အပိုင်း ၁၅၂
Viewers 18k

Chapter 152


နောက်တစ်နေ့မနက်တွင် နီယာမှာ သန့်စင်ခန်းသို့ အခေါက်ပေါင်း မရေမတွက်နိုင်လောက်အောင် သွားခဲ့သည့်အတွက် ပိုပြီး ပိန်လှီသွားဟန် ရှိသော်ငြား စိတ်အခြေအနေကတော့ လန်းဆန်းတက်ကြွနေပေသည်။ သူမက မနက်စာကို ခပ်ဖြေးဖြေးသာ စားနေသည့်တိုင် ပမာဏမှာ မူခါ့သီထက်ပင် များပြားနေပေသည်။ 


"နီယာ ဘာထပ်စားချင်သေးလဲ အဖေ လုပ်ပေးမယ် ..." 


"သွားရည်စာလေး နည်းနည်းဆို ရပါပြီ ဗိုက်ဆာမှပဲ ‌နည်းနည်းချင်း စားလိုက်မယ်လေ ..." 


သူမက ပြောလိုက်သည်။ သူမ၏ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးချက်မှာ ယခင်ကဲ့သို့ပင် အခြေအနေဆိုးနေဆဲ ဖြစ်သော်ငြား အံ့ဩဖွယ်ကောင်းသည့်အချက်မှာ သူမ၏ အစာအိမ်နှင့် အူများသည် သာမန်သူများကဲ့သို့ ဖြစ်လာချေပြီ။ 


"သွားရည်စာလား ..." 


ရမ်ရှန့်က မေးလိုက်သည်။ 


"ကျွန်တော့်မှာ နည်းနည်းရှိတယ် ..." 


လောယာအင်ပါယာတွင် သိုလှောင်ရေးခလုတ်များ ရှိနေပြီဖြစ်ရာ ရမ်ရှန့်အဖို့ သူ၏ ချမ်ခွမ့်အိတ်ကို ဖုံးကွယ်ထားရန် မလိုတော့ပေ။ သေတ္တာတစ်လုံး ရုတ်ချည်း ထွက်ပေါ်လာကာ နီယာ့ကို ပေးလိုက်သည်။ 


"ဒါက ခင်ဗျားစားဖို့ တစ်နေ့ကို တစ်ခုစားနော် ..." 


ရမ်ရှန့်ပေးသမျှတိုင်းသည် သူမအတွက် ကောင်းမွန်သည်များသာဖြစ်ကြောင်း သိထားသည့်အတွက် နီယာလည်း ဝမ်းသာအာရနှင့် သေတ္တာကို လှပ်ကြည့်ပြီးနောက် နေရာတွင်ပင် အေးခဲသွားတော့သည်။ 


ဒီ ကလေးပုံစံ ချောကလကွလေးတွေက စားဖို့ ဟုတ်လား ဘယ်လိုစိတ်ကူးမျိုးနဲ့ စားနိုင်ရမှာလဲ ... 


ရမ်ရှန့်မှာ သူ့ကလေးများနှင့်သာ အများဆုံး ရင်းနှီးသည့်အတွက် ထိုချောကလက်ရုပ်များမှာ ကလေးလေးယောက်နှင့် များစွာ ဆင်တူလှပေသည်။ နီယာ၏ နှလုံးသားမှာ နူးညံ့ပျော့ပြောင်းသွားကာ ၎င်းတို့ကို စားခြင်းသည် အလွန်ရက်စက်ရာ ကျလိမ့်မည်ဟုပင် ထင်မိတော့သည်။ 


မစ္စတာဂရင်တန်က တကယ်ကို အံ့ဩစရာပဲ ... 


အခြားသူများမှာလည်း အနည်းငယ် ပြောစရာစကား မဲ့သွားကြတော့သည်။ ပထမဆုံး သတိပြန်ဝင်လာသည့် ကျောက်လင်းယွီက သေတ္တာကို ပြန်ဆွဲယူကာ ပြောလိုက်သည်။ 


"သူမကို အမှုန့်ပဲပေးပြီး ကိုယ့်ဘာသာကိုယ် ချောကလက် လုပ်ခိုင်းလိုက်လေ..." 


ဘာလို့ အချောသတ်ပြီးသားပစ္စည်းကို ပေးမှာလဲ သူတောင် ရမ်ရှန့်လက်နဲ့ လုပ်ထားတဲ့ ချောကလက် တစ်ခါမှ မစားဖူးသေးတာကို ဒါပေမယ့် သူ့ကလေးတွေကို စားဖို့ကလည်း ဝါသနာ မပါတော့ ... 


