အပိုင်း (၂၂၇)
Viewers 31k

Chapter 227


ယွမ်ရှ ပြုံးလိုက်သည်ကို မြင်သောအခါ စုန့်ထင်ရှန်း စိတ်အေးသွားမိသည်။  သူမပြုံးလိုက်သည်ဟူသည့် သဘောက အခြေအနေများကို ပြန်လှည့်၍ ရနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထို့ပြင် သူလုပ်ခဲ့မိသည်က အလွန်မလေးနက်သည်ဟု ဆိုလိုခြင်းဖြစ်လိမ့်မည်။ အမှန်တိုင်းပြောရလျှင် ယခုချိန်ထိ သူဘာမှားခဲ့ကြောင်း မသိရှိသေးပေ။ 


ယွမ်ရှ တွေးလိုက်မိသည်။ စုန့်ထင်ရှန်းက သူ၏ကတ်များကို စားပွဲပေါ်သို့ ချပြလိုက်ပြီဖြစ်၍ သူမလည်း ထိုသို့ လုပ်သင့်သည်ဟု တွေးလိုက်မိသည်။ ပွင့်ပွင့်လင်းလင်းပြောခြင်းက သူမတို့နှစ်ယောက်အကြားတွင် ပို၍ ကောင်းကျိုးရှိနိုင်သည်။ ခန့်မှန်းနေခြင်းက အချိန်ကုန်ရုံသာ အဖတ်တင်လိမ့်မည်။


" တကယ်တော့ ရှင်ဘာစကားမှ မှားမပြောသလို ဘာအမှားမှလည်း မလုပ်ထားပါဘူး ..."

ယွမ်ရှ ဆက်မပြောမီ ခဏရပ်လိုက်သည်။


" ဒါပေမဲ့ အန္တရာယ်ကင်းအောင်လို့ တွေးမယ်ဆိုရင် ကျွန်မအပေါ် ခံစားချက်မရှိရင် အဲ့လိုစကားလုံးတွေကို မပြောသင့်ဘူးလို့ထင်တယ် ... အဲ့လိုစကားတွေက ကျွန်မကို အထင်လွဲစေတယ် ... ရှင်းရှင်းလင်းလင်း ထပ်ပြောရမယ်ဆိုရင် ခံစားချက်ဆိုတာ အချစ်ရေးနဲ့ဆိုင်တဲ့ ခံစားချက်ကို ပြောတာပါ ... သူ့ကလေးရဲ့အမေအပေါ် ယောက်ျားတစ်ယောက်က ထားတဲ့ ခံစားချက်မဟုတ်ဘူး ... ကျွန်မပြောချင်တာကို သဘောပေါက်လား ..."


အကယ်၍ သူမက ဝမ်လေး၏ အမေဖြစ်သောကြောင့် သူတို့မိသားစုသုံးယောက်အတူတကွ နေချင်ပြီး နွေးထွေးသောမိသားစုလေး ဖြစ်ချင်၍ စုန့်ထင်ရှန်းက သူမကို စိတ်ဝင်စားပါက ထိုကိစ္စကို သူမစိတ်မပါပေ။ 


ယခုလက်ရှိ အခြေအနေနှင့်ပင် ဝမ်လေးကို ပျော်ရွှင်သော ပတ်ဝန်းကျင် အခြေအနေလေးတစ်ခု ပေးနိုင်ပြီဖြစ်သည်။ အကယ်၍ စုန့်ထင်ရှန်းက သူမကို ချစ်ကြိုက်သည်မဟုတ်ပါက သူမ၏ခံစားချက်များကိုလည်း အလဟဿ  မဖြုန်းတီးချင်ပေ။တစ်စုံတစ်ယောက်ကြောင့်ဖြစ်စေ သူမကိုယ်တိုင်ကြောင့်ဖြစ်စေ  သူမ၏ ခံစားချက်များကို မနှိပ်စက်လိုပေ။


သူမက မာနကြီးသော လူတစ်ယောက်ဖြစ်သောကြောင့်လည်း ဖြစ်နိုင်သည်။ သူမက သန့်စင်သော ခံစားချက်အပေါ်တွင် အခြေခံထားသည့် အချစ်တစ်ခုကိုသာ လိုချင်ပြီး စုန့်ထင်ရှန်းက အခြားအရာများနှင့် ခံစားချက်ကို ရောထွေးလိုက်သည်ကို မလိုချင်ပေ။ အကယ်၍ သူက သူမကို စိတ်မဝင်စားပါကလည်း တစ်ကိုယ်တည်းနေရမည်ကို ကိစ္စမရှိပေ။ သို့ရာတွင် တစ်ဖက်လူက သူမ၏အချစ်ကိုလိုချင်ပါက သူမကဲ့သို့ သန့်စင်သည့် ခံစားချက်များကိုသာ ပေးနိုင်ရမည်ဖြစ်သည်။


အကယ်၍ သူက ရိုးသားခြင်းမရှိပဲ သူမကို မကြာမဏ ကျီစယ်နေပါက သူ၏စနောက်ကျီစယ်မှုများက အမှန်ဖြစ်သည်ဟု သူမ အထင်လွဲသွားနိုင်သည်။

တကယ်လို့ သူမကို မကြိုက်ရင် သူမကို လာမနောက်သင့်ဘူး အိုကေ ... ပူးပေါင်းပေးတာကို ကျေးဇူးတင်ပါတယ် ...


