Chapter 230
ကလေးလေးတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်ဖြစ်၍ စုန့်ထင်ရှန်းနှင့်ယွမ်ရှက လမ်းမြန်မြန်လျှောက်ပြီး ပြန်လာကြသည်။ သူတို့ အိမ်ထဲဝင်လိုက်သည်နှင့် ချင်ယွီက ဝမ်လေးနှင့်အတူ ကာတွန်းကားကြည့်နေသဖြင့် သူတို့ အံ့ဩသွားကြသည်။
ယွမ်ရှက ချင်ယွီ၏ လှုပ်ရှားမှုများကို အာရုံခံစားမိသည်။
သူ ဘာလို့ ဝမ်လေးဘေးနားမှာ ထိုင်နေရတာလဲ ..
သူမ ချက်ချင်းပြေးသွားပြီး ဝမ်လေးကို ချီလိုက်သည်။ သို့သော်သူမ၏ တုံ့ပြန်ချက်က ထူးဆန်းသွားကြောင်းသိ၍ ချင်ယွီကို ပြုံးပြလိုက်သည်။
" စီအီးအိုချင် ကလေးက တစ်ခါတစ်လေ ဆူဆူညံညံလုပ်တတ်တယ် စီအီးအိုကို အနှောင့်အယှက် ပေးသေးလား ..."
ချင်ယွီ ခေါင်းခါပြလိုက်သည်။ သူ၏အပြုံးက အမြဲနူးညံ့ညင်သာလျက်ပင်။
" မပေးပါဘူး ... သူ ဧည့်ခန်းထဲမှာ တစ်ယောက်တည်းထိုင်နေတာ မြင်လို့ သူနဲ့ တီဗီတူတူကြည့်ပေးနေတာ ... ကလေးလေးက လိမ္မာပြီး အလိုက်သိတတ်တယ် ..."
ဝမ်လေးကို ယွမ်ရှချီထားရသည်က လေးနေမည်စိုး၍ စုန့်ထင်ရှန်းက သူ့လက်ထဲ ပြောင်းချီလိုက်သည်။
" ဦးဦးကို ကျေးဇူးတင်ပါတယ်ပြောလိုက်လေ ..."
ဝမ်လေးက သန်းဝေလိုက်သည်။ သူက အိပ်ချင်နေပြီဖြစ်သော်လည်း စိတ်ကိုစုစည်းကာ အိပ်ချင်မူးတားအသံလေးဖြင့် ချင်ယွီကိုပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ်ဦးဦး ... သားအိပ်ချင်နေလို့ ပြန်အိပ်တော့မယ်နော် တာ့တာ ..."
ချင်ယွီက သဘောကျစွာဖြင့် လက်ပြလိုက်သည်။
" ကောင်းပါပြီ ကောင်းသောညပါ ကလေးလေး ..."
နှုတ်ဆက်ပြီးသည့်နောက်တွင် ယွမ်ရှနှင့် စုန့်ထင်ရှန်းက ဝမ်လေးကိုခေါ်ပြီး အပေါ်ထပ်မှ အခန်းကို ပြန်လာခဲ့ကြသည်။ ယွမ်ရှက ဝမ်လေးနှင့် ချင်ယွီတို့ ပြောခဲ့သည့် စကားများကို သိချင်နေမိသည်။ ဝမ်လေးက ဉာဏ်ကောင်းသော်လည်း ကလေးငယ်လေးတစ်ယောက်သာဖြစ်သည်။ အကယ်၍ လူကြီးတစ်ယောက်က သူ့ထံမှ သတင်းအချက်အလက်များ။ရယူလိုပါက အလွန်လွယ်ကူလွန်းလှသည်။
သူတို့ အခန်းထဲ ပြန်ရောက်လာသည့်အခါ ယွမ်ရှက ဝမ်လေးကို သူမဘေးတွင် ထိုင်ခိုင်းလိုက်သည်။ သူမ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
" ဝမ်လေး ဦးဦးက သားကို ဘာတွေမေးသေးလဲ မာမားကို ပြောပြလို့ရလား..."
