Chapter 229
ဝမ်လေးက စောစောအိပ်ပျော်သွားသော်လည်း အုန်းရည်များစွာသောက်ထားခဲ့မိ၍ အပေါ့သွားချင်သောကြောင့် ထလာခဲ့သည်။ အိပ်ရာပေါ်တွင်ထိုင်ပြီး အခန်းပတ်ပတ်လည်ကို ငေးငိုင်ကြည့်နေသည်။ သူ့မိဘများ မည်သည့်နေရာသို့ ထွက်သွားသည်ကို သူမသိပေ။ သူတို့ကိုအော်ခေါ်သော်လည်း မည်သူမှ ပြန်မထူးကြသည့်အတွက် ကုတင်ပေါ်မှဆင်းလာပြီး တံခါးဖွင့်ကာ သန့်စင်ခန်းသို့ ပြေးသွားလိုက်သည်။
သန့်စင်ခန်းထဲမှ ထွက်လာသည့်အခါ သူက ဧည့်ကြိုမိန်းကလေးနှင့် တိုက်မိသွားသည်။ သူက မျက်လုံးကိုပွတ်ပြီး ကလေးသံလေးဖြင့် သူမကို မေးလိုက်သည်။
" မမ သားပါပါးနဲ့ မာမားကို တွေ့သေးလား ... သူတို့ဘယ်သွားလဲ မသိဘူး ... ရှာလို့လည်းမတွေ့ဘူး ..."
ဧည့်ကြိုမိန်းကလေးက ဝမ်လေးကို အလွန်ချစ်သည်။ သူ၏ ပါးဖောင်းဖောင်းလေးကို ညှစ်ကာ ပြောလိုက်သည်။
" သူတို့ လမ်းလျှောက်ထွက်သွားတာထင်တယ် ... မမ ဖုန်းဆက်ခေါ်ပေးရမလား ..."
ထို့နောက် သူမအိတ်ထဲမှ ဖုန်းကိုထုတ်ပြီး ယွမ်ရှကို ဖုန်းခေါ်ရန် ပြင်လိုက်သည်။
ဝမ်လေးက ခဏလိုက်ပြီးစဉ်းစားလိုက်ပြီးနောက် သုမကို တားလိုက်သည်။
" မမ ရတယ် မခေါ်နဲ့တော့ ..."
သူ့ထံတွင်လည်း သူ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်များ ရှိသည်။ သူ့မိဘများကို မတွေ့ရုံဖြင့် သူတို့တစ်နေရာရာသွားနေသည်ကို အနှောင့်အယှက် မပေးချင်ပေ။ အလိုက်မသိသောကလေးများသာ ထိုသို့ပြုလုပ်တတ်ကြသည်။
" ဘာလို့တုန်း ... အခန်းထဲမှာ တစ်ယောက်တည်း မကြောက်ဘူးလား ..."
ဝမ်လေးက တည်ကြည်စွာပြောလိုက်သည်။
" ပါပါးနဲ့ မာမားက လမ်းလျှောက်ထွက်တာ မဟုတ်ပဲ ဒိတ်လုပ်ဖို့သွားကြတာ သား တတိယဘီး မဖြစ်ချင်ဘူး ..."
ဧည့်ကြိုမလေးက သဘောကျစွာဖြင့် ရယ်လိုက်သည်။
" ဒါဆိုရင် အခန်းထဲမှာ တစ်ယောက်တည်း နေမလို့လား ... မမအခန်းထဲမှာ လာဆော့ချင်လား ..."
ဝမ်လေးက သူမဘေးတွင် ရပ်နေသောကောင်လေးကိုကြည့်ကာ သက်ပြင်းချလိုက်သည်။ ထိုလူက သူမကောင်လေးဖြစ်သည်။
" မမ သား ပါပါးနဲ့မာမား ဆီမှာ တတိယဘီး မဖြစ်ချင်သလို မမတို့ဆီမှာလည်း မဖြစ်ချင်ဘူး ... အဲ့လိုလုပ်ရင် မမကောင်လေးက သားကို မုန်းသွားမှာပေါ့ ..."
ထိုစကားများကို လေးနှစ်သားလေးက ပြောသည်ဖြစ်၍ အလွန်ချစ်စရာကောင်းနေသည်။ ဧည့်ကြိုမိန်းကလေး၏ ကောင်လေးပင် သူ့ကို ချစ်ဖို့ကောင်းသည်ဟု တွေးလိုက်မိသည်။
ဝမ်လေးက တတိယဘီးမဖြစ်ချင်သည့်အပြင် အခန်းထဲတွင်လည်း တစ်ယောက်တည်း မနေလိုသဖြင့် အောက်ထပ်သို့ဆင်းသွားပြီး ဧည့်ခန်းထဲတွင် မိဘများကိုစောင့်နေသည်။
ပထမထပ်ဧည့်ခန်းထဲတွင် မည်သူမှ ရှိမနေသဖြင့် အလွန်တိတ်ဆိတ်နေသည်။ ဝမ်လေးက အလွန်လိမ္မာပြီး တိတ်ဆိတ်စွာနေနေသည်။ သူက ရုပ်ပုံများပါသည့် စာအုပ်တစ်အုပ်ကို လှန်လျောကြည့်နေသည်။
" ကလေးပေါက်စလေး ... ဘာလို့ ဒီမှာတစ်ယောက်တည်း ရှိနေတာလဲ ..."
