အပိုင်း (၂၂၈)
Viewers 31k

Chapter 228


ယွမ်ရှက သူမ၏ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေစဉ်က  အသုံးပြုခဲ့သည့် ကောင်းမွန်သော အကြားစွမ်းရည်ဖြင့် သေသေချာချာ နားမထောင်ခဲ့မိပါက ထိုစကားလုံးများက ပင်လယ်လေပြင်းနှင့်အတူ ပျောက်ကွယ်သွားလောက်သည်။


" ကိုယ် မင်းကိုပြောလိုက်ရင်တောင် မရိုးသားဘူးလို့ ထင်နေရမှာ ..."

၎င်းက သူထုတ်ပြောရန် အခက်ခဲဆုံးအပိုင်းဖြစ်သော်လည်း သူ၏ အမူအယာက ပို၍ စိတ်အေးလက်အေးဖြစ်လာသည်။


" ဒါပေမဲ့ ကိုယ်မင်းကို သဘောကျတယ်ဆိုတာတော့ ကိုယ်သိတယ် ... ဒါပေမဲ့ အဲ့လို သဘောကျတာက မင်းပြောတဲ့ အမျိုးအစားထဲ ပါမပါ မသိဘူး ... တကယ်လို့ မင်းက ဝမ်လေးအမေမဟုတ်တာ ဒါမှမဟုတ် ဝမ်လေးက မရှိခဲ့ဘူးဆိုရင် မင်းကို မကြိုက်မိလောက်ဘူးဆိုတာတော့ ဝန်ခံပါတယ် ..."


ပထမပိုင်းက ကြားရတာ ချိုသာပေမယ့် အနောက်ပိုင်းက ဘယ်လိုကြီးလဲ ... ဒီကိစ္စကိုပြောဖို့ အချိန်တွေအများကြီးဖြုန်းပြီးတော့မှ သူ့အဖြေက သူမက ဝမ်လေးအမေဖြစ်လို့ ခံစားချက်တွေ ရှိနေတယ်တဲ့လား ...


ယွမ်ရှ၏ အမူအယာက မည်းမှောင်သွားသည်။


စုန့်ထင်ရှန်းက သူမ၏ အမူအယာကို အာရုံစိုက်နေသူဖြစ်လေရာ သူ့စိတ်ထဲတွင် ပူဆွေးသွားမိသည်။ 

သူကယွမ်ရှနဲ့ ဒါမျိုးကိစ္စတွေ ပြောနေရမယ့်အစား  စကားပြောရခက်တဲ့ ဖောက်သည်တွေနဲ့ပဲ စီးပွားရေးလုပ်ငန်းနဲ့ ပရောဂျက်တွေအကြောင်း ဆွေးနွေးချင်တော့တယ် ...


" ကိုယ့်ကို အထင်မလွဲပါနဲ့ ... ကိုယ်က အလုပ်ရှုပ်တဲ့လူဆိုတော့ ကိုယ့်ဘဝမှာ အချစ်ရေးက အရေးမကြီးခဲ့ဘူး ... ကို့ယ်အတွက် ကိုယ့်ရဲ့သားလေး၊ မိသားစုနဲ့ အလုပ်က အချစ်ရေးကိစ္စတွေထက် ပိုအရေးကြီးတယ် ..."

စုန့်ထင်ရှန်း ကူကယ်ရာမဲ့စွာဖြင့် ရှင်းပြလိုက်သည်။


" ကိုယ်က သူစိမ်းတစ်ယောက်နဲ့ ချစ်ကြိုက်ဖို့အချိန်လည်း မရှိပါဘူး ... မင်းက ဝမ်လေးအမေမဟုတ်ရင် ကိုယ် စိတ်ဝင်စားမိမယ် မထင်ဘူး ... အဲ့လိုမဟုတ်ရင်လည်း မင်းအကြောင်းတွေ သိဖို့ အချိန်ရခဲ့မှာမဟုတ်ဘူး ... ဒါပေမဲ့ မင်းကို ချစ်တဲ့ အချစ်ကတော့ စစ်မှန်ပါတယ် ..."


