အပိုင်း ၁၅၈
Viewers 18k

Chapter 158


ယာဉ်ပျံထဲမှ ဆင်းလာပြီးနောက် လှပသော အမျိုးသမီးတစ်ဦးကို ကူတွဲရင်း ဂျန်ခင်ကို ပြောလိုက်သည်။ 


"ဗိုလ်ချုပ်ဂျန်ခင် ဂုဏ်ပြုပါတယ် ..." 


ထို့နောက် သူက ကျောက်လင်းယွီထံ အကြည့်တို့ကို ပို့လိုက်သည်။ 


"အခုတလော ဖက်ဒရယ်ရဲ့ သတင်းတွေကို ကြားမိပေမယ့် မာရှယ့်ကိုပါ ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့တော့ မျှော်လင့်မထားမိဘူး ဒီလိုမျိုး တွေ့ဆုံရတဲ့အတွက် အရမ်းကို ဝမ်းမြောက်မိပါတယ် ..." 


သူက ပုန်းအောင်းနေသော ကျောက်လင်းယွီ ထွက်ပေါ်လာစေရန် မည်သို့မည်ပုံ မျှားခေါ်ရမလဲဟုပင် တွေးခဲ့သေးသော်ငြား သူ မလှုပ်ရှားနိုင်သေးခင်မှာပင် ထိုသူက လူလုံးထွက်ပြလိမ့်မည်ဟုတော့ မမျှော်လင့်ထားပေ။ 


ပုရွက်ဆိတ်တစ်ကောင်က တူးထားတဲ့တွင်းဆိုရင်တောင် နည်းနည်းလောက် ပြုတ်ကျသွားတာနဲ့ စိတ်ကသိကအောက် ဖြစ်မိသေးတာပဲ ... 


ဖက်ဒရယ်ပဲဖြစ်ဖြစ် ကျောက်လင်းယွီပဲ ဖြစ်ဖြစ် အားလုံးက သူ့အတွက်တော့ ကြိုက်တဲ့အချိန်မှာ ကြိုက်သလို နင်းချေနိုင်တဲ့ ပုရွက်ဆိတ်တွေပဲ ဒါပေမယ့် အဲဒီ့ပုရွက်ဆိတ်တွေကို ကာကွယ်ပေးထားတဲ့သူ ရှိနေတော့ သူ့ကိုယ်တိုင် ရှေ့ထွက်ပြီး ကိုင်တွယ်နေရပြီ ပုရွက်ဆိတ်တွေမှာသာ သူ့ကို ကိုက်ရဲတဲ့ သတ္တိရှိရင် ...


ချပ်မင်၏ နှုတ်ဆက်စကားမှာ အပြုသဘောဆောင်နေသည့်အတွက် မည်သူကမှ သူ၏ ဖုံးကွယ်ထားသော သဘောထားကို မသိကြချေ။ သို့သော် ကျောက်လင်းယွီကမူ သူ့ကို သာမန်ကာလျှံကာ အကြည့်တစ်ချက်သာ ပေးပို့ရင်း စကားတစ်ခွန်းမှ ပြန်မပြောဘဲ လျစ်လျူရှုထားလိုက်သည်။ 


အနီးနားရှိ ကြည့်နေသူများမှာ အံ့ဩသွားသည့်အပြင် ချပ်မင်ကိုပါ ကရုဏာသက်ကုန်ကြတော့သည်။ 


ဟိုးအရင်တုန်းကလို သရဖူမဆောင်းရသေးတဲ့ မင်းလောင်းဘဝကို ပြန်မရနိုင်တော့ဘူးပဲ ... 


ချပ်မင်မှာ လျစ်လျူရှုခံလိုက်ရသည့်တိုင် သူ့အမူအယာတို့မှာတော့ တည်ငြိမ်နေပေသည်။ 


"အားလုံးပဲ လက်ထပ်ပွဲ စတင်တော့မှာဖြစ်လို့ ကျေးဇူးပြုပြီး အထဲကို ဝင်ခဲ့ပေးကြပါ ..." 


