အပိုင်း (၂၃၆)
Viewers 31k

Chapter 236


ယွမ်ရှ ဤကဲ့သို့သော ဆုံးဖြတ်ချက်ချရန်အတွက် အကြံအစည်ကြီးသော ချင်ယွီက တစ်ခုခုလုပ်လိုက်သည်ဟု စုန့်ထင်ရှန်း ပထမဆုံး ထင်လိုက်သည်။


အပေါ်ယံတွင်မူ သူ့မျက်နှာက တည်ငြိမ်နေသည်။ သူ ယွမ်ရှကို ပြောလိုက်သည်။


" အထဲဝင်ပြီး ထိုင်ပါဦး ... အေးဆေးပြောကြမယ်လေ ..."


ယွမ်ရှ လက်ကာပြလိုက်သည်။

" ရပါတယ် ... ကျွန်မ ရှင့်ကို သိစေချင်ရုံပါ ..."


စုန့်ထင်ရှန်း တွေးလိုက်သည်။

ဒါ အတော်လေးကောင်းတယ် ပြောရမယ် ... သူမက သူ့ရဲ့ထင်မြင်ချက်ကို ဂရုစိုက်သားပဲ အဲ့ဒါကြောင့် လာပြောပြတာပေါ့လေ ...


စုန့်ထင်ရှန်းကလည်း မငြင်းဆန်ပေ။ သူ့စိတ်ထဲတွင် ယွမ်ရှကို ချက်ချင်းအလုပ်ထွက်စေချင်နေသည်မှာ အမှန်ပင်။ အကယ်၍ ချင်ယွီ၏ ကုမ္ပဏီတွင် အလုပ်ဆက်လုပ်နေပါက သူမတွင် ကိစ္စတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက သူ မကူညီပေးနိုင်ပေ။ 

ဘာတွေ ဖြစ်လာနိုင်မလဲဆိုတာ ဘယ်သူသိမှာလဲ ...


သို့ရာတွင် သူမ အလုပ်ထွက်ချင်သည်ကို သူက တဲ့တိုးသဘောတူလိုက်၍ မရပေ။ ချင်ယွီနှင့်ကိစ္စက သူမ အကြောင်းသာဖြစ်သည်။ အကယ်၍ သူမ မပြောပြချင်ပါက သူမတွင်လည်း ကိုယ်ပိုင်အတွေးများရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။ သူက ဘာမှမသိဟန်ဆောင်ပြီး ဤပြဿနာကို ဖြေရှင်းရန်အတွက် သူမဘေးမှသာ ထောက်ခံပေးရမည်ဖြစ်သည်။


" ကောင်းပါပြီ ...မင်း ကိုယ့်ဘာသာကိုယ်ချလိုက်တဲ့ ဆုံးဖြတ်ချက်ဆိုတော့လည်း ကောင်းတာပေါ့ ..."


စုန့်ထင်ရှန်းက မည်သို့သော လူမျိုးဖြစ်ကြောင်းသိ၍ ယွမ်ရှက သူ၏အဖြေကြောင့် အံ့အားသင့်မသွားခဲ့ပေ။ သူမ၏ ဆုံးဖြတ်ချက်များကို သူတစ်ကြိမ်မှ မစွက်ဖက်ခဲ့ဖူး.ပေ။ သူမ အလုပ်လုပ်ချင်သည်ဖြစ်စေ အလုပ်ထွက်မည်ဖြစ်စေ သူမပျော်ရွှင်သည်ကိုသာ လုပ်စေချင်သည်။ ထိုသို့ဖြစ်သောကြောင့် ယွမ်ရှ စိတ်ထဲတွင်လည်း သက်တောင့်သက်သာဖြစ်မိသည်။


အမှန်တွင် ယွမ်ရှက စုန့်ထင်ရှန်းကို အရာအားလုံးကို ပြောပြချင်နေမိသော်လည်း မည်သည့်နေရာမှ စပြောရမည်ကို မသိပေ။ ဤမတိုင်ခင်ကလည်း သူမ ချင်ယွီကို မတွေ့ဖူးပေ။ သူတို့က အလုပ်ပြင်ပတွင် တွေ့ဖူးကြသည်မဟုတ်ပဲ လွန်ခဲ့သော ရက်ပိုင်းများတွင်လည်း သူတို့နှစ်ယောက် စကားများများ မပြောဖြစ်ပေ။ အကယ်၍ စုန့်ထင်ရှန်းအား ချင်ယွီက သူမကို ကြိုက်နေသည်ဟု ပြောမိပါက သူမ စိတ်ကူးယဉ်နေသည်ဟုသာ ထင်သွားနိုင်သည်။


ယွမ်ရှ စိတ်ပျက်အားလျှော့စွာဖြင့် ခေါင်းငုံ့လိုက်သည်။

" စုန့်ထင်ရှန်း ကျွန်မကို ငပျင်းလို့ထင်လားဟင် ... ဒါက အလုပ်ကောင်းတစ်ခု ဆိုပေမယ့် ကျွန်မ မလုပ်ချင်တော့ဘူး ... ဆန်ပိုးကောင်ပဲ ဖြစ်ချင်တော့တယ် ..."


