော့ သိပ်မကြာခင် သန့်စင်ခန်းကို အလောတကြီး သွားရလိမ့်မယ် ဒါပေမယ့် ဒီအိမ်ရဲ့ ဘယ်နေရာမှာ သန့်စင်ခန်း ရှိနေသလဲဆိုတာကတော့ ... သူမသိနိုင်ဘူးလေ ..." 


သူက ဘဝင်ခိုက်နေဟန်ဖြင့် ပြောလိုက်သည်။ 


"သန့်စင်ခန်း ရှာမတွေ့တာကို ထိုင်ကြည့်ချင်ရုံနဲ့ပဲ ကြယ်တာရာမြက်လက်ဖက်ရည်ကို တိုက်လိုက်တယ်ပေါ့ ဟုတ်လား ..." 


ကျောက်လင်းယွီက မေးလိုက်သည်။ 


ဒီမစ္စတာဖန်းကတော့ တော်တော်ကို ပြဿနာ ရှာတာပဲ မူခါ့သီကြောင့်နဲ့ပဲ သူ့ရဲ့ တန်ဖိုးအကြီးဆုံး ပစ္စည်းတွေ အကုန်လုံးကို အခန်းထဲ တမင်တကာ ထည့်ထားတဲ့အပြင် သူ့တပည်တွေ ပေးထားတဲ့ မက်ခါတွေပါ ထည့်ထားလိုက်သေးတယ် ဈေးကြီးလား ချိုလားလည်း မသိ သင့်တော်လား မသင့်တော်လားလည်း မသိနဲ့။ ဒါတင် မကသေးဘူး သူစုဆောင်းထားတဲ့ ကြယ်တာရာမြက်တွေကိုတောင် မူခါ့သီကို လက်ဖက်ရည်လုပ်‌တိုက်ဖို့ဆိုပြီး ဖယ်ထားလိုက်သေးတယ် ... 


အိုး ... ဒါနဲ့ ပြောရရင် ဟိုအိမ်အကူစက်ရုပ်ကလည်း Crohn ဆီကနေ ရလာတာလို့ ပြောရမယ် သဲအိတ်လိုမျိုး တစ်ခါ သုံးပြီးကတည်းက သေတ္တာထဲ ထည့်သိမ်းထားတာတဲ့ အကြာကြီး မသုံးဘဲ ပစ်ထားလို့ထင်တယ် လှုပ်ရှားမှုတွေက နည်းနည်း တင်းတောင့်နေတယ် ... 


"သူက ငါ့သမီးအတွက် သင့်တော်ပါတယ်လို့ မပြောခဲ့ဘူးလား ..."


မစ္စတာဖန်းက ချက်ခြင်းလက်ငင်း ပြန်ပြောလိုက်သည်။ 


"ဟုတ်ပါပြီ ဖေဖေရေ သူ့ကို သွားတွေ့ကြရအောင်ပါ ..." 


မူခါ့သီမှာ စကားအနည်းငယ်မျှဖြင့် ဆွဲခေါ်ခံလာရသည့်အတွက် ကျိန်းသေ စိတ်ရှုပ်ထွေးနေမည်ဖြစ်သည်။ 


"မင်းမျက်လုံးထဲမှာ မင်းယောက်ျားပဲ မြင်နေတယ် ဒီအဖေကြီးကိုတော့ စိတ်ကူးထဲတောင် မရှိတော့ဘူးပေါ့ ..." 


မစ္စတာဖန်းက သမီးဖြစ်သူကို ဝမ်းနည်းပမ်းနည်းဖြင့် ပြောလိုက်သည်။ 


"ဖေဖေ့ ..." 


နီယာက ခိုကိုးရာမဲ့စွာ ‌လှမ်းခေါ်လိုက်သည်။ 


"ကောင်းပြီ ကောင်းပြီ အဖေနဲ့အတူ သူ့ကို သွားတွေ့ကြတာပေါ့ ..." 


