အပိုင်း ၁၅၆
Viewers 18k

Chapter 156


 မြောက်များစွာသော သဲလွန်စတို့က နောက်ကွယ်ရှိ ကြိုးကိုင်သူမှာ ချပ်မင်ဖြစ်ကြောင်း ညွှန်ပြနေပေသည်။ 


ဧကရာဇ်မှာ စိတ်သဘောထား အလွန်နူးညံ့ကြောင်း အားလုံးအသိဖြစ်သော်ငြား ချပ်မင်မှာမူ ဆန့်ကျင်ဘက်ပင်ဖြစ်သည်။  


ချပ်မင်သည် အလွန်ငယ်ရွယ်သည့်အပြင် အားမာန်တက်ကြွကာ တိုးတက်လိုစိတ်ရှိသူအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။ သူ၏ ပြီးခဲ့သော မိန့်ခွန်းများစွာတို့တွင် လောယာအင်ပါယာကသာ အကောင်း‌ဆုံးဖြစ်ကြောင်း၊ စကြဝဠာထဲအထိ နယ်မြေသစ် ချဲ့ထွင်မည်ဖြစ်ကြောင်း အစရှိသည့် အကြောင်းအရာတို့ကို ထပ်တလဲလဲ ဖော်ပြထားပေသည်။ 


သူ့မိန့်ခွန်းများမှာ မာန်ပါလှသည့်အပြင် ချပ်မင်ကိုယ်တိုင်ကလည်း အခြားသူ၏စိတ်ကို လှုံ့ဆော်ရာတွင် ကျွမ်းကျင်သူဖြစ်သည့်အတွက် လူငယ်အများစု၏ အားပေးထောက်ခံခြင်းကို ခံရပေသည်။  ထိုသူများက သူ့ကို အလျင်အမြန် အရိုက်အရာ ဆက်ခံစေကာ လောယာအင်ပါယာ တစ်ခေတ်ပြန်လည် ထွန်းပြောင်စေရန် ဦးဆောင်စေလိုကြပေသည်။ 


အပေါ်ယံမှာ မည်မျှပင် ကောင်းမွန်နေပါစေ အနှစ်သာရ မရှိသည့် သကာရည်လောင်းထားသော စကားမျှသာဖြစ်ပေသည်။ ဤရက်ပိုင်းအတွင်း ချပ်မင်၏ ဘက်တော်သားများက ထိုကိစ္စကို ဖြေရှင်းရန် နည်းလမ်းပေါင်းစုံ သုံးခဲ့သော်လည်း လက်ရှိအခြေအနေ၏ လွှမ်းမိုးမှုကို ခံနေရဆဲပင်ဖြစ်သည်။ 


ချပ်မင်အဖို့ အကောင်းဆုံး ကိုင်တွယ်နည်းမှာ စစ်ပွဲစတင်သင့်ကြောင်း လှုံ့ဆော်ပေးရန်ပင်ဖြစ်သည်။ သူ့ဘက်တော်သားများကလည်း ထိုနည်းလမ်းကို အသုံးပြုကာ သန္ဓေတည်ဆေးနှင့် အာဟာရဆေးရည်သည် ဖက်ဒရယ်သားတို့ လက်ထဲတွင် မဟုတ်ဘဲ လောယာအင်ပါယာ၏ လက်ထဲတွင်သာ ရှိသည့်ကြောင်း ဖော်ပြထားသည့် မိန့်ခွန်းတစ်ခုကို ရေးသားခဲ့သည်။ 


အလွန်ထက်သန်လှသည့် အရေးအသားကြောင့် မြောက်များစွာသော ပြည်သူတို့ကို ဦးနှောက်ဆေးနိုင်ခဲ့တော့သည်။ 


