Chapter 234
နောက်နှစ်ရက်အတွင်းတွင် မည်သည့်ကိစ္စမှ မဖြစ်ခဲ့ပေ။ ကုမ္ပဏီက ဤခရီးစဉ်အတွက် ကောင်းမွန်စွာစီမံထားသည့်အပြင် အဖွဲ့လိုက်လှုပ်ရှားမှုများတွင်လည်း အတင်းအကြပ်ပါဝင်စေခြင်း မရှိပေ။
ယွမ်ရှက တစ်နေကုန် အိမ်ထဲတွင်သာနေပြီး အပြင်ထွက်ရန် ငြင်းဆန်နေသည်။ ခရမ်းလွန်ရောင်ခြည်များက အလွန်ပြင်းပြီး နေရောင်ကလည်း တောက်ပလွန်းသည့်အတွက် သူမ အပြင်မထွက်ချင်ပေ။ အကယ်၍ သူမတစ်ကိုယ်လုံးကို လုံအောင်ဝတ်စားထား၍ နေရောင်ခြည်နှင့်မထိအောင် ကာကွယ်ပါကလည်း နေလောင်ခံရမည်သာဖြစ်သည်။ ယခုခေတ်တွင် အသားညိုညိုလေးများကလည်း ဆွဲဆောင်မှုရှိသော်လည်း ယွမ်ရှက မူလပိုင်ရှင်၏ နှင်းကဲ့သို့ဖြူဖွေးသော အသားအရည်ကို ပိုသဘောကျသည်။ သူမ အိမ်ထဲတွင်နေလျှင်ပင် ဂရုတစိုက်နှင့် နေလောင်ခံခရင်မ်ကို သေချာလိမ်းပြီး လက်ရှည်အင်္ကျီများကိုသာ ဝတ်သည်။
စုန့်ထင်ရှန်းက သူမခြေထောက်နှင့် လက်များတွင် နေလောင်ခံခရင်မ်လိမ်းနေသည်ကို မြင်သောအခါ ပဟေဠိဖြစ်သွားသည်။
" ကိုယ်တို့ အပြင်မှမထွက်တာ ဘာလို့ နေလောင်ခံခရင်မ်လိမ်းနေတာလဲ ..."
ယောက်ျားတစ်ယောက်၏ အမြင်တွင် နေရောင်ခြည်များက အိမ်ထဲအထိ ရောက်လာနိုင်၍ အသားအရည်ပေါ်သို့ ထိုအရာများလိမ်းနေရန် မလိုအပ်ဟု ထင်နေသည်။
ယွမ်ရှ သက်ပြင်းချလိုက်သည်။
" ဒီလို ထိပ်တန်းအဆင့်အလှမျိုးကို ထိန်းသိန်းဖို့အတွက် ကျွန်မက သာမန်လူတွေထက် ဆယ်ဆပိုပြီး အားထုတ်ရမယ် ..."
နေလောင်ခံခရင်မ် လိမ်းခြင်းက အသေးအဖွဲ့ကိစ္စတစ်ခုသာဖြစ်သည်။ သူမက အလှပျက်မည်စိုး၍ အချိုစားခြင်းကိုပင် စွန့်လွှတ်ထားခဲ့ပြီးသားဖြစ်သည်။
စုန့်ထင်ရှန်း "......"
ခုခေတ်လူတွေက သူတို့ကိုယ်သူတို့ ဒီလိုပဲ ချီးကျုးကြတာလား ...
ဝမ်လေးက နေလောင်ခံရမည်ကို မကြောက်သည့်အတွက် မကြာခဏအပြင်ထွက်သည်။ ယွမ်ရှက သူ့ကို နေလောင်ခံခရင်မ်လိမ်းပေးချိန်တိုင်း သူမ အလွန်အားနေ၍ လုပ်ပေးသည်ဟုသာတွေးနေမိသည်။
ယွမ်ရှက အိမ်ပြင်မထွက်ချင်သည်ဖြစ်၍ စုန့်ထင်ရှန်းကလည်း သူမ၏ လုပ်ဖော်ကိုင်ဖက်များနှင့် အပြင်ထွက်ရန် စိတ်မဝင်စားပေ။ သူက သူမနှင့်အတူ အိမ်ထဲတွင်သာနေပြီး အလုပ်လုပ်နေသည်။ သို့ဖြစ်၍ ဝမ်လေး အကြပ်ရိုက်နေမိသည်။ သူက အပြင်ထွက်ပြီး ကမ်းခြေနားတွင် ကစားချင်နေသည်ဖြစ်သည်။ အကယ်၍ သူက လိမ္မာသော ကလေးတစ်ယောက်မဟုတ်၍ စုန့်ထင်ရှန်းနှင့်ယွမ်ရှကလည်း သူ့ကိုကြည့်မနေပါက တစ်စက္ကန့်အတွင်း ကမ်းခြေဘက်သို့ ပြေးသွားတော့မည်ဖြစ်သည်။
ချင်ယွီက ဘေးကပ်လျက်မှ အပန်းဖြေအိမ်တွင်နေသည်ဖြစ်၍ မကြာခဏရောက်လာလေ့ရှိသည်။ မိသားစုသုံးယောက်က ဆိုဖာပေါ်တွင်ထိုင်၍ variety showတစ်ခုကြည့်ပြီး အချိန်ဖြုန်းနေသည်ကို မြင်သောအခါ မေးလိုက်မိသည်။
" မိသားစုသုံးယောက်လုံး ဘာလို့ ရေသွားမကူးကြတာလဲ ..."
