အပိုင်း (၂၃၂)
Viewers 31k

Chapter 232


သူတို့က အလုပ်ကိစ္စမှစ၍ လူမှုဘဝများအကြောင်းပါ ဆွေးနွေးခဲ့ကြသည်။ မည်သို့ပင်ဖြစ်စေ သူတို့က ခေါင်းထဲရှိသမျှ ကိစ္စအားလုံးကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။  သို့သော် ယွမ်ရှက စကားပြောနေလျက် ပင်ပန်းလာ၍ သူမ အသံက တဖြည်းဖြည်းတိုးသွားပြီး နောက်ဆုံးတွင် အိပ်ပျော်သွားသည်။


" အိပ်သွားပြီလား ..." စုန့်ထင်ရှန်းက တိတ်တဆိတ်မေးလိုက်သည်။ ပြန်ထူးသံ မကြားသဖြင့် ယွမ်ရှ အိပ်ပျော်သွားသည်ဟု ထင်လိုက်မိသည်။ 


သူ မျက်နှာကြက်ကိုသာ ကြည့်နေမိသည်။ ဤအပန်းဖြေအိမ်က ပင်လယ်နှင့် အလွန်နီးလှသဖြင့် လှိုင်းသံများကိုပါ ကြားနေရသည်။ သူမက အိပ်ပျော်သွားသော်လည်း စုန့်ထင်ရှန်းက အိပ်ပျော်ရန် အသည်းအသန် ကြိုးစားနေရသည်။ 


လွန်ခဲ့သည့်နှစ်ရက်လုံး ယွမ်ရှ၏ အပြုအမူများက ထူးဆန်းနေခဲ့သည်။ သူမ၏ ဒေါသကိုသိသောကြောင့်သာ တစ်ခွန်းမှ မမေးခဲ့ခြင်းဖြစ်သည်။ အကယ်၍ သူမ မပြောချင်သည့်အကြောင်းများကို မေးမိပါက သူမ နေရခက်သွားနိုင်သည်။ ထို့အပြင် အဖြေအစစ်ကို ရှောင်လွှဲချင်၍ အခြားဆင်ခြေများပေးမည်ကိုလည်း သူ မမြင်ချင်ပေ။ 


ဂရုတစိုက်တွေးကြည့်လိုက်သည့်အခါ ယနေ့ဖြစ်ပျက်သမျှ အရာအားလုံးက ထူးဆန်းနေသည်။ သူက သူမ၏ ကုမ္ပဏီခရီးစဉ်တွင် မိသားစုဝင်အဖြစ် ရောက်လာခဲ့သော်လည်း သူမ၏ မန်နေဂျာက အစမ်းခန့်ကာလအချိန်တွင် မည်သည့် မိသားစုဝင်မှ ခေါ်လာ၍မရကြောင်း ရှင်းလင်းစွာပြောပြခဲ့သည်။ နည်းလမ်းကျကျတွေးရမည်ဆိုလျှင် သူက အနီးတစ်ဝိုက်ရှိ ‌ဟိုတယ်‌တွင် နေလိုက်ခြင်းက ပို၍သင့်တော်သည်။ ယွမ်ရှက အခြားလူများအား အခွင့်အရေးယူရသည်ကို သဘောကျသည့်လူမျိုး မဟုတ်ပေ။ အထူးသဖြင့် ဤကိစ္စမျိုးတွင် ပိုသိသာသည်။ သူမက သူ့အဖြေကို နားမထောင်လိုပဲ ဤနေရာသို့သာ လာစေချင်နေသည့်ပုံဖြစ်၍ သူက ဝမ်လေးနှင့်အတူ ဤနေရာသို့ရောက်လာခြင်းဖြစ်သည်။ 


သူ ရောက်လာပြီးသည့်အခါတွင်လည်း သူမနှင့်အတူ အလွန်ချစ်ကြသည့်စုံတွဲအဖြစ် ဟန်ဆောင်ခိုင်းခဲ့သည်။ ထိုအပိုင်းကလည်း ထူးခြားသည်။ အကယ်၍ ဝမ်လေးရှေ့တွင် ထိုသို့ပြုမူလိုသည်ဆိုပါက နားလည်နိုင်ဖွယ်ဖြစ်သည်။

ဘာလို့ သူမနဲ့ ဘာမှမဆိုင်တဲ့ လုပ်ဖော်ကိုင်ဖက်တွေရှေ့မှာ ဒီလိုသရုပ်ဆောင်ချင်ရတာလဲ ...


စုန့်ထင်ရှန်းက မိန်းကလေးများ၏အတွေးကို နားမလည်နိုင်သော်လည်း ငတုံးတစ်ယောက် မဟုတ်ပေ။ ယွမ်ရှ ထိုသို့လုပ်နေရခြင်းမှာ တစ်စုံတစ်ယောက်ကို ပြသချင်သောကြောင့်ဖြစ်သည်ကို သူသဘောပေါက်သည်။


အဲ့လူက ဘယ်သူပါလိမ့် ... ယွမ်ရှကရော ဘာလို့ အဲ့လိုလုပ်ရတာလဲ ...


