အပိုင်း ၁၅၄
Viewers 18k

Chapter 154


အင်တာနက်သုံးစွဲသူများအားလုံးလည်း ရုတ်ချည်း အသံတိတ်သွားကြကာ ခဏကြာမှ တစ်ယောက်က တအံ့တဩ ထမေးလိုက်သည်။ 


"ကလေးတွေကို ချီးမြှင့်ပေးတဲ့ နတ်ဘုရားဆိုတာ တကယ်ကြီး ရှိနေတာလား သူ့ကို ဘယ်လိုခေါ်သင့်လဲ သားဆုပေးတဲ့မင်းသားလေးလို့ ခေါ်သင့်လား ..." 


အင်တာနက်ပေါ်တွင် ပွက်လောရိုက်နေသော်ငြား အဓိကတရားခံ ကျောက်လင်းယွီမှာမူ နီယာ့ကို ရေ ... မဟုတ်သေးဘူး... ဆေးတိုက်နေသည့် ရမ်ရှန့်ကိုသာ ငေးကြည့်နေပေသည်။ 


သစ်ကိုင်းများ၊ ပန်းပွင့်နှင့် အမည်မသိသော အနီရောင် အပိုင်းအစများ အားလုံးမှာ နီယာ၏ ဗိုက်ထဲသို့ ရောက်သွားပြီးနောက် တစ်ဖန် ဝမ်းလျှောသွားပြန်တော့သည်။ ဤတစ်ကြိမ်တွင်မူ သူမသည် ယခင်ကထက် တည်ငြိမ်သွားကာ အခန်းထဲရှိ ဇိမ်ကျလှသော သန့်စင်ခန်းထဲတွင် ထိုင်နေရင်း အွန်လိုင်းပေါ်မှ သတင်းများကို ဖတ်နေသည်။ မူခါ့သီက သူမ၏ ဘေးနားတွင် စကားပြောနေပေသည်။ 


"ချက်ခြင်းကြီး ကိုယ်ဝန်ရသွားတာ တကယ်ကို အံ့ဩစရာပဲနော် ..." 


"ဟုတ်တယ် ..." 


မူခါ့သီက ထောက်ခံလိုက်သော်လည်း အားကျစိတ်တို့ များများစားစား မရှိတော့ချေ။ သူသည် ထိုအတွေးများကို ရပ်စဲလိုက်သည်မှာ အလွန်ကြာမြင့်နေပြီဖြစ်သည်။ 


"ကျွန်မသာ သားဆုပေးတဲ့ မင်းသားလေးနဲ့ တွေ့ပြီး ကလေးကိုလည်း ကောင်းကောင်း မွေးဖွားနိုင်မယ်ဆိုရင် ကောင်းမှာပဲ အဲဒီ့လိုသာဆို ဟိုဆန်ကုန်မြေလေးကောင်နဲ့ ပြန်တွေ့ရင် သူ့ရဲ့ ရုပ်ဆိုးနေတဲ့ မျက်နှာကြီးကို ကြည့်နေနိုင်မှာ ..." 


နီယာက သူမ၏ မျက်ခုံးကို ကုတ်ခြစ်ရင်း ပြောလိုက်သည်။ 


မူခါ့သီမှာ သဝန်တိုစိတ်တို့ကို ချုပ်တည်း၍ပင် မရတော့။ 


သူ့ဇနီးက အခုအထိ တစ်ခြားယောကျာ်းအကြောင်း စဉ်းစားနေတုန်းပေါ့ ... 


"ဒါပေမယ့် ကျွန်မမှာ အခွင့်အရေး မရှိတော့ပါဘူး ပြောရရင် အဲဒီ့လူကမှ သူ့စွမ်းအားနဲ့ဆို ကလေးတစ်ယောက်ကို ချက်ခြင်းရနိုင်မှာ ဒါပေမယ့် ကျွန်မက ကျန်းမာရေးမကောင်းတဲ့သူဆိုတော့ ကျွန်မအပေါ်  မဖြုန်းတီးလောက်ပါဘူး ..."


ဖြုန်းတီးတယ် ဟုတ်လား အဲဒါ သူတွေးနေတဲ့ဟာတော့ မဟုတ်လောက်ပါဘူးနော် နားကြားများ မှားသွားတာလား သူ့ဇနီးက အရမ်းကို သိမ်မွေ့တာလေ သူမက ဘယ်လိုဖြစ်လို့ ဒါမျိုး လုပ်နိုင်ရမှာလဲ အားလုံးက ချပ်မင်ရဲ့ အမှားတွေပဲ ... 