သူက ပြောလိုက်သည်။ 


သားအဖနှစ်ဦးသား ခပ်သုတ်သုတ် ထွက်သွားလိုက်ကြသော်ငြား ရမ်ရှန့်နှင့် ကျောက်လင်းယွီတို့က နောက်နား‌တွင်သာ ရပ်နေခဲ့လိုက်သည်။ မစ္စတာဖန်း၏ မိသားစုတွင် ကိုင်တွယ်စရာ အရေးကိစ္စများစွာ ရှိနေသေးသည့်အတွက် သူတို့အနေဖြင့် နောက်ကလိုက်သွားရန် မလိုအပ်ချေ။ 


‌ယောက္ခထီးကို တွေ့ပြီးနောက် မူခါ့သီ ပြောလိုက်သည့် ပထမဆုံးစကားမှာ ... 


"သန့်စင်ခန်းက ဘယ်နားမှာလဲ မသိဘူးဗျ ..." 


ထို့နောက်မှသာ သူ့ရှေ့တွင် ရပ်နေသူကို သတိပြုမိသွားတော့သည်။ 


"မစ္စတာဖန်း ..." 


မူခါ့သီသည် သာမန်ပြည်သူသာ ဖြစ်သော်ငြား လောယာအင်ပါယာ၏ လူပေါင်းများစွာကိုတော့ သိနေပါသေးသည်။ မစ္စတာဖန်းသည် အင်ပါယာ၏ ပထမဆုံး မက်ခါပညာရှင်အဖြစ် ကျော်ကြားပြီး သူ့သမီးမှာလည်း မင်းသားချပ်မင်၏ ကြင်ယာတော် ဖြစ်ခဲ့ဖူးသည့်အတွက် သူ့ကို မသိနိုင်ရန်အကြောင်း မရှိပေ။ 


မူခါ့သီသည် သူငယ်ရွယ်စဉ်က မက်ခါတိုက်ခိုက်သူတစ်ဦး ဖြစ်ကာ မစ္စတာဖန်းထံမှ မက်ခါတစ်စီး ရလာနိုင်ရန်ပင် စိတ်ကူးယဉ်ခဲ့ဖူးသေးသည်။  


ထိုအိပ်မက်ကို လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းကတိုင် စွန့်လွှတ်လိုက်ပြီး ဖြစ်သော်ငြား မစ္စတာဖန်းနှင့် တွေ့ခွင့်ရလိမ့်မည်ဟု လုံးဝ ထင်မှတ်ထားပေ။ 


မူခါ့သီက သူ့ကို လေးစားအားကျသည့် အကြည့်တို့ဖြင့် စိုက်ကြည့်နေလိုက်သည်။ ထို့နောက်တွင်မှ ငွေရောင်ဆံပင်၊ ပိန်သွယ်သော်ငြား လှပသည့် အမျိုးသမီးကို သတိပြုမိသွားတော့၏။ 


ထိုမျက်နှာမှာ ကြင်ယာတော်ဟောင်း၏မျက်နှာ ဖြစ်သော်ငြား တစ်ချိန်တည်းတွင်ပင် သူ့ဇနီးဟု ခံစားနေရပေသည်။ 


သူက သတိလက်လွတ်ဖြင့် မစ္စတာဖန်း၏ သမီးကို အနားသို့ ဆွဲခေါ်လိုက်မိတော့သည်။ 


"ဒူနီယာ ဘာလို့ မျက်နှာကို ပြောင်းပစ်ရတာလဲ ပြီးတော့ ဘာလို့ သူ့ကို တွဲထားရတာလဲ ..." 


ထိုသို့ပြောကာ မစ္စတာဖန်းကို မနှစ်မြို့ဟန်ဖြင့် ကြည့်လိုက်သည်။ ယခင်က လေးစားခဲ့မှုများမှာမူ ... 


သူ့ဇနီးကို လုယူချင်တဲ့သူ ဘယ်သူမဆို ရန်သူပဲ ... 


"သူက ကျွန်မရဲ့ အဖေပါ ..." 


