အပိုင်း ၁၅၁
Viewers 18k

Chapter 151


ကျောက်လင်းယွီက တကယ်ကို ကံကောင်းတာပဲ တစ်သက်လုံးနေလို့ ကလေးတစ်ယောက်မှ မရနိုင်တဲ့သူတွေတောင် ရှိနေတဲ့အချိန်မှာ သူက သုံးမြွာပူးနဲ့တူတဲ့ ကလေးသုံးယောက်အပါအဝင် စုစုပေါင်း လေးယောက် ရှိနေပြီ ... 


လေးယောက်လေ ...  စုစုပေါင်း လေးယောက်တောင်လို့ ... 


သူ့အနေနဲ့ ဒီကလေးတွေကို ကူထိန်းပေးမယ့်သူ လိုမှာ‌ သေချာတယ် ... 


"မူခါ့သီနဲ့ နီယာမှာ ဘာမှ လုပ်စရာမရှိဘူး မဟုတ်လား သူတို့အနေနဲ့ ကလေးထိန်းပေးဖို့ ဆန္ဒရှိလောက်လား ..." 


ကျောက်လင်းယွီက မေးလိုက်သည်။ သူနှင့် ရမ်ရှန့်မှာ ကလေးများအနားတွင်သာ တစ်နေ့လုံးတစ်ညလုံး နေမပေးနိုင်ရာ သူတို့ကို ထိန်းပေးမည့်သူတစ်ဦး ရှာလိုက်ခြင်းက ပိုပြီး သင့်တော်ပေလိမ့်မည်။ 


ကလေးများ၏ ဖွဲ့စည်းပုံမှာ ရမ်ရှန့်နှင့် တစ်ထေရာတည်း တူနေမည်ကို စိုးရိမ်သဖြင့် တိတ်တဆိတ် စစ်ဆေးခဲ့သေးသော်ငြား အာဟာရပြည့်ဝကာ အနည်းငယ်သာ တူနေကြောင်း တွေ့လိုက်ရသဖြင့် စိတ်သက်သာရာ ရသွားတော့သည်။ 


"ရှိတာပေါ့ ..." 


ပျော်စရာကိစ္စတွေက ဆိုင်းမဆင့် ဗုံမဆင့်ကို ရောက်ချလာတာပဲ ... 


နီယာနှင့် မူခါ့သီက ပြိုင်တူ ပြောလိုက်ကြသည်။ 


"စုစုပေါင်း ကလေးလေးယောက်ရှိတော့ နည်းနည်းလေး ဒုက္ခများလိမ့်မယ်ထင်တယ် ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


အကြီးဆုံးသားမှာ နားလည်နေပြီဖြစ်ကာ တတိယနှင့် စတုတ္ထသားတို့မှာလည်း ဂရုစိုက်ပေးရန် လွယ်ကူလှပေသည်။ အကြီးဆုံး ပြဿနာမှာ ရမ်ရှန့်၏ နားကို ကိုက်နေသော အစားမက်သည့် ဒုတိယသားပင်ဖြစ်သည်။ သူ့ကို နီယာ့ရင်ခွင်ထဲ ထည့်ကာ ကျောက်လင်းယွီက အလေးအနက် ပြောလိုက်သည်။ 


"မဟုတ်တာ ကလေးဘယ်လောက်များများ ကိစ္စမရှိပါဘူး ဒါက ဒုက္ခများစရာမှ မဟုတ်တာ ..." 


