အပိုင်း ၁၅၀
Viewers 18k

Chapter 150


မူခါ့သီနှင့် နီယာတို့သည် အထက်တန်းလွှာများအကြား ဖက်ဒရယ်နှင့် ပတ်သက်၍ ဆူညံပွက်လောရိုက်နေသည့်သတင်းကို သတိမပြုမိကြ‌သေး။ ထို့ကြောင့် ရမ်ရှန့်နှင့် ကျောက်လင်းယွီကို မြင်လိုက်ရချိန်တွင် အနည်းငယ် အံ့ဩသွားကြတော့သည်။ 


"အန်တီ ..." 


သားကြီးက ကျောက်လင်းယွီ၏ ရင်ခွင်ထံမှ ပြေးထွက်ကာ သူမအပေါ်သို့ ခုန်တက်လိုက်သည်။ သူသည်လည်း သူမ၏ အခြေအနေကို နားလည်ထားရာ လှုပ်ရှားမှုတို့မှာ အားပြင်းသည်ဟု ထင်ရသည့်တိုင် အမှန်တကယ်တွင်မူ အလွန်ညင်သာနေပေသည်။ 


"ကလေးလေး ..." 


နီယာမှာလည်း အချိန်ကာလတစ်ခုကြာ ဂရုစိုက်ပေးခဲ့ဖူးသည့် ကလေးကို ပြန်တွေ့ရသဖြင့် စိတ်လှုပ်ရှားလာတော့သည်။ သူ့နောက်တွင် ရပ်နေသော မူခါ့သီကမူ လက်နှစ်ဖက်ကို ပွတ်သပ်ကာ ဇနီးဖြစ်သူ၏ လက်ထဲမှ ကလေးကို ပွေ့ဖက်ရန် မစောင့်နိုင်တော့ချေ။ 


ဒါပေမယ့် ဒါကလည်း အတွေးသပ်သပ်ပါပဲ နီယာက အရမ်းသဘောကျနေတာကို ဘယ်လိုလုပ် သူမရဲ့ လက်ထဲကနေ လုရက်မှာလဲ ... 


မစ္စတာဖန်း၏ အကြည့်တို့မှာလည်း ပိုပြီး တောက်ပလာတော့၏။ သူ့သမီးနှင့် ထိုကလေး၏ ဆက်ဆံရေးမှာ ကောင်းမွန်ရာ သူသည်လည်း ထိုကလေးကို ဂရုစိုက်ပေးနိုင်လောက်မည်ဖြစ်သည်။ ထိုသို့ဆိုပါလျှင် သူ့ကို လောယာအင်ပါယာတွင် အတော်ဆုံးကလေးအဖြစ် ပျိုးထောင်ပေးချေမည်။ 


နေပါဦး ကလေးက ဖက်ဒရယ်နိုင်ငံသားပဲ ထင်တယ်နော် ... 


အဲ့ဒီလိုဆိုလည်း ဘာဖြစ်လဲ သူ့ကို သဘောကျတာက ကျတာပဲလေ ... 


သားကြီးမှာ စိတ်ဝင်စားမှုအားလုံးတို့၏ ဆုံမှတ်ဖြစ်လာသည့်အတွက် အားလုံးသည် မူလကိစ္စကို မေ့လျော့သွားကြတော့သည်။  သူ့သားဖြစ်သူမှာ အကျိုးအမြတ်ယူခံနေရသည့်အတွက် ကျောက်လင်းယွီသည် ခွန်အားနည်းပါးသည့် နီယာ့၏ လက်ထဲမှ သားကြီးကို အလွယ်တကူ ဆွဲယူလိုက်တော့၏။ 


