အပိုင်း (၂၃၈)
Viewers 31k

Chapter 238


ယွမ်ရှ ဆက်ပြောလိုက်သည်။


" ကျွန်မတို့မိသားစုကလည်း ငွေကြေးချို့တဲ့မနေဘူးလေ ... အခု အစိုးရကလည်း ဒုတိယမြောက်ကလေးယူတာကို မကန့်ကွက်တော့ဘူး ... ကျွန်မသားလေးကလည်း သူငယ်တန်းရောက်နေပြီဆိုတော့ ကျွန်မတို့လင်မယားနှစ်ယောက် ဒုတိယမြောက်ကလေးယူကြဖို့ အကောင်းဆုံးအချိန်ပဲလို့ တွေးမိသွားလို့ပါ ... ကျွန်မ ကိုယ်ဝန်ရှိလာရင်လည်း အလုပ်ထွက်ရမှာပဲလို့ ကျွန်မယောက်ျားကပြောတယ် ... အဲ့ဒါကြောင့် အခုပဲ အလုပ်ထွက်ပြီး ကိုယ်ဝန်ယူဖို့အတွက် ဂရုတစိုက် ပြင်ဆင်တော့မလို့ပါ ... သူ့ဆီကလည်း သဘောတူမှု ရပြီးပြီလေ ..."


သူမ ဒုတိယမြောက်ကလေးလိုချင်၍ အလုပ်ထွက်မည်ဆိုပါက မည်သူမှ တားဆီးတော့မည်မဟုတ်ပေ။ 


တောင်းပန်သည့်ဟန်ဖြင့် ယွမ်ရှ ပြောလိုက်သည်။

" အင်တာဗျူးတဲ့လူက ကျွန်မကို ဒုတိယမြောက်ကလေးယူဖို့ အစီအစဉ်ရှိလားမေးတော့ မရှိဘူးလို့ ဖြေခဲ့မိတယ် ... အဲ့အချိန်ကတော့ တကယ်ကို အစီအစဉ်မရှိခဲ့ပါဘူး ... အခု အလုပ်ထွက်မယ်ဆိုရင် ကုမ္ပဏီကလည်း ကျွန်မကို ကလေးအတွက် ကုန်ကျစရိတ် ထုတ်ပေးစရာ မလိုတော့ဘူးပေါ့ ..."


အကယ်၍ ယွမ်ရှ ခန့်မှန်းထားသည်က မှန်ကန်ခဲ့ပါက သူမ အခြားအကြောင်းပြချက်ကို အသုံးပြုခဲ့လျှင် သူမကို ဆက်နေရန် ဆွဲထားလိမ့်မည်။ သို့ရာတွင် သူမတို့လင်မယား ဒုတိယမြောက်ကလေးယူချင်၍ အလုပ်ထွက်မည်ဆိုပါက သူမကိုတားနိုင်မည့်နည်းလမ်း မရှိတော့ပေ။ 


ထိုကိစ္စက မန်နေဂျာအတွက် ခေါင်းစားစရာပြဿနာဖြစ်နေသည်။ သူမ ထပ်တွေးလိုက်ပြီးနောက် ပြောလိုက်သည်။


" ဒါဆိုရင်လည်း တို့ သူဌေးနဲ့ HRဌာနဆီကို သွားဆွေးနွေးလိုက်ပါဦးမယ် ..."


ယွမ်ရှ အပြုံးဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

" ဟုတ်ကဲ့ပါ ..."


သူမက အလုပ်ထွက်ချင်နေတာလေ ... ကုမ္ပဏီက။ဘာလုပ်နိုင်မှာလဲ ... သူမကို ရုပ်ပိုင်းဆိုင်ရာအင်အားကို အသုံးချပြီး တားနိုင်မှာလား ...


လစာအတွက်ကမူ လက်လျှော့လိုက်ပါကလည်း ရေးကြီးခွင်ကျယ်မဟုတ်ပေ။ သူမတွင် ငွေကြေးများစွာရှိသည့်အတွက် ထိုငွေပမာဏအနည်းငယ်အတွက် တွက်ကပ်နေစရာလည်း မလိုပေ။ 


မည်သူကမျှ မည်သူ့ကို အခွင့်အရေးယူရန် မလိုပေ။ အကယ်၍ ကုမ္ပဏီကပေးမည်ဆိုပါက သူမ လစာကို ယူထားလိုက်မည်ဖြစ်ပြီး အကယ်၍ ကုမ္ပဏီက ဆင်ခြေမျိုးစုံသုံး၍ သူမကို ဆက်နေခိုင်းမည်ဆိုပါက လစာကို လက်လျှော့လိုက်ပြီး ထွက်သွားမည်သာဖြစ်သည်။ သူမက ဤကုမ္ပဏီတွင် တစ်လတာ အခမဲ့လုပ်ပေးလိုက်ရသည်ဟုသာ တွေးလိုက်မည်ဖြစ်၍ မည်သူမှ မဆုံးရှုံးပေ။ 