မူခါ့သီက ရင်ဘက်ကိုပုတ်ကာ ကတိပေးလိုက်သည်။ နောင်တစ်ချိန်တွင် ထိုစကားပြောခဲ့မိသည့် သူ့ကိုယ်သူ ရိုက်နှက်လိုစိတ်များ ဖြစ်လာလိမ့်မည်ဟုတော့ မသိသေးချေ။


ကလေးများကို ကြည့်ရှုပေးမည့်သူ ရှာပြီးနောက် ရမ်ရှန့် ကျောက်လင်းယွီတို့သည် မစ္စတာဖန်းထံမှ မက်ခါကိုယူပြီး အင်ပါယာကြယ်ပေါ်ရှိ သူတို့ဝယ်ယူထားသော မြေပေါ်သို့ အကြီးအကဲထန့်၊ ကိတ်၏ ဓာတ်ခွဲခန်းထဲမှ ကန်ထုတ်ခံလိုက်ရသည့် Crohn တို့နှင့်အတူ ပြန်လာလိုက်ကြသည်။ 


ထိုမြေမှာ သူတို့နေထိုင်ရာနေရာနှင့် မဝေးလှသည့်အပြင် ဥမင်လှိုဏ်ခေါင်းများဖြင့်လည်း ဆက်သွယ်ထားသေးသည်။ အပြင်ဘက်ဆုံးတွင် ဇကာကျဲသဏ္ဍာန် အကာအကွယ်ဒိုင်းက ဖုံးအုပ်ထားပြီး အထဲတွင် အလုံပိတ်ဒိုင်းတစ်ခု ကာရံထားသေး၏။ အကာအကွယ်၏ အတွင်းထဲတွင် သီးခြားအမိုးမိုးထားသော နေရာ ရာပေါင်းများစွာ ရှိနေသေးပေသည်။ 


ထိုနေရာမှာ ဖက်ဒရယ်၏ ကျောက်မိသားစုစံအိမ်ရှိ ဆေးစိုက်ခင်းကို စံနမူနာယူကာ ဖန်တီးထားခြင်းဖြစ်ပြီး နေရာတစ်ခုစီတိုင်းတွင် သီးခြားအပင်တစ်မျိုးစီကို စိုက်ပျိုးထားသည်။ 


ကိတ်က ကျောက်လင်းယွီထံမှ ယူလာသော မျိုးစေ့များကို စိုက်ပျိုးရန် ကြိုးစားသော်ငြား မည်မျှပင် ကြိုးစားပါစေ အစေ့ပုံစံအတိုင်းသာ ရှိနေကာ ကျောက်လင်းယွီ ပေးလိုက်သည့် အပင်ပေါက်များမှာလည်း ညှိုးလျော်ခြောက်သွေ့သွားတော့သည်။ 


ကိတ်တွင် အပင်တို့ကို မစိုက်ပျိုးနိုင်ကြောင်း ဝန်ခံရုံမှတစ်ပါး ရွေးစရာမရှိတော့ချေ။ ထို့ကြောင့် ကျောက်လင်းယွီနှင့် ရမ်ရှန့်တို့ကို ဝင်ရောက်ခွင့် ပေးလိုက်ရတော့သည်။ 


လုံးဝ အပင်မပေါက်သည့် မျိုးစေ့များက နေရာတွင်ပင် ရုတ်ချည်း အညှောင့်ထွက်လာကာ ညှိုးလျော်နေသော အပင်များကလည်း ချက်ခြင်း လေယူရာယိမ်းနွဲ့ကာ လန်းဆန်းလာကြတော့သည်။ 


ဤရက်ပိုင်းအတွင်း ရောင်းရသမျှ အာဟာရဆေးရည် အားလုံးသည် ဤနေရာတွင် စိုက်ပျိုးထားသော ဆေးပင်တို့ဖြင့် အကြီးအကဲထန့်ကိုယ်တိုင် ဖော်စပ်ထားခြင်းဖြစ်သည်။ အာဟာရဆေးရည်အတွက်သာမက သန္ဓေတည်ဆေးနှင့် ချီအားဖြည့်ဆေးလုံးအတွက် လိုအပ်သည့် ဆေးပင်များကိုလည်း စိုက်ပျိုးထားပေသည်။ 


သို့သော် ထိုဆေးနှစ်မျိုးမှာမူ အာဟာရဆေးရည်နှင့်မတူဘဲ ရမ်ရှန့်တစ်ဦးတည်းကသာ ဖော်စပ်နိုင်ပေသည်။ ‌ရမ်ရှန့်က ဆေးပင်အများအပြားကို ရိတ်သိမ်းရင်း အစေ့အချို့ကို ရင့်မှည့်စေကာ ပြန်လည်စိုက်ပျိုးလိုက်သည်။ 


"ဒီဆေးပင်တွေက ဘာအတွက် သုံးတာလဲ ..." 


