အပိုင်း (၂၄၀)
Viewers 31k

Chapter 240


" တကယ်လို့ ကျွန်မ တစ်ပတ်ကျော်တာနဲ့ အလုပ်မလာဖြစ်တော့ရင်တော့ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ... အဆိုးဆုံးဖြစ်လာရင်တော့ ကုမ္ပဏီက ဒီတစ်လစာ လစာကို မပေးတော့ရင်လည်းရပါတယ် ..."


ယွမ်ရှ ပြောနေရာမှ ခဏရပ်လိုက်သည်။ မန်နေဂျာ၏ အမူအယာကို ကြည့်ပြီးသည့်နောက် သူမ ဆက်ပြောလိုက်သည်။


" စိတ်မပူပါနဲ့ ... ကျွန်မ အလုပ်ကို သေချာပေါက် ဂရုစိုက်မှာပါ ... မထွက်သွားခင်လည်းreportကို အသေးစိတ် ရေးသွားမှာပါ ..."


ဒါဆိုရင် မန်နေဂျာ ဘာပြောနိုင်ဦးမှာလဲ ...


လူများကို လစာဖြင့် ဖိအားပေးမည်ဆိုပါက ပစ်မှတ်ကိုကြည့်ရမည်ဖြစ်သည်။ ‌ဗြောင်ကျကျပြောရမည်ဆိုလျှင် ယွမ်ရှ အလုပ်ထွက်ချင်ပါက မည်သူမျှ သူမကို။မတားနိုင်ပေ။ သူမ ပြောခဲ့သည့် စကားအများသုက အလိမ်အညာများဖြစ်သော်လည်း သူ့မိသားစုက ငွေကြေးမချို့တဲ့ဟူသော စကားတစ်ခွန်းက အမှန်တရားဖြစ်သည်။ သူမက တစ်လစာရရန်အတွက် အံကြိတ်ပြီး အလုပ်ဆက်လုပ်နေမည့်သူ မဟုဆ်ပေ။


ယွမ်ရှ စိတ်ထဲတွင် အံ့ဩစရာကောင်းသည်ဟု တွေးနေမိသည်။ ‌ငွေရှိခြင်းက အလွန်ကောင်းလှသည်။ သူမ အလုပ်ထွက်ချင်သည့်အချိန်တွင် အလုပ်ထွက်နိုင်သည်။ အတိတ်ကဆိုလျှင် သူမသူဌေး၊ လုပ်ဖော်ကိုင်ဖက်များနှင့် ဖောက်သည်များကို မည်မျှစိတ်ဆိုးဒေါသထွက်ပါစေ သူမအနေဖြင့် တောင့်ခံရုံသာ တတ်နိုင်သည်။

ဘာကြောင့်လဲဆိုတော့ ဘဝကို ရှေ့ဆက်သွားရဦးမယ် ... အဲ့လိုရှေ့ဆက်ပြီး အသက်ရှင်နေဖို့အတွက် ငွေလိုအပ်လို့ပဲ ... 


ငွေသာရှိရင် ဘယ်လိုနေနေရတယ် ...



သူမ ရုံးမဆင်းမီအချိန်တွင် စုန့်ထင်ရှန်းက ဖုန်းဆက်လိုက်သည်။ သူက သူမကို ရုံးဆင်းချိန်တွင် လာကြိုမ ည်ဟုပြောသည်။


ယွမ်ရှ အံ့အားသင့်သွားမိသည်။

" ရှင် အလုပ်မများဘူးလား ..."


သူက မိသားစုနှင့်အတူ အပန်းဖြေခရီးထွက်သွားခဲ့၍ အလုပ်များတောင်လိုပုံနေမည်ဟု ထင်ခဲ့မိသည်။ ထို့ကြောင့် သူမကို လာကြိုမည်ဆိုသောအခါ အံ့အားသင့်သွားမိခြင်းဖြစ်သည်။


စုန့်ထင်ရှန်းတွင်လည်း သူ့အတွေးနှင့်သူရှိသည်။ ချင်ယွီက ယွမ်ရှကို ကြိုက်နေသည့်ကိစ္စကို အတည်မပြုရသေးသော်လည်း ဖြစ်နိုင်ချေအနည်းငယ်သာ ရှိလျှင်ပင် မျက်နှာလွှဲထား၍ မရပေ။ မည်သို့ပင်ဖြစ်စေ ယွမ်ရှက အလုပ်ထွက်စာတင်ထားပြီးပြီဖြစ်သည်။ သူက နောက်ရက်အနည်းငယ်အတွက် အလုပ်အချိန်ဇယားများ ပြန်ဆွဲထားပြီး အိမ်တွင် အချိန်ပိုဆင်း၍ရသည်။ သူအချိန်ရအောင်လုပ်ပြီး ခင်ပွန်းဝတ္တရားရှိသည့်အတိုင်း ယွမ်ရှကိုနေ့တိုင်းသွားကြိုရမည်ဖြစ်သည်။