သူ့အရပ်မှာ အလွန်ရှည်လျားလှရာသူနှင့် ယှဉ်ပါလျှင် သားကြီးမှာ အလွန်သေးကွေးသွားသည့်အတွက် သူ့လက်ထဲ ပါသွားပုံမှာ အင်မတန် သနားဖွယ်‌ ကောင်းလှပေသည်။ ထို့ကြောင့် ကျန်သုံးဦးက ကျောက်လင်းယွီကို မီးဝင်းဝင်းတောက်နေသော မျက်လုံးတို့ဖြင့် စိုက်ကြည့်လိုက်ကြတော့၏။ 


သူက တည်တည်ငြိမ်ငြိမ်ဖြင့် သားကြီးကို ဖက်နမ်းကာ လက်မောင်းတစ်ဖက်ပေါ် တင်ထားလိုက်လျှင် သားကြီးကလည်း သူ့ကို ချက်ခြင်း ပြန်ဖက်ကာ နီယာ့ကို ပြုံးပြလိုက်တော့သည်။ 


သူက မစ္စတာဖန်းနှင့် အခြားသူများကို ပြောလိုက်သည်။ 


"နီယာရဲ့ ခန္ဓာကိုယ်အကြောင်း ပြောစေချင်လား ..." 


"မင်းတို့က နီယာရဲ့ နာမကျန်းမှုကို ကုသနိုင်တယ်လား ..." 


မူခါ့သီက သူ့ကို အံ့ဩတကြီး မေးလိုက်သည်။ သူ့ဇနီးမှာ အလွန်သိမ်မွေ့လှသူ ဖြစ်ကာ ကျန်းမာရေး မကောင်းသည့်တိုင် သူ့အပေါ် ဂရုစိုက်မှုတို့ လစ်ဟင်းမသွားချေ။ ထို့ကြောင့် သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ အမြဲတမ်း နီးကပ်နေခဲ့ပေသည်။ 


သူမသာ ပြန်ပြီး သက်သာလာပါလျှင် သူ့ကို စွန့်ပစ်သွားနိုင်ပြီး သူမနှင့် လက်ထပ်ရန် မဖြစ်နိုင်တော့မှန်း သိထားသည့်တိုင် မူခါ့သီသည် သူမ ပြန်လည်သက်သာလာစေရန် မျှော်လင့်မိနေဆဲဖြစ်သည်။ 


"မင်းတို့တွေဆီမှာ ကုသနည်း ရှိတယ်မဟုတ်လား ဟိုတစ်ခေါက်က မင်းတို့ပေးတဲ့ ဆေးကြောင့်ပဲ နီယာ့ရဲ့ ခန္ဓာကိုယ်က မြန်မြန် ပြန်သက်သာလာတာလေ ..." 


"ကုသနည်း ရှိပါတယ် ..." 


ကျောက်လင်းယွီက ထိုသို့ပြောကာ မစ္စတာဖန်းကို လှည့်ကြည့်လိုက်သည်။ 


"မစ္စတာဖန်းအနေနဲ့ သူ့အိမ်ကို သီးသန့်မြေအောက်လမ်းကြောင်းနဲ့ ဆက်သွယ်ဖို့ ဆန္ဒရှိရဲ့လား မသိဘူး ..." 


အင်ပါယာကြယ်၏ မြေအောက်တွင် သယ်ယူပို့ဆောင်ရေးနှင့် ယာဉ်မောင်းနှင်ရေးအတွက် သုံးသော အများပြည်သူသုံး မြေအောက်လမ်းများသာမက သီးသန့်မြေအောက်လမ်းကြောင်းများလည်း ရှိနေပြီး  မိသားစုနှစ်ခုအကြား သီးသန့်လမ်းကြောင်းများကို ဆက်သွယ်လိုက်ပါလျှင် ပိုပြီး အဆင်ပြေလာမည်ဖြစ်သည်။ 


ကိတ်နှင့် Crohn တို့၏ စံအိမ်များကို ကျောက်လင်းယွီ၏ အိမ်နှင့် ဆက်သွယ်ထားပြီးဖြစ်ကာ ယခုအချိန်တွင် မစ္စတာဖန်းကိုပါ ထည့်သွင်းလိုလာတော့သည်။ 


"ဆန္ဒရှိတာပေါ့ ..." 