အကြီးအကဲထန့်က တအံ့တဩ မေးလိုက်သည်။ 


"ဒါတွေက ဒဏ်ရာကို သက်သာစေတဲ့နေရာမှာ သုံးတာ နီယာ့ကို ပေးမလို့လေ ..." 


ရမ်ရှန့်က ထိုသို့ပြောရင်း ဆေးပင်တို့ကို ယူကာ ကျောက်လင်းယွီကို လှမ်းမေးလိုက်သည်။ 


"သန္ဓေတည်ဆေး ဘယ်လောက် လိုအပ်လဲ ..." 


အာဟာရဆေးရည်ကို ဈေးကွက်ထဲတွင် ရောင်းချပြီးနောက သန္ဓေတည်ဆေး၏အလှည့်သို့ ရောက်လာခဲ့ချေပြီ။ 


"အခု ရိတ်သိမ်းထားတဲ့ ဆေးပင်တွေနဲ့ဆို ဘယ်လောက်လောက် ရနိုင်လဲ ..." 


ကျောက်လင်းယွီက မေးလိုက်သည်။ 


"၇၀ ၈၀ လောက်ပေါ့ ..." 


ရမ်ရှန့်က ပြောလိုက်သည်။


ဤကမ္ဘာမှာ အလွန်ဆန်းကြယ်လှပေသည်။ အပူချိန်ကို အလိုရှိသလို ချိန်ညှိနိုင်ကာ ပတ်ဝန်းကျင်ကိုလည်း စိတ်ကြိုက် ဖန်တီးနိုင်သည့်အပြင် စိတ်ဝိဉာဉ်ဆေးပင်အားလုံးကိုလည်း ဆန္ဒရှိသလောက် စိုက်ပျိုးနိုင်ပေသည်။ ကျင့်ကြံရေးလောကတွင်ပင် ရှာတွေ့ရန် ခဲယဉ်းလှသည့် ဆေးပင်များကို ပမာဏ အများအပြား စိုက်ပျိုးထားသည့် မြင်ကွင်းမှာ အလွန် အံ့ဩဖွယ် ကောင်းလှပေသည်။ 


"ဒါဆို ကိုယ့်ကို ၅၀ ပေး ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ ၅၀ ကို ဧကရာဇ်ထံပေးကာ ကျန်အချို့ကိုမူ စီးပွားရေးအတွက် ... ဆေး၏ အာနိသင်ကို ပိုပြီး အံ့ဖွယ်ကောင်းစေရန်အလို့ငှာ သူ့အနေဖြင့် ကောင်းစွာ အကွက်ချရမည်ဖြစ်သည်။ 


"ကောင်းပြီလေ ..." 


ရမ်ရှန့်က ခေါင်းငြိမ့်ပြလိုက်သည်။ 


သူ့တွင် အဂ္ဂိရတ်မီးတောက်လည်းမရှိ၊ စိတ်ဝိဉာဉ်ကျောက်တုံးလည်း မရှိ၊ မီးပြင်းဖိုလည်း မရှိသည့်အတွက် ဆေးဖော်စပ်ရန် နည်းပညာမြင့် ပစ္စည်းများကိုသာ အသုံးပြုနေရပေသည်။


