အပိုင်း ၁၅၃
Viewers 18k

Chapter 153


ကျောက်လင်းယွီက ထိုညတွင် သန္ဓေတည်ဆေး လေးလုံး ပေးခဲ့ပြီး ပေးခဲ့သူတိုင်းမှာလည်း အသေအချာ ရွေးချယ်ထားသူများဖြစ်သည်။


 နောက်တစ်နေ့မနက်တွင် သုံးဦးမှာ ကိုယ်ဝန်ရှိ‌နေကြပြီးဖြစ်သည်။ ကျန်တစ်ဦးမှာမူ မည်သူနှင့်မျှ မကုန်ဆုံးခဲ့သည့်အတွက် ကိုယ်ဝန်မရသေးချေ။ 


မူလက သူသည် အာနိသင် ပိုပြီး သိသာ‌လာစေရန် အမျိုးသားနှစ်ဦးကိုပါ ပေးလိုက်ချင်သော်ငြား ... သန္ဓေတည်ဆေး အခြားသူတို့၏ လက်ထဲသို့ ဆင့်ကဲရောက်ရှိသွားမည့် ဖြစ်ရပ်မျိုးကိုလည်း မမြင်လိုပေ။ 


ထိုဆေးကို စားလိုက်သည့် အမျိုးသမီးမှာ အနှေးနှင့်အမြန် ကိုယ်ဝန်ရလာမည်ဖြစ်သော်လည်း ... အကယ်၍ အမျိုးသားများသာ စားလိုက်ပါလျှင် ... 


အဲဒီ့လူက လိင်တူကြိုက်တဲ့သူ မဟုတ်ရင် ဘယ့်နှယ့်လုပ်ပါ့မလဲ အမျိုးသမီးတွေကို စားခိုင်းလိုက်တာပဲ ကောင်းပါတယ်လေ ဒါပေမယ့် ဧကရာဇ်ကကျ  ... 


ဧကရီတွင် ကိုယ်ဝန်လွယ်ထားရပြီးကတည်းက ကိတ်နှင့် Crohn တို့မှာ နန်းတော်သို့ နေ့တိုင်းသွားနေရပေသည်။ နန်းတော်တစ်ခုလုံး လူပေါင်းများစွာဖြင့် ပျားပန်းခတ် လှုပ်ရှားသက်ဝင်နေသည့်တိုင် ဧကရာဇ်နှင့် ဧကရီတို့က သန္ဓေတည်ဆေး မရှိတော့ဟုသာ ခေါင်းမာမာနှင့် ငြင်းဆန်နေသည့်အတွက် တစ်ဖြေးဖြေး လူအသွားအလာ နည်းပါးသွားတော့သည်။ 


သို့သော် နေ့တိုင်း လာရောက်အစီရင်ခံနေသူ အနည်းငယ်တော့ ရှိနေသေးဆဲဖြစ်ပြီး ၎င်းတို့အနက် ဝီရီယအကောင်းဆုံးသူမှာ မာရှယ်ရေမွန်ဖြစ်သည်။ လောယာအင်ပါယာတွင် အဆင့်ကိုးစွမ်းရည်ပိုင်ရှင် စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ဦး ရှိကာ တစ်ဦးမှာ ဧကရာဇ်ဖြစ်ပြီး ကျန်တစ်ဦးမှာ မာရှယ်ရေမွန်ဖြစ်သည်။ 


ဧကရာဇ် အဆင့်ကိုးစွမ်းရည်ပိုင်ရှင်ဖြစ်လာခြင်းကို မည်သူကမှ မအံ့ဩကြ။ သူ့မယ်တော်သည်လည်း အဆင့်ကိုးစွမ်းရည်ပိုင်ရှင်ပင်ဖြစ်သည်။ သို့သော် မာရှယ်ရေမွန်မှာမူ ထူးခြားလှပေသည်။ 