မစ္စတာဖန်းက ချက်ခြင်း သဘောတူလိုက်သည်။ သူ့ရှေ့တွင် ရှိနေသူများမှာ ဖက်ဒရယ်မှ ဖြစ်သော်လည်း သူ့သမီးသာ ပြန်လည်ကျန်းမာလာနိုင်ပါလျှင် အင်ပါယာမှ ခွဲထွက်ကာ တစ်စင်ထောင်သည့် အဓိပ္ပါယ် သက်ရောက်သည့်တိုင် ဖက်ဒရယ်နှင့် လိုလိုလားလား ပူးပေါင်းမည်ဖြစ်သည်။ သို့သော် အင်ပါယာသားတစ်ဦး ဖြစ်သည့်အလျောက် အင်ပါယာကို ထိခိုက်လာစေမည့် လုပ်ရပ်မျိုးကိုတော့ လုံးဝ လုပ်မည်မဟုတ်ချေ။ 


သီးသန့်မြေအောက်လမ်းကြောင်း တူးဖော်ခြင်းသည် အင်မတန် ရိုးရှင်းလှသော်ငြား ထောက်လှမ်းရေးစက်များကို တားဆီးနိုင်ရန်မှာမူ ခဲယဉ်းနေဆဲဖြစ်သည်။ 


မစ္စတာဖန်း၏ လက်ထဲတွင် မြေတူးသည့်စက်ရုပ် အမြောက်အများ ရှိသော်လည်း မြေအောက်လမ်းကြောင်းရှိနေကြောင်းကိုတော့ အပြည့်အဝ မဖျောက်ထားနိုင်ပေ။ ထိုနည်းပညာမှာ လောယာအင်ပါယာ၏ အစိုးရအဖွဲ့လက်ထဲတွင်သာ ရှိပေသည်။ 


သူ့အနေဖြင့် မစွမ်းဆောင်နိုင်သော်လည်း ကိတ်တစ်ယောက်လုံး ရှိနေသေးပေသည်။ 


သူသည် မက်ခါဖန်တီးရာတွင် မစ္စတာဖန်းကို မယှဉ်နိုင်သော်ငြား ကျန်အပိုင်းများတွင်မူ ပိုပြီး ထူးချွန်ပေသည်။ 


မစ္စတာဖန်း သဘောတူပြီး နောက်တစ်နေ့တွင် သူ့အိမ် မြေအောက်ခန်းထဲရှိ အချက်ပြသံမှာ ရုတ်တရက် ရပ်တန့်သွားကာ အခန်းအလယ်တွင် တွင်းပေါက်တစ်ခု ထွက်ပေါ်လာတော့သည်။


"ဘာတွေဖြစ်ကုန်တာလဲ ..." 


မစ္စတာဖန်းမှာ အေးခဲသွားကာ ချပ်မင် ဝင်လာပြီလားဟုပင် တွေးလိုက်မိတော့သည်။ 


နီယာကဲ့သို့ပင် ငွေရောင်ဆံပင်နှင့် အမျိုးသားတစ်ဦး ထွက်လာ၍သာ တော်ပေသေးသည်။ ထိုသူက ကဏန်းတစ်ကောင်ကဲ့သို့ လက်ရှစ်ဖက်ပါကာ ပစ္စည်းကိရိယာအမျိုးမျိုးကို သယ်ဆောင်ထားသော စက်ရုပ်ပေါ်တွင် ရပ်နေရင်း တွင်းထဲမှ တစ်ဖြေးဖြေး ထွက်လာလိုက်သည်။ 


အနီးနားရှိ လူများ၏ ထင်မြင်ချက်မှာလည်း ရုတ်ချည်းပင် ကောင်းမွန်သွားကြတော့သည်။ 


သူက တအားကို ချောတာပဲ ... 