ဒူနီယာက သူ့ကို တံခါးတစ်ချပ်အနီးသို့ ဆွဲခေါ်သွားလိုက်သည်။ 


"သန့်စင်ခန်းက ဒီမှာ ..." 


ထိုသူနှင့်အတူ သန့်စင်ခန်းထဲ လိုက်သွားတော့မည့် သမီးဖြစ်သူကို တွေ့လိုက်ရသည့်အတွက် မစ္စတာဖန်းလည်း အမောတကောဖြင့် တားမြစ်လိုက်သည်။ 


"နီယာ သူက သန့်စင်ခန်း သွားမလို့လေ ဘာလိုက်လုပ်မှာလဲ မြန်မြန် ပြန်လာခဲ့ ..." 


နီယာက သူ့ကို ပြောစရာစကားပင် မရှိတော့ဟန်ဖြင့်သာ စိုက်ကြည့်လိုက်တော့၏။ သူမနှင့် မူခါသီတို့ အတူတူရှိခဲ့ကြသည်မှာ ဆယ်နှစ်ကျော်နေပြီဖြစ်ရာ သူမ သန့်စင်ခန်း ဝင်ချိန်တွင် မူခါ့သီက သွားတိုက်နေတတ်ပြီး သူ သန့်စင်ခန်းဝင်ချိန်တွင်လည်း သူမက အနားတွင် ရှိနေတတ်သဖြင့် သန့်စင်ခန်း အတူတူဝင်ခြင်းမှာ ရေးကြီးခွင်ကျယ် မဟုတ်ချေ။ 


မစ္စတာဖန်းမှာလည်း သမီးဖြစ်သူ၏ အခြေအနေကို တွေးမိသွားသည့်အတွက် ပို၍ပင် ဝမ်းနည်းလာရတော့၏။ 


သူက ဝမ်းနည်းရုံမျှသာ ဖြစ်သော်ငြား သန့်စင်ခန်းထဲရှိ မူခါ့သီမှာမူ အံ့ဩလွန်း၍ ဘောင်းဘီချွတ်ရန်ပင် မေ့နေခဲ့တော့သည်။ 


သူ့ဇနီးက ဘာလို့ မျက်နှာပြောင်းပစ်ပါလိမ့်လို့ အံ့ဩနေခဲ့ပေမယ့် ကြည့်ရတာ အဲဒါကမှ သူမရဲ့မျက်နှာအစစ် ဖြစ်မယ်ထင်တယ် ... 


သူမရဲ့ မျက်နှာက ကြင်ယာတော်ဟောင်းရဲ့ မျက်နှာကြီး ... မစ္စတာဖန်းမှာ သမီးတစ်ယောက်ပဲ ရှိပြီးတော့ မစ္စတာဖန်းက သူ့ဇနီးရဲ့ အဖေဆိုတော့...  သူက ကြင်ယာတော်ဟောင်းနဲ့ လက်ထပ်ခဲ့မိတာလား ဒါဆို သူ့ဇနီးကို စွန့်ပစ်ရုံတင်မကဘူး အိမ်ကပါ ကန်ထုတ်ခဲ့တယ်ဆိုတဲ့ ဆန်ကုန်မြေလေးကောင်ဆိုတာက မင်းသားချပ်မင်ပေါ့ ဟုတ်လား  ... 


မင်းသားချပ်မင်က လူကောင်းလို့ တွေးခဲ့မိပေမယ့် တကယ်တမ်းတော့ အလကား ငါးဆားနူကောင် ဖြစ်နေတာပဲ ... 


ရုပ်ပိုင်းဆိုင်ရာ ပြဿနာကို ဖြေရှင်းပြီး၊ လက်ကို ဆေးကြောပြီးမှသာ မူခါ့သီမှာ သန့်စင်ခန်းတံခါးကို မပိတ်ခဲ့မိကြောင်း သတိရသွားတော့သည်။ သူ့ဇနီးနှင့် ယောက္ခထီးသည် မနီးမဝေးတွင် ရပ်နေကြ‌ဆဲဖြစ်သည်။ 


သတိမမူမိစွာဖြင့်ပင် သူက ရေစိုနေသော လက်ကို မစ္စတာဖန်းထံ ကမ်းပေးလိုက်‌မိတော့သည်။ 


"အဖေ မင်္ဂလာပါ ..." 