သူက မကျေမနပ်ဖြစ်နေချိန်မှာပင် တံခါးခေါက်သံတစ်ချက်နှင့်အတူ မစ္စတာဖန်း၏အသံ ထွက်ပေါ်လာတော့သည်။ 


"နီယာ သမီးလေး ဖေဖေက ခေါက်ဆွဲပြုတ်ပေးထားတယ် မီးတောက်သစ်သီးရဲ့ အရည်လတ်လတ်ဆတ်ဆတ်လေးနဲ့ ပြုတ်ပေးထားတာ အရန်ဟင်းက အရွက်ရှစ်မျိုး၊ အသားငါးမျိုးနဲ့ ဥနှစ်မျိုး အရသာကလည်း လုံးဝကို ထိပ်တန်းအဆင့်ပဲနော် ..." 


ရမ်ရှန့်သည်လည်း ခေါက်ဆွဲပြုတ်ဝေစု အကြီးကြီး ရခဲ့သည့်အတွက် နီယာနှင့်အတူ အစာကြေလွယ်သော မှန်ရောင်ဟင်းချိုနှင့် ခေါက်ဆွဲပြုတ်ကို စားလိုက်သည်။ 


လောယာအင်ပါယာတွင် ခပ်ဖျော့ဖျော့အနံ့ ထုတ်လွှတ်ကာ အကြည်ရောင်သစ်စေးထွက်သည့် အပင်တစ်မျိုး ရှိပေသည်။ ၎င်းမှာ ခန္ဓာကိုယ်အတွက် အထူးသင့်တော်သည့်အပြင် စားစရာအဖြစ်လည်း အသုံးပြုနိုင်သည့်အတွက် မစ္စတာဖန်းသည် ထိုသစ်စေးကို အသုံးပြုကာ ခေါက်ဆွဲမွှေကြော် ပြုလုပ်လိုက်သည်။ 


နုတ်နုတ်စဥ်းထားသော အသားနှင့် အရွက်တို့ကို ရောမွှေပြီး ညီညီညာညာ လှီးထားသော ကြက်အရေခွံကို ထပ်ထည့်ပြီး ရေစိမ်ထားသော ခေါက်ဆွဲတို့ကို အတူတကွ ရောကြော်လိုက်ကာ ...  ပန်းကန်လုံးကြီးတစ်လုံးနှင့်အပြည့် ထည့်ထားလိုက်သည်။


 အနံ့မှာ ချိုမြိန်လွန်းသည့်အတွက် မစ္စတာဖန်းက ကလေးများကို ပေးလိုက်သော်လည်း ရမ်ရှန့်၏ လက်ထဲသို့သာ ကျရောက်သွားတော့သည်။ သူက ငါးပုံတစ်ပုံကို စားကာ ကျန်လေးပုံကို ကလေးများအား အညီအမျှ ဝေငှလိုက်သည်။ ထို့နောက် သူ့သမီးရှေ့သို့ ခေါက်ဆွဲပန်းကန် ချပေးနေသော မစ္စတာဖန်းကို ခပ်ယဲ့ယဲ့လေး စိုက်ကြည့်နေလိုက်သည်။


 ကလေးလေးဦးမှာလည်း အလားတူပင်ဖြစ်သည်။ 


မစ္စတာဖန်းက သူတို့ကိုသာ ဝအောင်မကျွေးပါလျှင် ကြောက်မက်ဖွယ်ပြစ်မှုတစ်ရပ် ဖြစ်သွားလိမ့်မည်ဟု အတွေးပေါက်သွားသည့်အတွက် မီးဖို‌ထဲသို့ ခပ်သွက်သွက်ပြန်ကာ ခေါက်ဆွဲကြော် ပွဲနှစ်ဆယ်စာကို ချက်ခြင်း ကြော်လှော်လိုက်သည်။ တောင်းဆိုသည့်အကြည့်တို့ဖြင့် အကြည့်မခံရတော့မှသာလျှင် စိတ်သက်သာရာ ရသွားတော့၏။ 


ရမ်ရှန့်က ပန်းကန်အလွတ်ကို ဘေးသို့ ပို့လိုက်သည့်တိုင် ဗိုက်မပြည့်သေးချေ။ 


"တစ်ဝက်နီးပါးလောက်တော့ ဗိုက်ပြည့်သွားပါပြီ လင်းယွီ ပြန်လာရင် ဝယ်လာမယ့် စားစရာတွေစားဖို့ နည်းနည်းလောက် နေရာချန်လိုက်ဦးမယ် ..." 