သူ့မိဘများမှာ အဆင့်ခြောက်နှင့် ခုနစ်စွမ်းရည်ပိုင်ရှင်များသာ ဖြစ်သော်လည်း သူသည် အင်မတန်ထူးကဲသော ပါရမီတို့ဖြင့် မွေးဖွားလာခဲ့ပေသည်။ နောက်ပိုင်း အရွယ်ရောက်လာချိန်တွင် ထူးဆန်းသော တိုက်ပွဲတို့ကို ရင်ဆိုင်ဖြတ်ကျော်ရပြီးနောက် နဝမမြောက်အဆင့်ကို ချိုးဖျက်တက်လှမ်းနိုင်ခဲ့တော့သည်။ 


အဆင့်ကိုးစွမ်းရည်ပိုင်ရှင် ဖြစ်ရခြင်းမှာ ကောင်းကွက်ရှိသကဲ့သို့ ဆိုးကျိုးများလည်း ရှိနေပေသည်။ ရေမွန်၏အသက်မှာ နှစ်လေးရာကျော်နေပြီ ဖြစ်သော်ငြား ဆက်ခံသူရှိရန် မဆိုထားနှင့်။ မည်သူ့ကိုမှပင် ကိုယ်ဝန်ရအောင် မလုပ်နိုင်သေးချေ။ ဧကရာဇ်ကမူ ရေမွန့်တွင် သားသမီးမရခြင်းသည် အမျိုးသမီးများနှင့် နီးနီးကပ်ကပ် မနေ၍ဟုသာ ကောက်ချက်ချလိုက်သည်။ 


လောယာအင်ပါယာ၏ မာရှယ်သည် အနီးအနားတိုင်းပြည်တို့၏ ရန်စမှုကို ဟန့်တားနိုင်ရန်အလို့ငှာ နယ်စွန်နယ်ဖျားတွင်သာ စစ်တပ်နှင့်အတူ အခြေချနေထိုင်ရသည့်အတွက် နှစ်ပေါင်းများစွာ ကြာလာသည့်တိုင် လက်တွဲဖော် မရှိသေးချေ။ 


ကလေးလိုချင်ကြောင်း အရိပ်အယောင်ပင် မပြဖူးသူတစ်ဦးက ဧကရီ၏ ကိုယ်ဝန်သတင်းကို ကြားသည်နှင့်တစ်ပြိုင်နက် အပြေးအလွှားပြန်ရောက်လာကာ သန္ဓေတည်ဆေးပေးရန် တောင်းဆိုရခြင်း၏ အကြောင်းအရင်းကိုမူ ဧကရာဇ်လည်း မမှန်းဆတတ်တော့ချေ။ 


"ကလေးလိုချင်ရင် အရင်ဆုံး လက်ထပ်ရမယ်လေ ဒုဗိုလ်မှူးကြီးဂျုံးစ်ဆို မင်းကိုပဲ ကြိုက်နေခဲ့တဲ့အပြင် စွမ်းရည်အမျိုးအစားချင်းလည်း အတူတူပဲ သူမကိုသာ လက်ထပ်လိုက်ရင် အစောကြီးကတည်းက ကလေးရနေတာ ကြာလှပေါ့ ..." 


ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဧကရာဇ်သည် ရေမွန်နှင့်အတူ လောကဝတ်စကားအချို့နှင့် ဆောင်ရွက်ရန် ရှိသည်များကိုသာ ပြောဆိုခဲ့သော်ငြား ဤနေ့တွင်မူ ဖရဲသီးစားရန် အနည်းငယ် သတ္တိရှိလာပြီဖြစ်သည်။ 

(ဖရဲသီးစား = အတင်းပြော ) 


မာရှယ်ရေမွန်က နေ့တိုင်း နန်းတော်သို့လာကာ  အစီရင်ခံတင်ပြသည့်တိုင် စကားများများစားစား မပြောချေ။ ယခုလည်း သူက မျက်နှာသေဖြင့်သာ ပြန်စိုက်ကြည့်နေလိုက်သည်။ 


"မကြိုက်ဘူး ..." 