"ကျွန်တော် သွက်သွက်လေး လုပ်လိုက်မယ် ..." 


ရမ်ရှန့်က ပြောလိုက်သည်။ 


ကျောက်လင်းယွီက သူ့ပုံစံလုပ်ထားတဲ့ ချောကလက်တွေကို မကြိုက်မှန်း သိပေမယ့် နီယာကရော ဘာလို့ မကြိုက်တာလဲ ... 


"ဖေဖေ့ စားချင်လို့ ..." 


ဒုတိယသားက ချောကလတ်သေတ္တာကို ကြည့်ကာ သွားရည်တမြားမြား ကျလာတော့သည်။ 


"ဒီမှာ ..." 


ကျောက်လင်းယွီက သေတ္တာကို ကလေးများရှေ့သို့ အသာအယာ ချပေးလိုက်သည်။ 


ဒုတိယသားက မျက်နှာကြောတင်းတင်းနှင့် ချောကလက်ရုပ်ကို ပါးစပ်ထဲ ထိုးထည့်လိုက်သလို စတုတ္ထသားကလည်း သွားရည်တမြားမြားကျနေသော အရုပ်ကို ချက်ခြင်း ကောက်ဝါးလိုက်သည်။


 အကြီးဆုံးသားက ဒုတိယသားကို တိတ်တိတ်လေး ခိုးကြည့်ကာ လက်ချောင်းများကိုပင် ဝါးစားနေသည့် လောဘကြီးသော ကလေးရုပ်ကို တိတ်တိတ်လေး ယူလိုက်၏။ 


တတိယသားကသာ စိတ်ထားရိုးရှင်းကာ ရှေ့တွင်ရှိနေသည့် သူ့ပုံစံအတိုင်း လုပ်ထားသော အရုပ်ကို ယူလိုက်သည်။ သူနှင့် အဝေးတွင် ရှိနေသော အရုပ်များမှာမူ ခွန်အားစိုက်ထုတ်ကာ ယူရမည်ဖြစ်၍ ၎င်းတို့ကို မေ့ထားလိုက်တော့သည်။ 


"ဒီကလေးက ကျွန်တော်နဲ့ အတူဆုံးပဲ ကျွန်တော်ငယ်ငယ်ကလည်း တစ်နေကုန် အိပ်နေတာ  ..." 


ရမ်ရှန့်က ပြောလိုက်သည်။ 


ဒါဆို တတိယသားကမှ မင်းနဲ့ အတူဆုံးပေါ့ ဟုတ်လား ... 


ကျောက်လင်းယွီမှာ ဆွံ့အသွားရှာတော့သည်။ သူသည် ဒုတိယသားကသာ ရမ်ရှန့်နှင့် အတူဆုံးဟု ထင်ခဲ့သူဖြစ်၏။ သန့်စင်မြေအကြောင်း စကားစပ်မိတိုင်း ဖြစ်သွားတတ်သည့် ရမ်ရှန့်၏ မျက်နှာသည် ဒုတိယသားနှင့် တစ်ထေရာတည်းပင် ဖြစ်သည်။ 


ရမ်ရှန့်က ကလေးများ စားသောက်နေသည်ကို အနည်းငယ် ကြည့်ပြီးနောက် သေတ္တာကို ပြန်ဆွဲယူကာ မတူညီသည့်ဝေစုလေးခု ခွဲပေးလိုက်သည်။ စားသောက်ရာတွင် အနှေးဆုံးဖြစ်သော တတိယသားက ဝေစုအကြီးဆုံး ရသွားကာ လက်အသွက်ဆုံးဖြစ်သော ဒုတိယသားကမူ အနည်းဆုံးသာ ရပေသည်။ 


ကလေးများမှာ ရမ်ရှန့်၏ ထိုဝေစုခွဲပေးမှုကို အသားကျနေပြီဖြစ်ရာ ကိုယ့်ဝေစုကိုယူပြီး အေးအေးဆေးဆေး စားနေလိုက်ကြတော့သည်။ 


"ကလေးတွေက တကယ်ကို လိမ္မာတာပဲ တစ်ယောက်နဲ့တစ်ယောက် လုတာတွေ ရန်ဖြစ်တာတွေ မလုပ်ကြဘူးနော် ..." 