ဖက်ဒရယ်မှ ဝယ်ယူသုံးစွဲရမည်နှင့် နှိုင်းယှဉ်ပါလျှင် ကိုယ့်လက်ထဲတွင် ရှိနေခြင်းက ပိုပြီးစိတ်ချရပေသည်။ သို့သော် ထိုမိန့်ခွန်း မပျံ့နှံ့လာသေးခင်မှာပင် ကိတ်က အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်တော့၏။ 


(အာဟာရဆေးရည်နှင့် သန္ဓေတည်ဆေး ဖော်စပ်ရာတွင် လိုအပ်သော ကုန်ကြမ်းပစ္စည်းများအား စိုက်ပျိုးခြင်းနှင့် စပ်လျဉ်း၍ အစီရင်ခံတင်ပြခြင်း...)


ထိုအစီရင်ခံစာထဲတွင် ကိတ်က သန္ဓေတည်ဆေးအတွက် လိုအပ်သော အပင်များကို စိုက်ပျိုးရန် သူကြိုးပမ်းခဲ့ပုံများကို မခြွင်းမချန် ရေးသားထားသည်။ ထိုမျှသာမက လောယာတွင် ထိုအပင်များ စိုက်ပျိုးရန် အဆင်မပြေကြောင်းနှင့် အတွေ့အကြုံလည်း နည်းပါးနေသေးကြောင်းပါ တစ်ပါတည်း ဖော်ပြထား၏။ 


ထိုအစီရင်ခံစာကို ဖတ်လိုက်ရသူတိုင်းက ကိတ်သည် လာဘ်စားကာ အစီရင်ခံစာအတု လုပ်ခဲ့သည်ဟုသာ ထင်နေကြချိန်တွင် အဆုံး၌ မှတ်ချက်ပါရှိသည့် ဗီဒီယိုတစ်ခုကို တွေ့လိုက်ရတော့သည်။ 


ဆက်သွယ်ရေးစက်ဖြင့် ရိုက်ကူးကာ ဖြတ်တောက်ပြုပြင်ထားခြင်း မရှိသော ဗီဒီယိုနှစ်ခုကို တွေ့လိုက်ရသည်။ ပထမဗီဒီယိုထဲတွင် အင်ပါယာ၏ အသန်မာဆုံး အပင်စွမ်းရည်ပိုင်ရှင်အမျိုးသမီး ပါဝင်နေကာ သူမက ညှိုးနွမ်းခြောက်သွေ့နေသည့် အပင်တစ်ပင်ရှေ့တွင် မတ်တပ်ရပ်နေပြီး ဘာကိုမှ တတ်နိုင်တော့ဟန် မတူချေ။ 


ဒုတိယဗီဒီယိုမှာလည်း ပထမတစ်ခုနှင့် နေရာအတူတူပင်ဖြစ်သည်။ တစ်ဝက်သာ မြင်နေရသော်ငြား ဖြူဖွေးနူးညံ့မှန်း သိသာနေသည့် မျက်နှာပိုင်ရှင် ဆယ်ကျော်သက်ကလေး၏ လက်တစ်ချက် အဝှေ့တွင်ပင် ထိုအပင်က ရုတ်ချည်း လန်းဆန်းလာကာ သုံးရောင်ခြယ်ပန်းပွင့်တို့နှင့်အတူ မျိုးစေ့များပါ ကျလာတော့သည်။ ထိုကောင်လေးက မျိုးစေ့များကို ကောက်ယူလိုက်ချိန်တွင် သူ့လက်ထဲ၌ အညှောင့်ပေါက်ကာ အလျင်အမြန်ကြီးထွားပြီး တစ်ဖန် ပန်းပွင့်လာပြန်တော့သည်။ 


မှတ်ချက်နေရာတွင်မူ ... 