စုန့်ထင်ရှန်း စိတ်လှုပ်ရှားနေမိသည်။ သူ့က ထိတ်ထိတ်ပြာပြာဖြစ်ခဲလှသည်။ သူက ဟာသဆန်ဆန်တုံ့ပြန်မှုတစ်ခုသာပေး၍ ဤအခြေအနေကို ကျော်ဖြတ်သွားလိုသော်လည်း မိန်းကလေးတစ်ယောက်၏စိတ်ကို ခန့်မှန်းရန် မလွယ်ကူလှပေ။ အကယ်၍ ကောင်းမွန်စွာ မတုံ့ပြန်နိုင်ပါက ယွမ်ရှနှင့် သူ၏အကြားမှ ဆက်ဆံရေးက အလွန်ချစ်သည့် စုံတွဲများကဲ့သို့ တစ်သက်လုံးဟန်ဆောင်နေရမည့် ဆက်ဆံရေးဖြစ်သွားနိုင်သည်။


သူ ခဏတာ တိတ်ဆိတ်သွားသည်။ စုန့်ထင်ရှန်းက သူမ၏စိတ်ကို ခန့်မှန်းနေသည်ဟု တွေးနေချိန်တွင် သက အသံတိုးတိုးဖြင့် စကားစပြောလာသည်။ 

" ကိုယ့်ကို အထင်လွဲနေတာထင်တယ် ..."


ယွမ်ရှ ဘာမှဆက်မပြောပဲ သူ၏စကားများကိုသာ စောင့်နေသည်။


" အင်း ... ကိုယ်တစ်ခုကိုတော့ ဝန်ခံရမယ် ... ပထမဆုံး မင်းက အမေကောင်းတစ်ယောက်ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ခဲ့မိတယ် ... အဲ့ဒါဆိုရင် ဝမ်လေးက ပိုပျော်လာနိုင်ပြီး သူ့ ကောင်းကောင်းမွန်မွန်ကြီးပြင်းလာနိုင်တယ်လေ ... အဲ့ဒါကြောင့်  မင်းပြောသမျှ အခြေအနေတိုင်းကို ကိုယ်တတ်နိုင်သရွေ့ လိုက်လျောမယ်လို့ ပြောခဲ့တာပါ ... အဲ့လိုစကားတွေ ပြောခဲ့တာကလည်း မင်းကို ဝမ်လေးရဲ့အမေလို့ပဲ မြင်ခဲ့လို့ပါ ... ကိုယ်အစပိုင်းတုန်းက ဘာလို့ အဲ့လိုခံစားခဲ့ရလဲ နားလည်မယ်လို့ မျှော်လင့်ပါတယ် ... ကိုယ်တို့အခြေအနေက အချိန်တစ်ခုအထိ မကောင်းခဲ့ဘူးလေ ..."


ထိုစကားများကြားသော်လည်း ယွမ်ရှ စိတ်မပျက်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် သူလိမ် မပြောကြောင်း သူမသိသောကြောင့်ဖြစ်သည်။


" အခု ကိုယ်ဘယ်လို ခံစားနေရတယ်ဆိုတာတော့ ခုချိန်ထိ ..."

စုန့်ထင်ရှန်း ထိုစကားများကို ပြောမထွက်နိုင်ဖြစ်နေသည်။ သူက စိတ်ကူးယဉ်မဆန်သော ယောက်ျားတစ်ယောက်ဖြစ်ပြီး အချစ်ရေးကိစ္စများတွင်လည်း အတွေ့အကြုံမရှိခဲ့သည့်အတွက် သူ့လည်ပင်းကိုဓားဖြင့် ထောက်ထားပါကလည်း ထုတ်မပြောနိုင်သည့် ကိစ္စများရှိသည်။ သို့ရာတွက် ယခုချိန်၌ သူ၏ခံစားချက်များကို ယွမ်ရှအား ရှင်းလင်းစွာ မပြောနိုင်ပါက အနာဂတ်တွင် အခွင့်အရေးရှိတော့မည်မဟုတ်ပေ။ သို့ဖြစ်၍ သူ့စိတ်ထဲ စိုးရိမ်ပူပန်နေသည်။ သူ လက်သီးတင်းတင်းဆုပ်ထားပြီး အံကြိတ်ကာ အတိုးဆုံးအသံဖြင့် ပြောလိုက်သည်။


" ကိုယ် မင်းကိုချစ်တယ်လို့ မပြောနိုင်သေးဘူး ...


xxxxxx