နီယာက သက်ပြင်းရှိုက်ကာ ပြောလိုက်သည်။


"ခင်ဗျားလည်း နည်းနည်းလောက် ယူလို့ရတယ်လေ ..." 


ရမ်ရှန့်က ပြောလိုက်သည်။ 


"ငါ့ရဲ့ ဒီခန္ဓာကိုယ်နဲ့ ဘယ်လိုလုပ် ကလေးရနိုင်တော့မှာလဲ ..." 


သူမက ခါးသီးစွာရယ်ရင်း ပြောလိုက်သည်။ 


သန္ဓေတည်ဆေးသောက်ပြီးရင် မွေးလို့ရပြီလေ ဒါပေမယ့် ခန္ဓာကိုယ်သက်သာလာ‌တဲ့အထိတော့ စောင့်ရဦးမှာပေါ့ ... 


သန္ဓေတည်ဆေးအကြောင်း စဉ်းစားရင်း သူက ကျောက်လင်းယွီကို လှမ်းကြည့်လိုက်သည်။ 


ဒီသန္ဓေတည်ဆေးတွေကို ဘယ်အချိန် သုံးချင်မလဲ မသိဘူး ... 


ကျောက်လင်းယွီကလည်း သူ့အကြည့်တို့ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် အတွေးတို့ကိုပါ ခန့်မှန်းမိသွားသည်။ 


"ကိုယ် ဒီနေ့ည အပြင်ထွက်စရာ ရှိသေးတယ် အိမ်မှာပဲ စောင့်နေနော် ..." 


"အိုကေ ..." 


ရမ်ရှန့်က ပြောလိုက်သည်။ 


....


အင်ပါယာကြယ်သည် လေထုညစ်ညမ်းမှု လုံးဝ မရှိသည့် လှပသော ဂြိုဟ်တစ်ခုဖြစ်သည်။ လေထုမှာ ညအချိန်တွင် အထူးလတ်ဆက်ကာ တစ်ခါတစ်ရံတွင် ဝိုင်းစက်နေသော လနှစ်စင်းနှင့် ကြယ်အပြည့်ဖြစ်နေသော ကောင်းကင်ကိုပင် တွေ့နိုင်ပြီး ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင်ပင် လှပသည်ဟု ဆိုစမှတ်ပြုကြသည်။ 


ထိုကဲ့သို့သော ကြယ်ရောင်လရောင်များကြောင့် နေ့အချိန်တွင် လူစည်းကားခဲသော နေရာများမှာ ညအချိန်တွင် ထူးထူးခြားခြား စည်ကားသိုက်မြိုက်နေပေသည်။ 


အင်ပါယာကြယ်တွင် ဝိုင်၊ စားစရာနှင့် ဖျော်ဖြေရေးကဏ္ဍတို့ အစုံအလင်ပါရှိသည့်ဘားများ အများအပြား ရှိကာ ထိုနေရာသို့ လာရောက်ကြသူများက ဝိုင်တစ်ခွက်ဖြင့် မိတ်ဖွဲ့ရင်း မျက်စိကျသူကို တွေ့ကြပါလျှင် အခန်းတစ်ခန်းယူရင်း သို့မဟုတ် အိမ်သို့ ခေါ်သွားရင်း တစ်ညတာကို ပျော်ပျော်ပါးပါး ကုန်ဆုံးလိုက်ကြသည်။ 


ဖက်ဒရယ်တွင်လည်း ဘားများသို့ လှည့်ပတ်သွားလာရင်း ချစ်သူရှာတတ်သူများ ရှိသော်ငြား ခြားနားချက်အနည်းငယ်တော့ ရှိနေသေးသည်။ ဥပမာအားဖြင့် ဤအင်ပါယာမှ လူများသည် ကိုယ်ဝန်တားဆေးသုံးရန် မလိုအပ်ချေ။ 


ကလေးကို အရူးအမူး လိုချင်နေကြသူများအဖို့ ကိုယ်ဝန်တားဆေးကို မည်သည့်နည်းနှင့်မျှ သုံးလိမ့်မည် မဟုတ်ချေ။ လောယာအင်ပါယာသားတိုင်း၏ ဆက်သွယ်ရေးစက်များတွင် ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို မှတ်တမ်းတင်ထားရာ ထိုကိစ္စမျိုး ပြုလုပ်ရန် မကိုက်ညီသူများကို လုပ်ခွင့်ပြုမည် မဟုတ်ချေ။ 