"ဒါဆို ဘယ်လိုလူကို ကြိုက်တာလဲ မဟုတ်သေးဘူး မင်းက ချက်ခြင်းကြီး ကလေးလိုချင်လာတယ် ဆိုကတည်းက သေချာပေါက်ကို ကြိုက်တဲ့သူ ရှိနေလို့ပဲ သူမကို ငါ့ဆီ ဘယ်အချိန် ခေါ်လာမှာလဲ ..." 


ခပ်ဝဝ ဧကရာဇ်က တပြုံးပြုံး ပြောလိုက်သော်လည်း မာရှယ်ရေမွန်ကမူ မျက်မှောင်ကိုသာ အသာကြုတ်ထားလိုက်သည်။ 


"အဲဒီ့ ကလေးရနိုင်တဲ့ဆေးကိုပဲ အရင်ပေးပါ ..." 


"အဲဒီ့ဆေးက ကိုယ်ဝန်လွယ်မယ့်သူကိုပဲ ပေးရမှာလေ မင်းက လူခေါ်မလာဘဲနဲ့ ဘယ်လိုလုပ် ပေးလို့ရမှာလဲ ..." 


ဧကရာဇ်က ခပ်ဟဟရယ်ကာ ပြောလိုက်သည်။ 


ရေမွန်မှာ စစ်သားတစ်ယောက် ဖြစ်သည့်တိုင် ပြန်မတိုက်ခိုက်နိုင်သည့် အဆင့်နိမ့်မျိုးနွယ်စုများထံ နယ်မြေချဲ့ထွင်ရခြင်းကို စိတ်မဝင်စားချေ။ သူသည် ကျောက်လင်းယွီ၏ တောင်းဆိုချက်နှင့် အပြည့်အဝ ကိုက်ညီနေသည့်အပြင် သူ့ကိုသာ သန္ဓေတည်ဆေး ပေးလိုက်ပါလျှင် အင်ပါယာတွင် အဆင့်ကိုးစွမ်းရည်ပိုင်ရှင် မျိုးဆက်အချို့ ပေါ်ထွက်လာနိုင်မည်ဖြစ်သည်။ 


ဧကရာဇ်မှာ တွေးလေလေ သဘောကျလာလေ ဖြစ်သည့်အတွက် သူ့မျက်နှာပေါ်ရှိ အပြုံးကြီးမှာ ပိုပြီး ထင်ရှားလာတော့သည်။ သိူ့သော် ရေမွန်ကမူ ဇိမ်ကျလှသည့် ကုလားထိုင်ပေါ်တွင် ထိုင်နေသော ဧကရာဇ်ကို မြင်ရသူတိုင်းကို အပိုင်းပိုင်းပြတ်တောက်သွားစေနိုင်လောက်သည့် အကြည့်စူးစူးတို့ဖြင့်သာ စိုက်ကြည့်နေလိုက်သည်။


"ဆေးက အရှင့်ရဲ့ လက်ထဲမှာ တကယ် ရှိနေတာပဲ ..." 


"နည်းနည်းပါးပါးလောက်ပါပဲ ..." 


ဧကရာဇ်က မာရှယ်ကို ခပ်ပြုံးပြုံး စိုက်ကြည့်နေလိုက်သည်။ 


"ရေမွန် လူသားတွေရဲ့ ဖက်ဒရယ်ကို ဘယ်လိုမြင်လဲ ..." 


"လောယာလူမျိုးအရေအတွက်က တအားနည်းနေတော့ သူတို့နဲ့ ပေါင်းလိုက်ရင် ပိုအဆင်ပြေမယ်ထင်တယ် ..." 