သူ့အသားအရေမှာ အလွန်အကျူး ဖြူဖွေးကာ ဆံပင်တို့မှာလည်း ဆွတ်ဆွတ်ဖြူနေသော်ငြား ထိုအရာနှစ်ခုကို အတူယှဉ်တွဲကာ မြင်လိုက်ရချိန်တွင် ထင်မှတ်မထားလောက်အောင် လိုက်ဖက်ကာ အလွန် အထက်တန်းကျသည့် ရုပ်သွင်မျိုး ပေးစွမ်းနေသဖြင့် လူတိုင်း၏ အာရုံမှာ သူ့ထံသာ ကျရောက်သွားတော့သည်။ 


ထိုသူမျိုးမှာ အလွန် ထူးကဲသည်ဟု ဆို၍ရသော်လည်း သူ၏ အဝတ်ဖြူလွလွအောက်ရှိ ဝမ်းဗိုက်မှာမူ မြင်ရသူတိုင်းကို အထူးအဆန်း ဖြစ်စေသည်။ လက်လှမ်းနိုင်ရန် ခဲယဉ်းလှသည့် ရုပ်သွင်ပိုင်ရှင် အမျိုးသားကို ထိုကဲ့သို့ ကြီးမားလှသော ဝမ်း‌ဗိုက်နှင့်အတူ မြင်တွေ့ရသည်မှာ လက်မခံနိုင်ဖွယ်ရာပင် ဖြစ်သည်။ 


သို့‌သော် ထိုသူကမူ အလွန် အသားကျနေဟန်ပင်။ လက်တစ်ဖက်ကိုပင် ဗိုက်ပေါ်သို့ တင်ထားလိုက်သေးသည်။ အားလုံးကို လှည့်ပတ်အကဲခတ်ပြီးနောက် သူ့အကြည့်တို့သည် ကျောက်လင်းယွီထံ ကျရောက်သွားတော့သည်။ 


"လှိုဏ်ခေါင်းက အဆင်သင့်ဖြစ်ပြီ လုံခြုံရေးကွန်ယက်လည်း အဆင့်မြှင့်ပြီးပြီ ..." 


ရုတ်တရက် ရောက်ချလာသော အမျိုးသားက သူ့စကားများကို ရွှေကဲ့သို့ တန်ဖိုးထားကာ ချက်ခြင်း လှည့်ထွက်သွားရန် ပြင်လိုက်သော်ငြား အခြားသူများကတော့ သူ့ကို မှတ်မိလိုက်ပေသည်။


 မစ္စတာဖန်းက သူ့အိမ်ထဲရှိ တွင်းနက်ကြီးကို ကြည့်ကာ ပဟေဠိဖြစ်စွာဖြင့် ပြောလိုက်သည်။ 


"အမတ်ကိတ်ကတော့ အရင်လိုမျိုး ထူးဆန်းနေတုန်းပဲ ..." 


"အမတ်ကိတ်ကို ကြည့်ရတာ အလောတကြီး နိုင်လိုက်တာ သူက အရေးကြီးတာ တစ်ခုခု လုပ်နေလို့များလား ..." 


နီယာက မေးလိုက်သည်။ အင်ပါယာ၏ ဂုဏ်ယူရသော သမီးပျိုတစ်ဦး ဖြစ်ခဲ့ဖူးသည့် နီယာမှာလည်း ကိတ်နှင့် အဆက်အသွယ် ရှ်ိခဲ့ဖူးပေသည်။ 


"ဟုတ်တယ် ..." 


ကျောက်လင်းယွီက သာမန်ကာလျှံကာ ခေါင်းငြိမ့်ပြလိုက်သည်။ 


ကိတ်က အရေးကြီးတာတစ်ခုကို လေ့လာ ... မဟုတ်သေးဘူး Gerd ရဲ့ကလေးတွေကို လေ့လာနေတာလို့ ပြောရမလားပဲ ... ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကဆို Gerdဆီကနေ  ကလေးနှစ်ယောက်ရဲ့ ဆံပင်နည်းနည်းလောက် သွားတောင်းသေးတယ်ဆိုလားပဲ ... 


