အပိုင်း ၁၅၇
Viewers 18k

Chapter 157


အပင်ဝိဉာဉ်များသည် မြေကြီးနှင့် အလွန်ရင်းနှီးကာ မြေကြီးကိုယ်တိုင်သည်လည်း သူတို့နှင့် များစွာ ဆင်တူလှပေသည်။ 


၎င်းက အထူးသဖြင့် ရမ်ရှန့်တို့ကဲ့သို့သော နှစ်တစ်သိန်းသက်တမ်းရှိ ဂျင်ဆင်းဝိဉာဉ်များထံမှ စိတ်စွမ်းအင်ကို အများအပြား မယူချေ။ ရမ်ရှန့်သည် အသိစိတ် စတင်ရှိလာစဉ်ကတည်းက သူ့ကို ဝါးမျိုလိုသော သတ္တဝါများနှင့် ကြုံလေတိုင်း မြေကြီးထဲ ဝင်ပုန်းနေလေ့ရှိသည်။ 


မြေကြီးထဲတွင် ဆိုပါလျှင် သူအလိုရှိသလို လှုပ်ရှားသွားလာနိုင်ကာ အမြန်နှုန်းမှာလည်း ရေထဲရှိ ငါးများသဖွယ် သွက်လက်လှပေသည်။ သို့သော် ကျင့်ကြံရေးလောကတွင်မူ အလားတူပင် အလျင်အမြန်လှုပ်ရှားနိုင်သူများ အများအပြား ရှိနေသေးသည်။ ဤနည်းလမ်းကို ကင်းထောက်စစ်ဆေးရာတွင်လည်း အသုံးပြု၍ ရသော်လည်း ဖက်ဒရယ်သို့ စတင်ရောက်လာပြီးကတည်းက အသုံးမဝင်တော့ချေ။ 


အစောပိုင်းက ဒဏ်ရာရထားသည့်အတွက် စွမ်းရည်များကို အပြည့်အဝ အသုံးမချနိုင်ခဲ့။ နောက်ပိုင်းတွင်လည်း ကျောက်လင်းယွီ၏ စောင့်ရှောက်မှုအောက်တွင် အပြင်သို့ မထွက်ဖြစ်တော့သည့်အတွက် ထိုနည်းလမ်းကို အသုံးချရန် အရေးတကြီး မလိုအပ်ခဲ့ချေ။ ထို့အပြင် ဖက်ဒရယ်မှာ လူဦးရေထူထပ်လှသည့်အပြင် နေရာတိုင်းတွင် သံမဏိနှင့် ဘိလပ်မြေများကို တွေ့နေရသည့်အတွက် သူ့စွမ်းရည်ကို နေရာတော်တော်များများတွင် အသုံးမပြုနိုင်တော့ချေ။


လောယာအင်ပါယာ၏ အင်ပါယာကြယ်မှာမူ ဖက်ဒရယ်နှင့် မတူညီ၊ မြေဆီဩဇာ အလွန်ကြွယ်ဝလှပေသည်။ ဤကမ္ဘာသို့ ရောက်ပြီးကတည်းက ရမ်ရှန့်၏ ဂျင်ဆင်းပုံစံအဖြစ်သို့ ပြန်ပြောင်းသည့်အရေအတွက်မှာ အလွန်နည်းပါးကာ ပြောင်းလိုက်သည့် အချိန်တိုင်းတွင်လည်း ဂျင်ဆင်းပင်ခပ်ကြီးကြီးအဖြစ်သာ ပြောင်းလဲပေသည်။ ယခုမူ သူသည် လက်နှစ်ဆစ်စာပမာဏသာရှိသည့် ဂျင်ဆင်းအပင်ပေါက်အဖြစ်သို့ ပြောင်းလဲလိုက်သည်။ 