သူက မဆိုင်းမတွ ပြောလိုက်သည်။ 


လောယာအင်ပါယာ၏ လူဦးရေမှာ အလွန်နည်းပါးလှရာ ဖက်ဒရယ်သာ ဤနေရာသို့ လာရောက်ပူးပေါင်းပါလျှင် ပိုပြီး အဆင်ပြေသွားမည်ဖြစ်သည်။ 


အဆင့်နိမ့်မျိုးနွယ်စုမှ လူများက လောယာအင်ပါယာ၏ နေရာအား အစားထိုးသွားမည်ကို စိုးရိမ်နေကြသော လောယာသားတို့အဖို့မူ ... ဖက်ဒရယ်၏ သာမန်သူများကသည်ပင်လျှင် ကျွမ်းကျင်သူများဖြစ်သည်။  လောယာအင်ပါယာတွင် မရေမတွက်နိုင်သော အရင်းအမြစ်များနှင့် နည်းပညာများ ရှိနေသည့်အတွက် သူတို့အနေဖြင့် အင်ပါယာသို့ ရွှေ့ပြောင်းလာလျှင်ပင် လောယာအင်ပါယာ၏ လက်အောက်တွင် ကာလတစ်ခုကြာ အလုပ်လုပ်ရဦးမည်ဖြစ်သည်။ အနာဂတ်တွင်မူ ... 


နှစ်ဦးနှစ်ဖက် ပြဿနာ ဖြစ်ကြရင်ရော ဘယ်လိုလုပ်မလဲ ... အနည်းဆုံးတော့ လောယာသားစစ်‌စစ်တွေကလည်း သေကုန်လောက်ပြီလေ လောယာကမှ မြင့်မြတ်တာလို့ တွေးနေကြတဲ့ အစွန်းရောက် လက်တစ်ဆုပ်စာလောက်ကပဲ တစ်ခြားမျိုးနွယ်တွေကို လက်မခံနိုင် ဖြစ်နေကြမှာပါ ... 


"အကြံကောင်းပဲ ..." 


ဧကရာဇ်က သဘောတကျ ချီးကျူးလိုက်သည်။ 


"ဟုတ်ပြီ မင်းသဘောကျတဲ့သူကို ခေါ်လာခဲ့လိုက် အဲဒါဆို ငါ ဆေးကို ချက်ခြင်းထုတ်ပေးလိုက်မယ် အိမ်ပြန်ရောက်လို့ သူနဲ့အတူ ပျော်စရာညလေးတစ်ည ဖန်တီးပြီးသွားတာနဲ့ ကလေးရလာလိမ့်မယ် ..." 


"ကျွန်တော့်ကိုပဲ ပေးလိုက်လို့ ရပါတယ် ..." 


ရေမွန်က တည့်တိုး ပြောလိုက်သည်။ 


"မရဘူး ငါ့ကို ဒီဆေးပေးတဲ့သူက အခြားသူသောက်တာကို စောင့်ကြည့်ရမယ်လို့ ကတိတောင်းထားလို့ ..." 


ဧကရာဇ်က ရယ်ကာမောကာဖြင့် ပြောလိုက်သည်။ 


တကယ်တမ်းတော့ ဒါက သူ့ရဲ့အကြံပါပဲ ... 


သန္ဓေတည်ဆေးများမှာ အာဟာရဆေးရည်ထက် တန်ဖိုးကြီးရာ ချပ်မင်၏ လက်တွင်းသို့ သက်ဆင်းသွားမည့်အဖြစ်မျိုး လက်မခံနိုင်ချေ။ သူ့အသက်အရွယ်မှာ အိုမင်းနေပြီဟု ထင်ခဲ့၍ ချပ်မင်ကို လုပ်ပိုင်ခွင့်များစွာ ပေးခဲ့သော်ငြား ယခု ပြန်စဉ်းစားကြည့်ပါလျှင် ကြီးစွာနောင်တ ရနေပြီဖြစ်သည်။ 


"ဒါဆို အခုပဲ သောက်လိုက်ပါ့မယ် ..." 


ရေမွန်က မတုန့်မဆိုင်းဘဲ ပြောလိုက်သည်။ 


"..." 