ယခင်နေ့ကထက် ဆေးလုံးငါးလုံး ပိုများကာ ပေးနိုင်လိုက်သည့် ကျောက်လင်းယွီသည် ပတ်ဝန်းကျင်ကို အကာကွယ်ယူကာ အလွယ်တကူ ဆွေးမြည့်ပျက်စီးနိုင်သည့် အိတ်ဆယ်လုံးခန့်နှင့် ပြန်လာခဲ့သည်။ 


အိတ်တစ်လုံးစီတိုင်းတွင် စားစရာများ ပါဝင်လေရာ အိမ်ပေါက်ဝသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ဒုတိယသားနှင့် ဝင်တိုက်မိပြီး ရမ်ရှန့်၏ တောက်ပနေသော အကြည့်တို့ဖြင့် ရင်ဆိုင်လိုက်ရတော့သည်။


စတုတ္ထသားက သူ့အဖေကို ကြည့်နေရင်း အသာလေးသာ ထိုင်နေပေသည်။ ခေါက်ဆွဲပမာဏအများအပြား စားသောက်ထားသည့် တတိယသားကမူ ‌ကြမ်းပေါ်တွင် လှဲရင်း သူ့အနားသိူ့ စားစရာလာပို့မည်ကို စောင့်နေလိုက်သည်။ အကြီးဆုံးသားက ညီငယ်နှစ်ဦးကိုတစ်လှည့် အိတ်များကို စပ်စုနေသော ဒုတိယသားကိုတစ်လှည့် ကြည့်နေပြီးနောက် အစ်ကိုကြီးတစ်ဦး၏ တာဝန်အရ ညီငယ်နှစ်ဦးကို လက်မှဆွဲကာ ကျောက်လင်းယွီအနားသို့ တိုးသွားရန် ဆုံးဖြတ်လိုက်တော့သည်။ 


တတိယသားကမူ ဆွဲခေါ်ခံလာရသည့်တိုင် ပိုပြီး သက်တောင့်သက်သာဖြစ်သည့် ကိုယ်ဟန်ကို ပြောင်းလဲရင်း လိုက်ပါလာပြီး စတုတ္ထသား၏ မျက်နှာမှာမူ ယခင်ကထက်ပင်ပိုပြီး အေးစက်လာသည်။ ကျောက်လင်းယွီက တိတ်တဆိတ်သာ စားစရာများကို ငါးပုံအညီအမျှ ခွဲဝေပေးလိုက်သည်။ 


နောက်တစ်နေ့မနက်တွင် မြောက်များစွာသော ကိုယ်ဝန်သတင်းများကို ကြားလာရသည်။ အားလုံးမှာ အမည်မသိ ဆေးလုံးကို သောက်သုံးပြီး ကိုယ်ဝန်ရလာသူများ ဖြစ်ကြသည်။


 ထိုသည်သာမက နောက်ထပ် သတင်းအကြီးကြီးတစ်ခုလည်း ထွက်ပေါ်လာသေးသည်။ အင်ပါယာ၏ စွမ်းအင်အကြီးဆုံးပုဂ္ဂိုလ်၊ အဆင့်ကိုးစွမ်းရည်ပိုင်ရှင် မာရှယ်ရေမွန် လက်ထပ်လိုက်လေပြီ။


မာရှယ်ရေမွန်၏ အသက်မှာ နှစ်ပေါင်းရာချီနေပြီ ဖြစ်သည့်တိုင် ဤသည်မှာ သူ၏ ပထမဆုံးလက်ထပ်ပွဲဖြစ်သည်။ လူတိုင်းက အံ့ဩသွားကြသည့်တိုင် အနည်းငယ်တော့ လမ်းပျောက်နေကြသေးသည်။ 


မာရှယ်က အမြဲတမ်း ရှေ့တန်းမှာပဲ နေပြီးတော့ ပြန်မလာဖြစ်တာ ကြာနေပြီ မဟုတ်ဘူးလား ဘာလို့ ချက်ခြင်းကြီး မင်္ဂလာဆောင်လိုက်ရတာလဲ ပြီးတော့ ဘယ်သူနဲ့လဲ မဟုတ်မှလွဲရော သူ့ကို ဟိုးအရင်ကတည်းက ကြိုက်နေတဲ့ ဒုဗိုလ်မှုးကြီးဂျုံးစ်နဲ့တော့ မဟုတ်လောက်ပါဘူးနော် ... 