သူက သုတေသနကို အရူးအမူး စွဲလမ်းနေပေမယ့်စည်းမကျော်လာလို့ တော်သေးတာပေါ့ အဲ့ဒီ့စိတ်ဓာတ်လေး ရှိနေသေးလို့သာ သူ့ကလေးတွေကို အလွန်အကျူး ပစ်မှတ်ထားလာမှာ မပူရတာ ... 


ဒါပေမယ့် ကလေးတွေ သူ့ဘေးနားကို လေး‌ဘက်ထောက်ပြီး ရောက်လာတိုင်း မျက်လုံးစိမ်းကြီးတွေနဲ့ ကြည့်တာကတော့ တကယ်ကို ကြက်သီးထချင်စရာကြီး ... 


"အမတ်ကိတ်က ဘီယာဗိုက်ရှိတယ်လား ..." 


မစ္စတာဖန်း၏ အိမ်သို့ ရောက်ပြီးနောက် နီယာ၏ ဆင်ယင်ပေးခြင်းကို ခံထားရသော မူခါ့သီက တအံ့တဩ မေးလိုက်သည်။ 


နီယာမှာလည်း အနည်းငယ် ပဟေဠိဖြစ်သွားတော့၏။ 


"အမတ်ကိတ်က သာမန်ဘဝနဲ့ပဲ နေတဲ့အပြင် သူ့ကျန်းမာရေးကိုလည်း အများကြီး ဂရုစိုက်တာကို ဘယ်လိုလုပ် ဘီယာဗိုက် ရှိနိုင်မှာလဲ ဖြစ်ချင်းဖြစ် သူ့ဗိုက်ထဲမှာ တစ်ခုခု ဖွက်ထားလို့ပဲ ဖြစ်ရမယ် ..." 


ကိတ်တွင် ကိုယ်ဝန်ရှိနေကြောင်း သိထားသည့် မစ္စတာဖန်း၏ နှုတ်ခမ်းထောင့်စွန်းတို့မှာ ကော့တက်သွားသော်လည်း သမီးဖြစ်သူ၏ ခန္ဓာကိုယ်အကြောင်း တွေးမိသွားသည့်အတွက် ဘာမှ မပြောလိုက်တော့ချေ။ 


သူ့တွင်သာ သားတစ်ဦး ရှိခဲ့ပါလျှင် ကျောက်လင်းယွီထံမှ သန္ဓေတည်ဆေး တောင်းဆိုမိမည်ဖြစ်ပြီး အကယ်၍ ထိုသား၏ ကျန်းမာရေးမှာ မကောင်းမွန်လွန်ပင် မူခါ့သီအဖို့ မွေးဖွားရန် အဆင်ပြေပေလိမ့်မည်။ သို့သော် သူ့တွင် သမီးတစ်ဦးသာ ရှိနေရာ ...  အကြီးဆုံးသား(ရမ်ရှန့်ရဲ့သား) ရှိနေသေးသည့်အတွက် မြေးတစ်ယောက် ပိုင်ဆိုင်ထားရသလို ခံစားရ၍သာ တော်သေးသည်။ 


(သူပြောချင်တာကလေ သားရှိရင် အဲဒီ့သားနဲ့ မူခါ့သီကို ပေါင်းပြီး ကိုယ်ဝန်ဆောင်ခိုင်းလို့ရတယ် သမီးပဲ ရှိနေတော့ မရဘူးလို့ ပြောချင်တာထင်တယ် ပုံမှန်ဆို လိင်ကွဲမှ ကိုယ်ဝန်ရတာလေ အဲဒါကို သူက ကိတ်တို့၊ ကျောက်လင်းယွီတို့ကိုကြည့်ပြီး လိင်တူမှရမယ်ထင်သွားတာလား မသိဘူး) 


