အပိုင်း (၂၃၉)
Viewers 31k

Chapter 239


ဤကိစ္စနှင့်ပတ်သက်၍ ပူပန်နေသောကြောင့်  စုန့်ထင်ရှန်း၏ အလုပ်လုပ်နိုင်စွမ်းကလည်း မြန်ဆန်လွန်းသည်။ သူက စီးပွားရေးလောကထဲတွင် ကျင်လည်လာသည်မှာ ကြာလှပြီဖြစ်၍ မြို့တော်မှ တစ်စုံတစ်ယောက်အကြောင်းကို စုံစမ်းရန်က သူ့အတွက် မခက်ခဲလှပေ။ သူ့ထံတွင် လိုအပ်သော အဆက်အသွယ်ပေါင်းစုံရှိသည်။ သူ့အလုပ်ပြီးသည်နှင့် သူ့သူငယ်ချင်းထံမှ emailကိုဖွင့်ကြည့်လိုက်သည်။ ၎င်းတွင် ချင်ယွီနှင့်ပတ်သက်သော သတင်းအချက်အလက်များ အသေးစိတ်စိတ်ပါဝင်သည်။


ယခင်က သူ၏လက်ထောက်ကို ကုမ္ပဏီအကြောင်း စစ်ဆေးခိုင်းခဲ့သော်လည်း သူဌေးအကြောင်း မပါဝင်ခဲ့ပေ။ စုံစမ်းမှု၏ ရလဒ်များကို ဖတ်ပြီးသည့်နောက် ယခုလက်ရှိအချိန် ဖြစ်ပျက်နေသည်များနှင့် ဆက်စပ်လိုက်ပါက အလွန်သံသယဝင်ဖွယ်ကောင်းနေသည်။ 


ချင်ယွီ၏ ဇနီးသည်က လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ကွယ်လွန်သွားခဲ့သည်။ သူတို့က အိမ်ထောင်သက်ဆယ်နှစ်ကျော်ခဲ့သော်လည်း သားသမီးမရှိခဲ့ပေ။ ကလေးမရခြင်းမှာလည်း အမျိုးသမီးဘက်မှ ချို့ယွင်းချက်ကြောင့်သာဖြစ်သည်။ ချင်ယွီက သူ၏လုပ်ငန်းတွင် အောင်မြင်သူတစ်ယောက်ဖြစ်သော်လည်း သိုသိုသိပ်သိပ်သာနေပြီး ပွဲအခမ်းအနားများတွင် ရံဖန်ရံခါသာ ပေါ်လာလေ့ရှိသည်။ လအနည်းငယ်ခန့်က ရုံးခွဲတစ်ခုကို ရုတ်တရက် ဖွင့်လှစ်ခဲ့သည်။ ရုံး၏တည်နေရာကိုလည်း သူတို့နေထိုင်သည့်နေရာတစ်ဝိုက်တွင် ရွေးချယ်ခဲ့သည်။ ရုံးခွဲကို မြန်နိုင်သမျှ မြန်မြန် ဖွင့်လှစ်ခဲ့သည်။ မျိုးစုံခွဲခြမ်းစိတ်ဖြာကြည့်သော်လည်း သူ့အတွက် ရုံးခွဲဖွင့်ရန် အကြောင်းပြချက်မရှိပေ။ ထိုသို့လုပ်နေသည်ကလည်း ထူးဆန်းသည်။ 


စုန့်ထင်ရှန်းက ယွမ်ရှ၏ စကားများကို ပြန်တွေးလိုက်မိသည်။ သူမရုံးတွင် အခြေခံအားဖြင့် မည်သည့်ကိစ္စမှ လုပ်စရာမလိုကြောင်း ပြောပြခဲ့ဖူးသည်။ သူမက ဖောက်သည်တစ်ယောက်ကိုသာ တာဝန်ယူရပြီး ထိုဖောက်သည်ကလည်း တစ်လတွင် ကုန်ပစ္စည်းအနည်းငယ်သာ မှာယူသည်။ 

ချင်ယွီက ပရဟိတသမားမဟုတ်လို့ မလိုအပ်တဲ့ရုံးခွဲကို အမှားယွင်းခံပြီး ဖွင့်မှာမဟုတ်ဘူးလေ ...


ဤအချက်ကို စုန့်ထင်ရှန်း ဇဝေဇဝါဖြစ်နေမိခြင်းဖြစ်သည်။ 

ချင်ယွီက ယွမ်ရှကို ဘယ်လိုကြိုက်သွားတာလဲ ... သတင်းအချက်အလက်တွေအရဆိုရင် ချင်ယွီနဲ့ ယွမ်ရှက ခုချိန်ထိ မတွေ့ဖူးသေးဘူးလေ ... သူတို့ တစ်ယောက်နဲ့တစ်ယောက် သိရင်တောင် ဘယ်အချိန်က တွေ့ကြတာလဲ ... ချင်ယွီက ကိုယ်ပိုင်ဘဝမှာ ရိုးရှင်းပြီးတော့ သိုသိုသပ်သပ်ပဲ နေတတ်တဲ့သူမျိုးလေ ... ယွမ်ရှက အရင်ကတော့ သောက်စားပျော်ပါးနေတတ်ခဲ့ပေမယ့် သူမ သူငယ်ချင်းတွေကလည်း ချင်ယွီနဲ့ ဘာမှ မဆိုင်တာ သိသာနေတာပဲ ...


