အပိုင်း (၂၃၁)
Viewers 31k

Chapter 231


ယွမ်ရှက ဝမ်လေး အမှန်တကယ်အိပ်ချင်နေသည်ကို မြင်လ်ိုက်သည်။ သူဆက်မေးနေပါကလည်း မည်သည့်ရလဒ်မှ မရနိုင်တော့မည်ကိုသိ၍ အကြံသမား ချင်ယွီကိုသာ စိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆဲနေမိသည်။ ကလေးတစ်ယောက်ထံမှ သတင်းအချက်အလက်များကို ရယူခြင်းက နောက်ကွယ်မှ ခိုးကြောင်းခိုးဝှက်လုပ်ခြင်းပင်ဖြစ်သည်။ 


ဝမ်လေးက အိပ်ယာပေါ်တွင်လှဲပြီး မျက်လုံးမှိတ်လိုက်သည်နှင့် ချက်ချင်းအိပ်ပျော်သွားသည်။


ထိုအခါမှသာ စုန့်ထင်ရှန်းက သူမကို မေးတော့သည်။

" တစ်ခုခုဖြစ်လို့လား ..."


ယွမ်ရှ စုန့်ထင်ရှန်းကို ဘာပြောရမည်မသိဖြစ်သွားသည်။  အရာအားလုံးက သူမ၏ မှန်းဆချက်များသာဖြစ်နေ၍ သူမပြန်ပြောလိုက်သည်။

" ဘာမှမဖြစ်ပါဘူး ... ကျွန်မက သူဌေးရှေ့မှာ ဝမ်လေးစကားပြောမှားမှာစိုးလို့ပါ ... ဝန်ထမ်းတွေက က်ိုယ့်ရဲ့လက်ရှိ အလုပ်နေရာက ပုံရိပ်ကို အာရုံစိုက်သင့်တယ်လေ ..."


" စိတ်မပူပါနဲ့ ... သူဌေးတွေက ဝန်ထမ်းတစ်ယောက်တည်းကိုပဲ အာရုံမစိုက်နိုင်ပါဘူး ..."

စုန့်ထင်ရှန်းက သူမကိုနှစ်သိမ့်လိုက်သည်။


သူက တစ်ယောက်တည်း ဒရာမာ မရိုက်နေနဲ့လို့ပြောချင်တာလား ...


ယွမ်ရှ ပြုံးလိုက်သည်။

" ရှင်ရော ရှင့်ကုမ္ပဏီက ဝန်ထမ်းတွေကို အာရုံမစိုက်မိဘူးလား ..."


စုန့်ထင်ရှန်းက တုံ့ပြန်လိုက်သည်။

" ဘယ်လို အာရုံစိုက်မှုမျိုးလဲ ..."


" အလုပ်နဲ့မဆိုင်တဲ့ ကိစ္စတွေမှာပေါ့ ..."


စုန့်ထင်ရှန်း ခေါင်းခါလိုက်သည်။

" အဲ့လိုတစ်ခါမှ မဖြစ်ခဲ့ဖူးဘူး ..."


၎င်းက ကျိုးကြောင်းဆီလျော်သည်ဟု ယွမ်ရှတွေးလိုက်မိသည်။


" ဟုတ်သားပဲ ... ရှင်က အမြဲအလုပ်များနေတာဆိုတော့ ကျွန်မဆံပင်ညှပ်ထားတဲ့အချိန်မျိုးဆိုရင်တောင် သတိမထားမိတာ ဝန်ထမ်းတွေအကြောင်း အာရုံစိုက်မိဖို့ဆိုတာ ပိုတောင်မဖြစ်နိုင်သေးတယ် ..."


သူမ ဆိုလိုချင်သည်မှာ စုန့်ထင်ရှန်းက ယခင်ကလည်း သူမကဲ့သို့ လှပသောမိန်းကလေးကို သတိမပြုမိခဲ့၍ ဝန်ထမ်းများအကြောင်း သတိမပြုမိသည်မှာလည်း ဖြစ်နိုင်သည်ဟူသော အဓိပ္ပါယ်ပင်။


" မင်း ဆံပင်ညှပ်ထားတာလား ..."

လူရိုးလူဖြောင့်များ၏ အဓိက အာရုံစိုက်မှုများက အမြဲတစေ ဆန်းကြယ်လှသည်။


" မညှပ်ထားပါဘူး ..."


ထိုအခါမှ စုန့်ထင်ရှန်း စိတ်အေးသွားပြီး သက်ပြင်းချလိုက်သည်။ ရိုးသားစွာပြောရလျှင် မိန်းကလေးများနှင့် ရင်ဆိုင်ရခြင်းက သူ့အတွက် ကမ္ဘာပေါ်တွင် အခက်ခဲဆုံးကိစ္စဟု ခံစားမိသည်။

" မင်း အိပ်ယာဝင်တော့လေ ... ကိုယ် ကြမ်းပေါ်မှာပဲ အိပ်လိုက်မယ် ..."


ယွမ်ရှ လက်ကာပြလိုက်သည်။

" ရှင် အဲ့လိုလုပ်ရင် နောက်နေ့မနက် နိုးလာရင် ဝမ်လေးက မေးခွန်းအများကြီးမေးလိမ့်မယ် ... ဝမ်လေးကို အလယ်မှာထားပြီး အရင်လိုပဲ အိပ်ကြမယ်လေ ..."