လူတိုင်း သိ‌လိုနေကြချိန်မှာပင် မာရှယ်ရေမွန်၏ အိမ်ထောင်ဖက်အကြောင်း သတင်းထွက်လာတော့၏။ ထိုသူမှာ ဗိုလ်ချုပ်မှူးကြီး ဂျန်ခင်ပင်ဖြစ်သည်။ သူသည် မာရှယ်ရေမွန်ထက် နှစ်တစ်ရာနီးပါး ငယ်ရွယ်သည့်အပြင် အဆင့်ခုနစ်စွမ်းရည်ပိုင်ရှင်တစ်ဦးသာ ဖြစ်သည်။ 


ဘယ်လိုလုပ်ပြီး မာရှယ်ရေမွန်က သူ့ကို ကြွေဆင်းသွားရတာလဲ ပြီးတော့ သူက ယောကျာ်းကြီးလေ ... 


မည်သို့ပင်ဖြစ်စေ ဗိုလ်ချုပ်ကြီး ဂျန်ခင်မှာလည်း အင်မတန် ဥပဓိရုပ်ပြေပြစ်သူဖြစ်သည်။ စစ်မြေပြင်တွင် အလွန်ကြမ်းကြုတ်ကာ သူ၏ ပင်ကိုယ်အစွမ်းအစဖြင့် အလျင်အမြန် ရာထူးတက်လာသည့်တိုင် အလွန်လှပသည်ဆိုသည့် အချက်ကိုမူ မဖုံးကွယ်နိုင်ပေ။ သူ့ရုပ်ရည်မှာ လှလွန်းမက လှပနေပြီး အားနည်းဖျော့တော့သော မိန်းမလှလေးဟုပင် တင်စားရလောက်သည့် မိန်းမဆန်သောအလှမျိုးဖြစ်သည်။ 


မာရှယ်ရေမွန်က ရှေ့တန်းမှာ ဘယ်အမျိုးသမီးနဲ့မှ လက်ပွန်းတတီး မနေရလို့များ သူ့ကို ကြွေဆင်းသွားတာလား ... 


အားလုံးက ထိုသို့ ယုံကြည်နေကြချိန်မှာပင် သတင်းတစ်ခု ထပ်ထွက်လာတော့သည်။ 


မာရှယ်ရေမွန့်မှာ ကိုယ်ဝန်ရှိနေတယ်တဲ့...


 အင်ပါယာရဲ့ ဒိတ်ဒိတ်ကျဲစွမ်းအားရှင် အဆင့်ကိုးစွမ်းရည်ပိုင်ရှင် ပြီးတော့ အမျိုးသားတစ်ယောက်က ... ကိုယ်ဝန်ရှိနေတာတဲ့လေ ...


အဲဒီ့ ရဲရင့်တဲ့ သူရဲကောင်းမာရှယ်က ကိုယ်ဝန်ရှိနေတယ် ဟုတ်လား လာနောက်နေတာလား... 


ဒါမှမဟုတ် မာရှယ်က ယောကျာ်းလေးယောင်ဆောင်ထားတာလား ... ဒါပေမယ့် အင်ပါယာက မိန်းကလေးတွေ စစ်တေပ်ထဲဝင်တာကိုမှ တားမြစ်မထားဘဲနဲ့ကို ပြီးတော့ မာရှယ်ရဲ့ ဟိုးငယ်ငယ်ကတည်းက ကြုံခဲ့ရသမျှကို ရှင်းရှင်းလင်းလင်း ပြသထားပြီးသားလေ ဘယ်လိုလုပ် မိန်းကလေးဖြစ်နိုင်မှာလဲ ... 


ဒါမှမဟုတ် ဗိုလ်ချုပ်ဂျန်ခင်က မိန်းကလေးများလား ... ပြောရရင် သူက ပန်းလေးတစ်ပွင့်လိုကို လှတာလေ မျက်နှာက နူးညံ့သိမ်မွေ့နေတာ မဟုတ်တာတောင် မိန်းကလေးရှုံးလောက်အောင် လှနေတာ ... 