(T/N: ဆန်ပိုးကောင်ဆိုတာ လူပျင်း ၊ လတ်လျားလတ်လျား နေတတ်တဲ့သူတွေကို အတိုကောက်ခေါ်တာပါ )


သူက အလုပ်အရမ်းကြိုးစားတဲ့သူလေ လုပ်သမျှတိုင်းကိုလည်း အကောင်းဆုံးဖြစ်အောင်လုပ်တယ် ... အခုချိန်မှာ သူမကို ဘယ်လိုများ ထင်နေလိမ့်မလဲ ...


တစ်စုံတစ်ယောက်ရဲ့ ထင်မြင်ချက်တွေကို ဂရုစိုက်နေမိရင် အဲ့လူကိုကြိုက်နေတယ်လို့ ပြောကြတယ်မလား ... အဲ့စကားတွေက မှန်တာပဲ... သူမ ပြဿနာတွေကိုလည်း မပြောပြနိုင်ဘူးဆိုတော့ သူမကို အလုပ်မလုပ်ချင်တဲ့ ငပျင်းလို့ပဲ ထင်သွားတော့မှာ ...


သူမ အမှန်ပင် ကြိုးကြိုးစားစား အလုပ်လုပ်ချင်သည်။ လစာနည်းသောအလုပ် ဖြစ်နေပါကလည်း သူမတွင် ပိုက်ဆံရှာနိုင်စွမ်းရှိသည်ဖြစ်ကြောင်း သက်သေပြချင်သည်။ 


စုန့်ထင်ရှန်းက သူမခေါင်းကို ပွတ်ပေးလိုက်သည်။ မျက်စိတစ်မှိတ်အချိန်တွင်းမှာပင် ရှေ့တစ်လှမ်တိုးကာ သူမကို ညှင်သာစွာဖက်လိုက်ပြီး ကျောကို ပုတ်ပေးလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် သူမ၏ စိတ်ပျက်ဝမ်းနည်းနေသည့်ပုံစံကြောင့် သနားစရာကောင်းသည့် ငုံးပေါက်စလေးတစ်ကောင်ကို အမှတ်ရသွားစေသောကြောင့်ပင်။ သူက နူးညံ့စွာပြောလိုက်သည်။


" မင်းက ဆန်ပိုးကောင်ဖြစ်နေရင်တောင် ချစ်စရာကောင်းတဲ့ ဆန်ပိုးကောင်လေးပဲနေမှာ ..."


ယွမ်ရှ၏ မျက်နှာက သူ့ရင်ဘတ်နှင့် ကပ်နေသည်။ သူ၏ခန္ဓာကိုယ်မှ မွှေးရနံ့တစ်မျိူကို ရသည့်အခါ မျက်နှာနီရဲသည်အထိ ရှက်သွားမိသည်။ 


" ကိုယ် အလုပ်လုပ်ပြီး ပိုက်ဆံရှာချင်ရတဲ့ အကြောင်းအရင်းက မင်းနဲ့ ဝမ်လေးကို သက်တောင့်သက်သာ နေစေချင်လို့ပါ ... ဒါက ခင်ပွန်းတစ်ယောက် အဖေတစ်‌ယောက်အနေနဲ့ ကိုယ့်တာဝန်ပဲ ... အဲ့ဒါကြောင့် တခြားထင်မြင်ချက်တွေကို ဂရုစိုက်နေစရာ မလိုပါဘူး... ကိုယ့်ရဲ့ ရည်မှန်းချက်က မင်းနဲ့ ဝမ်လေးတို့ နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ဖို့ပဲ ..."


ယွမ်ရှကို အပျင်းထူသည်ဟု စုန့်ထင်ရှန်း အမှန်ပင် မတွေးမိချေ။


လူအားလုံးတွင် ကောင်းကွက်ဆိုးကွက်များရှိသည်။ ရှု့ထောင့်တစ်မျိုးမှကြည့်လျှင် စုန့်ထင်ရှန်းက ဓလေ့ထုံးစံတန်ဖိုးများနှင့် အမြင်များလွန်ကဲသော အမျိုးသားတစ်ဦးအဖြစ် မှတ်ယူနိုင်သည်။ ယောက်ျားတစ်ယောက်သည် သူ၏ကလေးနှင့် ဇနီးကို ငွေကြေးထောက်ပံ့ခွင့်ရှိသည်ဟု သူယုံကြည်သည်။ ၎င်းက ခင်ပွန်းတစ်ယောက် ဖခင်တစ်ယောက်အနေဖြင့် သူ၏ တာဝန်ရှိမှုဖြစ်သည်။ သူက မိသားစုကို ငွေရေးကြေးရေးထောက်ပံ့နေ၍ ယွမ်ရှထက် ပိုသာသည်ဟု မတွေးထားမိပေ။ သူက သူမ၏ ဆုံးဖြတ်ချက်များအားလုံးက်ုလေးစားသည်။ အကယ်၍ သူမ အလုပ်လုပ်ချင်ပါက တားမည်မဟုတ်သကဲ့သို့ အိမ်တွင်နေချင်သည်ဆိုပါကလည်း သူမကို ပျင်းရိသည်ဟု ထင်မြင်မဟုတ်ပေ။


xxxxx