မြေကြီးထဲသို့ ဝင်လိုက်ပြီးနောက် ရမ်ရှန့်သည် မြေသင်းနံ့ကို အားရပါးရရှူကာ အမြစ်များကို ဆန့်ထုတ်လိုက်သည်။ 


ဤခံစားချက်မျိုးမှာ အလွန်စိတ်သက်သာဖွယ် ကောင်းလှသော်ငြား လူအဖြစ်ဖြင့် အချိန်အတော်ကြာ နေလာသည့်အတွက် အခြားသူများက သူ့အပေါ်မှ နင်းကာ ဖြတ်လျှောက်သွားလျှင် သို့မဟုတ် သဘာဝမြေဩဇာကို ပက်ဖျန်းနေသူများနှင့် တွေ့လျှင် အစရှိသည့် တောင်တောင်အီအီအတွေးစများကလည်း တားဆီး၍ မရနိုင်စွာ ထွက်ပေါ်လာတော့သည်။ 


အများကြီး တွေးတာကလည်း ကိုယ့်ကိုယ်ကို နှိပ်စက်နေခြင်းတစ်မျိုးပဲ ... 


အသက်ကို ပြင်းပြင်းရှူကာ ရမ်ရှန့်လည်း ထိုပေါက်ကရအတွေးအားလုံးကို နှင်ထုတ်လိုက်တော့၏။ 


လက်နှစ်ဆစ်စာသာရှိသော ဂျင်ဆင်းလေးက မြေကြီးထဲသို့ ခြေလှမ်းအနည်းငယ်ချရင်း အမြစ်တို့ကို လွှဲယမ်းကာ လျှောက်လာလိုက်တော့သည်။ အိမ်၏ စွမ်းအင်အကာအကွယ်ကွန်ယက်အနားသို့ ရောက်လာသည့်အခါ ဆက်သွယ်ရေးစက်ကို ထုတ်ကာ အမြစ်များကိုသုံးပြီး လျှို့ဝှက်နံပါတ် ရိုက်ထည့်လိုက်သည်။ ဤအကာအကွယ်အလွှာက သူ့အပေါ် သက်ရောက်မှုမရှိသည့်တိုင် စွမ်းအင်ဖွဲ့စည်းပုံကို ဂရုတစိုက် လေ့လာခဲ့ဆဲဖြစ်သည်။ 


အကာအကွယ်ကွန်ယက်၏ စွမ်းအင်မှာ အလွန်တည်ငြိမ်သော်ငြား တစ်ယောက်ယောက်က ထိလိုက်သည်နှင့်တစ်ပြိုင်နက် ရုန်းကြွကာ တုန်ယင်လာပြီး အချက်ပေးသံတစ်ခု ထွက်ပေါ်လာမည်ဖြစ်သည်။ ထိုစွမ်းအင်အမျိုးအစားများမှာလည်း စုပ်ယူ၍ ရပေသည်။ 


အသေအချာ လေ့လာကာ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားပြီးနောက် ရမ်ရှန့်က အရှိန်ကို တိုးမြှင့်လိုက်သည်။ လေယာဉ်တစ်စီးနှယ် အလျင်အမြန် လှုပ်ရှားကာ မြေပုံတွင် အမှတ်အသားပြထားသော မာရှယ်ရေမွန်၏ နေအိမ်သို့ ရောက်ရှိသွားတော့သည်။ 


မာရှယ်၏ နေအိမ်မှာလည်း အင်ပါယာကြယ်ရှိ အခြားနေအိမ်များကဲ့သို့ပင် ကြီးမားကျယ်ဝန်းသော်ငြား သူ့အချိန်အများစုကို ရှေ့တန်းတွင်သာ ကုန်ဆုံးပြီး အိမ်ပြန်လာခဲသည့်အတွက် သူ၏ ကြီးမားလှသော ခြံဝန်းမှာ ချုံနွယ်ပိတ်ပေါင်များ၊ အဆောက်အဦးအချို့နှင့်သာ ပြည့်နှက်နေသည်။ 