(ဖက်ဒရယ်က ရှေးဦးလူနေမှုအဖွဲ့အစည်းတစ်ခုသာသာပဲ ဖြစ်တဲ့အတွက် သန္ဓေတည်ဆေးနဲ့ အာဟာရဆေးရည်လို ထူးခြားတဲ့ပစ္စည်းတွေကို သုတေသနလုပ်နိုင်တဲ့စွမ်းရည် မရှိပါဘူး... ဒါတွေအားလုံးဟာ ဖက်ဒရယ်မှာရှိတဲ့ မာရှယ်ရဲ့ အိမ်ထောင်ဘက်ဆီကနေ ရလာတာ ဖြစ်ပြီးတော့ သူ့ရဲ့ မျိုးရိုးဇစ်မြစ်က အခုအချိန်အထိ လောယာအင်ပါယာ ရှာတွေ့ထားသမျှ မျိုးရိုးတစ်ခုနဲ့တောင်မှ မတူညီပါဘူး... ဒီဆေးနှစ်မျိုးရဲ့ အရှိန်အဝါဟာ အသူတစ်ရာချောက်ရဲ့ အရှိန်အဝါနဲ့ တူနေတယ်လို့လည်း တွေ့ရပါတယ် ...)


ဆေးများအတွင်းတွင် ပါရှိသော စိတ်စွမ်းအင်မှာ အသူတစ်ရာချောက်နှင့် ဆင်တူသည်ဟု စတင်ခံစားမိသူမှာ Crohn ပင်ဖြစ်သည်။


 ယခုမူ သူ့ကဲ့သို့ ခံစားလာရသူများ အများအပြား ရှိလာသော်လည်း အသူတစ်ရာချောက်၏ စွမ်းအင်မှာ အလွန်ကြမ်းတမ်းလှသည့်အတွက် ကိတ်မထောက်ပြခင်အထိ မည်သူမှ မတွေးမိခဲ့ကြပေ။ 


ထိုဗီဒီယိုကို မြင်လိုက်ရချိန်တွင် အများစုက စစ်ချီကာ လုယူမည့်အကြံကို စွန့်လွှတ်လိုက်ကြတော့သည်။ 


ပိုင်ရှင်က ဖက်ဒရယ်ကမှ မဟုတ်တာ ဘယ်လိုလုပ် လုယူလို့ ရမှာလဲ ...


သူတို့က ထိုအကြောင်းအရာကို အောက်ခြေအထိ တူးဆွနိုင်ရန် ဖက်ဒရယ်၏ ကွန်ယက်အမျိုးမျိုးကို ဝင်ရောက်စပ်စုလိုက်သည့်အပြင် စကားပြန်ကိုပင် ထည့်သွင်းလိုက်သေးသည်။ 


ထို့နောက်တွင်တော့ ဖက်ဒရယ်ကွန်ယက်ကို သုံးစွဲဖူးသူတိုင်းမှာ ပြန်မထွက်လာချင်တော့ပေ။ 


ဖက်ဒရယ်၏ သရုပ်ပြကွန်ယက်မှာ အလွန်ဆိုးဝါးလှသော်ငြား နေရာတိုင်းတွင် ကလေးများကို မြင်နေရသည့်အပြင် သာမန်သူတို့၏ မွေးဖွားနှုန်းမှာလည်း အလွန်အံ့အားသင့်စရာ ကောင်းလှပေသည်။ 


နှစ်နှစ်သုံးနှစ်အရွယ် ကလေးများကို ချီထားသူများအား နေရာတကာတွင် တွေ့နိုင်ပြီး သန္ဓေတားဆေးများကိုလည်း နေရာတိုင်းတွင် ဝယ်ယူ၍ ရနေပေသည်။ အချို့ဂြိုဟ်များတွင် လူဦးရေတိုးတက်နှုန်းကို ဟန့်တားနိုင်ရန် အများဆုံး ကလေးသုံးဦးသာ ယူခွင့်ပြုထားကြ‌သည်။ 