ဧကရာဇ်မှာ နားကြားမှားမိလေသလားဟုပင် ခံစားလိုက်ရတော့၏။ 


"ကျွန်တော့်ချစ်သူက ကျန်းမာရေးမကောင်းတဲ့အတွက် ကျွန်တော်ပဲ ကိုယ်ဝန်ကို လွယ်ပေးမှာပါ ဧကရီက ကလေးနှစ်ယောက် လွယ်ထားနိုင်ပေမယ့် ကျွန်တော့်ရဲ့ စွမ်းရည်နဲ့ဆို လေးယောက်ဆိုလည်း ပြဿနာ မရှိပါဘူး ..." 


ရေမွန်၏ ထက်ရှသော အကြည့်တို့မှာ တဖျတ်ဖျတ် တောက်ပလာတော့သည်။ 


မူလက ဧကရာဇ်သည် သူ့ကို ဆေးလုံးတစ်လုံးသာပေးရန် ကြံရွယ်ထားပေသည်။ အဆင့်ကိုးစွမ်းရည်ပိုင်ရှင်၏ ကိုယ်ဝန်ကို လွယ်ထားရခြင်းမှာ လူအများစု သည်းမခံနိုင်လောက်သည်အထိ တာဝန်ကြီးလေးပေသည်။ သို့သော် မာရှယ်က အလေးအနက် တိုက်တွန်းနေသည့်အတွက် အကြိမ်ကြိမ်စဉ်းစားပြီးနောက် ဧကရာဇ်က သူ့ကို ဆေးသုံးလုံး ထုတ်ပေးလိုက်တော့၏။ 


မာရှယ်က သူ့မျက်စိရှေ့တွင်ပင် ဆေးသုံးလုံးကိုသောက်ကာ ပြန်သွားလိုက်တော့သည်။ ထို့နောက် ဧကရာဇ်က ရာဇအိန္ဒြေများကို ဘေးဖယ်ကာ နန်းတော်အစောင့်ကို ဆင့်ခေါ်လိုက်သည်။ 


"သွက်သွက်လေး မာရှယ့်နောက်ကို သွက်သွက်လေးလိုက်သွား မှတ်ထားနော် သူ့ကိုပဲ မျက်ခြေမပြတ် စောင့်ကြည့်ထား မာရှယ့်ကို ဘယ်သူကများ ကိုယ်ဝန်ရစေသလဲဆိုတာ သိချင်တယ် ..." 


ထိုသူကသာ အမျိုးသမီးဖြစ်နေပါလျှင် ရေမွန်သည် ဆေးကို သူကိုယ်တိုင် သောက်လိုက်မည် မဟုတ်ချေ။ 


ဆိုတော့ မာရှယ်က ဘယ်မိန်းမနဲ့မှ နီးနီးကပ်ကပ်မနေတာ မျိုးတူခြင်းပဲ ဆွဲငင်နေလို့ပေါ့ ဒါက တကယ်ကို ဖရဲသီး အကြီးစားကြီးပဲ ကျန်တဲ့သန္ဓေတည်ဆေးတွေက ‌ဖြေးဖြေးမှ ပေးလည်း ရတယ် အရင်ဆုံး ဧကရီဆီသွားပြီး ဖရဲသီးတွေ ဖြန့်ဝေပေးရဦးမယ် ... 


လက်ကိုနောက်ပစ်ရင်း ဧကရာဇ်သည် ဧကရီရှိရာဆီသို့ ရေးကြီးသုတ်ပျာ ထွက်သွားလိုက်တော့သည်။ ထိုအချိန်တွင် ဆရာဝန်တစ်ဦးက သူကြုံခဲ့သည့် ထူးထူးဆန်းဆန်း ဖြစ်ရပ်အကြောင်းကို ကြယ်တာယာကွန်ယက်‌တွင် မျှဝေလိုက်ပေသည်။ 


ယနေ့တွင် အမျိုးသမီးတစ်ဦးသည် ကိုယ်ဝန်ရှိနေသည့်အတွက် သူ့ဆေးရုံသို့ လာပြခဲ့သော်ငြား သူမ၏ ဗိုက်ထဲရှိ သန္ဓေသားမှာ တစ်ခုခုမှားယွင်းနေကြောင်း သတိပြုမိလိုက်သည်။ 