" ကောင်းပြီလေ ..."

စုန့်ထင်ရှန်းက အပြင်ပိုင်းတွင် တည်ငြိမ်နေသော်လည်း ရင်ထဲတွင် တိတ်တဆိတ် ဝမ်းသာမိသွားသည်။


ကုတင်က ၁.၈မီတာ ကျယ်သော်လည်း သူတို့အိမ်မှ ကုတင်ကဲ့သို့ သက်တောင့်သက်သာမရှိလှပေ။ ယွမ်ရှက ချင်ယွီနှင့်ပက်သတ်သောကိစ္စကို စဉ်းစားနေဆဲဖြစ်၍ အိပ်မရဖြစ်နေသည်။


သူမ ဟိုဘက်ဒီဘက်လှည့်နေသော အကြိမ်ရေများလာ၍ စုန့်ထင်ရှန်းက တီးတိုးမေးလိုက်သည်။

" အိပ်လို့မရဘူးလား ..."


" အိမ်က အိပ်ယာနဲ့ပဲ အိပ်နေကျမို့ ထင်တယ် ..."

ယွမ်ရှ ခဏတွေးပြီးသည့်နောက် မေးလိုက်သည်။


" ရှင့်အလုပ်တွေပစ်ပြီး ဒီကိုအပန်းဖြေဖို့လာရတာ အဆင်ပြေရဲ့လား ..."


စုန့်ထင်ရှန်းက အလုပ်ရူးဖြစ်သည်။ သူက ပိတ်ရက်များတွင် ရုံးမသွားရသောလည်း စာကြည့်ခန်းထဲတွင် အမြဲတမ်း အလုပ်ရှုပ်နေသည်။ သူအမြဲတမ်း အလုပ်လုပ်နေသည်ကို ယွမ်ရှမြင်လျှင် သူမ သူဌေးဖြစ်ချင်စိတ်များ ပျောက်သွားမိသည်။ ကုမ္ပဏီပိုင်ရှင် သူဌေးတစ်ယောက်တွင် တာဝန်ယူမှုများစွာလည်း ရှိရသည်။ သူ၏ အလုပ်က သာမန်ဝန်ထမ်းများထက်လည်း ပိုများသည်။ အနည်းဆုံး ဝန်ထမ်းများက ရုံးဆင်းသည်နှင့် အလုပ်မလုပ်ရတော့သော်လည်း သူဌေးကမူ  အလုပ်အတွက် ပူပန်နေရဆဲဖြစ်သည်။


ကိုယ်က တစ်နှစ်လုံး အနားယူတာမှ မဟုတ်တာ ... ရံဖန်ရံခါပဲလေ ..."


ယွမ်ရှ သက်ပြင်းချလိုက်သည်။

" ကျွန်မ ရှင့်ကို တကယ်လေးစားတယ် ... ကျွန်မကတော့ သူဌေးမဖြစ်နိုင်ဘူ အရမ်းပင်ပန်းလွန်းတယ် ..."


စုန့်ထင်ရှန်း ခဏတာ တိတ်ဆိတ်သွားသည်။

" ဒါဆိုလည်း သူဌေးရဲ့မိန်းမပဲလုပ်လေ ..."


သူတို့နှစ်ယောက်က ရင်ထဲတွင် ရှိသမျှကို ပွင့်လင်းစွာပြောပြီးသည်ဖြစ်၍ သူက ရည်ရွယ်ချက်ရှိရှိ စနောက်နေသည် ဟုတ်မဟုတ်ကြောင့် သူမစိတ်မရှုပ်တော့ပေ။ ထိုစကားများ ကြားလိုက်ရသည့်အခါ သူမ စကားလုံးများဖြင့် မဖော်ပြနိုင်သော ခံစားချက်တစ်မျိုး ဖြစ်ပေါ်သွားသည်။ 


" ဒါပေါ့ သူဌေးရဲ့မိန်းမလုပ်ရတာ ဘယ်လောက်ကောင်းလဲ ... ဘာမှလည်း စိတ်ပူစရာမလိုဘူး ... ပြီးတော့ ရာထူးအရကြည့်မယ်ဆိုရင်လည်း ကိုယ့်အထက်မှာ တစ်ယောက်ပဲရှိတယ်လေ ..."


စုန့်ထင်ရှန်းက သူမကို အမှန်ပြင်ပေးလိုက်သည်။

" မင်းရဲ့ ရာထူးအထက်မှာ ဘယ်သူမှမရှိတော့ဘူးလေ ... သူဌေးလည်း မရှိဘူး ..."


သူပြောချင်တာက သူက စုန့်ကော်ပိုရေးရှင်းရဲ့ သူဌေးကတော်ဖြစ်လို့ သူမက သူဌေးရဲ့အထက်တောင် ရှိနေတယ်ပေါ့ အဲ့လိုလား ...


ဟီးဟီး ... 


သူ၏စကားများက အမှန်တရားဖြစ်‌စေ လိမ်ညာပြောသည်ဖြစ်စေ သူက သူမ၏မိန်းမပျိုလေးကဲ့သို့ နှလုံးသားကို စိတ်ကျေနပ်မှုရစေရန် အလွန်အမင်း အားစိုက်ထုတ်ထားသည်ပင်။


xxxxxxx