မာရှယ့်နေအိမ်၏ အကာအကွယ်တံတိုင်းကို ဖြတ်ကျော်ပြီးနောက် ရမ်ရှန့်သည် ဂရုတစိုက်ဖြင့် အမြစ်တို့ကို ဆန့်တန်းလိုက်သည်။


 ... မာရှယ်ရေမွန်၏ ဘဝကသာ ကျင့်ကြံရေးလောက၏ ခွေးသွေးဇာတ်လမ်းတစ်ပုဒ် ဖြစ်ခဲ့ပါလျှင် ဇာတ်လိုက်မ ဖြစ်ချင်သူများ အလွန်များပြားနေမည်ဖြစ်သည်။ 


သို့သော် အဆုံးတွင်မူ မထင်မှတ်ထားသူက အမျိုးသားဇာတ်လိုက် ဖြစ်လာတော့၏။ 


ဗိုလ်ချုပ်ကြီးဂျန်ခင်၏ ဂုဏ်သတင်းတို့မှာ မကောင်းလှ။ အများက သူကို အလွန်အဆိပ်ပြင်းသည့် နည်းလမ်းတို့ကို အသုံးပြုတတ်သည့် ကောက်ကျစ်သော ဝမ်းတွင်းမည်းတစ်ဦးဟု ကင်ပွန်းတပ်ပေးထားကြသည်။ သို့သော် ထိုသို့သောသူမျိုးက မာရှယ်ရေမွန်၏ နံဘေးတွင် ရပ်နေခွင့် ရသည့်အပြင် မာရှယ်ရေမွန်က သူ့ကို အချိန်တိုင်း ကာကွယ်ပေးကာ ကိုယ်ဝန်ပင် လွယ်ပေးလိုက်သေးသည်။ 


ဂျန်ခင်ကို မနာလိုဖြစ်သူများ အများအပြား ရှိသော်ငြား ရေမွန်၏ တည်ရှိမှုကြောင့် သူတို့ကို ဂုဏ်ပြုစကားမှတစ်ပါး အခြားအရာများ မဆိုရဲကြချေ။ 


အလွန်လှပသော ဗိုလ်ချုပ်ဂျန်ခင်က တောက်ပနေသော အပြုံးတစ်ပွင့်နှင့်အတူ အိမ်ရှေ့တွင်ရပ်ကာ ဧည့်သည်များကို ကြိုဆိုနေပြီး သူ၏ အချစ်ပြိုင်ဘက် ဒုဗိုလ်မှူးကြီးဂျုံးစ်ကို တွေ့လိုက်သည့်တိုင် အပြုံးတို့ ပျောက်ကွယ်မသွားချေ။ 


ဒုဗိုလ်မှူးကြီးဂျုံးစ်က မာရှယ်ရေမွန်ကို ချစ်ကြိုက်နေကြောင်း အားလုံး သိထားကြရာ သူရောက်လာသည်ကို တွေ့လိုက်ရချိန်တွင် အားလုံးက ဖရဲသီးစားရန် အဆင်သင့်ပြင်ထားလိုက်ကြတော့သည်။ သို့သော် ဒုဗိုလ်မှူးကြီးဂျုံးစ်က သာမန်အတိုင်းပင် ဒေါသထွက်ဟန်လည်း မပြဘဲ အပြန်အလှန် ခေါင်းငြိမ့်ပြကာ အထဲသို့ အလျင်အမြန် ဝင်သွားတော့သည်။ 


သူက အထဲသို့ ချက်ခြင်းဝင်သွားသော်လည်း ကျန်သူများမှာမူ အပြင်ဘက်တွင်သာ နေရစ်ခဲ့ကြသည်။ မာရှယ်ရေမွန်၏ မင်္ဂလာပွဲသို့ တက်ရောက်ခြင်း ဖြစ်သော်ငြား အဓိကတွေ့လိုသူမှာ မာရှယ်ရေမွန် မဟုတ်ချေ။ 