ဖလော်ရာသည် စကြဝဠာအကြောင်း စူးစမ်းရသည်ကို အလွန်နှစ်သက်သော အင်ပါယာကြယ်ရှိ အသက်၃၂၆ နှစ်အရွယ် နာမည်ကြီး အမျိုးသမီး စူးစမ်းသူဖြစ်သည်။ 


အင်ပါယာသား စူးစမ်းသူအများစုက အဆင့်နိမ့်မျိုးနွယ်စုတို့၏ အရင်းအမြစ်များအား လုယူရခြင်းကိုသာ စိတ်ဝင်စားကြသော်ငြား သူမကမူ မတူညီပေ။ အရင်းအမြစ်များကို မလုယူရုံသာမက ရံဖန်ရံခါတွင် ထိုအဆင့်နိမ့်မျိုးနွယ်စုများကိုပင် ကူညီ‌ပေးသေးသည်။ 


သူမက စူးစမ်းရေးခရီး ထွက်ချိန်တွင် ကြုံတွေ့ခဲ့ရသည်များကို မှတ်တမ်းတင်ရိုက်ကူးကာ တည်းဖြတ်ပြီး အင်တာနက်ပေါ် တင်ပေးလေ့ရှိသည်။ ၎င်းတို့အနက် တစ်ခုမှာ ဖွံ့ဖြိုးကာစ ရှေး‌ကျသော ဂြိုဟ်တစ်ခုပေါ်တွင် တစ်စုံတစ်ခု လုပ်ဆောင်နေသည့်ဗီဒီယိုဖြစ်သည်။ 


စဉ်ဆက်မပြတ် တိုးတက်ခွင့်သာ ရခဲ့ပါလျှင် ကိရိယာတန်ဆာပလာများကို အသုံးပြုနိုင်သော ဉာဏ်ရည်မြင့် မျိုးနွယ်အချို့ ပေါ်ထွက်လာနိုင်သော်ငြား ကြယ်ဓားပြများက ထိုဂြိုဟ်ကို တိုက်ခိုက်ခဲ့ရာ သူမ ထိုဂြိုဟ်ကို ရှာတွေ့ချိန်တွင် နေရာအနှံ့ ပေါက်ကွဲနေသော မီးတောင်များနှင့် ဆူနာမီမုန်တိုင်းများမှအပ မည်သည့် သက်ရှိကိုမှ မတွေ့တော့ချေ။ 


၎င်းအဖြစ်အပျက် ဖြစ်ပွားခဲ့သည်မှာ အနည်းငယ် ကြာမြင့်နေပြီဖြစ်သည်။ ပြီးခဲ့သည့်နှစ်က သူမသည် ကြယ်တာယာခေတ် လူ့အဖွဲ့အစည်း ဖြစ်ပေါ်မလာခင်မှာပင် အရင်းအမြစ်တို့ ပျက်သုဉ်းတော့မည်ဖြစ်သော ဂြိုဟ်တစ်ခုပေါ်တွင် နေထိုင်ကာ လောယာအင်ပါယာရှိ နည်းပညာကိုသုံးကာ အပင်အချို့ကို ပြန်လည်ရှင်သန်စေလိုက်သည်။ ထိုသည်သာမက ကိုယ်ပိုင်ကင်မရာကိုသုံးကာ ထိုနေရာရှိ ဉာဏ်ရည်မြင့် မျိုးနွယ်တို့၏ ကိုယ်ထူကိုယ်ထ ဆောင်ရွက်ချက်အမျိုးမျိုးကိုလည်း မှတ်တမ်းတင်ခဲ့ပြီး ပြီးခဲ့သည့်လကမှ အင်ပါယာသို့ ပြန်လာခဲ့ခြင်းဖြစ်သည်။ 


ပြီးခဲ့သည့်ရက်အနည်းငယ်က သူမ ရိုက်ကူးထားသော ဗီဒီယိုဖိုင်ကို အင်တာနက်ပေါ် တင်ပြီးဖြစ်ရာ နေ့တိုင်း ဘားသို့သွားကာ သူမနှင့်အတူ လှိုက်မောဖွယ်ညတစ်ည ကုန်ဆုံးနိုင်မည့်သူကို ရှာဖွေနေလိုက်တော့သည်။ 


