အပိုင်း (၂၂၅)
Viewers 31k

Chapter 225


ဝမ်လေးက ရေကူးဘောင်းဘီလေး၊ ရေကူးဦးထုပ်နှင့် မျက်မှန်များ ဝတ်ဆင်ထားသည်။ သူက ရေအောက်တွင် အသက်အောင့်နည်းကို အာရုံစိုက်၍ သင်ယူနေသည်။ ၎င်းက ရေကူးသင်ရာတွင် အရိုးရှင်းဆုံးနှင့် ပထမဆုံးအဆင့်ဖြစ်သည့် ရေကူးအသက်ရှုနည်းဖြစ်သည်။


မူလပိုင်ရှင်ကဲ့သို့ ယွမ်ရှက ရေကူးမတော်ပေ။ ရေကူးကန်က အလွန်မနက်သည့်အတွက် ရေကူးနည်းမသိသော်လည်း ရေပေါ်တွင် ဘဲတစ်ကောင်ကဲ့သို့ ပေါလောပေါ်နေနိုင်သည်။ ဤနေရာသို့ ရေကူးရန်လာခြင်းမဟုတ်ပဲ သူမခန္ဓာကိုယ်အလှကိုသာ ကြွားဝါချင်သည်ဖြစ်၍ ထိုမျှဖြင့်လည်း သူမ ကျေနပ်သည်။


မူလပိုင်ရှင်က ကိုယ်လုံးကိုယ်ပေါက်ပြေပြစ်လှပပြီး ခါးသေးသေးနှင့် ခြေတံရှည်များရှိသည်။ သို့ဖြစ်၍ သူမခန္ဓာကိုယ်ကို မပြသပါက အလဟဿဖြစ်သွားမည်သာ။ သို့ရာတွင် သူမ ဘီကီနီ မဝတ်ရဲပေ။ အဓိကအားဖြင့် သူမက ထိုစိတ်ပိုင်းဆိုင်ရာအခက်အခဲကို မကျော်ဖြတ်နိုင်သောကြောင့်ဖြစ်သည်။  ရေပန်းဥယျာဉ် သို့မဟုတ် ကမ်းခြေကို သူငယ်ချင်းများနှင့်သွားသည့်အခါတွင်လည်း သာမာန်ရေကူးဝတ်စုံကိုသာ ဝတ်ဆင်လေ့ရှိသည်။ အဘယ့်ကြောင့်ဆိုသော် သူမ၏ မူလကမ္ဘာတွင် သူမက ရင်ဘတ်ပြားသည့်လူ ဖြစ်သောကြောင့်ဖြစ်သည်။


သူမ အကျင့်စရိုက်အတိုင်းနေထိုင်သည်က ပို၍သက်တောင့်သက်သာရှိသည်။ ယခု သူမတွင် လှပသော ကိုယ်ခန္ဓာရှိလျှင်ပင် ဘီကီနီထက် ရှေးဆန်သော ရေကူးဝတ်စုံ ၀တ်ဆင်ခြင်းက ပို၍ သက်တောင့်သက်သာ ခံစားရသည်။


သူမ မူလပိုင်ရှင်ကို မေးလိုသော မေးခွန်းတစ်ခုရှိသည်။ 

ဘယ်လို လေ့ကျင့်ခန်းတွေများလုပ်လို့ ခြေသံသွယ်သွယ်လေးနဲ့ အဆီပိုတွေမရှိတဲ့အပြင် အနေတော်လောက်ကြီးတဲ့ ရင်ဘတ်ရှိနေရတာလဲ ...


တကယ်ဆိုရင် ပိန်တဲ့လူအများစုက ရင်ဘတ်ပြားကြတယ်လေ ... မူလပိုင်ရှင်ရဲ့အလှနဲ့ ပတ်သက်လာရင် နတ်ဘုရားတွေက တကယ်ကို ဘက်လိုက်တာပဲ ...


ဝမ်လေးက ရေထဲတွင် ဆော့ကစားနေရခြင်းကို သဘောကျပြီး ရေထဲမှ မထွက်သွားချင်ပေ။ သို့သော်လည်း အနည်းငယ်နောက်ကျသွားသည်ဟု ယွမ်ရှတွေးလိုက်မိသည်။ သူတို့နှစ်ယောက်လုံး ရေထဲတွင် အချိန်အတော်ကြာနေလိုက်သဖြင့် လက်ချောင်းများ ရှုံ့တွလာခဲ့သည်။ သူမက ဝမ်လေးကို ရေကူးကန်ထဲမှ ထုတ်လိုက်သည်။


ဝမ်လေးက ညစာများစွာစားထား၍ ဗိုက်ကလေးက ဖောင်းကားနေသည်။ သူက ရေကူးဘောင်းဘီတိုဝတ်ထားသော ပင်ကွင်းပေါက်စလေးနှင့် တူနေသည်။


" မာမား သားရေကူးတတ်ခါနီးနေပြီလေ ..."