ချင်ယွီက ပြန်လည်မွေးဖွားလာခြင်း ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူမ ဤနေရာတွင် အလုပ်ဆက်လုပ်တော့မည် မဟုတ်ပေ။ အကယ်၍ ဤနေရာတွင် ဆက်ရှိနေပါက မည်သို့သော ပြဿနာမျိုး ဖြစ်လာနိုင်မည်ကို မသိပေ။ 


ချင်ယွီ ရုံးခန်းထဲတွင် ထိုင်နေသည်။ သူ့ရှေ့မှ စားပွဲပေါ်တွင် အလုပ်ထွက်စာတစ်စောင်ရှိသည်။


မန်နေဂျာ၏အသံက သူ့နားထဲတွင် ပဲ့တင်ထပ်နေသည်။


" သူမ ပြောတာကတော့ သူတို့လင်မယားနှစ်ယောက်က ဒုတိယကလေးယူဖို့ ပြင်ဆင်နေလို့ အိမ်မှာပဲ ကလေးမွေးဖို့အတွက် ပြင်ဆင်နေချင်တာပါတဲ့ 

... ကျွန်မတို့ ကုမ္ပဏီက လအနည်းငယ်ကမှ ပြန်ပြင်ထားလို့ အဲ့ကရတဲ့ ဖော်မလင်အနံ့တွေက ကလေးအတွက် မကောင်းမှာစိုးလို့ပါတဲ့ ..."


ချင်ယွီက အလုပ်ထွက်စာကို ဆုပ်ကိုင်လိုက်ပြီး အံ့ဆွဲထဲမှ လက်စွပ်ဘူးကို ထုတ်လိုက်သည်။ သူမသားလေးက အမှတ်တမဲ့ဖြင့် ဖော်ထုတ်လိုက်မိသည့် ကိစ္စကိုပြန်တွေးမိပြီး သူ မတွေးပဲ မနေနိုင်ဖြစ်သွားမိသည်။


အတိတ်ကာလ၌ဖြစ်စေ လက်ရှိပစ္စုပ္ပန်တွင်ဖြစ်စေ သူမအတွေးများကို သူ ဖောက်ထွင်းမမြင်နိုင်ခဲ့ပေ။ 


သူမသည်လည်း ပြန်လည်မွေးဖွားလာသည်ဟု သူ သံသယဝင်ခဲ့သော်လည်း သူတို့နှစ်ယောက် လေယာဉ်ပေါ်တွင်တွေ့စဉ်က သူ့ကိုသူစိမ်းတစ်ယောက်ကဲ့သို့ ဆက်ဆံခဲ့သည်ကို ရှင်းလင်းစွာ မှတ်မိနေသည်။ သူမ အယောင်ဆောင်ခဲ့စရာ အကြောင်းမရှိပေ။ သူ့ကို အပန်းဖြေအိမ်တွင်တွေ့စဉ်က သူဌေးဖြစ်ကြောင်းသိခဲ့၍ လန့်သွားသော်လည်း ထိုသို့ဖြစ်သွားမည်က သာမန်သာဖြစ်သည်။


သူမ၏ မျိုးစုံသော တုံ့ပြန်မှုများက သူ့ကို မမှတ်မိကြောင်း ပြသနေသည်။


သူတို့ ဆုံတွေ့ခဲ့သည်က မမျှော်လင့်ထားသောအရာဖြစ်သည်။ သူမ သရုပ်ဆောင်နေသည်ဆိုပါကလည်း သရုပ်ဆောင်နေစဉ် အပြစ်အနာအဆာတစ်ခုခုကို တွေ့ရမည်သာ။


သူသိချင်တာတစ်ခုက သူမသာ ပြန်လည်မမွေးဖွားလာခဲ့ဘူးဆိုရင် စုန့်ထင်ရှန်းကရော အသက်ဘေးကနေ ဘယ်လိုလွတ်လာတာလဲ ... အချက်အလက်တွေ အရဆိုရင် သူမနဲ့တွေ့ဖို့  သူ့သားလေးကို ခေါ်လာဖို့ နှစ်ရက်အလိုမှာ သူသေရမှာလေ ... ကမ္ဘာကြီးမှာ ဒီလိုတိုက်ဆိုင်မှုမျိုး ရှိသေးတာလား ...


အခုလည်း သူမက အလုပ်ထွက်ချင်နေပြန်ပြီ ... သူမက ဒုတိယမြောက်ကလေးလိုချင်တာ မဖြစ်နိုင်ဘူး ... သူတို့နှစ်ယောက်က အခန်းခွဲအိပ်တာလေ ... ပြီးတော့ ...


ချင်ယွီ နှုတ်ခမ်းများ တင်းတင်းစေ့ထားလိုက်သည်။ 

အကြောင်းပြချက်တွေက အရေးမကြီးပါဘူး ... စုန့်ထင်ရှန်း သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ယွမ်ရှက အမြဲတမ်း သူ့ဖို့ပဲ ...


xxxxxx