သူမက လက်ထပ်ထားဖူးသော်ငြား အတွေးအမြင် မတူသည့်အတွက် လမ်းခွဲလိုက်ရာ နောက်တစ်ကြိမ် လက်မထပ်လိုတော့ပေ။ ဘားထဲသို့ ရောက်ကတည်းက bartender အကြံပြုသည့် ဝိုင်တစ်ခွက်ကိုမှာကာ တစ်နေရာတွင် ဝင်ထိုင်နေလိုက်သည်။ 


သူမ၏ ရုပ်ရည်မှာ ကြည့်မကောင်းသည့်အပြင် အရပ်ရှည်ပြီး ခန္ဓာကိုယ်သန်မာထွားကျိုင်းသည့်တိုင် နှစ်သက်သဘောကျသူများ ရှိနေသေးသည့်အတွက် သူမနှင့် အချိန်ကုန်ဆုံးမည့်သူ မရှိမည်ကို ပူနေရန် မလိုအပ်ချေ။ အကယ်၍ မည်သူကမှ သူမကို လာပြီး မကမ်းလှမ်းပါလျှင်လည်း သူမကိုယ်တိုင် လက်ဦးမှုယူကာ ပစ်မှတ်ကို လိုက်ရှာမည်ဖြစ်သည်။ 


ဤတစ်ကြိမ်တွင် သူမက ခြုံထည်အကြီးကြီး ခြုံထားသော အမျိုးသားတစ်ယောက်ရှေ့တွင် ဝင်ထိုင်လိုက်ပြီး သူမထိုင်လိုက်သည်နှင့်တစ်ပြိုင်နက် ထိုအမျိုးသားက သူမကို ပြုံးပြလာသည်။ 


သူမက ထိုသူကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ 


"ရှင့်ရဲ့ မျက်နှာအစစ်ကို ထုတ်ပြနိုင်မလား ..."


သူမ၏ အမြင်မှာ မဆိုးလှရာ ထိုသူသည် ရုပ်ဖျက်ထားခြင်းဖြစ်ကြောင်း သေချာနေပေသည်။ 


"ကိုယ်က မင်းကိုပဲ ရှာနေတာပါ..." 


ထိုအမျိုးသားက ခပ်သာသာရယ်မောရင်း ခုံကို စည်းချက်ကျကျ ခေါက်နေသည်မှာ ကြားရသူတိုင်း နားစိုက်ချင်စရာပင် ဖြစ်သည်။ 


"ဘာလို့လဲ ..." 


သူမက မေးလိုက်သည်။ 


"ကလေးလိုချင်လား ..." 


ထိုသူက ပြုံးကာ မေးလိုက်သည်။ 


"ဒါပေါ့ ဘာလဲ ရှင်က ပေးနိုင်လို့လား ..." 


သူမက မေးလိုက်သည်။ သူမက ကလေးလိုချင်သည့် ဆန္ဒကို မည်သည့်အခါကမှ ဖုံးကွယ်မထား။ အခြားမျိုးနွယ်များနှင့် ဆုံတွေ့ချိန်တွင်လည်း သူတို့၏ ကလေးများကို အနှစ်သက်ဆုံးဖြစ်သည်။ 


"ဒါပေါ့ ..." 


ရုပ်ဖျက်ထားသူက ပြောလိုက်သည်။ 


ဖလော်ရာက အံ့ဩတကြီး မျက်ခုံးပင့်ကြည့်လိုက်သည်။ 


"ဒါကိုယူလိုက် သေချာပေါက် ကိုယ်ဝန်ရလိမ့်မယ် မင်းမှာ စစ်ဆေးတဲ့စက် ရှ်ိတယ်မဟုတ်လား အဆိပ်ရှိမရှိ စစ်ကြည့်လိုက်လေ  ..." 


ထိုသူက ဆေးလုံးတစ်လုံးကို ထုတ်ပေးလိုက်သည်။ 


‌ဒါလေးကို သောက်ရုံနဲ့ ကိုယ်ဝန်ရနိုင်တယ်ပေါ့ ဟုတ်လား လာနောက်နေတာလား ... 