လူအများစုက မီဒီယာ၏ သတင်းစကားများကို မယုံနိုင်ဖြစ်နေစဉ်မှာပင် နောက်ထပ်သတင်းထူးတစ်ရပ် ပေါက်ကွဲထွက်လာပြန်သည်။ 


မာရှယ်က သုံးမြွာပူးကိုယ်ဝန်ကို လွယ်ထားရတယ်တဲ့ ... 


ဟား ဟား ဒီသတင်းကတော့ သေချာပေါက်ကို အတုပဲကွ ... လောယာအင်ပါယာမှာ အမြွာနှစ်ယောက်ဆိုရင်တောင် ဘုရားပေးတဲ့ဆုလာဘ်လို့ ပြောလို့ရနေပြီကို သုံးမြွာပူးဆိုတော့ ... အဲဒါက ဟာသကြီးပဲ မဟုတ်ဘူးလား ... 


မကြာခင်မှာပင် သတင်းတုဟု မျက်စိစုံမှိတ်ကာ ငြင်းနေကြသူများမှာ မျက်နှာဖြတ်ရိုက်ခြင်းကို ခံလိုက်ရတော့၏။ မာရှယ်ရေမွန်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သန္ဓေသား၏ ဓာတ်ပုံနှင့်အတူ ကလေးသုံးယောက်လုံး၏ အခြေအနေမှာ အလွန်တည်ငြိမ်ကြောင်း ထုတ်ဖော်ပြောကြားလာပေသည်။ 


ဒါဆို ... မာရှယ်က တကယ်ကြီး ကိုယ်ဝန်ရှိနေတာလား ... သူတို့အားလုံးရဲ့ စံပြပုဂ္ဂိုလ်ကလေ ကိုယ်ဝန်ရှိနေတယ် ဟုတ်လား ... 


ထိုသတင်းက တောမီးလောင်သကဲ့သို့ တစ်ဟုန်ထိုး ပျံ့နှံ့နေစဉ်မှာပင် သုတေသနကို အရူးအမူးစွဲလမ်းသူ အမတ်ကိတ်က ဆောင်းပါးတစ်စောင် ထုတ်ပြန်လိုက်သည်။ 


"အမျိုးသားကိုယ်ဝန်ဆောင်အကြောင်း တစေ့တစောင်း"


ဆောင်းပါးကို နှစ်လသားအရွယ် သန္ဓေသားနှစ်ဦး၏ပုံနှင့် အစပြုထားကာ ဖခင်၏ ခန္ဓာကိုယ်အခြေအနေနှင့် သန္ဓေသားအပေါ် တွေ့ရှိချက်များသာမက သန္ဓေသား၏ ဓာတ်ပုံအမျိုးမျိုးနှင့် အချိန်အလိုက် ပြောင်းလဲသွားသော အခြေအနေများကိုပါ မှတ်တမ်းတင်ဖော်ပြထားသည်။ 


မတူညီသည့် စွမ်းရည်ပိုင်ရှင် အမြွာနှစ်ဦးသည် အမျိုးသားတစ်ဦး၏ ဗိုက်ထဲတွင် ကြီးထွားလာကြပြီး နောက်ပိုင်းတွင်မှ C section ဖြင့် ခွဲထုတ်လိုက်ခြင်းဖြစ်သည်။ ၎င်းတို့မှာ ပြင်ပအခြေအနေများဖြင့် လိုက်လျောညီထွေ ဖြစ်နေကြပြီဖြစ်သည့်အတွက် အာဟာရဖျော်ရည်ကန်ထဲတွင် စိမ်ရန် မလိုအပ်တော့ချေ။ 


နောက်ဆုံးပုံထဲတွင် ကလေးနှစ်ဦးသည် ပုခက်ထဲတွင် အတူတူ အိပ်နေကြကာ တစ်ဦးက ကျန်တစ်ဦး၏ ခြေမကို ကိုက်ထားသည်။ အကိုက်ခံရသူကလည်း တစ်ခြားသူ၏ ခြေထောက်ကို ပြန်ကိုက်လိုဟန်ဖြင့် စိုက်‌ကြည့်နေပေ၏။ 


ကလေးနှစ်ဦး၏ ရုပ်ရည်မှာ အင်မတန် ဆင်တူလှသည်။ ခြေလက်လေးများမှာလည်း နူးညံ့သေးသွယ်ကာ ပန်းရောင်သမ်းနေက

သည့်အတွက် မြင်သူတိုင်းမှ စခရင်ကိုဖြတ်ကာ ပွေ့ဖက်လိုစိတ်များပင် ဖြစ်ပေါ်လာတော့သည်။ 


လောယာအင်ပါယာသားတို့အဖို့ ကမ္ဘာသစ်၏ တံခါးတစ်ရပ်ကို ဖွင့်လှစ်လိုက်သည့်နှယ်ပင်...