မြင်မြင်သမျှတိုင်းမှာ သူတို့အဖို့ မနာလိုအားကျဖွယ်ရာများပင်ဖြစ်သည်။ 


အများစုမှာ သောကရောက်ရလွန်း၍ မူလရည်ရွယ်ချက်ကိုပင် မေ့ပျောက်လုမတတ် ဖြစ်ကုန်ကြတော့သည်။ ခပ်မြန်မြန် အသိပြန်ဝင်လာသူအချို့က သန္ဓေတည်ဆေးနှင့် အာဟာရ‌ဆေးရည်အကြောင်း ရှာလိုက်၍သာ တော်ပေသေးသည်။ 


ဖက်ဒရယ်တွင် သန္ဓေတည်ဆေးအကြောင်း သိထားသူဟူ၍ သာမန်လူတစ်ယောက်မျှပင်မရှိ။ အာဟာရဆေးရည်ကို လိုချင်သူ အများအပြား ရှိသော်ငြား ကျောက်မိသားစုတစ်စုတည်းကသာ ဖော်စပ်နိုင်ရာ ဖက်ဒရယ်ကို တိုက်ခိုက်လျှင်ပင် သန္ဓေတည်ဆေးနှင့် အာဟာရဆေးရည်ကို ရနိုင်လိမ့်မည် မဟုတ်ချေ။ 


စစ်ပွဲကို လိုလားသူအချို့ ရှိနေသေးသော်လည်းအများစုကမူ ငြိမ်းချမ်းရေးကိုသာ လိုလားကြတော့သည်။ စစ်ပွဲစတင်ရန် အဆိုပြုချက်မှာ ပျက်ပြယ်သွားပြီဖြစ်သည့်အပြင် ဖက်ဒရယ်၏ မူကြိုကျောင်းများကို အလည်သွားနိုင်ရန်အလို့ငှာ ဖက်ဒရယ်နှင့် အင်ပါယာအကြား ခရီးသွားလာရေးကို တိုးတက်စေလိုသူများ များပြားလာတော့သည်။ 


ထို့အပြင် ဖက်ဒရယ်၏ ဖျော်ဖြေရေးနှင့်  အစားအ သောက်တို့ကို စိတ်ဝင်စားသူအရေအတွက် တိုးပွားလာတော့သည်။ ၎င်းတို့မှာ အင်ပါယာတွင်လည်း ရှိသော်လည်း ဖက်ဒရယ်တွင်ကဲ့သို့‌ အမျိုးအမည် မများပြားလှပေ။ 


ဖက်ဒရယ်၏ ကောင်းသောအချက်များကို လောယာသားတို့ မြင်သွားကြပြီးဖြစ်သည့်အတွက် အကောင်းမြင်မှုအများအပြား ပိုင်ဆိုင်လာရသည်မှာ မထူးဆန်းတော့ချေ။ 


ထိုအချက်တွင် လောယာ၏ ကျော်ကြားသော တိုက်ရိုက်ထုတ်လွှင့်သူတစ်ဦးက ဆောင်းပါးတစ်စောင်ကို ရေးသားလာသည်။ 


(သန္ဓေတည်ဆေးသာ မရှိရင် ...)


သန္ဓေတည်ဆေးသာ မရှိပါလျှင် လောယာအင်ပါယာသည် များမကြာမီမှာပင် ဆွေး‌မြည့်ပျောက်ကွယ်သွားမည်ဖြစ်သည်။ ဖက်ဒရယ်၏ နည်းပညာများမှာ အဆက်မပြတ် တိုးတက်နေသည့်အပြင် လူဦးရေမှာလည်း အင်မတန် များပြားလှသည့်အတွက် တစ်နေ့နေ့တွင် စကြဝဠာကို အုပ်စိုးနိုင်မည်ဖြစ်သည်။ ။


ထိုဆောင်းပါးတွင် လောယာအင်ပါယာ၏ အနာဂတ်အကြောင်း ပူပန်ရပုံ အဖုံဖုံနှင့် ဖက်ဒရယ်၏ အနာဂတ်အကြောင်း မှန်းဆချက်တို့ ပါဝင်နေရာ ၎င်းကို ဖတ်မိသော လောယာသားတိုင်းမှာ စိတ်ဓာတ်ကျကုန်ကြတော့သည်။ အဆုံးတွင် ဝါကျတစ်ကြောင်းဖြင့် နိဂုံးချုပ်ထားသည်။ 


(တကယ်လို့သာ ဖက်ဒရယ်ကသာ အင်ပါယာအဖွဲ့ဝင်နိုင်ငံ ဖြစ်သွားပြီး တစ်ဖက်တည်းဖြစ်သွားမယ်ဆိုရင် ...)