ဖလော်ရာက ထိုကဲ့သို့သော ပစ္စည်းမျိုး ရှိနေကြောင်း မယုံသော်ငြား ရုပ်ဖျက်ထားသူ၏ အပြုံးမှာ ရူးရူးမူးမူး ယုံကြည်လိုက်ချင်ဖွယ် ကောင်းလှပေသည်။ သူမက ဆေးကို စစ်ဆေးကာ စားလိုက်ပြီးကာမှ တစ်ခုခု မှားယွင်းသယောင် ခံစားလိုက်ရတော့သည်။ 


ထိုသူထွက်သွားပြီးကာမှ မှားယွင်းသည်ဟု ခံစားရမှုမှာ ပိုပြီး သေချာလာသော်ငြား သူမ၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်ချိန်တွင်လည်း အကောင်းပကတိအတိုင်းသာ ရှိနေပေသည်။ 


ကြည့်ရတာ သူမက လူတွေကို လှည့်ဖျားပြီး တစ်ခုခုကျွေး၊ အဲဒါကို ဗီဒီယိုခိုးရိုက်ပြီး အင်တာနက်ပေါ် တင်တတ်တဲ့သူနဲ့ တွေ့ခဲ့တာများလား ဒါပေမယ့် အမြဲလိုလို သတိထားနေခဲ့တာတောင်မှ ဘယ်လိုဖြစ်ပြီး စားမိသွားရတာလဲ ... 


ရှုပ်ထွေးနေသော ဖလော်ရာမှာ ခံစားချက်မကောင်းတော့သည့်အတွက် ညဉ့်သန်းခေါင်ရောက်မှသာ ပစ်မှတ်ကို ရှာတွေ့နိုင်တော့သည်။ ထို့နောက် ထိုသူကို သူမ၏အိမ်သို့ ခေါ်သွားလိုက်တော့၏။ 


နှစ်ဦးသား ရစ်မူးဖွယ်ညတစ်ညကို ကုန်ဆုံးခဲ့ရ သော်လည်း မိုးမလင်းခင်မှာပင် အချက်ပေးသံကြားကာ လန့်နိုးလာခဲ့ရတော့သည်။ 


"ဘာတွေဖြစ်နေတာလဲ ..." 


သူမရဲ့အိမ်က လုံခြုံပါတယ် ဘာလို့ အချက်ပေးသံတွေ ရုတ်တရက်ကြီး ထွက်လာရတာလဲ ... 


ဖလော်ရာက လက်ကောက်ဝတ်ပေါ်ရှိ ဆက်သွယ်ရေးစက်ကို စစ်ဆေးလိုက်သည်။ 


ထိုအချိန်တွင် သူမ၏ ညအိပ်ဖော်က ချက်ခြင်း ဒူးထောက်ချကာ ပြောလာသည်။ 


"ဟန်နီ ကလေးက ကိုယ့်ဟာမဟုတ်လား ကျေးဇူးပြုပြီး ကိုယ်နဲ့ လက်ထပ်ပါ ..." 


ဖလော်ရာက သူမ၏ ခန္ဓာကိုယ်ကို စစ်ဆေးပြီးနောက် ကိုယ်လုံးတီးနှင့် အမျိုးသားကို အိပ်ယာပေါ်မှ အညှာအတာမဲ့စွာဖြင့် ကန်ထုတ်လိုက်သည်။ 


လက်ထပ်မယ် ဟုတ်လား ကလေးရလာမှတော့ ဘာလို့ ယောကျာ်းတစ်ယောက်ကို လိုအပ်နေဦးမှာလဲ ...


သူမတွင် ကိုယ်ဝန်ရှိနေကြောင်း သိလိုက်ရသည့် တစ်ချိန်တည်းတွင်ပင် အလားတူဖြစ်ရပ်မျိုး မရေမတွက်နိုင်အောင် ဖြစ်ပွားနေခဲ့သည်။ 


ထိုအချိန်တွင် ကျောက်လင်းယွီက ရမ်ရှန့်၏ရှေ့တွင်ထိုင်ကာ မျက်မှောင်ကြုတ်ရင်း နားထင်ကို ပွတ်သပ်နေသည်။ ကျင့်ကြံသူတစ်ဦး အသုံးပြုနိုင်သည့် ဂါထာမန္တာန်မှာ အလွန်အစွမ်းထက်လှသော်လည်း သူကမူ သူ့ကိုယ်သူ အရူးလုပ်နေခြင်းတစ်ဝက် ရောယှက်နေပေသည်။ ထိုအခိုက်အတန့်တွင် အင်ပါယာကြယ်ပေါ်၌ ဘာဆက်ဖြစ်လာမည်မှန်း မသိခဲ့ချေ။ 


လောယာက သိပ်မကြာခင်မှာ လှုပ်ရှားသက်ဝင်လာတော့မှာပဲ ဟုတ်တယ် မဟုတ်လား ...


Xxxxx