အပိုင်း (၂၃၅)
Viewers 31k

Chapter 235


ဘူးထဲတွင် ခိုတစ်ကောင်၏ဥ အရွယ်အစားခန့်ရှိသည့် စိန်လက်စွပ်တစ်ကွင်း ရှိနေသည်။ 


ဘယ်လောက်တောင်ကြီးတဲ့ စိန်လက်စွပ်ကြီးလဲ ... ရတနာပစ္စည်းတွေကို သဘောကျတဲ့ မိန်းကလေသာဆိုရင် မျက်လုံးတောင် ခွာနိုင်မှာမဟုတ်ဘူး ... အရမ်းလှလွန်းတယ် ...


ယွမ်ရှက စိန်လက်စွပ်ကို ခဏတာကြည့်နေမိသည်။ သူမ စိတ်နှင့်လူနှင့် ပြန်ကပ်သွားချိန်၌ ရင်ထဲတုန်လှုပ်သွားမိသည်။ ချင်ယွီကို မသိမသာကြည့်လိုက်သည့်အခါ ချင်ယွီကလည်း သူမကိုကြည့်နေသည်ကို မြင်လိုက်မိသည်။ သူက ရည်ရွယ်ချက်ရှိရှိလုပ်သည် ဟုတ်မဟုတ်ကို သူမ မသိပေ။


သူက သူမကို စမ်းသပ်နေတာများလား ...


စာရေးသူက ခိုဥအရွယ်အစားခန့်ရှိသော စိန်လက်စွပ်အကြောင်းကို ရေးခဲ့သည်မှာ မှန်ကန်သည်။ ချင်ယွီက မူလပိုင်ရှင်ကို ချစ်မိသွားပြီးသည့်နောက်တွင် ဒီဇိုင်နာတစ်ယောက်ငှား၍ စိန်လက်စွပ်ကို ဒီဇိုင်းဆွဲခဲ့ခိုင်းခြင်းဖြစ်သည်။ ဝတ္ထုထဲတွင် ဤလက်စွပ်အကြောင်း များစွာမရေးထားသော်လည်း ၎င်းက ချင်ယွီ မူလပိုင်ရှင်ကို ပေးမည့် လက်ထပ်လက်စွပ်ဖြစ်ကြောင်း ယွမ်ရှ အလိုလိုသိနေသည်။


ဝတ္ထု၏ အချိန်အပိုင်းအခြားအရဆိုလျှင် အကယ်၍ စုန့်ထင်ရှန်း မသေသေးပါကလည်း ယခုချိန်တွင် ချင်ယွီနှင့် တွေ့ဦးမည်မဟုတ်ပေ။

ဒါဆိုရင် ဒီလက်စွပ်က ချင်ယွီလက်ထဲမှ ဘာလို့ပေါ်လာရတာလဲ ...


ယွမ်ရှ ကျောရိုးထဲမှစိမ့်နေအောင် ကြက်သီးထမိလာသည်။


ဖြစ်နိုင်ချေ တစ်ခုသာရှိသည်။ ချင်ယွီက သူမကို စမ်းသပ်နေခြင်းဖြစ်သည်။



သူမ မြို့တော်သို့ ပြန်လာစဉ်လမ်းတစ်လျှောက်တွင်လည်း ထိုနေ့က သူမ၏ အမူအယာက မှားယွင်းသွားသည်ဟု ယွမ်ရှ မတွေးပဲ မနေနိုင်ပေ။ 

အဲ့နေ့က သူမ အမူအယာက အမှတ်တမဲ့နဲ့ တစ်ခုခုဟာကွက်ဖြစ်သွားမိလား ...


မျှတစွာပြောရမည်ဆိုလျှင်ပင် သူမ စုန့်ထင်ရှန်းအပေါ် ခံစားချက်မရှိလျှင်လည်း ချင်ယွီကိုရွေးချယ်မည်မဟုတ်ပေ။ ထိုလူနှစ်ယောက်က ညီတူညီမျှပင် အောင်မြင်ကျော်ကြားကြသူများဖြစ်သည်။ တစ်ခုတည်းသောကွာခြားချက်မှာ ချင်ယွီက မူလပိုင်ရှင်ကို အလွန်ချစ်ပြီး စုန့်ထင်ရှန်းကမူ မူလပိုင်ရှင်အပေါ် ခံစားချက်မရှိပေ။ 


ကမ္ဘာပေါ်မှ လူအများစုက ကိုယ့်ကိုချစ်ခင်မြတ်နိုးသော လူကသာ အကောင်းဆုံးဟု ထင်ကြလိမ့်မည်။ အကယ်၍ သူမနေရာတွင် မူလပိုင်ရှင်က နောက်တစ်ကြိမ် ပြန်လည်မွေးဖွားလာခဲ့ပါကလည်း ချင်ယွီကိုသာ နောက်တစ်ကြိမ် ပြန်လည်ရွေးချယ်မည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဤလူကသာ သူမကိုတန်ဖိုးထားပြီး ချစ်မြတ်နိုးသည့်လူဖြစ်သောကြောင့်ပင်။