အကယ်၍ ယွမ်ရှအလုပ်ထွက်လိုက်လျှင်ပင် ဤကိစ္စက လွယ်ကူစွာအဆုံးသတ်မသွားနိုင်ဟု စုန့်ထင်ရှန်းစိတ်ထဲ အလိုလိုသိနေမိသည်။



ယွမ်ရှက နေ့လယ်ဘက်တွင် မန်နေဂျာထံမှ တုံ့ပြန်မှုရရှိခဲ့သည်။ 


မန်နေဂျာ၏ အမူအယာက စိတ်အေးသွားသကဲ့သို့ဖြစ်နေသည်။

" တို့HRဌာနနဲ့ ဆွေးနွေးခဲ့တယ် ... မင်းရဲ့ အစမ်းခန့်ကာလက ပြီးသွားပြီဆိုတော့ ကုမ္ပဏီရဲ့ အမြဲတမ်းဝန်ထမ်းဖြစ်သွားပြီ ... သိတဲ့အတိုင်းပဲ ကုမ္ပဏီက အမြဲတမ်းဝန်ထမ်းတွေ အလုပ်ထွက်မယ်ဆိုရင် အလုပ်တွေ လက်လွှဲပေးဖို့ အချိန်တစ်လယူရမယ်လေ ..."


ယွမ်ရှ အပေါ်ယံတွင် ပြုံးနေသော်လည်း စိတ်ထဲတွင် ဆဲရေးနေသည်။


ကုမ္ပဏီ အပန်းဖြေခရီးတွင် သူမ မိသားစုကို ခေါ်လာချင်ခဲ့သောအခါကမူ အမြဲတမ်းဝန်ထမ်းမဟုတ်ဟု အကြောင်းပြကာ သူမပြောသည်ကို လက်မခံခဲ့ပေ။ ယခု သူမ အလုပ်ထွက်ချင်သည့် အချိန်၌မူ သူမက အမြဲတမ်းဝန်ထမ်းဖြစ်သွားသည့်အတွက် နည်းစနစ်များအတိုင်းလိုက်နာကာ အလုပ်များ လွှဲပြောင်းပေးရန် တစ်လထပ်လုပ်ရမည်ဟု ပြောနေပြန်သည်။


မျက်နှာပြောင်တိုက်မယ်ဆိုရင်လည်း အဲ့လောက်အထိ မလုပ်သင့်ပါဘူး ဟုတ်တယ်မလား ...


ကောင်းပြီလေ သူမ လက်ခံလိုက်မယ် ...


သို့သော်လည်း ယွမ်ရှက ပြောလိုက်သေးသည်။

" ကောင်းပါပြီလေ ... ဒါပေမဲ့ ကျွန်မယောက်ျားက ခေါင်းမာနေတယ် ..."


စုန့်ထင်ရှန်းက သူ့ကို မှီခို၍ ရသည်ဆိုသောကြောင့် သူ့ကို အပြစ်ပုံချရန် တွေးလိုက်သည်။ ဤနေရာမှ မည်သူမှလည်း သူ့ကိုမသိကြပေ။


" ရှင် သိတဲ့အတိုင်း ကျွန်မတို့မိသားစုက ငွေကြေးချို့တဲ့မနေဘူးလေ ... ကျွန်မယောက်ျားကလည်း အလုပ်ထွက်ဖို့ အချိန်တစ်ပတ်ပဲ ပေးထားတာ ..."

ယွမ်ရှက ကျဉ်းထဲကျပ်ထဲရောက်နေဟန် ပြောလိုက်သည်။ 


" ကျွန်မ အိမ်ပြန်ပြီးတော့  အမျိုးသားနဲ့ ဆွေးနွေးလိုက်ပါဦးမယ် ... တကယ်လို့ သူသဘောမတူရင်တော့ ကျွန်မလည်း ဘာမှလုပ်လို့မရဘူး ... ရှင်သိတဲ့အတိုင်းပဲ ကျွန်မက ငွေရေးကြေးရေးအပိုင်းမှာ အမျိုးသားကိုပဲ မှီခိုနေရတာ ... ဒီခေတ် ဒီအသက်အရွယ်မှာ စီးပွားရေးအုတ်မြစ်တွေကပဲ ပြောရေးဆိုခွင့်ရှိတဲ့သူတွေကို ဆုံးဖြတ်ပေးတာ ... ကျွန်မက မိသားစုထဲမှာ ဘာမှပြောပိုင်ခွင့် သိပ်မရှိဘူး ..."


ထိုသို့ ပြောလိုက်စဉ် သူမကိုယ်သူမ သနားစရာသတ္တဝါတစ်ကောင်ကဲ့သို့ ခံစားလိုက်ရသည်။


မန်နေဂျာက တွေးလိုက်သည်။

အင်း ဟုတ်ပါတယ် ... ငါ့မှာလည်း မျက်လုံးတွေရှိတယ် .. မင်းရဲ့ ယောက်ျားက မင်းဘာပြောပြော ခေါင်းငြိမ့်တယ်ဆိုတာသိတယ် ...


xxxxxx