 အာဟာရဆေးရည် ရောင်းချငွေထဲမှ အနည်းငယ်ထုတ်ကာ သူ့ဆရာ၏ မီးပြင်းဖိုနှင့် တစ်ထပ်တည်းတူသော မီးဖိုတစ်ခုကို ဖန်တီးပြီး ဆေးဖော်စပ်ခြင်းကို စတင်လိုက်တော့သည်။ 


ထိုအချိန်တွင် အင်ပါယာကြယ်၏ မီးဖိုချောင်းသုံးပစ္စည်း အထူးပြု စက်ရုံရှိ အလုပ်သမားနှစ်ဦးက အကြိတ်အနယ် ဆွေးနွေးနေကြသည်။ 


"ဟေး မင်းလည်း ဟိုတစ်ခေါက်က ထူးဆန်းတဲ့အိုးကြီးကို တွေ့လိုက်တယ် မဟုတ်လား ဘယ်လိုလူကများ မှာလဲ မသိဘူးနော် အဲဒါက စွတ်ပြုတ်လုပ်ဖို့ပဲ ကောင်းတဲ့ဟာကို ထူးထူးဆန်းဆန်းကြီး လုပ်ရတာလဲ မသိဘူး ..." 


"ထူးဆန်းရုံတင် မကဘူး အမြင့်ဆုံး အပူချိန် ခံနိုင်စွမ်းရည်ကလည်း တော်တော်ကို မြင့်တာကွ ... မီးတောက်နီဖွတ်ရဲ့ အရေခွံကို ချက်မလို့လား မသိဘူး ..." 


"ဒါမှမဟုတ် ကျောက်တုံးတို့ ဘာတို့ကို အရည်ကျိုမှာများလား အဲဒီ့အိုးအတွက် သုံးထားတဲ့ ကုန်ကြမ်းတွေက သာမန်မဟုတ်ဘူးနော် ဒီလိုအိုးမျိုးနဲ့ ချက်နိုင်တယ်ဆိုတော့ သူက အဆင့်မြင့် မီးစွမ်းရည်ပိုင်ရှင်ပဲ ဖြစ်ရမယ် ..." 


"သတ္ထုစွမ်းရည်ပိုင်ရှင်ဆိုရင်လည်း အိုးရဲ့ အပူချိန်ကို အမျိုးမျိုး ချိန်ညှိလို့ရပါတယ် ကြည့်ရတာတော့ အဆင့်မြင့်စွမ်းရည်ပိုင်ရှင်တွေက သူတို့ရဲ့ သတ္ထုစွမ်းရည်ကို လေ့ကျင့်ချင်လို့ထင်တယ် ..." 


"ဒါပေမယ့် သတ္ထုစွမ်းရည် ပိုပြီး သန်မာလာအောင် လေ့ကျင့်ချင်ရင် ဘာလို့ မက်ခါကို မသုံးတာလဲ လေ့ကျင့်ဖို့အရေး မက်ခါတစ်စီးစာလောက် ငွေကုန်ခံပြီး အိုးလုပ်နေသေးတယ်  ..." 


"..." 


ရမ်ရှန့်ကတော့ ထိုထင်ကြေးများကို မသိချေ။ ထိုအချိန်တွင် သူသည် ထိုအိုးကို အသုံးပြုကာ သန္ဓေတည်ဆေး ဖော်စပ်နေပြီဖြစ်သည်။ 


သူ့လက်ရည်က တစ်နေ့တစ်ခြား ပိုတိုးတက်လာတာပဲ ... 