မာရှယ်ရေမွန်ကို အများစုက ရိုသေလေးစားကြသော်လည်း ရင်သွေးနှင့် နှိုင်းယှဉ်ပါလျှင်မူ စံပြပုဂ္ဂိုလ်သည်လည်း နံပါတ်နှစ်ပင်ဖြစ်သည်။ 


စကားတစ်ခွန်းမှ ပြောမည်မဟုတ်သည့် မာရှယ်ရေမွန်၏ရှေ့တွင် နာရီပေါင်းများစွာ ရှိနေရမည်နှင့် နှိုင်းယှဉ်ပါလျှင် တံခါးဝတွင်ရပ်ကာ ဧကရီ၊ အမတ်ကိတ်နှင့် Crohn တို့ ရောက်လာမည်ကို စောင့်‌နေရခြင်းက ပိုပြီး ကောင်းမွန်ပေသည်။ 


ရထားသည့် သတင်းများအရ ဧကရာဇ်၊ အမတ်ကိတ်နှင့် Crohn တို့၏ လက်ထဲတွင် သန္ဓေတည်ဆေးများ ရှိနေကြောင်း သေချာနေသည့်အတွက် ထိုသူတို့နှင့် ရင်းနှီးသူများက ခင်မင်မှုကို အသုံးချကာ၊ ငွေကြကြွယ်ဝသူများက ကြွယ်ဝမှုကို အသုံးချကာ ဆေးလုံးရလာမည့်အခွင့်အရေးကို စောင့်ဆိုင်းနေကြပေသည်။


တံခါးဝ၌ စောင့်ဆိုင်းနေသူများ ပိုမိုများပြားလာချိန်မှာပင် အချိန်အတော်ကြာ စောင့်ဆိုင်းနေရသော ယာဉ်ပျံတစ်စီး ရောက်ရှိလာတော့၏။ 


အမတ် Crohn ၏ အမှတ်တံဆိပ်ပါ ယာဉ်ပျံကို တွေ့လိုက်ရချိန်တွင် အားလုံး စိတ်လှုပ်ရှားသွားကြပြီး တစ်ချိန်တည်းမှာပင် ထိုနေရာသို့ ရောက်နှင့်နေပြီဖြစ်သော  Crohn ၏ ဝမ်းကွဲကို မနာလိုမှုအပြည့်ဖြင့် စိုက်ကြည့်လိုက်ကြသည်။ 


Crohn နဲ့ ဆွေမျိုးတော်တာနဲ့ပဲ ဒီကောင်က အဖိုးမဖြတ်နိုင်တဲ့ သန္ဓေတည်ဆေးအပြင် အလှလေးကိုပါ ရသွားပြီ ... ဘာလို့ သူတို့မှာကျ ဒီလောက်ကောင်းတဲ့ ဆွေမျိုး မရှိရတာလဲ ... 


ယာဉ်ပျံက အိမ်ထဲသို့ ဝင်မလာဘဲ အနီးအနားတွင်သာ ရပ်တန့်လိုက်ပြီးနောက် Crohn က တံခါးကိုဖွင့်ကာ ထွက်လာလိုက်သည်။ 


သူ့ကို မြင်သည်နှင့်တစ်ပြိုင်နက် သူ့ဝမ်းကွဲက အနားသို့ ရောက်လာ၏။ 


"ဝမ်းကွဲအစ်ကို ရောက်လာပြီလား ... အမ် ..." 


သူ့ပိုင်ဆိုင်မှုတွေအားလုံးကို သတို့သမီးဘက်က တင်တောင်းငွေအဖြစ် ပေးပါ့မယ်လို့ ပြောပြီးရုံပဲ ရှိသေးတယ် Crohn မှာ ကိုယ်ဝန်ရသွားပြီ ... ဒီကိတ်က တကယ်ကို လက်သွက်တာပဲ ... 