အကယ်၍ ထိုသို့မဟုတ်ပါက သူ့ကိုလူသေတစ်ယောက်ကဲ့သို့ ဆက်ဆံပြီး သူ့ဇနီးကို သိသိသာသာပင် တပ်မက်နေဦးမည်ဖြစ်သည်။ ပထမတစ်ကြိမ်က သွမ့်ချီဖြစ်ပြီး ယခုတစ်ခါတွင် ချင်ယွီဖြစ်သည်။

သူ မသေသေးဘူး ဆိုတာနဲ့ ယွမ်ရှနဲ့သူက မကွာရှင်းရသေးဘူးဆိုပြီးပဲ အော်ပြောလိုက်ချင်တယ် ... ဒီနှစ်ယောက်က ကိစ္စတစ်ခုခုကို ‌လုပ်တော့မယ် တွေးတော့မယ်ဆိုရင် ယွမ်ရှက လက်ထပ်ပြီးပြီဆိုတာကိုအရင်မတွေးကြ မသိကြဘူးလား ...


" အဆင်ပြေမှာပါ ... နောက် ရက်အနည်းငယ်အထိ အားလပ်ရက်ရနေတာပဲ ... မနက်ဖြန်လည်း လာကြိုမယ် ..."


ယွမ်ရှ၏ အံ့အားသင့်မှုက နားလည်သဘောပေါက်ခြင်းနှင့် ပျော်ရွှင်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။


ကမ်းခြေတွင် စကားပြောပြီးသည့်နောက်ပိုင်းမှစ၍ သူတို့နှစ်ယောက်ကြားထဲမှ အခြေအနေက ဒွိဟဖြစ်လာခဲ့သည်။

သူမတို့က ချစ်သူတွေလို့ ပြောနိုင်တဲ့အဆင့်လည်းမဟုတ်ဘူးလေ ... ဒါပေမဲ့ မနေ့ညကတောင် ဖက်ခဲ့ကြသေးတာပဲ ... ပြီးတော့ စုန့်ထင်ရှန်းက ရေချိုးတဘတ်တစ်ထည်ပဲ ပတ်ထားတာ ...


ကြည့်ရတာ စုန့်ထင်ရှန်းလို စိတ်ကူးယဉ်မဆန်တတ်တဲ့သူကလည်း မိန်းမတစ်ယောက်ကို ဘယ်လိုပိုးရမယ်ဆိုတာ သိပုံပဲ ...


သူက သူမကို ပိုးပန်းဖို့တွေးပြီး စိတ်ကူးယဉ်ဆန်တာလေးတွေ စလုပ်ဖို့ ပြင်နေတာများလား ... အဲ့ဒါကြောင့် အလုပ်ဆင်းရင် လာခေါ်မယ်ပြောတာများလား ...


ယွမ်ရှ ရင်ခုန်စိတ်လှုပ်ရှားမိသွားသည်။ သူမ ယခင်က ပိုးပန်းခံခဲ့ရဖူးသော်လည်း ယခုအခါတွင် တစ်ဖက်လူက လွှမ်းမိုးမှုရှိသော စီအီးအိုတစ်ယောက်ဖြစ်နေသည်။


ချင်ယွီကို ထည့်မတွက်ပေ။ သူက သူမစိတ်ဝင်စားသောလူမဟုတ်ပေ။ 


ယွမ်ရှ သူမအသံကို တည်ငြိမ်အောင် အကောင်းဆုံးကြိုးစားလိုက်သည်။

" ရှင် အလုပ်မရှုပ်ရင်တော့ အဆင်ပြေပါတယ် ..."


ယွမ်ရှ၏ စိတ်ကူးယဉ်မှုများက တစ်ဖက်ကမ်းရောက်နေသည်ကို စုန့်ထင်ရှန်း မသိပေ။ 

" ကိုယ် ကားရပ်တဲ့နေရာမှာပဲ စောင့်နေမယ်လေ ... ရုံးဆင်းတာနဲ့ အောက်ကို တန်းဆင်းလာခဲ့ ..."


"ကောင်းပြီလေ ..."


ယွမ်ရှ ဖုန်းချပြီးသည့်နောက်တွင် သူမလက်သူကြွယ်မှ စိန်လက်စွပ်ကို ကြည့်လိုက်ပြီး စိတ်ထဲ တက်ကြွနေမိသည်။


xxxxxxx