ဆေးလုံးများကို စက်ဖြင့် ထွင်းထုထားသော အလွန်လှပသည့် ပုလင်းများထဲသို့ ထည့်လိုက်သည်။ ရမ်ရှန့်က ဆေးပင်အမျိုးမျိုးကို ယူကာ ၎င်းတို့ကို ဆက်ပြုတ် ... ဆေးဖော်ရန် အသုံးပြုလိုက်သည်။ 


လောယာအင်ပါယာ၏ ဆေးပြင်းဖိုသည် စိတ်စွမ်းအင်များကို အလိုအလျောက် မထောက်ပံ့ပေးသည့်အတွက် ရမ်ရှန်မှာ ဆေးလုံးများကို သူကိုယ်တိုင် ဖော်စပ်ရပေတော့သည်။ ထို့ကြောင့် ဆေးလုံး ၇၀ လုံး ဖော်စပ်နိုင်ရန် ရက်ပေါင်းများစွာ အချိန်ယူခဲ့ရသည်။ 


ထို့နောက် အလုံး ၅၀ ပါ အုပ်စုတစ်စုနှင့် အလုံး ၂၀ ပါ အုပ်စုတစ်စု ခွဲထားလိုက်၏။ အနည်းငယ် စဉ်းစားပြီးနောက် သူပြင်ဆင်ထားသော ‌ဆေးများကို ထုတ်ကာ ဂျင်ဆင်းစေ့အနည်းငယ်နှင့်အတူ ရောကြိတ်ပြီး ၎င်းတို့ကို ဆေးငါးလုံးနှင့် တိုက်ရိုက်ပေါင်းစပ်လိုက်သည်။ 


သူ့ဂျင်ဆင်းစေ့များ၏ အာနိသင်မှာ အလွန်ထူးခြားလှသည့်အတွက် ၎င်းတို့ကို ပြန်လည်သန့်စင်ရန် မလိုအပ်ချေ။ ထို့နောက် ဆေးလုံးဖြစ်လာစေရန် သကြားမှုန့်များ ဖြူးလိုက်သည်။ ဆေးလုံး၏ အာနိသင်မှာ အလွန်ကောင်းမွန်သော်ငြား အနည်းငယ် ပြင်းထန်သည့်အတွက် နီယာကို စားရန် တိုက်ရိုက်ပေးလိုက်၍ မရချေ။ 


အားလုံးကို ထုတ်ပိုးပြီးနောက် ဘေးအခန်းတွင် မျက်နှာအားဖြည့်ဆေးလုံး ဖော်စပ်နေသော အကြီးအကဲထန့်ထံသွားကာ ဆေးမှုန့်အချို့ တောင်းလိုက်သည်။ 


နီယာအဖို့ မျက်နှာအားဖြည့်ဆေးလုံး များများစားလေလေ ပိုပြီး အကျိုးထူးလေဖြစ်သည်။ သူမက ကလေးများကိုလည်း အလွန်နှစ်သက်ရာ ရမ်ရှန့်သည် မျက်နှာအားဖြည့်ဆေးမှုန့်နှင့် ချောကလက်တို့ကို ရောနှောကာ ထိုင်နေ၊ မတ်တပ်ရပ်နေသော ကလေးပုံစံ ချောကလက်အရုပ်များစွာကို ဖန်တီးလိုက်သည်။ ထို့နောက် သန္ဓေတည်ဆေး၊ ချောကလတ်အရုပ်များနှင့်အတူ မစ္စတာဖန်းရှိရာသို့ ထွက်လာလိုက်တော့သည်။ 


"ဖေဖေ့ ..." 


သူနှင့် ရက်အတော်ကြာ မတွေ့ရသေးသည့်အတွက် ကလေးလေးယောက်လုံးက တစ်ဟုန်ထိုး ပြေးထွက်လာကြသည်။ ရုပ်ပိုင်းဆိုင်ရာ ပိုပြီး အားသာသည့်အတွက် အစောဆုံးရောက်လာသော သားကြီးက သူ့လက်မောင်းထဲ ခုန်ဝင်ရန် ပြင်လိုက်သော်ငြား နောက်မှ ပြေးလိုက်လာသော ညီသုံးယောက်ကို ပြန်တွေးရင်း နေရာတွင်သာ ရပ်တန့်လိုက်တော့သည်။ 


