အပိုင်း (၂၃၇)
Viewers 31k

Chapter 237


ထိုစကားများကြားသည့်အခါ ယွမ်ရှ စိတ်လှုပ်ရှားမိသွားသည်။ သူမ သူ့ခါးကို မဝံ့မရဲဖြင့် လက်များဖြင့် ပြန်ဖက်ထားလိုက်သော်လည်း ခပ်တင်းတင်းမဖက်ရဲပေ။ သုမ တိတ်ဆိတ်စွာဖြင့် ပြောလိုက်သည်။

.

" ရှင်လည်း အရမ်းတော်တဲ့လူတစ်ယောက်ပါ ..."


ဒါက ချီးကျူးတာလား ...


စုန့်ထင်ရှန်း ရယ်လိုက်မိသည်။ ထို့နောက် ဇဝေဇဝါဖြင့် မေးလိုက်သည်။

" တခြားလူတွေထက် ပိုတော်တာလား ..."


ယွမ်ရှ ခေါင်းငြိမ့်လိုက်ဟည်။ ထို့နောက် ခေါင်းခါလိုက်ပြန်သည်။

" ဝမ်လေး လောက်တော့ မတော်ဘူး ..."


“…”  စုန့်ထင်ရှန်း ဘာပြောရမည်မသိ ဖြစ်သွားသည်။

" ဒါဆို ကိုယ့်သားလေးဆီက ပြန်သင်ရတော့မှာပေါ့ ..."


ယွမ်ရှက စုန့်ထင်ရှန်းကို အသာအယာတွန်းလိုက်သည်။ သူမ နားရွက်ဖျားလေးများက နီရဲနေသည်။ 

" ညနက်နေပြီလေ ... ရှင်အိပ်မှာ မနှောင့်ယှက်တော့ပါဘူး ... ကျွန်မလည်း မနက်ဖြန်အလုပ်ထွက်ဖို့အတွက် ရုံးကိုသွားရဦးမယ် ..."


" အင်း ... ကောင်းသောညပါ ... စိတ်မပူပါနဲ့ ဘာပဲဖြစ်ဖြစ် ကိုယ်ရှိတယ်နော် ..."

စုန့်ထင်ရှန်း ပြောလိုက်သည်။


သူ၏ အာမခံမှုကို ကြားလိုက်ရပြီးသည့်အခါ သူမ၏ မသက်မသာဖြစ်နေသော နှလုံးသားက တည်ငြိမ်သွားသည်။ 


သူမကိုယ်တိုင်က စိတ်ဓာတ်ပြတ်သားနေရင် ချင်ယွီရဲ့ လှည့်စားချက်တွေကို ဘာလို့ဂရုစိုက်ရဦးမှာလဲ ... တကယ်လို့ သူတစ်ခုခုလုပ်ခဲ့ရင်လည်း အနောက်မှာ သူမကို အကွာအကွယ်ပေးမယ့် စုန့်ထင်ရှန်း ရှိနေတာပဲ ...


စုန့်ထင်ရှန်း၏ အခန်းက ယွမ်ရှ အခန်းဘေးတွင်ဖြစ်သော်လည်း သူမကို အခန်းဝအထိ လိုက်ပို့ပေးခဲ့သည်။


ယွမ်ရှ : " ‌ခြေလှမ်းနည်းနည်းလှမ်းလိုက်ရင် ရပါပြီ ... ကျွန်မကို လိုက်ပို့စရာ မလိုပါဘူး ..."


စုန့်ထင်ရှန်း သူမကို ပြုံးပြလိုက်သည်။ 

" ခြေလှမ်းနှစ်လှမ်းလောက်ပဲဆိုရင်တောင် မင်းကြောက်နေမှာ စိတ်ပူလို့လေ ..."


ယွမ်ရှ အခန်းထဲ ဝင်လာပြီး တံခါးပိတ်ပြီးသည့်နောက်တွင် ကုတင်ပေါ်သွားပြီး ဝမ်လေး၏ပါးကို နမ်းလိုက်သည်။ သူတို့နှင့် တစ်မိုးတည်းအောက်တွင်ရှိနေသည့်  စုန့်ထင်ရှန်းကို တွေးမိပြီး သူမစိတ်ထဲ သက်တောင့်သက်သာ ဖြစ်သွားမိသည်။ 


ဇာတ်ကွက်က အင်အားကြီးနေရင်ရော ဘာလုပ်ရမှာလဲ ... အဲ့ဒါက လူတွေရဲ့ စိတ်ထားနဲ့ ပြိုင်နိုင်မယ်တဲ့လား ...


ဇာတ်ကွက်ဆိုတာမျိုးကို လူတွေကပဲ ထိန်းချုပ်ရတာမလား ... သူမ ဒီကို ‌ကူးပြောင်းလာပြီးတည်းက ဇာတ်ကွက်ကို ထိန်းချုပ်ပြီး ပြောင်းလဲခဲ့တာပဲလေ ...


ချင်ယွီက ဇာတ်ကွက်အတိုင်းလုပ်နေရင်ရော ဘယ်သူ ဂရုစိုက်ရမှာလဲ ... သူက ပြန်လည်မွေးဖွားလာရင်တောင် ကိစ္စမရှိပါဘူး ... သူမကို ဖိအားပေးပြီး သူနဲ့နေခိုင်းလို့မှ မရတာ ... သူက သူမအိမ်ထောင်ရေးကို အနှောင့်အယှက်ပေးလာမယ်ဆိုရင်‌လည်း ရှေ့မှာရပ်တည်ပေးမယ့် စုန့်ထင်ရှန်း ရှိနေတာပဲလေ ... 