ထိုဝမ်းကွဲပင်လျှင် ကိုယ်ဝန်ရှိကြောင်း သတိထားမိရာ အခြားသူများလည်း မုချ သတိပြုမိမည်ဖြစ်သည်။ 


ဟိုးအရင်က Crohn တစ်ယောက် ကိတ်ကို ဘယ်လိုများ လိုက်နိုင်ခဲ့လဲလို့ အံ့ဩခဲ့ပေမယ့် အခုပုံစံအရဆိုရင်တော့ သူက အောက်ကလူထင်တယ် ဘာလို့ ကိတ်က ကိုယ်ဝန်အရင်ရလာလဲ ဆိုတာကတော့ ... ဒီအမတ်ကိတ်က သုတေသနနဲ့ ပတ်သက်လာရင် အကြောက်အလန့်မရှိမှန်း လူတိုင်း သိနေပြီးသားကြီးလေ ... 


ထိုအခိုက်၌ Crohn ကို ကြည့်နေကြသည့် အကြည့်တို့တွင် အဓိပ္ပါယ်အနည်းငယ် ရောစွက်နေကြတော့သည်။ 


"အမတ် Crohn  ဂုဏ်ယူပါတယ် ..." 


ဂျန်ခင်က အနားသို့ ရောက်လာကာ ခပ်ပြုံးပြုံး ပြောလိုက်သည်။ 


"ထပ်တူ ဝမ်းသာကြောင်းပါ ..." 


သူက ထိုသို့ပြောပြီးနောက် ယာဉ်ပျံရှိရာသို့ ပြန်သွားကာ ကိတ်ကို ကူတွဲပေးလိုက်သည်။ 


ကိတ်၏ မျက်နှာမှာ အမူအယာတို့ ကင်းမဲ့နေသော်ငြား ဤတစ်ကြိမ်တွင်တော့ Crohn မှာလည်း သူကဲ့သိူ့ပင် ကိုယ်ဝန်လွယ်ထားရကြောင်း သတိမပေးလိုက်တော့ချေ။ 


သူတို့နှစ်ဦးက လေယာဉ်တစ်စီးတည်းဖြင့် အတူတူ ရောက်လာကြရာ အချို့လူများက ခင်မင်မှုကို အကြောင်းပြပြီး အနားကပ်ရန် ကြံနေစဉ်မှာပင် ကိတ်တို့နှစ်ဦးလုံးက နောက်ယာဉ်ပျံတစ်စီးကို ကြည့်နေလိုက်ကြသည်။ 


ထိုယာဉ်ပျံတံခါး ပွင့်သွားကာ အရပ်ရှည်ရှည်၊ နက်မှောင်သော ဆံပင်နှင့် မဟူရာရောင်မျက်ဝန်းပိုင်ရှင် အမျိုးသားတစ်ဦး ထွက်ပေါ်လာသည်။ ထိုသူမှာ ရှေ့တွင် ထွက်လာခဲ့သော အမတ်နှစ်ဦးကပင် မယှဉ်နိုင်လောက်အောင်ပင် အလွန်အမင်း ခန့်ညားထည်ဝါနေပေသည်။ 


သူ့ရုပ်သွင်မှာ ဖက်ဒရယ်ကွန်ယက်အတွင်းသို့ ကြိမ်ဖန်များစွာ ကူးလူးဝင်ရောက်နေသည့် လောယာအင်ပါယာသားတို့အတွက် စိမ်းသက်မနေတော့ချေ။ 


ဖက်ဒရယ်ရဲ့ မာရှယ်က သူတို့အင်ပါယာက မာရှယ်ရဲ့ လက်ထပ်ပွဲကို ရောက်လာတယ်ပေါ့ ဘာမှ သတိပေးအကြောင်းကြားထားတာ မရှိဘဲနဲ့လေ ... 


