အပိုင်း (၂၃၃)
Viewers 31k

Chapter 233


ထိုမတိုင်ခင်ကပင် စုန့်ထင်ရှန်းက အခြေအနေများ ထူးဆန်းနေကြောင်း သိခဲ့သည်။ စီးပွားရေးလောကတွင် နှစ်ပေါင်းများစွာကျင်လည်ခဲ့သူတစ်ယောက် ဖြစ်သည့်အတွက် သူနှင့် အပြန်အလှန် ဆက်ဆံရသောလူအများစုမှာ စီးပွားရေးလုပ်ငန်းရှင်များသာဖြစ်သည်။ စီးပွားရေးသမားများ တန်ဖိုးအထားဆုံးအရာက အကျိုးအမြတ်ဖြစ်သည်ကို သူအားလုံးထက်ပိုသိသည်။ မည်သူကမှ ပေးကမ်းစွန့်ကြဲလို၍ ကုမ္ပဏီမထောင်ပေ။ သို့ဖြစ်၍ ယွမ်ရှ အလုပ်လုပ်နေသော ကုမ္ပဏီက  စည်းမျဉ်းအချို့နှင့် မကိုက်ညီသောကြောင့် သူ့စိတ်ထဲ ထူးဆန်းနေခဲ့မိသည်။ ကုမ္ပဏီကို ဤကဲ့သို့ စံနှုန်းများဖြင့် တည်ထောင်ထား၍ သူမသူဌေး၏စိတ်ထဲ တွေးနေသည်များကို သူသည်လည်း သဘောမပေါက်နိုင် ဖြစ်ခဲ့ရသည်။


သို့သော် ထိုသို့တွေးရခြင်းကလည်း သူ့ဇနီးကို အထင်သေး၍ မဟုတ်ပေ။ ယွမ်ရှတွင် ပညာရေးဆိုင်ရာ အရည်အချင်းပြည့်မီမှုကောင်းများရှိသည့်အတွက် အလုပ်ကောင်းကောင်းတစ်ခုရရန် မခက်ခဲပေ။ သို့ရာတွင် အဓိကအချက်မှာ သူမထံတွင် လုပ်ငန်းအတွေ့အကြုံမရှိခြင်းဖြစ်သည်။ သူမတွင် နှစ်ပေါင်းများစွာလုပ်ငန်းအတွေ့အကြုံရှိပါကလည်း သာမန်ကုမ္ပဏီတစ်ခုက သူမအင်တာဗျူးဖြေထားသည့်နေရာအတွက် အကျိုးခံစားခွင့် ကောင်းကောင်းပေးမည်မဟုတ်ပေ။ သူမ၏လစာ၊ ဘောနပ်စ် ၊ ကုန်ကျစရိတ်အားလုံးပေါင်းပါက တစ်လလျှင် ယွမ်နှစ်သောင်းခန့်ဖြစ်နေသည်။


 ဝေ့ပေါ်နှင့် ကျစ်ဟူတို့တွင် လူအားလုံးက တစ်နှစ်လျှင် လစာတစ်သန်းခန့်ရနိုင်ကြပြီဟု သတင်းအမှားများ တင်နေကြသော်လည်း ဒေတာအချက်အလက်များအရ ကြည့်မည်ဆိုလျှင် တစ်လလျှင် လစာ ယွမ် ၇၀၀၀မှ ၈၀၀၀အတွင်းရလျှင်ပင် မြို့ကြီးများပေါ်၌ အလွန်မြင့်သောလစာဟု ပြောနိုင်သည်။

တစ်လကို ယွမ်နှစ်သောင်းပေးတယ်ဆိုတော့ ဘာသဘောလဲ ...


(T/N: ကျစ်ဟူက တရုတ်နိုင်ငံရဲ့ အမေးအဖြေ website တစ်ခုပါ၊ အဲ့ဒီမှာ အသုံးပြုသူတွေက မေးခွန်းတွေကိုဖန်တီးလို့ရတယ် ၊ ဖြေလို့ရတယ် ၊ ပြင်ဆင်လို့ပါတယ် )


ယွမ်ရှ၏ လက်ရှိအလုပ်က မဆိုးရုံသာမက အလွန်ကောင်းလွန်းနေသည်။ သူမပြောသည့်အတိုင်း သူမအတွက် အဆင့်သင်ဖန်တီးပေးထားသည့် အလုပ်တစ်ခုနှင့်ပင် တူနေသည်။

အိမ်နဲ့နီးတယ် ၊ အလုပ်မပိဘူး ၊ လစာများတယ်... ဒီလိုအလုပ်မျိုး ဘယ်နေရာမှာမှ မရှိဘူးဆိုတာ စုန့်ထင်ရှန်း ရင်ဘတ်ကိုပုတ်ပြီးတောင် ပြောနိုင်တယ် ...