ချင်ယွီကို သူမ မကြိုက်သရွေ့ သူ့အကြောင်းက ပြောနေစရာတောင် မလိုဘူး ... သူက စက္ကူကျားရုပ်တစ်ခုပဲ ...



သူမ အချိန်မနှောင့်နှေးစေပဲ ချက်ချင်းလုပ်ဆောင်ခဲ့သည်။


ယွမ်ရှ ရုံးသို့ရောက်ပြီးသည်နှင့် ပထမဆုံးလုပ်သည်က အလုပ်ထွက်စာ နမူနာပုံစံကို အင်တာ‌နက်ပေါ်တွင် ရှာဖွေခြင်းဖြစ်သည်။ သူမက အလုပ်ထွက်ချင်စိတ် ပြင်းပြနေ၍ ထိုနမူနာပုံစံအတိုင်း အလုပ်ထွက်စာတစ်စောင် ချက်ချင်းရေးလိုက်သည်။ ရေးပြီးသည်နှင့် သူမ မန်နေဂျာကို ပေးလိုက်သည်။


အားလုံး၏ စိတ်ထဲတွင် ပျော်ရွှင်နေကြသည်။ ယမန်နေ့က ကျွန်းပေါ်မှ ပြန်လာပြီးချိန်မှစ၍ အပန်းဖြေခရီးထွက်နေသည့် စိတ်အခြေအနေမှ အလုပ်လုပ်ရမည့် စိတ်အခြေအနေသို့ပင် ချက်ချင်းပြန်မပြောင်းနိုင်ကြသေးပေ။ သို့ဖြစ်၍ ယွမ်ရှ၏ အလုပ်ထွက်စာကို လက်ခံလိုက်ရသည့်အခါ မန်နေဂျာက အံ့ဩပြီး ဘာပြောရမည်မသိ ဖြစ်သွားသည်။


" အလုပ်ထွက်တော့မှာလား ..."

ယွမ်ရှက ရုတ်တရက်ကြီး အလုပ်ထွက်မည်ဟု ပြောလာသဖြင့် မန်နေဂျာက ဦးနှောက်ကြီး ပေါက်ကွဲမတတ် ပူထူသွားရသည်။


သာမန်လူတစ်ယောက်က ဒီအလုပ်ကနေ ထွက်ချင်ပါ့မလား ... ဒီအလုပ်က ကောင်းလွန်းနေတယ်လေ ... အိမ်နဲ့လည်းနီးတော့ နာရီဝက်အတွင်း လာလို့ရတယ် ... အလုပ်လည်း သိပ်မများဘူး ... ရုံးဖွင့်ရက်တွေဆိုရင်လည်း ဝေ့ပေါ်က ပို့စ်တွေနဲ့ forumတွေကိုပဲ ဖတ်နေရတာ ... တကယ်လို့ ပျင်းတယ်ဆိုရင်လည်း ဘယ်အချိန်မဆို အိမ်ပြန်လို့ရတယ်လေ ... အရေးကြီးဆုံးကတော့ တစ်လစာ လုပ်အားခက ယွမ်နှစ်သောင်းကျော်တာပဲ ... သာမန်လူသာဆိုရင် ဒီလိုအလုပ်မျိုးလုပ်နေရရင် ပျော်လွန်းလို့ ငိုတောင်ငို‌နိုင်တယ် ... ယွမ်ရှ‌ကတော့ အလုပ်ထွက်ချင်တယ်တဲ့လား ...

မန်နေဂျာက သူမ နောက်ပြောင်နေသည်ဟုပင် ထင်မိသွားသည်။


ယွမ်ရှ ခေါင်းငြိမ့်ပြလိုက်သည်။

" ဟုတ်ပါတယ် ... ကျွန်မ အမျိုးသားနဲ့ ဆွေးနွေးပြီးတဲ့နောက် ဆုံးဖြတ်ချက်ချလိုက်တာပါ ..."


သုမ အထပ်ထပ်အခါခါ တွေးပြီးသည့်နောက်တွင် ချင်ယွီကို နောက်ဆုံးရိုက်ချက်တစ်ခု ချန်ထားခဲ့ရန် ဆုံးဖြတ်လိုက်သည်။ သူမ ပျော်ရွှင်နေဟန်ဆောင်ပြီး ရှက်ပြုံးပြုံးကာ ပြောပြလိုက်သည်။


" မန်နေဂျာ ရှင်က ကျွန်မကို ကောင်းကောင်းဆက်ဆံတယ်ဆိုတော့ ကျွန်မ မဖုံးကွယ်ထားတော့ပါဘူး ... ဒီအလုပ်က အရမ်းကောင်းတယ်ဆိုတာ ကျွန်မ သိပါတယ် ... ဒါပေမဲ့ ရှင်သိတဲ့အတိုင်း ကျွန်မယောက်ျားကလည်း အရမ်းချမ်းသာတယ်လေ အဲ့တော့ ဒီအလုပ်ကို အပျော်ဝင်လုပ်ခဲ့တာပါ ..."


မန်နေဂျာဖြစ်သူ၏ နှုတ်ခမ်းထောင့်များ တွန့်သွားသည်။


xxxxxx