အပိုင်း (၂၂၆)
Viewers 31k

Chapter 226


စုန့်ထင်ရှန်းက သဘက်နှင့်ပတ်ထားသော‌ဝမ်လေးကို ချီလိုက်ပြီး ယွမ်ရှ၏ဘေးမှ လျှောက်လာသည်။ 


သူမက တီးတိုးပြောလိုက်သည်။

" ကျွန်မ ပခုံးပေါ်လက်တင်လိုက် ဒါမှမဟုတ် လက်ကိုကိုင်လိုက် ..."


" ကောင်းပြီလေ ..."

စုန့်ထင်ရှန်းက ကလေးကိုချီထားသဖြင့် လက်တစ်ဖက်သာအားသောကြောင့် ယွမ်ရှလက်ကို ကိုင်လိုက်သည်။


သူတို့နှစ်ယောက်က တစ်ယောက်လက်ကိုတစ်ယောက် ကိုင်ထားလိုက်ကြသည်။


ယွမ်ရှက သူ၏လက်မှ အသားမာများကို ခံစားမိသည်။ ဝမ်လေး၏ တတွတ်တွတ်ပြောနေသော စကားသံများကို နားထောင်နေလျက် သူမလက်တွင် စိုစွတ်လာသည်ကို ခံစားမိလိုက်သည်။ ၎င်းက ရေကူးကန်မှ ရေ သို့မဟုတ် သူမချွေးများဖြစ်သည်လားကို သေချာမသိပေ။


အနောက်ဘက်မှကြည့်လျှင် သူတို့သုံးယောက်က အရပ်ရှည်ရှည်နှင့် ချောမောခံ့ညားသောအဖေ၊ လှပ၍ သဘောကောင်းသောအမေနှင့် ချစ်စရာကောင်းသော ကလေးလေးတစ်ယောက်ရှိသည့် နွေးထွေးသော မိသားစုလေးတစ်ခုနှင့်တူသည်။ 


ယွမ်ရှ စိတ်ထင်သည်လား မသိသော်လည်း ချင်ယွီက သူမတို့နောက်ကို ကြည့်နေသည်ဟု ခံစားမိ၍ စိတ်မသက်မသာဖြစ်နေသည်။


_


ဤအိမ်တွင် ရေချိုးခန်းသုံးခန်းရှိသည်။ ယခုချိန်တွင် သူမ၏ လုပ်ဖော်ကိုင်ဖက်များကလည်း ပြန်မရောက်ကြသေးပေ။ စုန့်ထင်ရှန်းက ဝမ်လေးကို ရေချိုးရန်ခေါ်သွားသည်။ ယွမ်ရှက အခြားရေချိုးခန်းတစ်ခုတွင် ရေချိုးနေသည်။ သူတို့မိသားစုသုံးယောက်လုံး ယွမ်ရှ၏ အခန်းထဲသို့ ဆံပင်ရေစိုနှင့် ပြန်ရောက်ချိန်တွင် ညကိုးနာရီမထိုးသေးပေ။


ဝမ်လေးက နေ့ခင်းဘက်တွင် ယွမ်ရှ၏ အမျိုးသမီးလုပ်ဖော်ကိုင်ဖက်များနှင့် ကစားနေခဲ့၍ တစ်ရေးတစ်မော မအိပ်လိုက်ရပေ။ ရေကူးကန်ထဲတွင်လည်း တစ်နာရီခန့်နီးပါး ဆော့နေခဲ့သည်။ စုန့်ထင်ရှန်းက သူ့ဆံပင်များကို အခြောက်ခံပေးပြီး ယွမ်ရှက သူ့ကို ညအိပ်ရာဝင်ပုံပြင် မပြောပြရသေးမီမှာပင် အိပ်ပျော်သွားခဲ့သည်။


ဝမ်လေး အိပ်ပျော်သွားချိန်တွင် ယွမ်ရှနှင့် စုန့်ထင်ရှန်းက တစ်ယောက်ကိုတစ်ယောက် ကြည့်မိကြသည်။ နောက်ဆုံးတွင် စုန့်ထင်ရှန်းက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ သူက နာရီကိုကြည့်ကာ ပြောလိုက်သည်။

" ဝမ်လေးလည်း အိပ်ပျော်သွားပြီ အချိန်ကလည်း စောနေသေးတယ် ... ခဏလောက် လမ်းထွက်လျှောက်ကြမလား ..."


ချင်ယွီနှင့် ပတ်သက်သည့်ကိစ္စများကို တွေးတောနေရသောကြောင့် အခြားအရာများကို စဉ်းစားရန် မေ့နေခဲ့သည်။ စုန့်ထင်ရှန်း၏ တောင်းဆိုချက်ကို ကြားသည့်အချိန်မှ တစ်စုံတစ်ခုကို တွေးမိသွားသည်။

သူတို့တွေက စစ်အေးတိုက်ပွဲဖြစ်နေတာ မဟုတ်ဘူးလား ... မဟုတ်သေးဘူး တိတိကျကျပြောရရင် သူမကပဲ စုန့်ထင်ရှန်းကို တစ်ဖက်သတ် အေးစက်စက် ဆက်ဆံနေမိတာ ...