မစ္စတာဖန်းက သူ့ကို စိုက်ကြည့်ကာ သူ့လက်တို့ကို ထိတော့မည် ပြုပြီးကာမှ ဘေးဘက်ကို ညွှန်ပြလိုက်သည်။ 


"အခြောက်ခံစက်က ဟိုနားမှာ ..." 


မူခါ့သီက သူ့သမီးအပေါ် အလွန်ကြင်နာပေးခဲ့သည့်အတွက် မစ္စတာဖန်းမှာ သူ့ကို ကျေးဇူးတင်နေမိလေသည်။ 


မူခါ့သီကလည်း သူကြိတ်မုန်းနေသည့် အချစ်ပြိုင်ဘက်မှာ မင်းသားချပ်မင်ဖြစ်နေသည့်အတွက် အံ့ဩသွားခဲ့သော်လည်း မစ္စတာဖန်းမှာ သူ့ယောက္ခထီးဖြစ်နေသည့် အချက်ကြောင့် မည်သည်ကိုမှ မတွေးနိုင်တော့ချေ။ ထိုသို့ဖြင့် မိသားစုတစ်ခုလုံး အဆင်ပြေပြေပြန်လည်ပေါင်းစည်းနိုင်သွားတော့သည်။ 


မစ္စတာဖန်းတွင် များများစားစား ပြောရန် မရှိသည့်အတွက် သမီးဖြစ်သူ၏ စကားများကိုသာ တိတ်တဆိတ် နားထောင်ပေးနေပြီး  နီယာကလည်း စကားကောင်းများကိုသာ ရွေးချယ်ကာ ပြောပေးလိုက်သည်။ 


"အခုကနေစပြီးတော့ ငါ့သမီးကို မင်းလက်ထဲ ထည့်လိုက်ပြီ ..." 


အတော်ကြာ နားထောင်နေပြီးနောက် မစ္စတာဖန်းက ကောက်ကာငင်ကာဖြင့် ပြောလိုက်သည်။ 


ထိုအကြောင်းကို ကြားလိုက်ရသည့် မူခါ့သီမှာ များစွာ စိတ်လှုပ်ရှားလာတော့သည်။ 


"အဖေ မစိုးရိမ်ပါနဲ့ ကျွန်တော် သူမကို အကောင်းဆုံး ဂရုစိုက်ပေးမှာပါ အဖေ နီယာက အာဟာရဆေးရည်ကိုလည်း သောက်ပြီးသွားပြီ‌ဆိုတော့ တစ်ဖြေးဖြေးချင်း ပြန်သက်သာနေပါပြီ ..." 


အာဟာရဆေးရည်အကြောင်း စကားစပ်မိသွားချိန်တွင် မူခါ့သီသည် အာဟာရဆေးရည် လိုက်ဝယ်နေတတ်သည့် မစ္စတာဖန်းကို တွေ့ဖူးသည့်အတွက် သူတို့ထံ ရောက်လာသော ဆေးရည်အကြောင်းကို ပြောပြလိုက်သည်။


"ငါသိတယ် မင်းတို့ကိုပေးပေးဖို့ တစ်ခြားတစ်ယောက်ကို တောင်းဆိုလိုက်တာလေ ..." 


" ဘယ်လို ..." 


မူခါ့သီက မေးလိုက်သည်။ 


ဆေးရည်ကို ဂရင်တန်က ပေးတာ မဟုတ်ဘူးလား ... 


"လာပါ မင်းတို့ကို လူတစ်ချို့နဲ့ မိတ်ဆက်ပေးမယ် ..." 