အမျိုးသားတစ်ယောက်၏ ညင်သာသောအသံ ထွက်ပေါ်လာသည်။
ဝမ်လေးလှည့်ကြည့်လိုက်သည့်အခါ ရေကူးကန်နားတွင် သူ့အဖေ၏ဘေးတွင် ထိုင်နေခဲ့သော ဦးလေးကြီးကို တွေ့လိုက်သည်။ သူက သူစိမ်းများကို မရှက်တတ်သောကြောင့် ပြန်ဖြေလိုက်သည်။
" သား ပါပါးနဲ့မာမား ဒိတ်လုပ်နေကြလို့ ..."
ချင်ယွီက အံ့အားသင့်ပြီး နေရာတွင် ခဏတာအေးခဲသွားသည်။ ခဏအကြာတွင် ဝမ်လေး၏ဘေးတွင် ဝင်ထိုင်လိုက်သည်။
" သူတို့က ကလေးကိုတစ်ယောက်တည်းထားခဲ့တာလား ..."
ဝမ်လေး ခေါင်းခါလိုက်သည်။
" သားစောစော အိပ်ပျော်သွားပြီး နိုးလာတော့ ရှုရှုးပေါက်ချင်လာလို့ ..."
" အာ ..."
ချင်ယွီက ဝမ်လေး၏ ဆံပင်ကို ခပ်ဖွဖွပွတ်ပေးလိုက်သည်။ သူက အလွန်ညင်သာသောလေသံဖြင့် ပြောလိုက်သည်။
" ဒါဆိုရင် ဦးဦးက သားနဲ့ ခဏအဖော်လုပ်ပေးမယ် ... တစ်ခုခုစားချင်သေးလား ... ရေခဲသေတ္တာထဲမှာ ရေခဲမုန့်၊ ကိတ်မုန့်နဲ့ ကွတ်ကီးတွေရှိတယ်... ဘာစားချင်လဲ ဦးဦးကိုပြော ..."
ဝမ်လေးက ခေါင်းခါနေဆဲဖြစ်သည်။ သူပါးစပ်ဟကာ သူ၏ သွားပိစိလေးများကို ပြလိုက်သည်။
" သွားတိုက်ပြီးရင် ဘာမှစားလို့ မရတော့ဘူး ... ထပ်စားရင် သွားပြန်တိုက်ရလိမ့်မယ် ... သား သွားမတိုက်ချင်ဘူး ..."
သူက သွားတိုက်ရခြင်းကို သဘောမကျသော်လည်း သူ၏အမေက သူ့ကိုညတိုင်း သွားတိုက်ခိုင်းပြီး ထို့နောက်တွင် ဘာမှစားခွင့်မပြုတော့ပေ။ အကယ်၍ တစ်ခုခုစားမိပါက အမြဲတမ်းသွားပြန်တိုက်ရသည်။
" လိမ္မာလိုက်တာ ... ဦးဦး စာအုပ်ဖတ်ပြမယ် .."
ချင်ယွီက အလွန်စိတ်ရှည်သည်။ သူက ဝမ်လေးကို စာအုပ်ဖတ်ပြနေစဉ် သူတို့ စကားစမြည်ပြောဖြစ်ကြသည်။ ဝမ်လေးက သူ့ကိုကြောက်မနေသည့်အတွက် သူတို့ အားလုံးပြောဖြစ်ကြသည်။ ထို့အပြင်သူက ချင်ယွီနှင့် စကားပြောရအဆင်ပြေပြီး သူ့ကိုအားလုံးဝေမျှပြောဆိုရသည်။
ချင်ယွီက ဝမ်လေး၏မျက်နှာကိုကြည့်ပြီး သူ၏အကြည့်များက နက်ရှိုင်းလာသည်။ သူကပြုံးပြီး မေးလိုက်သည်။
" ဝမ်လေး ညကျရင် ဘယ်သူနဲ့အိပ်တာလဲ ... တစ်ယောက်တည်း အိပ်တာလား ..."
ဝမ်လေးက ချက်ချင်းပြန်ဖြေလိုက်သည်။
" တစ်ခါတစ်လေ ပါပါးနဲ့အိပ်တယ် ... တစ်ခါတစ်လေ မာမားနဲ့အိပ်တယ် ... သားက ငယ်သေးတော့ တစ်ယောက်တည်း မအိပ်ချင်ဘူး ..."
ဝမ်လေး၏ကိုယ်မှ နို့ရနံ့လေးကြောင့် ချင်ယွီ၏အပြုံးက ပို၍ငြင်သာလာသည်။
xxxxxx