စုန့်ထင်ရှန်း သူမကို မည်သည့်အကြောင်းပြောချင်သည်ကို မသိပေ။ သူမက အရူးတစ်ယောက်ကဲ့သို့ စိတ်ကူးယဉ်တွေးတော မနေချင်တော့သည့်အတွက် မည်သည့်ကိစ္စကိုမှ ခန့်မှန်းမနေတော့ပေ။ အကယ်၍ သူမက မတည်ရှိသောကိစ္စများကို စိတ်ကူးယဉ်နေမိပါက မျက်လုံးများ ကန်းသွားသည်အထိ ငိုမိလိမ့်မည်။


" ကောင်းပြီလေ ..."


ကျွန်းပေါ်တွင် ညအချိန်၌ လေပြင်းသည်။ ယွမ်ရှက ဝတ်စုံအရှည်နှင့် ခြေညှပ်ဖိနပ်ကိုစီးထားသည်။ သူမ စုန့်ထင်ရှန်းနောက်မှ လိုက်လာချိန်တွင် အိမ်ပြန်လာကြသည့် လုပ်ဖော်ကိုင်ဖက်များနှင့် ဆုံမိကြသည်။


ကမ်းခြေတွင် ညအချိန်၌ နှစ်ယောက်တည်း လမ်းလျှောက်ထွက်ကြမည့် သူတို့နှစ်ယောက်ကို သူတို့ စနောက်နေကြသည်။ လက်ထပ်ပြီးသည်မှာ နှစ်အတော်ကြာနေသော စုံတွဲတစ်တွဲအတွက် ဤကိစ္စက အတော်လေး စိတ်ကူးယဉ်ဆန်နေသည့်ပုံရသည်။။


ယွမ်ရှက ပြုံးရုံသာပြုံးလိုက်ပြီး သူတို့စနောက်နေသည်များကို အလိုက်သင့်နေလိုက်သည်။

" နင်တို့ကျတော့ လမ်းလျှောက်လို့ရပြီး ငါတို့က လျှောက်လို့မရဘူးလား ..."


အိမ်က ပင်လယ်ကမ်းခြေနှင့် အလွန်နီးသည်။ လမ်းကူးပြီးသည်နှင့် ဧရာမသဲသောင်ပြင်ကြီးကို တွေ့လိုက်ရသည်။ ညကိုးနာရီကျော်ပြီဖြစ်သော်လည်း ကမ်းခြေတွင် လမ်းလျှောက်နေကြသောလူများ ရှိသေးသည်။


သူတို့နှစ်ယောက်က လမ်းတစ်လျှောက်တွင် ဘာစကားမှ မပြောခဲ့ကြပေ။ ကမ်းခြေသို့ရောက်ငောအခါ လူအချို့ရှိနေပြီး ပင်လယ်လေပြင်းမှာက ပိုအားပြင်းလာသည့်အချိန်တွင် စုန့်ထင်ရှန်းက တိတ်ဆိတ်မှုကို ဖြိုခွင်သလိုက်သည်။


သူက ဖြည်းညှင်းစွာပြောလိုက်သည်။

" ကိုယ်က မိန်းကလေးမဟုတ်တော့ မိန်းကလေးတွေရဲ့ အတွေးတွေကို နားမလည်ဘူး ... ရှရှ ကိုယ်တို့ တစ်ယောက်နဲ့တစ်ယောက် ပိုပြီး ပွင့်လင်းသင့်တယ်ထင်တယ် ... တကယ်လို့ ကိုယ်စကားပြောမှားတာ ဖြစ်ဖြစ် အပြုအမူတစ်ခုခု မှားယွင်းနေတာဖြစ်ဖြစ်ရှိရင် ကိုယ့်ကို မခန့်မှန်းခိုင်းပဲ ကရုဏာထားပြီး ဘာမှားနေတယ်ဆိုတာ ပြောပြပေးပါလား ... "


သူ ယခုအခါ သဘောပေါက်သွားပြီဖြစ်သည်။ မိန်းကလေးများ၏ စိတ်အခြေအနေကို လေ့လာရခြင်းနှင့် သူတို့စကားလုံးများကို ဆန်းစစ်ရခြင်းက စီးပွားရေးအကြောင်း ဆွေးနွေးရသည်နှင့် ပရောဂျက်တစ်ခုကို တာဝန်ယူရသည်ထက်ပို၍ စိန်ခေါ်မှုပိုများသည်။ အနည်းဆုံး စီးပွားရေးနှင့် ပရောဂျက်များတွင် ယျေဘုယျဦးတည်ချက်ရှိသည့် နည်းလမ်းများရှိသည်။ မိန်းကလေးတစ်ယောက် တွေးနေသည်ကို ခန့်မှန်းရခြင်းက အလွန်ခက်ခဲပြီး သူလည်း ထိုသို့မတွေးချင်ပေ။


ကရုဏာထားပြီးဆိုတဲ့စကားက တော်တော်လေးကို သတိထားပြီး သုံးလိုက်ရတာပဲ ...


xxxxxx