ဝမ်လေးက ရေကူးကန်ထဲမှ ဆွဲထုတ်ခံလာရ၍ စကားအဆက်မပြတ်ပြောနေသည်။


ယွမ်ရှက အဝေးမှုန်သူတစ်ယောက်ဖြစ်သည်။ ထို့အပြင် ယခုက ညအချိန်ဖြစ်၍ ချင်ယွီကစုန့်ထင်ရှန်း၏ဘေးတွင် ထိုင်နေသည်ကို သူမ မမြင်လိုက်ပေ။ အနားကပ်လာမှ ချင်ယွီကို သူမ မြင်လိုက်ပြီး သူတို့ဘာပြောနေကြသည်ကို မကြားရပေ။ 


ယွမ်ရှ၏ နှလုံးသားက ပြုတ်ကျလုမတတ်ဖြစ်သွားသည်။

ချင်ယွီက ပြန်လည်မွေးဖွားလာတယ်လို့ တိကျသေချာတဲ့သက်သေ မရှိသေးပေမယ့်လည်း သူမရဲ့ ပင်ကို အသိစိတ်ကို ယုံကြည်တယ် ... ချင်ယွီက စုန့်ထင်ရှန်းကို ဘာရည်ရွယ်ချက်နဲ့ ချဉ်းကပ်နေပါလိမ့် ...


သူမ ပို၍ စိတ်လှုပ်ရှားလာလေ သူမ၏ အမူအယာက ပိုမိုတည်ကြည်လာလေဖြစ်သည်။


၎င်းကို ဂိမ်းတစ်ခုဟု သူမ သတ်မှတ်ထားလိုက်သည်။ သူမက နောက်ပိုင်းတွင် ဂိမ်းထံမှ ထွက်သွားရနိုင်သော်လည်း မထွက်သွားမီအချိန်တွင် အခြားလူများကို သူမ၏ အပြစ်အနာအဆာများအား မမြင်သွားစေချင်ပေ။ သူမက စပိုင်ဇာတ်လမ်းများစွာနှင့် စစ်ကားများကို ကြည့်ခဲ့ဖူးသည်။ သို့ဖြစ်၍ လူတိုင်၏ အမူအယာက ၎င်းတို့ကို သစ္စာဖောက်များဖြစ်လာစေနိုင်ကြောင်းကို သူမနားလည်ထားသည်။


ယွမ်ရှက ပြုံးမနေပဲ ဝမ်လေး၏လက်ကိုဆွဲကာ ထိုနေရာသို့ တည်ငြိမ်စွာလျှောက်လာသည်။ 


သူမ အနားသို့ရောက်မလာမီမှာပင် စုန့်ထင်ရှန်းက သူမကို အဓိပ္ပါယ်ပါပါဖြင့် ကြည့်လိုက်ပြီး အနားမှ ရေချိုးဝတ်စုံကို ယူလိုက်သည်။ သူက မတ်တပ်ရပ်ပြီး ယွမ်ရှကို ရေချိုးဝတ်စုံဝတ်ပေးလိုက်ကာ နွေးထွေးစွာပြောလိုက်သည်။

" အအေးမမိစေနဲ့ ..."


စုန့်ထင်ရှန်းက ပါတနာကောင်းတစ်ယောက်ဖြစ်သည်။ သူက သူမ၏တောင်းဆိုချက်များအတိုင်း ပူးပေါင်းပေးနေ၍ သူ့ကို စိတ်ထဲ‌တွင် လက်မထောင်ပြလိုက်သည်။ သို့ဖြစ်၍ သူမကိုယ်သူမ ထိန်းချုပ်ပြီး ချင်ယွီ၏ အမူအယာကို မစစ်ဆေးတော့ရန် ဆုံးဖြတ်လိုက်သည်။ 


အကယ်၍ သူမ နောက်လှည့်လိုက်ပါက ပိုကောင်းလိမ့်မည်။ ထိုနည်းအားဖြင့် သူ၏အမူအရာကိုမြင်နိုင်ပြီး ဤအရာအားလုံးကို သူစီစဉ်ထားခြင်းရှိမရှိကို ပို၍တိကျစွာ အကဲဖြတ်နိုင်သည်။


ဝမ်လေးက ဆံပင်များခြောက်သွေ့အောင် ခါယမ်းပြီးနောက် ပြောလိုက်သည်။

" ပါပါး သားဖို့ရော ..."


သူ မေ့သွားပြန်တာလား ...


ထို့အခါမှ စုန့်ထင်ရှန်းက သူ၏ဘေးမှ တာဝါလေးကိုယူပြီး ဝမ်လေး၏ခေါင်းကို ခြောက်အောင် သုတ်ပေးလိုက်ပြီးနောက် သူ့ကိုတာဝါဖြင့် ပတ်လိုက်သည်။


ယွမ်ရှက ချင်ယွီကို အလျင်စလိုပြောလိုက်သည်။

" စီအီးအိုချင် ကျွန်မတို့ပြန်တော့မယ်နော် ... ကလေးကို အအေးမမိအောင် မြန်မြန် ရေချိုးခေါင်းလျှော်ပေးရမှာမို့ပါ ..."


ချင်ယွီက သူမကိုကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။


" ကောင်းပါပြီ ..."


xxxxxx