သူနှင့် အနီးဆုံးတွင် ရပ်နေသည့် ဂျန်ခင်မှာ အတည်ငြိမ်ဆုံးဖြစ်သည်။ သူက ခပ်ပြုံးပြုံးဖြင့် နှုတ်ဆက်လိုက်သည်။ 


"မစ္စတာကျောက် ကြိုဆိုပါတယ် ..." 


ကျောက်လင်းယွီက သူ့ကို ခေါင်းငြိမ့်ပြလိုက်ချိန်မှာပင် အချက်ပေးခေါင်းလောင်းသံတစ်ချက် ထွက်ပေါ်လာသဖြင့် အားလုံး အံ့ဩသွားကြတော့၏။ ထိုအသံမှာ အများစုနှင့် မစိမ်းလှ။ မြေအောက်ရှိ စွမ်းအင်အကာအကွယ်ကွန်ယက် ပြဿနာတစ်စုံတစ်ခု ကြုံလာချိန်တွင် ထွက်ပေါ်တတ်သော အသံပင်ဖြစ်သည်။ 


မာရှယ့်ရဲ့ အိမ်ထဲကို ကျူးကျော်လာတဲ့သူ ရှိနေတာလား ... 


ဂျန်ခင်က ဆက်သွယ်ရေးစက်ထဲသို့ စာအချို့ ရိုက်လိုက်ပြီးနောက် ကျောက်လင်းယွီကို ပြောလိုက်သည်။ 


"စံအိမ်မှာ ကိစ္စလေးနည်းနည်း ဖြစ်သွားလို့ပါ နှောင့်နှေးသွားတဲ့အတွက် အားနာမိပါတယ် လူကြီးမင်းတို့ သုံးယောက်လုံးကို အိမ်ထဲခေါ်သွားပေးပါ့မယ် ..." 


ဂျန်ခင်က အလွန်ပျူငှာကာ အနီးနားရှိ လူများကလည်း သူ့ကို နှုတ်ဆက်ကာ စကားစမြည် ပြောလိုနေကြသည်။ ထိုအချိန် မာရှယ်၏ အိမ်ဝိုင်းထဲရှိ သစ်ပင်တစ်ပင်အောက်တွင် ပင်စည်ရှည်ရှည်၊ ထိပ်တွင် အရွက်အချို့ ပါနေသော ပေါင်းပင်တစ်ပင် ပေါက်လာသည်။ ‌၎င်းမှာ သေးငယ်ကာ အခြားပေါင်းပင်များနှင့် ရောနှောနေသည့်အတွက် အလွယ်တကူ ရှာတွေ့နိုင်မည် မဟုတ်ချေ။ လေတစ်ချက်ဝေ့သွားသည့်တိုင် ခြားနားချက်တစ်စုံတစ်ရာကိုမှ မတွေ့ရပေ။ 


စံအိမ်ထဲရှိ စက်ရုပ်များက ပိုက်စိပ်တိုက် ရှာဖွေကာ မြက်ခင်းပြင်ကို ကြိမ်ဖန်များစွာ စစ်ဆေးသည့်တိုင် ပြဿနာအရင်းအမြစ်ကို မတွေ့ရပေ။ ၎င်းတို့ စစ်ဆေးခြင်း ပြီးဆုံးသွားချိန်မှသာ မြက်ပင်တစ်ပင်က အမြစ်များကို ဆွဲဆန့်ကာ ပိုပြီး သက်တောင့်သက်သာရှိသည့် ပုံစံသို့ ပြောင်းလဲလိုက်တော့၏။


ကျောက်လင်းယွီ၏ ရုတ်ချည်းပေါ်ထွက်လာမှုကြောင့် မင်္ဂလာပွဲကို တက်ရောက်လာသူတိုင်း အံ့ဩသွားကြသော်လည်း ဗိုလ်ချုပ်ကြီးဂျန်ခင်ကမူ အလွန်တည်ငြိမ်နေပေသည်။ 