ရမ်ရှန့်က ဖခင်ကို ညီသုံးဦးထံမှ လုယူရန် မဝံ့မရဲဖြစ်နေသည့် သားကြီးကို ပွေ့ချီကာ သူ့ခေါင်းပေါ် တင်ပေးလိုက်ပြီး ကျန်ကလေးသုံးယောက်ကို ရင်ခွင်ထဲ ဆွဲပွေ့ထားလိုက်တော့သည်။ 


ကလေးလေးယောက်လုံးကို ဖက်ထားရတာ တကယ်ကို ပျော်စရာကောင်းတဲ့ကိစ္စပဲ ... 


နီယာနှင့် မူခ့ါသီတို့၏ အားကျစိတ်များမှာ ဖုံးဖိထား၍ပင် မရနိုင်တော့ချေ။ ဒီရက်ပိုင်းအတွင်း ကလေးများကို သူတို့က ဂရုစိုက်ပေးနေသော်ငြား သူတို့နှင့် ရင်းနှီးပြီးသား သားကြီးမှတစ်ပါး ကျန်ကလေးများက သူတို့နှင့် နီးနီးကပ်ကပ် မနေကြသည့်အပြင် ပွေ့ဖက်ခြင်းကိုလည်း လက်မခံကြပေ။ ထို့အပြင် ကလေးများမှာ အနည်းငယ် ဉာဏ်ကောင်းနေကြောင်းကိုပါ တွေ့လိုက်ရတော့သည်။ 


ဖက်ဒရယ်က ကလေးတွေကိုက ဒီလိုမျိုးပဲ အဖိုးတန်‌ကြတာလား မသိဘူး ... 


အဆုံးတွင်တော့ မူခါ့သီမှာ ကလေးထိန်းမဟုတ်ဘဲ ကလေးများ၏ စကားကို နားထောင်ပေးပြီး ဟိုဟိုသည်သည် ပြေးလွှားကူညီပေးရသော ဝါရင့် လက်တိုလက်တောင်းအလုပ်သမား ဖြစ်လာတော့သည်။ 


ဖြူဖျော့ပိန်ပါးနေဆဲဖြစ်သော နီယာက သူ့ထံသို့ တစ်လှမ်းချင်းလှမ်းကာ လျှောက်လာသည့်အတွက် ရမ်ရှန့်သည် သူမကို အနီရောင်ပွင့်ချပ်များ ပါဝင်သော ပန်းတစ်ပွင့်နှင့် သစ်ရွက်အချို့ ပါဝင်သော သစ်ကိုင်းတစ်ကိုင်းကို ပေးလိုက်သည်။ 


"အကုန် စားလိုက်နော် ..." 


"ဒီတိုင်းကြီး စားလိုက်ရမှာလား ..." 


သူမက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ 


အရွက်တွေ၊ ပွင့်ချပ်တွေ ဆိုတာကတော့ ထားပါ သစ်ကိုင်းကြီးကိုကျ ဘယ်လိုလုပ်ပြီး ဒီတိုင်းစားရမှာလဲ ... 


"မကိုက်နိုင်ရင် ကြိတ်ချေပြီး‌မှ စားလို့ရတယ် ..." 


ရမ်ရှန့်က ပြောလိုက်သည်။ 


နီယာလည်း အအေးဖျော်သည့် စက်တစ်ခုကိုရှာကာ အားလုံးကို စက်ထဲထည့်ပြီးနောက် ထူးဆန်းသောအရောင်ရှိသည့် ဖျော်ရည်တစ်ခုကို ဖျော်လိုက်တော့သည်။ 


"အဲဒါကြီးကို သောက်ရင် ဝမ်း‌မလျှောလောက်ပါဘူးနော် ..." 


မစ္စတာဖန်းက စိုးရိမ်တကြီး မေးလိုက်သည်။ 


"လျှောချင်လည်း လျှောမှာပဲ ..." 