"ကလေးက မိခင်ရဲ့ သားအိမ်ထဲမှာပဲ ကြီးထွားသင့်တာကွာ ဒါပေမယ့် ကလေးကြီးထွားနေတဲ့အထဲမှာ အကျိတ်တစ်ခုကိုပါ တွေ့လိုက်ရတယ် အဲ့ဒါနဲ့ သူမကို ဒီကိုယ်ဝန်က အနေအထားမမှန်ဘူးလို့ သတိပေးလိုက်ပေမယ့် သူမက ငါ့မျက်နှာကို ပိတ်ထိုးသွားလိုက်တာများ အခုအချိန်အထိ ယောင်နေတုန်းပဲ အခုခေတ်မိန်းမတွေကတော့ ပိုပိုပြီးကို ကြမ်းတမ်းလာကြတော့တာပဲ ..." 


ဆရာဝန်က စုစုပေါင်း ဓာတ်ပုံဆယ်ပုံ တင်ထားခဲ့သော်ငြား သန္ဓေသားပုံဟူ၍ တစ်ပုံသာ ပါပြီး ကျန်ကိုးပုံမှာ သူ၏ selfie ပုံနှင့် ဗီဒီယိုများသာ ဖြစ်သည်။


အင်တာနက်သုံးစွဲသူများကလည်း အတ္တပေမဝါဒ လက်ကိုင်ထားသည့် ဆရာဝန်ကို ကွန်ယက်ပေါ်မှ သရုပ်ပြအုတ်ခဲများဖြင့် ထုနှက်လိုက်ကြကာ အပျက်အစီးများကို ပြန်လည်ပြင်ဆင်ရန် သူ့ပုံကို နေရာအနှံ့တွင် ချန်ထားလိုက်ကြတော့သည်။


 ထို့နောက် လောယာအင်ပါယာမှာ သန္ဓေတည်နှုန်း ကျဆင်းလာသည့် ပြဿနာနှင့် ရင်ဆိုင်နေရခြင်း ဟုတ်မဟုတ် ဆွေးနွေးနေလိုက်ကြသည်မှာ အမျိုးသမီးတစ်ဦးက ထူးဆန်းသော ဆေးတစ်လုံးကို သောက်ပြီးနောက် ချက်ခြင်း ကိုယ်ဝန်ရသွားသည့်သတင်းကို ကြားလိုက်ရသည်အထိ ဖြစ်သည်။ 


မေးခွန်းပိုင်ရှင် အမျိုးသမီးမှာ အမြဲလိုလို ကလေးလိုချင်နေခဲ့သော အမျိုးသမီးသတင်းထောက်ဖြစ်သည်။ သူမ ခင်ပွန်းနှင့်အတူ ညစာစားနေစဉ်တွင် လူတစ်ယောက်ရောက်လာပြီး ကလေးရနိုင်ကြောင်း အာမခံနိုင်ပါသည်ဟုဆိုကာ ဆေးလုံးတစ်လုံးကို ပေးသွားခဲ့သည်။ သူမကလည်း သတိမထားမိစွာဖြင့်ပင် ဆေးလုံးကို ယူထားလိုက်မိသည်။ ထို့နောက် အိမ်ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် ခင်ပွန်းဖြစ်သူနှင့်အတူ တစ်ညတာကို တပျော်တပါး ကုန်ဆုံးလိုက်ကာ သူမတွင် ကိုယ်ဝန်ရလာလိမ့်မည်ဟုလည်း ယုံကြည်နေမိခဲ့သည်။ 


ထိုအချိန်က ဆေးသောက်ရန် မေ့နေခဲ့သော်ငြား နောက်နေ့မနက် နိုးလာချိန်၌ သူမတွင် ပုံမမှန်သော သန္ဓေသားတစ်ခုကို လွယ်ထားနေရတော့သည်။ သန္ဓေသားမှာ ပုံမမှန်သော်ငြား ၎င်းက သူမခန္ဓာကိုယ်ကို မထိခိုက်မချင်း လွယ်ထားလိုစိတ် ရှိနေပေသည်။ 


သာမန်သူတို့က ထိုစကားကို မယုံကြသော်ငြား လောယာအင်ပါယာ၏ အထက်တန်းလွှာအသိုင်းအဝိုင်းမှာမူ ဆူညံပွက်လောရိုက်နေတော့သည်။ 


သန္ဓေတည်ဆေး ထွက်လာပြီတဲ့ ... 


