အပိုင်း (၂၂၄)
Viewers 31k

Chapter 224


ချင်ယွီကလည်း သက်တောင့်သက်သာရှိသည့် ပေါ့ပေါ့ပါးပါး အဝတ်အစားမျိုးကိုသာ ဝတ်ဆင်ထားသည်။ သူ၏အသွင်အပြင်က ထူးထူးခြားခြားမဟုတ်သော်လည်း စုန့်ထင်ရှန်းကဲ့သို့  ဆွဲဆောင်မှုရှိသူတစ်ယောက်ဘေးမှာ ထိုင်နေလျှင်ပင် သူ့ကို မည်သူမျှ လှည့်မကြည့်ပဲ မနေနိုင်ပေ။


သူတို့နှစ်ယောက်က အသက်အနည်းငယ်ကွာသော်လည်း စုန့်ထင်ရှန်းက စီအီးအိုအရှိန်အဝါနှင့် ပြည့်စုံနေသူဟုပြောရမည်ဆိုလျှင် ချင်ယွီက သိမ်မွေ့သော ပညာတတ်လူရည်ချွန်တစ်ယောက်နှင့် ပိုတူသည်။ သူတို့နှစ်ယောက်လုံးက အောင်မြင်သူများဖြစ်ကြပြီး ကောင်းကွက်ကိုယ်စီရှိကြသည်။


" ဘာလို့ ရေသွားမကူးတာလဲ ..."

ချင်ယွီက သိမ်မွေ့သောအသံဖြင့် မေးလိုက်သည်။


" ကျွန်တော်က ရေကူးရတာ သိပ်မကြိုက်ဘူး ... ပြီးတော့ ကျွန်တော့်ဇနီးက ဒီနားမှာနေပြီး ဓာတ်ပုံရိုက်ခိုင်းထားလို့လေ ..."

စုန့်ထင်ရှန်းကလည်း ယဉ်ကျေးစွာဖြင့် ဖြေလိုက်သည်။


ချင်ယွီပြုံးလိုက်သည်။

" မစ္စတာစုန့်ကိုကြည့်ရတာ အမြဲတမ်း အလုပ်မအားလပ်တဲ့လူမျိုးနဲ့တူတယ် ... အချိန်ဇယားတွေကိုဖယ်ပြီး အပန်းဖြေခရီးထွက်တယ်ဆိုတော့ ဇနီးနဲ့သားလေးကို တော်တော်ချစ်တဲ့ပုံပဲ အားကျစရာကောင်းတယ် ..."


စုန့်ထင်ရှန်းက လက်ထောက်ချန်ကို ယွမ်ရှ၏ကုမ္ပဏီအကြောင်း စုံစမ်းခိုင်းခဲ့ဖူးသည်။ သူ့လက်ထောက်က မစ္စတာချင်မှာ ယွမ်ရှကုမ္ပဏီ၏သူဌေးဖြစ်ကြောင်း ပြောပြခဲ့ဖူးသည်ကို အမှတ်ရသွားမိသည်။


သူတို့ကုမ္ပဏီများက နယ်ပယ်မတူကြ၍ စီးပွားရေးအရ ဆက်နွယ်မှု မရှိကြပေ။ သို့သော်လည်း ယွမ်ရှ၏ သူဌေးက လူကောင်းတစ်ယောက်ဟု စုန့်ထင်ရှန်းတွေးလိုက်မိသည်။ သူ့ကိုကြည့်ရသည်မှာ အားကျဖွယ်ကောင်း၍ စကားပြောရအဆင်ပြေကာ လက်အောက်ငယ်သားများကို တွေးတောပေးတတ်သူတစ်ယောက်နှင့်တူသည်။


သူက သူစိမ်းများနှင့် စကားစမြည်ပြောရသည်ကို မနှစ်သက်သော်လည်း သူ့မိန်းမ၏ သူဌေးနှင့် စကားပြောနေစဉ်တွင် တိတ်ဆိတ်ပြီး နေရခက်မနေချင်ပေ။ ယွမ်ရှက သူ့အလုပ်တွင်ပျော်ရန်သာ သူမျှော်လင့်နေမိသည်။


" ဒီအပန်းဖြေခရီးအတွက် မစ္စတာချင်တို့ ကုမ္ပဏီကိုပဲ ကျေးဇူးတင်ရမှာပဲ ..."