အင်တာနက်တစ်ခွင်လုံး ဆူညံပွက်လောရိုက်သွားကာ ပြည်သူအချို့၏ အတွေးထဲတွင် ထိုအကြံများ ကိန်းအောင်းသွားချိန်တွင် မာရှယ်ရေမွန်၏ မင်္ဂလာပွဲ ကျင်းပချိန်သို့ ကျရောက်လာတော့သည်။ 


မာရှယ်ရေမွန်မှာ သုံးမြွာပူးကိုယ်ဝန်ကို လွယ်ထားရ၍ အင်မတန် စိတ်လက်ရွှင်ပျနေသည်။ အမြဲလိုလို ခပ်လျှိုလျှိုသာ နေတတ်သူကပင်လျှင် ထူးထူးကဲကဲ ခမ်းနားလှသည့် မင်္ဂလာပွဲ ကျင်းပကာ ဧည့်သည်အမြောက်အများ ဖိတ်ကြားရန် စီစဉ်လိုက်တော့သည်။ 


...


မင်းသားချပ်မင်၏ နန်းတော်ထဲတွင် ... 


မှုန်မှိုင်းနေသော မျက်နှာထားဖြင့် ဖိတ်စာကို ကိုင်ထားသည်မှာ စိတ်အခြေအနေမကောင်းမှန်း သိသာလှပေသည်။ သူ့အနေဖြင့် စိတ်ကြည်လင်ရန်အကြောင်းလည်း မရှိပေ။ လက်တစ်ကမ်းသာ လိုတော့သည့် ပလ္လင်နေရာကိုလည်း လက်လွှတ်လိုက်ရသည့်အပြင် နှစ်ရာပေါင်းများစွာ တည်ဆောက်ခဲ့ရသည့် စီးပွားရေးမှာလည်း ဖျက်ဆီးခံလိုက်ရသည့်အတွက် မည်သည့်အကြောင်းကြောင့်မှ ကြည်သာရွှင်ပျမနေနိုင်တော့ပေ။ 


သရဖူကိုရရန်အလို့ငှာ အများအပြား ဆုံးရှုံးခဲ့ရပြီး ဖြစ်သည့်အတွက် ဤတစ်ကြိမ်တွင် လုံးဝ လက်ပိုက်ကြည့်မနေနိုင်တော့ပေ။ 


သူက လက်ပိုက်ကြည့်နေသည့်တိုင် အခြားသူများက သူ့ကို အလွတ်ပေးလိမ့်မည် မဟုတ်ချေ။ ... သူသည် ဖက်ဒရယ်ကို အတိအလင်း ဆန့်ကျင်ခဲ့သူဖြစ်သည်။ 


"မာရှယ်ရေမွန်ရဲ့မင်္ဂလာပွဲကို သွားမှာလား ..." 


အဒီလာက အမှုမထားဟန်ဖြင့် မေးလိုက်သည်။ 


"သွားမှာပေါ့ ..." 


သူက ခံစားချက်များကို သိမ်းဆည်းရင်း နူးနူးညံ့ညံ့ပြုံးကာ ပြောလိုက်သည်။ 


သူ့အပြုံးမှာ မိန်းမပျိုလေး‌တို့ ကြွေဆင်းနိုင်ဖွယ်ရာ ဖြစ်သော်ငြား အဒီလာကမူ လျစ်လျူရှုထားလိုက်သည်။ 


"ဒါဆို အဝတ်အစား ပြင်ထားလိုက်မယ် ..." 