ဝမ်လေးက ချင်ယွီကို အလွန်ခင်နေပြီဖြစ်ရာ သွက်လက်စွာဖြင့် ပြန်ဖြေလိုက်သည်။
" မာမားက အပြင်မထွက်ချင်ဘူးတဲ့ ... သူ အသားညိုသွားရင် မလှတော့ဘူးလို့ပြောတယ် ..."
ရှက်သွားသောယွမ်ရှက အော်ပြောလိုက်သည်။
" ဝမ်လေး ..."
ချင်ယွီက သူတို့နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ပြီး ရယ်လိုက်သည်။
" ဒါတော့ ဟုတ်တယ် ဒီကျွန်းပေါ်က ခရမ်းလွန်ရောင်ခြည်တွေက တော်တော်ပြင်းတယ် ..."
ချင်ယွီနှင့် လွန်ခဲ့သည့်နှစ်ရက်တွင် အပြန်အလှန်စကားပြောဖြစ်နေသော ယွမ်ရှသာမက စုန့်ထင်ရှန်းပါ စိတ်ရှုပ်ထွေးနေမိသည်။
သူ ထင်တာ မှားနေတာများလား ...
ချင်ယွီက ဘာမှ လုပ်နေသည်မဟုတ်သည့်အပြင် ယွမ်ရှနှင့်လည်း တော်ရုံစကားမပြောပေ။ သူက သူမကိုဆက်ဆံပုံက သူဌေးတစ်ယောက်က ဝန်ထမ်းတစ်ယောက်ကို ဆက်ဆံပုံနှင့် မကွာခြားပေ။ ယွမ်ရှကို အထူးတလည်ဆက်ဆံသည်ဟူသော သဲလွန်စ တသ်ခုမှပင် မတွေ့ရပေ။
ဝမ်လေးက ချင်ယွီကို မိတ်တွေဟောင်းကဲ့သို့ပငါ သဘောထားနေပြီး ချင်ယွီထိုင်သည့် ဆိုဖာပေါ် ထိုင်လိုက်သည်။
" ဦးဦးရော အပြင်မှာ ထွက်မဆော့ဘူးလား ..."
ချင်ယွီက ဝမ်လေး၏ ဆံပင်များကို ဖွလိုက်သည်။
" ဦးဦးလည်း ရေကူးရတာမကြိုက်ဘူး ... နေရောင်က တော်တော်ပြင်းတာလည်း ဟုတ်တယ်လေ ..."
သူ့လက်ထဲတွင် ဘူးတစ်ဘူးကိုင်ထားသည်။ ဝမ်လေးကလည်း အရာအာလုံးကို စူးစမ်းချင်နေသည့် အရွယ်တစ်ခုသို့ရောက်နေပြီဖြစ်၍ ထိုလှပပြောင်မြောက်သော ဘူးလေးကို လက်ညိုးထိုးကာ မေးလိုက်သည်။
" အဲ့ဒါ ဘာလေးလဲ ..."
ချင်ယွီက ထိုဘူးကို ဝမ်လေးလက်ထဲသို့ ထည့်ပေးလိုက်သည်။
" ဖွင့်ကြည့်လေ ..."
စုန့်ထင်ရှန်းနှင့် ယွမ်ရှက ပြိုင်တူပြောလိုက်သည်။
" ဝမ်လေး ဦးဦးရဲ့ ပစ္စည်းတွေကို လျှောက်မကိုင်ရဘူး ..."
ချင်ယွီက အပြုံးဖြင့် ပြောလိုက်သည်။
" ရပါတယ် ... သူစိတ်ဝင်စားရင် ကြည့်ပါစေ ..."
ဝမ်လေးက ဘူးကို ဖွင့်ကြည့်ချင်သော်လည်း သူ့မိဘများပြောသည်ကို နားထောင်ပြီး ဘူးကို ချင်ယွီထံ ပြန်ပေးလိုက်သည်။ သူ နှုတ်ခမ်းများ တင်းတင်းစေ့ပြီး ပြောလိုက်သည်။
" သား မကြည့်တော့ပါဘူး ..."
" ဘာလို့လဲ ..."
ချင်ယွီက ပြုံးပြီး ဘူးကိုဖွင့်ပြလိုက်သည်။
ယွမ်ရှက ဘူးကို အလိုလိုကြည့်လိုက်မိချိန်တွင် မြင်လိုက်ရသောအရာကြောင့် မျက်စိကန်းမတတ် ဖြစ်သွားသည်။
xxxxxxx