စုန့်ထင်ရှန်းက ခက်ခဲကြမ်းတမ်းသောစီးပွားရေးလုပ်ငန်းတစ်ခုကို ဆယ်စုနှစ်တစ်ခုအကြာ တည်ထောင်ခဲ့ရသူဖြစ်သည်။ ဘွဲ့ရပြီးချိန်တွင် သူ၏ကိုယ်တိုင်စီးပွားရေးလုပ်ငန်းကို စတင်ခဲ့သည်။ သို့ဖြစ်၍ ယခုလက်ရှိအခြေအနေသို့ ရောက်ချိန်တွင် မျက်တောင်တစ်ချက် မခတ်ပဲ မြှောက်ပင့်သည့်စကားများကို ပြောနိုင်သူ တစ်ဦးဖြစ်သည်။


" ကျွန်တော် အရင်ကဆို အမြဲတမ်း အလုပ်ရှုပ်နေတော့ သူတို့နဲ့ ခရီးထွက်ပြီးပျော်ချိန်မရဘူးလေ ... ဒီတစ်ကြိမ် သားလေးက သူ့အမေကို အရမ်းလွမ်းနေတာ သူ့စိတ်ကိုလည်းပြောင်းမရတော့ အလုပ်တွေရွှေ့ပြီး ကလေးကို ဒီခေါ်လာတာ ... သူတို့ဒီလောက်ပျော်နေမှန်းသိရင် စောစောတည်းက ခရီးထွက်ဖို့ ခေါ်လာခဲ့ပါတယ် ..."


ချင်ယွီ ခေါင်းငြိမ့်ပြလိုက်သည်။ သူက တစ်စုံတစ်ခုကို တွေးမိသွားဟန်ဖြင့် သူ့မျက်လုံးထဲတွင် နူးညံ့သော အငွေ့အသက်များ ‌ဖြစ်လာသည်။


" ကျွန်တော့်အမျိုးသမီးကလည်း အိမ်မှာပဲ နေရတာ သဘောမကျဘူး ... အပြင်မှာပဲ ပျော်ပျော်ပါးပါးနေချင်တဲ့လူမျိုး ... သူမက လွတ်လွတ်လပ်လပ်နေပြီး တစ်ကမ္ဘာလုံးကို ခရီးထွက်ချင်တဲ့လူမျိုးလေ ... ဒါပေမဲ့ ကျွန်တော်ကလည်း အလုပ်များတယ် ဒါပေမဲ့ သူမကို ပထမနေရာမှာထားပြီး အလုပ်ကို ဒုတိယနေရာမှာ ထားခဲ့ပါတယ် ... သူမ တစ်နေရာရာကို ခရီးထွက်ချင်တယ်ဆိုရင် အမြဲတမ်းလိုက်ပို့ပေးနိုင်အောင် ကြိုးစားတယ် ..."


စုန့်ထင်ရှန်းက အံ့အားသင့်မှုကြောင့် ခဏတာ အေးခဲသွားသည်။ စီအီးအိုချင်က သူ့ဇနီးကို အလွန်ချစ်ကြောင်း သူ့ပြောပုံဆိုပုံများမှတစ်ဆင့် သိနိုင်သည်။

" ဇနီးဖြစ်သူကို တော်တော်လေး ချစ်တဲ့ပုံပဲ ..."


" ဟုတ်ပါတယ် ..."

ချင်ယွီ၏ မျက်နှာတွင် အပြုံးဖျော့ဖျော့တစ်ခု ပေါ်လာသည်။


" ကျွန်တော့်အတွက်တော့ သူမထက်ပိုပြီး အရေးကြီးတဲ့အရာ မရှိဘူး ... အဲ့ဒါကြောင့် သူမပျော်မယ်ဆို ဘာဖြစ်ဖြစ် လုပ်ပေးချင်တာ ..."


စုန့်ထင်ရှန်းက ထိုသို့သော လေးနက်သည့်အကြောင်းအရာများအား သူစိမ်းတစ်ယောက်နှင့် ဆွေးနွေးရသည်ကို အသားမကျပေ။ အထူးသဖြင့် သူတို့၏ ကိုယ်ပိုင်ဘဝများအကြောင်းဆိုလျှင် ပို၍ အသားမကျပေ။ မည်သို့ပင်ဖြစ်စေ သူ မည်သူနှင့် စကားပြောသည်ဖြစ်စေ ယွမ်ရှအကြောင်းကို ပြောခဲသည်။ လီယွမ်ဟန့်နှင့်ဆိုလျှင်ပင် သူနှင့် သူ့ဇနီးယွမ်ရှအကြောင်းကို ပြောခဲသည်။


ယွမ်ရှ၏ တောင်းဆိုချက်ကို လိုက်လျောချင်သော်လည်း စုန့်ထင်ရှန်းကသူ၏ အိမ်ထောင်ဖက်အကြောင်းအား  သူစိမ်းတစ်ယောက်ကို မပြောချင်ပေ။ သူနှင့် ချင်ယွီကလည်း ယခုမှ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။


ဤအကြောင်းပြောသည့်အခါ မည်သို့တုံ့ပြန်ရမည်ကိုမသိ၍ သူက တိတ်ဆိတ်နေသည်။


ချင်ယွီကလည်း စကားဆက်မပြောတော့ပဲ ရေကူးကန်ဘက်ကိုသာ ကြည့်နေသည်။


ကောင်းကင်ကြီးလည်း မည်းမှောင်လာပြီဖြစ်၍ ရေကူးကန်အထက်မှ မီးများကိုဖွင့်လိုက်သည်။ မီးရောင်များမှတစ်ဆင့် ရေကူးကန်အတွင်းမှ လှိုင်းဂယက်များအား ရောင်ပြန်ဟပ်နေသည်မှာ အလွန်လှပလွန်းလှသည်။


xxxxxx