သူက သားကြီးကို လှမ်းပွေ့လိုက်တော့မည့်အချိန်တွင် ကိတ်တူးသွားခဲ့သော တွင်းပေါက်ထဲမှ သက်လတ်ပိုင်းအရွယ် ရွက်ကြမ်းရည်ကျို အမျိုးသားတစ်ဦး ထွက်လာပြန်၏။ 


ထိုသူ၏ ရုပ်ရည်မှာ သူ့ကို လူအုပ်ကြားထဲ‌ ရောနှောလိုက်ပါလျှင် မမှတ်မိနိုင်လောက်သည်အထိပင် သာမန်ဖြစ်လွန်းလှပေသည်။ သို့သော် သူသာ အပြင်ဘက်သို့ ထွက်လာပါလျှင် ကိတ်ထက်ပိုပြီး သိသာထင်ရှားနေမည်ဖြစ်သည်။ ထိုသူမှာ အပင်စွမ်းရည်ပိုင်ရှင် ဖြစ်ဟန်တူပေ၏။ နွယ်ပင်တစ်မျိုးကို စက်ဝိုင်းပုံဖြစ်အောင် ထိန်းချုပ်ထားကာ အလယ်တွင် သားကြီးထက် များစွာ ငယ်ရွယ်သေးသော ကလေးသုံးယောက်ကို သယ်လာသည်။


ထိုကလေးသုံးယောက်မှာ အသက်တစ်နှစ်ပင် ရှိသေးဟန်မတူ။ ဘောင်းဘီတိုကိုသာ ဝတ်ထားပြီး ဖြူဖွေးနေသည့် ဝမ်းဗိုက်နှင့် နူးညံ့သော ခြေလက်တို့ကို ထုတ်ဖော်ထားခြင်းမှာ အင်ပါယာ၏ အကျော်ကြားဆုံး ကလေးကြယ်ပွင့်ထက်ပင် ပိုပြီး ချစ်စဖွယ် ကောင်းနေပေသည်။ ထိုသုံးယောက်မှာ တစ်ထေရာတည်း မတူကြ။ သုံးမြွာပူးဟု သတိထားမိရုံလောက်သာ ဆင်တူကြပေသည်။ 


ကလေးတစ်ဦးတည်းကပင်လျှင် မစ္စတာဖန်းအဖို့ စိတ်လှုပ်ရှားလွယ်နေပြီဖြစ်ရာ ယခု သုံးယောက် ထပ်တိုးလာချိန်တွင် ... သူက စိတ်လှုပ်ရှားလွန်း၍ တုန်ယင်နေသော နှလုံးကို ဖိထားရင်း ကလေးများ သယ်ထားသော အကြီးအကဲထန့်ကို မီးဝင်းဝင်းတောက်နေသော မျက်ဝန်းများဖြင့် မေးလိုက်သည်။ 


"ဒီသရုပ်ပြစက်ရုပ် သုံးရုပ်ကို ဘယ်နေရာကနေ စိတ်ကြိုက်ဖန်တီးလာတာလဲ တကယ်ကို ချစ်စရာကောင်းလိုက်တာ ..." 


"ဖေဖေ့ ..." 


ဒုတိယသားက နွယ်ပင်ပေါ်မှ လျောဆင်းကာ ရမ်ရှန့်ထံ လေးဘက်ထောက်သွားလိုက်သည်။ 


"ဖေဖေက အစ်ကိုကြီးကို‌ပဲ ခေါ်သွားပြီး သားကို ချန်ထားခဲ့တယ် ..." 