ဧည့်ကြိုမိန်းကလေးသာမက သူမ မန်နေဂျာကပါ ယွမ်ရှကို ယဉ်ကျေးစွာဆက်ဆံသည်ဟု သူမ ယခင်ကပြောခဲ့ဖူးသည်ကို စုန့်ထင်ရှန်း အမှတ်ရသွားသည်။ ယခင်က ကျိုးကြောင်းမဆီလျော်ခဲ့သည့်အပြင် ဉာဏ်မမီခဲ့သော ကိစ္စများက ယခုအခါတွင် ယုတ္တိရှိလာပြီဖြစ်သည်။


သူက စိတ်ကူးယဉ်တတ်သူတစ်ယောက် မဟုတ်သည့်အပြင် စိတ်ခံစားချက်အစား နည်းလမ်းကျမှုအတိုင်း လုပ်ဆောင်တတ်သူဖြစ်သည်။ သက်သေမရှိပဲနှင့် ခန့်မှန်းမှုများ ပြုလုပ်မည့်သူ မလုပ်ပေ။ သို့ရာတွင် ယွမ်ရှနှင့် ပတ်သက်လာပါက သူ့အတွက် ကျိုးကြောင်းဆင်ခြင်ပြီး တည်ငြိမ်နေရန် ခက်ခဲလာသည်။ အကယ်၍ သူ၏မှန်းဆချက်များ မှန်ကန်နေခဲ့ပါက ငွေကြေးချမ်းသာပြီး အကြံအစည်ရှိသည့် ယောက်ျားတစ်ယောက်က သူ၏ဇနီးနောက်သို့ တစ်ချိန်လုံး လိုက်နေခဲ့ခြင်းဖြစ်သည်ဟု ဆိုလိုသည်။


အကယ်၍ ဤကဲ့သို့ကိစ္စမျိုး ယခင်က ဖြစ်ခဲ့ပါက စုန့်ထင်ရှန်း လုံးဝ ဂရုစိုက်မည် မဟုတ်ပေ။ သူတို့နှစ်ယောက်လုံး လက်မထပ်မီကတည်းက တစ်ဦး၏အချစ်ရေးကို နောက်တစ်ဦးက ဝင်ရောက်စွက်ဖက်မည်မဟုတ်ဟု သဘောတူညီခဲ့ကြသည်။ အကယ်၍ သူမက ဤအိမ်ထောင်ရေးမှ ထွက်ခွာချင်ပါကလည်း ငြိမ်းချမ်းစွာ ကွာရှင်းပေးလိုက်မည်ဖြစ်သော်လည်း ယခုအခါတွင် အရာအားလုံးက ကွဲပြားသွားပြီဖြစ်သည်။ ထိုကဲ့သို့သောလူတစ်ယောက်က အမှောင်ထဲတွင် ပုန်းနေခဲ့ပြီး သူ့ကိုရှင်းထုတ်ကာ ယွမ်ရှ၏ ခင်ပွန်းနေရာကို အစားထိုးဝင်ရောက်ချင်နေကြောင်း တွေးလိုက်ရုံဖြင့် စုန့်ထင်ရှန်း၏ စိတ်ထဲတွင် အမျိုးအမည်မသိသော ခံစားချက်တစ်မျိုးဖြစ်လာမိပြီးနောက် ဒေါသထွက်လာသည်။


တကယ်လို့ စီအီးအိုချင်က ယွမ်ရှကို အရင်တည်းက သဘောကျနေတာဆိုရင် သူမအတွက် ကုမ္ပဏီအတုတစ်ခု လုပ်ပေးထားတာ ဖြစ်နိုင်လား ...


စုန့်ထင်ရှန်း မျက်လုံးမှိတ်ပြီး ဤကိစ္စကို တွေးနေမိသည်။ မည်သို့ပင်ဖြစ်စေ တွေ့ကြုံလာရတော့မည့် ကံကြမ္မာကို ရှောင်လွှဲ‌၍မရပေ။ 


အဘယ့်ကြောင့်ဆိုသော် ယွမ်ရှက သူ့ကိုအလွန်သဘောကျနှစ်သက်နေသည့် အဆင့်သို့ မရောက်သေးပေ။ သို့သော်လည်း ထိုကဲ့သို့သောလူတစ်ယောက် တည်ရှိနေသည်ဖြစ်၍ ဂရုမစိုက်ပဲ နေ၍ မရတော့ပေ။


အိမ်သို့ပြန်ရောက်ပါက စီအီးအိုချင်၏ အကြံအစည်များကို ဖော်ထုတ်မည်ဟု ‌ဆုံးဖြတ်ချက်ချလိုက်သည်။


သူ့ စိတ်ထဲတွင် ရှုပ်ထွေးနေမိသည်။ တစ်ဖက်တွင် အကြံစည်နှင့် လူတစ်ယောက်က သူ့ဇနီးနောက်သို့လိုက်နေ၍ ဒေါသထွက်နေမိသော်လည်း တစ်ဖက်တွင်မူ ယွမ်ရှ၏ အပြုအမူများက သူ့ကို အလွန်စိတ်အေးစေသည်။ အနည်းဆုံး ယခုချိန်ထိ သူမက ထိုလူကိုစိတ်ဝင်စားခြင်း မရှိသေးသည့်အပြင် ဤပြဿနာကို သူမနည်း သူမဟန်ဖြင့် ဖြေရှင်းရန် ကြိုးစားနေသည်။


ဟင်း ... စိတ်အနှောင့်အယှက်တွေ ...


သူက ကုမ္ပဏီကိစ္စများကို နေ့တိုင်း စိတ်ပူနေရသည့်အပြင် ယခုအခါတွင်လည်း သူ၏ပြိုင်ဘက်ကြောင့် အချိန်တိုင်း သတိထားနေရတော့မည်ဖြစ်သည်။


xxxxxx