သူ၏ စကားများက စမ်းတဝါးဝါးဖြစ်နေသော်လည်း သူပြောရန် ကြိုးစားနေသည်ကို ယွမ်ရှနားလည်သည်။ သို့သော် သူပြောသည်များကို နားလည်ရန် သူမစိတ်ထဲ အတော်ဖြည့်တွေးလိုက်ရသည်။ ထိုသို့မလုပ်ပါက သူပြောချင်နေသည်များကို သူမ နားလည်နိုင်မည်မဟုတ်ပေ။ သူမက စိတ်ဖတ်တတ်သူလည်း မဟုတ်ချေ။ 


စုန့်ထင်ရှန်းက လက်တွေ့ကျသူတစ်ယောက်ဖြစ်သည့်အတွက် သူ့စကားများက အမှန်တရားများသာဖြစ်သည်။ အကယ်၍ သူမက ဝမ်လေးအမေမဟုတ်ပဲ သူ့ဘဝသို့ ခဏတာ ဖြတ်သန်းသွားသူဖြစ်ပါက သူမကို သတိပြုမိမည်မဟုတ်သကဲ့သို့ သူမ အကြောင်းကိုသိရန်လည်း စိတ်ဝင်စားမည်မဟုတ်ပေ။ သူသည်လည်း အလုပ်များသူတစ်ယောက်ဖြစ်၍ သူ့အတွက် အချစ်ရေးထက် ပိုတန်ဖိုးရှိသော အရာများရှိသည်။ သူမက ဝမ်လေးအမေဖြစ်၍သာ သူမကို သတိပြုမိပြီး စတင်နှစ်သက်သွားသည်ဟု ပြောချင်နေခြင်းဖြစ်သည်။


သူ၏ စကားလုံးများက အေးစက်သော အမှန်တရားများဖြစ်၍ နူးညံ့မှုမပါဝင်သော်လည်း ယွမ်ရှက အသာစီး ရရှိထားသူဖြစ်၍ ပျော်သွားမိသည်။ စုန့်ထင်ရှန်းက သူမကို သဘောကျသည်ဟု ဝန်ခံထားသည်။ သူမ သဘောကျသည်နှင့် သူမ သဘောကျသည်က ကွာခြားနေသည်။ သူမကိုယ်သူမ ဂရုတစိုက်တွေးကြည့်သည့်အခါ သူက သူမနှလုံးသားကို ဖမ်းစားထားနိုင်သည်ဟုသာ သိလိုက်သည်။ သူမက သူ့ကို ဂရုစိုက်သည်ထက်လည်း သူကပို၍ သူမကို ဂရုစိုက်သည်။ 


စုန့်ထင်ရှန်းက သူပြောလိုက်သည့် မည်သည့်စကားက မှန်ကန်သွားသည်ကို မသိသော်လည်း ယွမ်ရှ၏ အမူအယာက ပိုမိုကောင်းမွန်လာသည်ကို မြင်လိုက်ရပြီး သူမ အပြုံးကလည်း ပိုမို အသက်ဝင်လာပုံရသည်။


အမျိုးသမီးများ၏ စိတ်အခြေအနေက ‌ခန့်မှန်းရန် အလွန်ခက်ခဲလှသည်။ ကံကောင်းသည်မှာ သူမက သူ၏တုံ့ပြန်မှုကြောင့် ကျေနပ်ပျော်ရွှင်သွားပုံရသည်။ ဤနေရာသို့လာ၍ သူမနှင့်တွေ့ခဲ့ခြင်းက အလဟဿ မဖြစ်တော့ပေ။


ထိုသို့တွေးပြီး သူ့စိတ်ထဲ သတ္တိမွေးကာ သူမလက်ကို ကိုင်လိုက်သော်လည်း သူမက ပြန်မခါထုတ်လိုက်ပေ။ 


သူတို့နှစ်ယောက်လုံး စကားတစ်ခွန်းမှ ထပ်မပြောကြတော့ပေ။ လက်ချင်းတွဲ၍သာ ကမ်းခြေတစ်လျှောက် လေညှင်းခံနေလိုက်ကြသည်။


xxxxxxx