မျက်စိတစ်မှိတ်အတွင်းမှာပင် မာရှယ်ရေမွန်၏ လက်ထပ်ပွဲနေ့သို့ ကျရောက်လာတော့၏။ 


ကိတ်နှင့် Crohn တို့ ဖိတ်စာရခဲ့သော်လည်း သူတို့က အဓိကလူ  မဟုတ်ချေ။ 


မူရင်းရုပ်သွင်ကို ပြန်ပြောင်းလိုက်ပြီဖြစ်သော ကျောက်လင်းယွီက သူတို့နှစ်ဦးနှင့်အတူ ယာဉ်ပျံရှိရာသို့ ထွက်လာလိုက်သည်။ 


"ဆရာ ကျောက်လင်းယွီ လက်ထပ်ပွဲကို သွားတာက အန္တရာယ်မများဘူးလား ..." 


ကျောက်လင်းယွီ ထွက်သွားသည်ကိုသာ စိုးရိမ်တကြီး ကြည့်နေသည့်အတွက် မစ္စတာထန့်သည် သူ့လက်မောင်းကို ရစ်ပတ်ထားသော ရှောင်လွီကို ပန်းခွေအဖြစ် ရက်လုပ်နေမိမှန်း သတိမထားမိသေးချေ။ 


ဘေးနားတွင် တွားသွားနေသော ဒုတိယသားက ထိုသည်ကို မြင်လိုက်သည့်အတွက် အပြေးလာကာ ပန်းခွေကို ပြန်ဖြည်ပေးလိုက်သော်ငြား အနည်းငယ် အဝလွန်နေသည့်အတွက် ပုခုံးနေရာတွင် ညပ်သွားတော့၏။ 


ထိုအရူးထမှုမှာ စတုတ္ထသားအတွက်တော့ သည်းမခံနိုင်စရာမြင်ကွင်းပင် ဖြစ်သည်။ ညီအစ်ကိုချစ်စိတ် အပြည့်အဝရှိသော အကြီးဆုံးသားက သူ၏မိတ်ဆွေရှောင်လွီကို အသာပုတ်ကာ ပြောလိုက်သည်။ 


"ရှောင်လွီ နည်းနည်းလောက် လျော့ပေးလိုက်ပါဦး ..." 


ရှောင်လွီက ဒုတိယသား ဖြတ်သွားနိုင်သည်အထိ ဖြေလျော့ပေးလိုက်ကာ အကြီးဆုံးသားကို ပွတ်သပ်လိုက်သည်။ သူက ရမ်ရှန့်ကို သဘောအကျဆုံး ဖြစ်သော်ငြား ထိုသူက သူ့ကို အကပ်မခံသည့်အတွက် ဂျင်ဆင်းအရသာ အနည်းအကျဉ်းရနိုင်သည့် အကြီးဆုံးသား၏အနားကိုသာ ပွတ်သပ်တွယ်ကပ်နေရတော့သည်။ 


ဒုတိယသားက ပြန်ထွက်လာချိန်တွင်လည်း လဲကျလုနီးပါး ဖြစ်ပြန်သော်ငြား အလျင်အမြန်ပင် ဟန်ချက်ထိန်းနိုင်ကာ ရှောင်လွီလုပ်ပေးထားသည့် စက်ဝိုင်းအတွင်း ဝင်လိုက်ထွက်လိုက်ဖြင့် ခုန်ပေါက်ကစားနေလိုက်တော့သည်။ 


တစ်နေကုန်အိပ်မောကျနေသော တတိယသားက ရုတ်တရက် နိုးလာကာ သူ့ကို လက်ခုပ်တီးပြီး အားပေးရင်း ရမ်ရှန့် ခွဲဝေပေးထားသည့် စားစရာများကို ထုတ်စားနေလိုက်သည်။ ဒုတိယသားက သူ့ကို စိုက်ကြည့်နေကြောင်း တွေ့လိုက်ရသည့်အတွက် သူ့ကိုလည်း မမေ့မလျော့ ခွဲဝေပေးလိုက်ရသေး၏။ 