ကိစ္စတစ်ရပ်လုံးကို အစအဆုံး မြင်လိုက်သည့် ဂျန်ခင်က ပြုံးကာ ပြောလိုက်သည်။ 


ရေမွန်မှာ ဆုတံဆိပ်များစွာ ချီးမြှင့်ခံခဲ့ရသော်လည်း အင်ပါယာကြယ်သို့ ပြန်လာခဲလှသည့်အတွက် ကျယ်ပြောလှသော ခြံဝင်းထဲတွင် အိမ်ခပ်သေးသေးတစ်လုံးကိုသာ တည်ဆောက်ထားရာ ပွဲကျင်းပရန် နေရာမလုံလောက်ပေ။ထို့ကြောင့် ဂျန်ခင်၏ အကြံအတိုင်း ကွင်းပြင်တွင်သာ မင်္ဂလာပွဲကျင်းပရန် သဘောတူလိုက်တော့သည်။ သိူ့သော် မထင်မှတ်ထားသည့် ရာသီဥတုပြောင်းလဲချက်များကို ကာကွယ်နိုင်ရန် အိမ်၏ အပေါ်တွင် အကာအကွယ်များ တပ်ဆင်ထားပေသည်။ 


ဥယျာဉ်ထဲတွင် စားသောက်စရာ တည်ခင်းဧည့်ခံသည့်နေရာ ၊ သစ်လုံးတဲပုံစံ သန့်စင်ခန်းများနှင့် အခြားကိစ္စအမျိုးမျိုးကို လုပ်ဆောင်ရန် အခန်းများစွာ ဖွဲ့စည်းပေးထားသည်။ အိမ်များကို ရှေးခေတ်ဦးသဏ္ဍာန် ဆောက်လုပ်ထားသော်ငြား အထူးကုန်ကြမ်းများကို အသုံးပြုပေးထားသည့်အတွက် အသံလုံရုံသာမက အထဲတွင် ရှိနေသူ၏ အခြေအနေများကိုပါ ပြသထားပေသည်။


ထိုမျှသာမက မင်္ဂလာပွဲထဲတွင် လောယာမိန်းမပျိုတို့နှင့် တစ်ထေရာတည်း ဆင်တူလှသည့် စက်ရုပ်များလည်း အများအပြား ရှိနေပေသည်။


 ဂျန်ခင်က အထဲသို့ ဝင်လာကာ ရေမွန်၏ အိမ်ထိန်းအိုကြီးကို အချက်ပြလိုက်လျှင် ထိုသူက သူ့အနားသို့ ချက်ခြင်းရောက်လာကာ ပြောလိုက်သည်။ 


"အကာအကွယ်က ပျက်စီးမသွားပါဘူး အကြိမ်ပေါင်းများစွာ စစ်ဆေးကြည့်ခဲ့ပေမယ့် မူမမှန်တာ တစ်ခုကိုမှ မတွေ့ပါဘူး ဒါပေမယ့် အကာအကွယ်ဒိုင်းရဲ့ အနားတစ်ဝိုက်မှာ မြေကျွင်းတူးတတ်တဲ့ သားရဲလေး‌တစ်ကောင်ကိုတော့ တွေ့လိုက်ပါတယ် ..." 


"အဲဒီ့အကောင်လေးကများ ဒိုင်းကို ထိမိလေသလား မသိဘူး ဒါနဲ့ မာရှယ်ရော ..." 


ဂျန်ခင်က မေးလိုက်သည်။ မာရှယ်နေထိုင်ရာ နေအိမ်၏ အကာအကွယ်ဒိုင်းသည် SSS အဆင့်ဖြစ်ကာ အထဲသို့ ဝင်လာနိုင်ချေရှိသူအားလုံးကိုလည်း ဖိတ်စာနှင့်တကွ ဖိတ်ကြားထားပြီးဖြစ်သည့်အတွက် ထိုသူများကလည်း ခိုးပြီး ဝင်လာလိမ့်မည် မဟုတ်ချေ။ 


"မာရှယ်က အခန်းထဲမှာပဲ ရှိပါသေးတယ် ..." 


အိမ်တော်ထိန်းက တီးတိုး ဖြေကြားလိုက်သည်။ 


"သူ့ကို သွားကြည့်လိုက်ဦးမယ် ..." 