သူက ပြောလိုက်သည်။ 


မစ္စတာဖန်းနှင့် ဒူနီယာ၊ မူခါ့သီတို့ စကားပြောနေချိန်တွင် ရမ်ရှန့်နှင့် ကျောက်လင်းယွီတို့မှာလည်း သူမ၏ ခန္ဓာကိုယ်ကို ကုသရန် ဆွေးနွေးနေကြသည်။ 


နီယာ၏ အခြေအနေမှာ အလွန်ဆိုးရွားလှရာ မျက်နှာအားဖြည့်ဆေးလုံးနှင့် ချီအားဖြည့်ဆေးတို့ကို အချိန်ကြာ မှီဝဲသည့်တိုင် သက်သာလာရုံမှတစ်ပါး အပြည့်အဝ ပျောက်ကင်းမည် မဟုတ်သဖြင့် သူတို့အနေဖြင့် အခြားနည်းလမ်းကို စဉ်းစားရန် လိုအပ်လာပေတော့သည်။ 


"သားမှာ ပစ္စည်းကောင်းလေးရှိတယ် ..." 


သားကြီးက ရမ်ရှန့်ပေးထားသော သွေးစက်ကို နောက်တစ်ကြိမ် ထုတ်လာပြန်သည်။ 


ရမ်ရှန့်ရဲ့သွေး‌ကို ဘာလို့ တစ်ခြားသူစီ ပေးမှာလဲ ... 


ကျောက်လင်းယွီက ချက်ခြင်း ငြင်းပယ်လိုက်သည်။ 


"မရဘူး ..." 


"ဂျင်ဆင်းစေ့တွေ ပေးရင်ရော ..." 


ရမ်ရှန့်က မေးလိုက်သည်။ 


"အဲဒါက မင်းကလေးတွေလို့ ပြောခဲ့ဖူးတယ် မဟုတ်လား ..." 


ကျောက်လင်းယွီက မေးလိုက်သည်။ 


"ဒါဆိုလည်း ဘယ်လိုလုပ်ဖို့ တွေးထားလဲ ..." 


ရမ်ရှန့်က ပြန်မေးလိုက်သည်။ 


"မျက်နှာအားဖြည့်ဆေးလုံးပဲ ထပ်ပေးလိုက်ကြရအောင်ပါ ..." 


သူက ပြောလိုက်သည်။ ရမ်ရှန့် အထူးတလည် ဖော်စပ်ထားသည့် မျက်နှာအားဖြည့်ဆေးလုံးများ၏ အာနိသင်မှာ အင်မတန် ထူးကဲလှပေသည်။ 


"နှေးလွန်းတယ် ..." 


"ဒါဆိုရင်ရော ..." 


သားကြီးက အနီရောင် အပိုင်းအစလေးများကို ထုတ်ကာ မေးလိုက်သည်။ 


၎င်းတို့မှာ သူ၏ ဥခွံများဖြစ်သည်။ ကျန်ကလေးသုံးယောက်က ဥခွံထဲမှ ထွက်လာပြီးကတည်းကပင် စားလိုက်ကြပြီဖြစ်သော်ငြား သူကမူ ...


မြို့တော်ကြယ်တွင် ရှိစဉ်က ဥထဲမှ ထွက်လာရန် ကြိုးစားနေဆဲသာဖြစ်ကာ အကောင်မပေါက်ခင်မှာပင် အဝေးသို့ ခေါ်သွားခံလိုက်ရသည့်အတွက် ၎င်းတို့ကိုစားရန် အခွင့်မသာခဲ့ချေ။ ယခု ထိုဥခွံများကို ရမ်ရှန်ထံ ပေးလိုက်သည်။ 


၎င်းတို့မှာ ရမ်ရှန့်၏ သွေး၊ ဂျင်ဆင်းစေ့များနှင့် နှိုင်းယှဉ်၍ မရသော်ငြား ကျန်အရာများထက် များစွာ သာလွန်ပေသည်။ 


"သုံးလိုက် ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။


 ၎င်းတို့မှာ သူ့သား၏ ဥခွံများသာ ဖြစ်ရာ အခြားသူစားရန် ပေးလိုက်၍လည်း ကိစ္စမရှိပေ။ 


Xxxxxxx