အာဟာရဆေးရည်ပြီးတော့ သန္ဓေတည်ဆေး ထွက်လာပြီ ... 


အဲဒီ့ ဖက်ဒရယ်ကလူတွေက အင်ပါယာကြယ်ပေါ်မှာ ရှိနေတာ သေချာတယ် ...ဒါပေမယ့် ဘာလို့ သူတို့လို အထက်တန်းလွှာတွေကို မပေးဘဲ ဘာမှမသိတဲ့လူတွေကိုပဲ ပေးနေရတာလဲ ... 


သန္ဓေတည်ဆေးအကြောင်း သိထားကြသူအားလုံး စိတ်လှုပ်ရှားလာကြတော့သည်။ 


အထက်တန်းလွှာတို့က စိတ်လှုပ်ရှားနေကြသည့်တိုင် သာမန်သူများမှာတော့ မည်သည်ကိုမှ မသိကြသေးပေ။ ဧကရီ၏ ကိုယ်ဝန်အကြောင်းကို အင်ပါယာတစ်ခုလုံး သိထားကြသော်ငြား ကိတ်၏ ကိုယ်ဝန်ကိုမူ အထက်တန်းလွှာအသိုင်းအဝိုင်းက သတင်းအမှောင်ချထားသည့်အတွက် သိုးသိုးသဲ့သဲ့သာ ကြားကြပေသည်။ 


သာမန်သူများသာ ဖက်ဒရယ်အကြောင်း သိသွားလျှင် ပြဿနာ ဖြစ်လာနိုင်၍ အသည်းအသန် ဖုံးကွယ်ထားခဲ့ကြသော်ငြား ယခုမူ ဆက်ပြီး မဖုံးကွယ်နိုင်တော့ချေ။ များမကြာခင်မှာပင် စုံတွဲတစ်တွဲကို မေးခွန်းထုတ်ခံလိုက်ရသည်နှင့် နောက်ထပ်စုံတွဲတစ်တွဲ ထပ်ပြီး ထွက်ပေါ်လာကာ သူတို့လည်း အလားတူ ကြုံခဲ့ကြကြောင်း ဖွင့်ဟလာတော့သည်။ ထိုသူမှာ ဖလော်ရာပင်ဖြစ်သည်။ သူမက ဘားတွင် ရုပ်ဖျက်ထားသည့်သူ သူမအား ဆေးလုံးပေးနေသည့် ဗီဒီယိုကိုပင် တင်ပေးလိုက်သေးသည်။ 


"ငါက စူးစမ်းလေ့လာရေးသမား ဖြစ်တဲ့အပြင် ကြုံတွေ့ခဲ့ရသမျှကို ဓာတ်ပုံရိုက်ထားရတာကိုလည်း ကြိုက်တယ်လေ အဲဒါ့ကြောင့် ငါ့နားထဲမှာ ထည့်ထားတဲ့ အဖုလေးက တကယ်တမ်းတော့ ဓာတ်ပုံရော ဗီဒီယိုကိုပါ ရိုက်ကူးနိုင်တဲ့ ကင်မရာပဲ ပြီးတော့ ငါ့မှာ ကိုယ်ဝန်ရှိနေပြီ ..." 


ဖလော်ရာက ဖြစ်ကြောင်းကုန်စင်ကို အေးအေးဆေးဆေး ရှင်းပြလိုက်သည်။ 


Xxxxxx