ယွမ်ရှက ချင်ယွီကို သဘောမကျပေ။ 


ချင်ယွီ သဘောကျသည်မှာလည်း မူလပိုင်ရှင်သာဖြစ်သည်။ ယခုချိန်တွင် သူတို့နှစ်ယောက် တွေ့ဆုံသည်က မကြာသေး၍ ဘာမှမဖြစ်နိုင်သော်လည်း တစ်နေ့တွင် ချင်ယွီက ယွမ်ရှက မူလပိုင်ရှင်၏ ခန္ဓာကိုယ်ကို ယူထားကြောင်း သိရှိသွားခဲ့ပါက သူကိုယ်တိုင် အမှောင်ထုထဲသို့ ရောက်သွားမည်ဖြစ်ကြောင်း ယွမ်ရှသိသည်။


စုန့်ထင်ရှန်းက ပို၍ စိတ်ထားကောင်းသည်ဟု ပြောရမည်။ ထို့အပြင် သူမ၏ပြောင်းလဲမှုများကို စောစီးစွာသတိပြုခဲ့မိပါကလည်း ဂရုစိုက်မည်မဟုတ်ပေ။ ဤကိစ္စကို စဉ်းစားနေရန် ဦးနှောက်ဆဲလ်များကိုပင် ဖြုန်းတီးပစ်မည်မဟုတ်ပေ။ 


ယွမ်ရှက ချင်ယွီကို အနိုင်ယူနိုင်ရန် မသေချာသော်လည်း သူက တခြားအချိန်ကာလတစ်ခုတွင် မူလပိုင်ရှင်၏ ဒုတိယမြောက်ယောက်ျားဖြစ်ခဲ့သည်ကို ယွမ်ရှ သိသည်ဟူသော အမှန်တရားကို ချင်ယွီရှာတွေ့သွား၍ မဖြစ်ပေ။ 


လေယာဉ်ဆိုက်ပြီးနောက် သူတို့ ပြန်ရောက်လာချိန်တွင် ညဘက်သို့ရောက်နေပြီဖြစ်သည်။ ဝမ်လေး အိပ်ပျော်နေစဉ် ယွမ်ရှက စုန့်ထင်ရှန်း၏ အခန်းသို့ အပြေးတစ်ပိုင်းသွားကာ တံခါးခေါက်လိုက်သည်။


စုန့်ထင်ရှန်းက ရေချိုးခန်းမှ ထွက်လာခါစဖြစ်သည်။ သူက ရေချိုးတပတ်သာ ပတ်ထားသည်။ သူက တံခါးမဖွင့်မီ ရေချိုးဝတ်ရုံ ဝတ်ရန် တွေးလိုက်သော်လည်း ခေါင်းငုံ့၍ သူကဗိုက်မှ ကြွက်သားများကို ကြည့်လိုက်မိသည်။ ထို့နောက် ခါးတွင် တပတ်ကိုသာ ပတ်ထားပြီး တံခါးဖွင့်လိုက်သည်။


အခန်းပြင်တွင် ရပ်နေသူက ယွမ်ရှသာဖြစ်သည်။


ယွမ်ရှက သူ၏ရင်ဘတ်နှင့် ဝမ်းဗိုက်ကြွက်သားများကို ကြည့်ချင်စိတ် ရှိမနေပေ။ 

" စုန့်ထင်ရှန်း ကျွန်မ ပြောစရာရှိတယ် ..."


စုန့်ထင်ရှန်းတဲ့လား ...


ထင်ရှန်းလို့ပဲခေါ်ဖို့ သဘောတူထားတယ်မဟုတ်ဘူးလား ...


သူက သူမနားကပ်သွားပြီး အသံဩဩဖြင့် မေးလိုက်သည်။

" ဘာများလဲ ..."


" ကျွန်မ အလုပ်ထွက်ချင်တယ် ...'" 

ဤမျှ နောက်ကျနေချိန်မှ စုန့်ထင်ရှန်းကို ဤကိစ္စလာပြောနေမိခြင်းအကြောင်းကိုလည်း ယွမ်ရှ သူ့ကိုယ်သူ နားမလည်နိုင်ပေ။ သူမ မနက်ဖြန်မနက်ထိစောင့်ပြီးမှ  ပြောပြ၍ရသော်လည်း ယခုချက်ချင်းသာပြောချင်နေသည်။


စုန့်ထင်ရှန်း၏ အမူအယာက ချက်ချင်းပြောင်းလဲသွားသည်။

" ဘာလို့လဲ ... တစ်ခုခုဖြစ်ထားလို့လား ..."


ယွမ်ရှက အကြောင်းပြချက်တစ်ခုကို တွေးမိပြီး ပြန်ဖြေလိုက်သည်။


" ဒီအတိုင်း အဲ့အလုပ် မလုပ်ချင်တော့လို့ပါ ပင်ပန်းတယ်လေ ... ဘာပဲဖြစ်ဖြစ် ကျွန်မမှာ ပိုက်ဆံရှိနေတာပဲ ... မနက်ဖြန် အလုပ်ကို ရောက်ရောက်ချင်း ထွက်စာတင်လိုက်တော့မယ် ..."


xxxxxx