ထိုလူယက ယွမ်ရှကို ကြိုက်နေသည်ဟု သူခန့်မှန်းမိသည်။ ထိုအပြင် ထိုလူက သူမကို စိတ်မသက်မသာ ဖြစ်စေသည့်အတွက် အလွန်ချစ်ခင်သည့် စုံတွဲကဲ့သို့ ဟန်ဆောင်ပြနေရခြင်း ဖြစ်လိမ့်မည်။ သူမ၏ ရည်ရွယ်ချက်က အလွန်ရိုးရှင်းသည်။ တစ်ဖက်လူကို သဝန်တိုအောင်လုပ်ခြင်း မဟုတ်ပါက လက်လျှော့သွားစေရန်လုပ်ခြင်းဖြစ်သည်။


ယနေ့ည သူမနှင့် စကားပြောခဲ့၍ ပထမတစ်ချက်က လုံးဝ မဖြစ်နိုင်ဟု စုန့်ထင်ရှန်း ယုံကြည်ထားသည်။ သူမက ရိုးသာသောလူတစ်‌ယောက်ဖြစ်သည်။ အကယ်၍ သူမသဘောကျသူတစ်ယောက်ယောက်ရှိပါက သူ့ကိုပြောပြမည်သာဖြစ်သည်။ သူတို့က ဤ‌ကိစ္စများကိုပင် နားလည်ပေးနိုင်သော အခြေအနေတစ်ခုထိ ရောက်လာပြီဖြစ်သည်။ ထို့အပြင် သူမကြိုက်သည့်လူတစ်ယောက်ယောက်ရှိပါကလည်း ယနေ့ညစကားဝိုင်းက ရှိလာခဲ့မည်မဟုတ်ပေ။


ဒါဆိုရင် သူမက တစ်စုံတစ်ယောက်ကို လက်လျှော့စေချင်လို့ပဲ ... ဒါပေမဲ့ အဲ့လူက ဘယ်သူလဲ ...


စုန့်ထင်ရှန်းက သဘောပေါက်လာစေရန် ဦးနှောက်ကို အနည်းငယ် အသုံးပြုလိုက်ရသည်။ သူမက ရေကူးကန်တွင်လည်း ထူးထူးဆန်းဆန်း ပြုမူခဲ့သည်။ သူတို့ထွက်လာစဉ်က သူမပခုံးကိုဖက်ရန် သို့မဟုတ်လက်ကိုကိုင်ရန် သူ့အား ပြောခဲ့သည်။ သူမ ထိုသို့ပြုလုပ်ခြင်းက တစ်စုံတစ်ယောက်ကို ပြသချင်၍ဖြစ်သည်။ ထိုအချိန်က သူမ၏ လုပ်ဖော်ကိုင်ဖက် အတော်များများ ရှိနေခဲ့သည်။ ထိုအဖြစ်အပျက်ကိုသာ တွေးလျှင် တစ်ဖက်လူက မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန် မလုံလောက်ပေ။ သို့သော်လည်း မကြာသေးမီက ဝမ်လေးနှင့် စီအီးအိုချင်တို့၏ စကားစမြည်ပြောနေခြင်းကို ယွမ်ရှ စိတ်ပူနေခဲ့သည်။


အကယ်၍ သူက သာမန်အမျိုးသား လုပ်ဖော်ကိုင်ဖက်ဆိုပါက ယွမ်ရှ စိတ်မသက်မသာဖြစ်နေမည်မဟုတ်ပေ။ 


စုန့်ထင်ရှန်း သက်ပြင်းချလိုက်သည်။ အကယ်၍ သူ၏မှန်းဆချက်များက ကျိုးကြောင်းဆီလျော်ပါက ယွမ်ရှကို သဘောကျနေသည်မှာ စီအီအိုချင်ဖြစ်ပြီး ယွမ်ရှလည်း ထိုကိစ္စကို သိလိမ့်မည်။ ထို့အပြင် သူမက နည်းလမ်းပေါင်းစုံသုံးကာ သူလက်လျှော့အောင် လုပ်နေခြင်းဖြစ်လိမ့်မည်။ 


သူ့လက်များကို ဆန့်ထုတ်လိုက်သည်။ သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ထိုနိုင်သည်အထိ နီးကပ်လွန်းနေသည်။ သူမမျက်နှာကို ညင်သာစွာထိလိုက်ပြီး စိတ်ထဲတွင် ကူကယ်ရာမဲ့သွားသကဲ့သို့ ခံစားလိုက်မိသည်။ သူ၏ဇနီးက ဆန့်ကျင်ဘက်လိင်များအတွက် သံလိုက်ကဲ့သို့ဖြစ်နေသည်။ သွမ့်ချီ မရှိတော့သော်လည်း ယခုအခါ စီအီးအိုချင် ပေါ်လာပြန်သည်။ 


ပြဿနာပဲ ...


xxxxxxxx