ကျောက်လင်းယွီက သူ့ကို လှမ်းကြည့်ပြီးနောက်တွင်တော့ မာရှယ်ရေမွန်နှင့် မထိုက်တန်ဟု သတ်မှတ်ခံထားရသူအပေါ် မြင့်မားသော ထင်မြင်ချက်တစ်ခု ရှိသွားတော့သည်။ 


ရေမွန်မှာ ချောမော့နားချခြင်းနောက်တွင် မြောပါသွားမည့် လူငယ်လေး မဟုတ်ပေ။ သို့သော် ဤလူသည် ရေမွန်က သူ့ကို နှလုံးသားတစ်ခုလုံးနှင့်အပြည့် ဂရုစိုက်လာစေရန်ပင် လုပ်ဆောင်နိုင်ခဲ့ရာ ထိုတစ်ချက်တည်းနှင့်ပင် ထိုသူသည် မရိုးရှင်းကြောင်း သိသာနေပေသည်။ အပြုံးတစ်ပွင့်နှင့်အတူ ဂျန်ခင်က ဧည့်သည်များကို အိမ်ထဲ ဖိတ်ခေါ်လိုက်စဉ်မှာပင် နောက်ထပ်ယာဉ်ပျံတစ်စီး ဆိုက်ရောက်လာပြန်တော့၏။ 


အနက်ရောက်ယာဉ်ပျံမှာ ထူးခြားဟန် မရှိသော်ငြား သေချာဂရုစိုက်တတ်သူသာဆိုလျှင် ထိုယာဉ်ပျံမှာ သီးသန့် ဖန်တီးထားခြင်းဖြစ်ကြောင်း မုချပြောနိုင်မည်ဖြစ်သည်။ ထိုသည်သာမက ယာဉ်ပျံ၏ အလှဆင်ထားသော ပုံစံဖြင့်ပင် ပိုင်ရှင်ကို ခန့်မှန်းနိုင်ပေသည်။ 


မင်းသားချပ်မင် ရောက်လာခဲ့လေပြီ ... 


လောယာအင်ပါယာမှာ ပဒေသရာဇ်စနစ်ကို ကျင့်သုံးသော်ငြား မင်းမျိုးမင်းနွယ်များအပေါ် ကန့်သက်ချက်များစွာ ချမှတ်ထားပေသည်။ စစ်တပ်ကို ထိန်းချုပ်ထားသည့် ရေမွန်မှာ ဧကရာဇ်အလိုကျ ဆောင်ရွက်ရန် မလိုသည့်အတွက် သူနှင့် ချပ်မင်တို့အကြား မရင်းနှီးရုံသာမက ပဋိပက္ခများပင် ရှိသေးသော်လည်း ယခုမူ ချပ်မင်က လက်ထပ်ပွဲသို့ ရောက်လာတော့သည်။ 


လူတိုင်းက လတ်တလောတွင် ဖြစ်ပွားခဲ့သည့် ဆူညံပွက်လောရိုက်မှုများကို တွေးကာ အကြည့်တို့ကို ကျောက်လင်းယွီထံ ပို့ထားလိုက်ကြတော့သည်။  ကျောက်လင်းယွီကလည်း ရပ်တန့်ကာ ယာဉ်ပျံကို စိုက်ကြည့်နေစဉ်မှာပင် တံခါးပွင့်လာပြီး စစ်ယူနီဖောင်းဝတ် အမျိုးသားတစ်ဦး ဆင်းလာ၏။ ထိုသူမှာ အလွန်ခန့်ညားကာ ဝတ်ဆင်ထားသော စစ်ယူနီဖောင်းကြောင့် အားမာန်ပြည့်ဖြိုးနေဟန် ရှိသော်ငြား ဧကရာဇ်နှင့် မတူဘဲ မာကျောခက်ထန်သည့် ခံစားချက်တစ်ရပ်ကို ပေးစွမ်းနေပေသည်။ 


Xxxxxxx