ဂျန်ခင်က ပြောလိုက်သည်။ 


ရေမွန်သည် လူအများနှင့် ဆက်ဆံရခြင်းကို မုန်းတီးသည့်အတွက် ဧကရာဇ်က အပြင်းအထန် တိုက်တွန်း၍သာ မဟုတ်ပါလျှင် ဤမျှခမ်းနားသော မင်္ဂလာပွဲမျိုးကို  ကျင်းပလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ဂျန်ခင်အနေဖြင့် ရေမွန်ကို အခန်းထဲတွင်သာ ရှိနေလိမ့်မည်ဟု ခန့်မှန်းထားပြီးဖြစ်သည်။ 


ရှည်လျားလှသော စင်္ကြန်ကို ဖြတ်ကာ အခန်းတံခါး၏ အရှေ့သို့ ရောက်သည်နှင့်တစ်ပြိုင်နက် တံခါးကို ဖွင့်လိုက်သည်။ 


"ဘာလို့ပြန်လာတာလဲ ..." 


ရေမွန်က မေးလိုက်သည်။ 


"အဲဒီ့လူတွေက ကြိုဆိုတဲ့နေရာမှာ ကိုယ့်ကို မလိုအပ်ကြပါဘူး ..." 


သူက ထိုသို့ပြောကာ ခုံတန်းပေါ်တွင် ထိုင်နေသူကို ငုံ့နမ်းလိုက်သည်။ 


စစ်ပွဲပေါင်းများစွာကို ဖြတ်ကျော်လာခဲ့သည့် မာရှယ်ကလည်း အနိုင်မခံ။ သူ့ခေါင်းကို ဆွဲချကာ အနမ်းတို့ကို နက်ရှိုင်းလိုက်သည်။ 


"ကိုယ်နဲ့အတူ ထွက်ရအောင် ..." 


ဂျန်ခင်က ပြောလိုက်သည်။ 


"လူတွေကြားထဲ သွားရမှာလား ..."


မာရှယ်မှာ အနည်းငယ် ဆိုင်းတွနေမိသေးသည်။  


"သတို့သားက အပြင်မထွက်ချင်လို့လား ..." 


ဂျန်ခင်က ခပ်ပြုံးပြုံး မေးလိုက်သည်။ 


ရေမွန်လည်း မတ်တပ်ထရပ်ကာ ဘေးနားရှိ အကာအကွယ်ဒိုင်းကို ဝတ်ဆင်မည် ပြင်ပြီးကာမှ တစ်ခဏမျှတွေးကာ ပြန်ချထားလိုက်တော့သည်။ ထို့နောက် ဂျန်ခင်နှင့်အတူ ထွက်လာခဲ့လိုက်၏။ နှစ်ဦးသား ဘေးချင်းယှဉ်ကာ လက်နှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်လျက် ထွက်လာကြသော်လည်း အပြင်သို့ ရောက်သည့်အခါ ရေမွန်က လက်ကို လွှတ်မည် ပြင်လိုက်သည်နှင့်တစ်ပြိုင်နက် ဂျန်ခင်က ပိုပြီး တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်တော့၏။ 


အနည်းငယ် အနေရခက်လာသည့်အတွက် ခေါင်းကို တစ်ဖက်လှည့်ကာ ခြေလှမ်းတို့ကို အရှိန်တင်လိုက်သည်။ ဂျန်ခင်က သူ့ကို အနားသို့ ဆွဲခေါ်လိုက်သည်။ ထိုအချိန်တွင် ဧည့်သည်များသည် ကျောက်လင်းယွီ၊ ကိတ်နှင့် Crohn တို့အနီးတွင်သာ ဝန်းရံနေကြသည့်အတွက် မည်သူမှ သတိမထားမိလိုက်ကြပေ။ 


ကိတ်နှင့် Crohn တို့ကို စကားစမြည် ပြောလိုနေကြသူများမှာလည်း သူတို့ထွက်လာသည်နှင့်တစ်ပြိုင်နက် ရေမွန်၏ အနားတွင်သာ ဝိုင်းအုံနှုတ်ဆက်ရင်း တစ်ခါတစ်ရံတွင် သူ့ဗိုက်ကို ခိုးကြည့်နေလိုက်ကြသည်။ 


ရေမွန်က တကယ်ကြီး ကိုယ်ဝန်ရှိနေတာဟ သူနဲ့ ဂျန်ခင်ဆို သူကတောင် အပေါ်ထပ်နဲ့ ပိုတူတာကို ... 