တတိယသားမှာ မုန့်ကို လှမ်းပစ်ပေးရာတွင် ချိန်သားမကိုက်လှသော်ငြား ဒုတိယသား၏ ပါးစပ်ဖြင့် ဖမ်းလိုက်နိုင်စွမ်းမှာမူ ပြည့်စုံလုနီးပါးပင်ဖြစ်သည်။ စားစရာများကို ပါးစပ်ဖြင့် ဖမ်းယူပြီးလေတိုင်း ရှောင်လွီ၏ ပန်းခွေသဏ္ဍာန် အဝိုင်းထဲသိူ့ ပြန်ဝင်သွားလိုက်ပြန်သည်။ 


ဒါက ... ဘာလို့များ တတိယသားက ဒုတိယသားကို ခွေးတစ်ကောင်လို ဆော့ပေးနေတာကြီးနဲ့ တူနေရတာလဲ ... သူက ဂျင်ဆင်းအဖြစ်နဲ့ မွေးလာတာ မဟုတ်ဘူးလား ... 


ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ရမ်ရှန့်မှာ အကြီးအကဲထန့်အား ပြန်ဖြေပေးရန်ပင် မေ့လျော့သွားပြီး အကြီးအကဲထန့်ကလည်း ဆွံ့အသွားရရှာတော့သည်။ 


လောယာအင်ပါယာသားတို့ ရှေ့သို့ ကျောက်လင်းယွီ၏ မူလရုပ်သွင်ဖြင့် ထွက်ပေါ်လာရခြင်းမှာ အနည်းနှင့်အများ အန္တရာယ်များလှသော်လည်း ကလေးများကို ကြည့်နေရင်း စိတ်ပူရမည်ကိုပင် မေ့သွားတော့သည်။ 


တတိယသားက မျက်နှာအားဖြည့်ဆေးမှုန့်တို့ဖြင့် ပြုလုပ်ထားသော ချောကလက်များကို ပစ်ပေးလိုက်ချိန်တွင် ဒုတိယသားက အဝိုင်းအတွင်း ပြန်ခုန်ဝင်ရင်း ဖမ်းယူလိုက်သည်။ ထို့နောက်တွင်တော့ သူ့ခေါင်းသေးသေးလေးဖြင့် ရှောင်လွီကို ပစ်တိုက်မိကာ လဲကျသွားတော့သည်။ 


တတိယသားက မှေးစင်းကျနေသည့် မျက်ခွံတို့ကို ပင့်တင်ရင်း စားစရာများကို တစ်ဖန် မြှောက်ပေးလိုက်ပြန်၏။ 


ရမ်ရှန့်က သူတို့ကို အသံတိတ် စိုက်ကြည့်နေပြီးကာမှ အကြီးအကဲထန့်ကို ပြောလိုက်သည်။ 


" သူတို့ကြည့်ရတာ တော်တော်ပျော်နေကြတဲ့ပုံပဲ တပည့်လေး သူတို့ကို ကြည့်ထားလိုက်ဦးနော် အခန်းပြန်လိုက်ဦးမယ် ..." 


ရမ်ရှန့်သည် ရံဖန်ရံခါတွင် အခန်းထဲ၌ တစ်ယောက်တည်း ကျင့်ကြံလေ့ရှိသည့်အတွက် အကြီးအကဲထန့်မှာ အသားကျနေပြီဖြစ်သည်။ သူက ကျောက်လင်းယွီအတွက်လည်း စိတ်ပူနေသည့်အတွက် အခန်းထဲသို့ ပြန်သွားသော ရမ်ရှန့်က ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ ခုန်ဆင်းသွားကြောင်း သတိမပြုမိလိုက်ပေ။ 


Xxxxxx