နီယာက ပြီးခဲ့သည့်တစ်ခေါက် ဆေးသောက်ခဲ့စဉ်က ရေဓာတ်မလုံလောက်မှုကြောင့် ဝမ်းလျှောလုနီးပါး ဖြစ်ခဲ့သည်ကို ပြန်တွေးရင်း ပြောလိုက်သည်။ 


သို့သော် အချိန်အတော်ကြာ ဝမ်းလျှောခဲ့သည့်တိုင် ရမ်ရှန့်ကို ကျေးဇူးတင်မိဆဲဖြစ်သည်။ သူမသည် နှစ်ပေါင်းများစွာကြာ အသက်ရှည်စွာ နေထိုင်လိုသူဖြစ်သည်။ 


ထူးဆန်းသော အရသာရှိသည့် ဖျော်ရည်တစ်ဖန်ခွက်ကို အဆက်မပြတ် သောက်ရင်း သူမက ရမ်ရှန့်ကို ပြုံးပြလိုက်သည်။ 


"ကျေးဇူးတင်ပါတယ် ..." 


"ရပါတယ် ..." 


ရမ်ရှန့်က ပြောလိုက်သည်။ ထို့နောက် စက်ထဲရှိ ကပ်ကျန်နေသော ဖျော်ရည်များထဲသို့ ရေလောင်းထည့်ကာ ပေးလိုက်ပြန်သည်။ 


"မဖြုန်းတီးနဲ့ ..." 


နီယာသည် ဖျော်စက်တစ်ခုလုံး ပြောင်စင်သွားသည်အထိ ရေသုံးခွက် သောက်လိုက်ရကာ ပထမတစ်ခွက်ကိုပါ ထည့်ပေါင်းပါလျှင် လေးခွက်ဖြစ်သွားသည့်အတွက် ... ဝမ်းမလျှောသည့်တိုင် သန့်စင်ခန်းကိုတော့ အခေါက်ပေါင်းများစွာ သွားလိုက်ရသေးသည်။ 


သူမမှာ တစ်နေကုန် သန့်စင်ခန်းထဲတွင်သာ အခြေချနေထိုင်ရလုမတတ် ဖြစ်သွားခဲ့ပြီး အကြိမ်မည်မျှ ရှိနေပြီမှန်းပင် မခန့်မှန်းတတ်တော့ချေ။


ထို့ေနာက် သန့်စင်ခန်းထဲက ထွက်လာကာ အထူးတလည် ချက်ပြုတ်ပေးထားသော အသားဆန်ပြုတ်ကို ပန်းကန်အကြီးနှင့်တစ်လုံး ကုန်အောင်သောက်ပြီးနောက်တွင် နီယာသည် သန့်စင်ခန်းရှိရာသို့ တစ်ဖန်ပြေးသွားရပြန်သည်။ 


"ကောင်းလိုက်တာ သူမ အရွယ်ရောက်ပြီး လှချင်လာကတည်းက အများကြီးစားဖို့ ငြင်းတော့တာပဲ ... ဝတုတ်လေး ဖြစ်တုန်းကဆို အရမ်း ချစ်ဖို့ကောင်းတာကို ..." 


မစ္စတာဖန်းက အစောပိုင်းတွင် စိတ်ပူနေသေးသော်ငြား သူမ၏ ခန္ဓာကိုယ်မှာ တစ်ဖြေးဖြေး သက်သာလာသည့်အတွက် စိုးရိမ်ခြင်းကို ရပ်ကာ အစားအသောက်မျိုးစုံကိုသာ တက်တက်ကြွကြွ ပြင်ဆင်ပေးလိုက်တော့သည်။ 


သမီးဖြစ်သူကို ပျိုးထောင်နိုင်ရန် အလို့ငှာ သူသည် ချက်ပြုတ်နည်းများစွာကိုလည်း သင်ယူခဲ့သေးပေသည်။ 


Xxxxx