အမျိုးသားတွေကလည်း ကိုယ်ဝန်ဆောင်နိုင်တယ်တဲ့ ... 


ကြည့်ရတာ ... အင်ပါယာက ကလေးမွေးနှုန်း ကျဆင်းတဲ့ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် မွေးပေးမယ့်သူရဲ့ လိင်အမျိုးအစားကို ပြောင်းလဲလိုက်တာများလား ... 


အင်ပါယာတွင် လိင်တူနှစ်သက်သူများ မရှိဟုတော့ မဆိုနိုင်ပေ။ အမျိုးသားများသာ အမှန်တကယ် ကိုယ်ဝန်ဆောင်နိုင်ပါလျှင် ဤအကြိမ်တွင် ထုတ်ဖော်လိမ့်မည် ဖြစ်သည်။ သို့သော် လတ်တလောတွင် ပြဿနာများစွာ ရှိနေသေးသည်။ 


လူငယ်လေးက ဘာမှန်းမသိ‌တဲ့ဆေးတွေ လိုက်ပေးပြီးတော့ အဲဒီ့ဆေးကို သောက်တဲ့သူတိုင်း ကိုယ်ဝန်ရသွားတယ်တဲ့ ... ပိုပြီးတော့ အံ့ဩစရာကောင်းတဲ့အချက်က ကလေးက သားအိမ်ထဲမှာ သမားရိုးကျအတိုင်း မဖွံ့ဖြိုးဘူး ... 


ခရေစေ့တွင်းကျ နှိုင်းယှဉ်မှုပြီးနောက်တွင်တော့ ကိုယ်ဝန်သည်အမျိုးသား၏ ကိုယ်ဝန်မှာ အစောပိုင်းတွင် အကျိတ်နှင့်တူနေကြောင်း သတိထားမိသွားတော့သည်။ 


အဲဒီ့ဆေးလုံးက အမျိုးသားတွေကိုပါ ကိုယ်ဝန်ရသွားစေနိုင်တယ်လား ... 


ဧကရီရော၊ ရေမွန်ရော၊ ပြီးတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အားလုံးရော ... အကုန်လုံးက အဲဒီ့ဆေးလုံးကို သောက်ခဲ့ကြတာလား ... 


ပြီးတော့ အမတ်ကိတ်ရဲ့ ‌ဆောင်းပါးထဲက ကိုယ်ဝန်ဆောင်အမျိုးသား ... သူကရော ဘယ်သူလဲ ... 


ကြည့်ရတာ ... အထက်တန်းလွှာတွေက ပြည်သူတွေ မသိအောင် ‌သုတေသ‌နတွေ ခိုးလုပ်နေခဲ့တာလား ... 


ထိုအချိန်မှာပင် နာမည်ကြီးသတင်းထောက်တစ်ဦးက အမတ်ကိတ်ကိုယ်တိုင်မှာပင်လျှင် ကိုယ်ဝန်ရှိနေကြောင်းနှင့် ထိုသတင်း မပေါက်ကြားစေရန် တားမြစ်ထားခြင်းသာ ဖြစ်ကြောင်း ပြောကြားလာပေသည်။ 


ထိုသတင်းကို ကြားသည်နှင့်တစ်ပြိုင်နက် ပြည်သူတစ်ရပ်လုံး ဆူညံပွက်လောရိုက်ကုန်တော့သည်။ ဆေးလုံးအကြောင်း ဖုံးကွယ်ထားသော အထက်တန်းလွှာများကို တန်ပြန်မေးခွန်းထုတ်ရင်း လောယာအင်ပါယာ၏ အင်တာနက်ကွန်ယက်တစ်ခုလုံး သက်ဝင်လှုပ်ရှားနေပေတော့၏။ 


ထိုအချိန်တွင် ကိတ်၏ အိမ်ရှေ့သို့ လူများ ဝိုင်းအုံရောက်လာကြသည်။ သူနှင့် တိုက်ရိုက်ဆက်သွယ်နိုင်သူများကလည်း ဆက်သွယ်ရေးစက်မှတစ်ဆင့် တွေ့ခွင့်တောင်းလာကြတော့သည်။


Xxxxx