ငိုချတော့မည့်ဟန်ဖြင့် ဒုတိယသားကို တွေ့လိုက်ရချိန်တွင် ရပ်နေသူအားလုံး၏ နှလုံးသားမှာ ထိရှနာကျင်သွားကြတော့သည်။ ထိုအချိန်တွင် စတုတ္ထသားကလည်း ခုန်ဆင်းလိုက်သော်လည်း သူ့အစ်ကိုကဲ့သိူ့ လေးဘက်မထောက်ဘဲ ပန်းရောင်သန်းနေသော မျက်နှာနုနုလေးနှင့်အတူ တစ်ရွေ့ရွေ့ လမ်းလျှောက်လာလိုက်သည်။ 


တတိယသားမှာမူ နွယ်ပင်ပေါ်တွင် တွဲလောင်းခိုနေဆဲဖြစ်သည့်အတွက် မစ္စတာဖန်းက သူ့ကို ပွေ့ဖက်ကာ စူးစမ်းနေလိုက်သည်။ 


"ဒီအပူချိန်က ... တကယ်ကို ကလေးတစ်ယောက်လိုပဲနော် လူတွေ မမှားရအောင် စက်ရုပ်တွေကို အမှတ်အသားတစ်ခု လုပ်ရမယ်လို့ စည်းကမ်းထုတ်ထားတယ် မဟုတ်ဘူးလား သူတို့က ဘာလို့ တူနေကြတာလဲ ..." 


တတိယသားမှာ ပျင်းရိသူဖြစ်သည့်တိုင် လူအိုကြီး၏ ကိုယ်ထိလက်ရောက် စော်ကားနေခြင်းကို ငြိမ်မခံလိုသည့်အတွက် မစ္စတာဖန်းက သူ့ပါးကို လိမ်ဆွဲလိုက်ချိန်တွင် လက်သေးသေးလေးဖြင့် ပြန်ရိုက်လိုက်သည်။ 


"ဒီအရုပ်က အားကောင်းလိုက်တာ ..."


ပါးပေါ်တွင် လက်ရာ‌သေးသေးလေး ထင်သွားသည့်တိုင် မစ္စတာဖန်းက ‌စူးစမ်းခြင်းကို မရပ်တန့်ပေ။ 


"..." 


ကျောက်လင်းယွီမှာ သူ့ကလေးများကို တစ်ခြားသူလက်ထဲမှ နောက်တစ်ကြိမ် ပြန်ဆွဲထုတ်လိုက်ရပြန်တော့သည်။ 


"အဲဒါ ကျွန်တော့်သား ..." 


"ဟမ် ..." 


မစ္စတာဖန်းက သူ့ကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။ 


"အကုန်လုံးက ကျွန်တော့်သားတွေ ..." 


သူက ရမ်ရှန့်ကို မျက်နှာချိုသွေးနေသော ဒုတိယသားနှင့် ရမ်ရှန့်ရင်ခွင်ထဲရှိ စတုတ္ထသားတို့ကို ညွှန်ပြရင်း ပြောလိုက်သည်။ 


"သူတို့က စက်ရုပ်တွေ မဟုတ်ဘူးလား ..." 


မစ္စတာဖန်းမှာ အခုအချိန်အထိ မယုံကြည်နိုင်သေး‌။ 


"မဟုတ်ဘူး ..." 


ကျောက်လင်းယွီ၏ မျက်လုံးထောင့်စွန်းတို့မှာ ကွေးတက်သွားတော့သည်။ 


"သူတို့က ကျွန်တော့်ရဲ့သားတွေ ..." 


တတိယသားက ကျောက်လင်းယွီ၏ ရင်ခွင်ထဲတွင် သက်တောင့်သက်သာရှိသော ကိုယ်နေဟန်ထားကို ပြောင်းလဲပြီးနောက် မျက်လုံးကို မှိတ်ထားလိုက်တော့သည်။ 

 


မစ္စတာဖန်း၏ မနာလိုအားကျမှုတို့မှာ ဖုံးကွယ်ခြင်းငှာ မစွမ်းသာတော့ချေ။ 


Xxxxxx