စုန့်ထင်ရှန်းက ရေတစ်ဘူးဖွင့်ပြီး ယွမ်ရှကို ပေးမည်အပြုတွင် သူမ၏စကားများနှင့် အမူအယာကြောင့် အံ့ဩသွားမိသည်။
ယွမ်ရှက ဝမ်လေးကို အဘယ့်ကြောင့် ဤကဲ့သို့သောမေးခွန်းမျိုးမေးသည်က်ု သူ နားမလည်နိုင်ပေ။
ဝမ်လေးက အလွန်အိပ်ငိုက်နေပြီဖြစ်၍ ဘာပြောခဲ့သည်များကို မမှတ်မိတော့ပဲ ခေါင်းခါလိုက်သည်။
" သား မမှတ်မိတော့ဘူး ..."
သူနဲ့ ဦးဦးက ကာတွန်းနဲ့ ရုပ်ပုံတွေအကြောင်းပဲ ပြောခဲ့တာလေ ... အသေးစိတ်ကို မမှတ်မိနိုင်တော့ဘူး ...
ယွမ်ရှ သေချာအောင်မေးလိုက်သည်။
" အားလုံးကို မမှတ်မိတော့တာလား ..."
ဝမ်လေးက လေးလေးနက်နက်တွေးပြီးသည့်နောက်တွင် အနည်းငယ်မှတ်မိသွားသည်။
" ဦးဦးက သားကို ရေခဲမုန့်နဲ့ ကိတ်မုန့်စားမလားမေးတယ် ... သားက သွားတိုက်ပြီးသွားတာနဲ့ စားလို့ မရဘူးလို့ ပြန်ဖြေလိုက်တယ် ..."
ယွမ်ရှ : "...."
ဒီကလေး အစားအသောက်နဲ့ဆိုင်တာကိုပဲ မှတ်မိတာလား ...
ကလေးများက လိမ်မပြောတတ်ကြကြောင်းကို ချင်ယွီသိမည်ကို ယွမ်ရှ သဘောပေါက်သည်။ အကယ်၍ ချင်ယွီက ဝမ်လေးဆီမှ တစ်စုံတစ်ရာ သိရှိချင်ပါက အလွယ်တကူ သိသွားနိုင်သည်။ အရေးကြီးဆုံးအရာမှာ ကလေးငယ်လေးများက မှတ်ဉာဏ်ကောင်းကောင်း မရှိကြပေ။ သာမန်ပြောနေကျ စကားများကို သူတို့ အတိအကျ မှတ်မိတတ်ကြပေ။
ယွမ်ရှက ဝမ်လေး၏ မှတ်ဉာဏ်ကို အစဆွဲထုတ်ရန် ကြိုးပမ်းလိုက်သည်။
" ဦးဦးက ပါပါးနဲ့ မာမားအကြောင်းမေးသေးလား ..."
ဝမ်လေးက တွေးလိုက်ပြီးသည့်နောက် ခေါင်းခါလိုက်သည်။
" မမေးပါဘူး ..."
သူအမှန် တကယ်ပင် မမေးဟု ထင်လိုက်မိသည်။
" သေချာလား ..."
ယွမ်ရှ ထပ်မေးလိုက်သည်။
ဝမ်လေးက မှတ်မိရန် အကောင်းဆုံး ကြိုးစားခဲ့သော်လည်း အလွန်အိပ်ချင်နေသည်ဖြစ်၍ သတိမရနိုင်တော့ပေ။
စုန့်ထင်ရှန်းက ဝမ်လေး၏ပုံကို မကြည့်နေနိုင်တော့၍ ဆိုဖာပေါ်မှ ဝမ်လေးကိုချီပြီး ယွမ်ရှကို ပြောလိုက်သည်။
" သူက ကိစ္စအားလုံးကို အသေးစိတ်မှတ်မိတတ်တဲ့အရွယ် မဟုတ်ဘူးလေ ... မင်းသူ့ကိုမေးလည်း သူ မမှတ်မိတော့ဘူး ... အခုလည်းကြည့်လိုက် သူအိပ်ချင်နေပြီ အိပ်ခိုင်းလိုက်ပါ ..."
မနက်ဖြန်တွင် ထပ်မေးနိုင်ကြောင်းကို စုန့်ထင်ရှန်း မပြောလိုက်ပေ။ ဝမ်လေးက ယခုချိန်တွင်ပင် ဘာမှ မမှတ်မိတော့သည်ဖြစ်ရာ နောက်နေ့မနက်တွင် သွားတိုက်သည့်အကြောင်း ပြောပြခဲ့သည်ကိုပင် မေ့သွားနိုင်သည်။
xxxxx