ပြောကြတာတော့ လိင်တူကြိုက်တဲ့ယောကျာ်း အများစုက အပေါ်ထပ်အောက်ထပ်နဲ့ ပတ်သက်ပြီး ဂရုမစိုက်ကြဘူးတဲ့ ကြည့်ရတာတော့ ရေမွန်တို့အတွဲနဲ့ ကိတ်တို့အတွဲကလည်း အဲဒီလိုပဲထင်တယ် ... 


ဂုဏ်ပြုစကား ပြောနေသည့်တိုင် ထိုသူတို့၏ အတွေးများမှာတော့ တစ်ဖြေးဖြေး အရိုင်းဆန်လာကြတော့၏။ 


ရေမွန်မှာလည်း အနည်းငယ် စိတ်အိုက်လာရာ ထိုသည်ကို သတိပြုမိသည့် ဂျန်ခင်က သူ့အနားသို့ အနည်းငယ်တိုးလိုက်သည်။ သူ၏ မတ်တပ်ရပ်နေသည့် ကိုယ်ဟန်မှာ အင်မတန် စံထားလောက်စရာ ကောင်းပေသည်။ ရေမွန်သည် နှစ်ဦးတည်းရှိချိန်တွင် အလွန်တက်ကြွသော်ငြား အခြားသူများ၏ မျက်စိရှေ့တွင်မူ သီးသန့်ဆန်တတ်ဆဲပင်ဖြစ်သည်။ 


"ကျွန်တော့်မှာ လုပ်စရာလေး နည်းနည်း‌ ရှိနေသေးလို့ ခွင့်ပြုပါဦး ..." 


ရေမွန်က ထိုသို့ပြောကာ ကျောက်လင်းယွီကို ခေါင်းငြိမ့်ပြရင်း ထွက်လာလိုက်သည်။ 


မာရှယ်ရေမွန်ကလည်း ဖက်ဒရယ်ရဲ့ ဘက်တော်သားပဲဟ ... 


အားလုံး၏ အတွေးတို့မှာ ချာချာလည်ကုန်ကြတော့၏။ ကြားနေဝါဒကို ဆွဲကိုင်ထားသူများက တစ်ဘက်သို့ အပြည့်အဝ ကူးလိုက်ကြပြီဖြစ်သော်ငြား လက်မခံလိုသူများလည်း ရှိနေဆဲပင်ဖြစ်သည်။ 


"မင်းက ဖက်ဒရယ်ရဲ့ မာရှယ်ဆိုတဲ့ တစ်ယောက်လား အဲဒီ့မှာ အသန်မာဆုံးပေါ့လေ ..." 


လူအများစုက ကျောက်လင်းယွီ၏ အနားသိူ့သွားကာ သူနှင့် ရင်းနှီးရန် လမ်းကြောင်းရှာနေစဉ်မှာပင် ကျောက်လင်းယွီ၏ အရှေ့သို့ သစ်ပင်တစ်ပင် ရုတ်ချည်း ထွက်လာကာ အခြားသူများကို ဟန့်တားလိုက်သည်။ တစ်ချိန်တည်းမှာပင် ထိုသစ်ပင်အောက်မှ အမျိုးသားတစ်ဦး ထွက်ပေါ်လာတော့၏။ 


"သန္ဓေတည်ဆေးနဲ့ အာဟာရဆေးရည်က ‌မင်းရဲ့ လူတွေပဲ ဖော်စပ်လို့ ရတာတဲ့ပေါ့ ဟုတ်လား ဟေး မင်းက မိန်းမတစ်ယောက်ကို လာဘ်ထိုးပြီး ငါတို့အားလုံးကို ယုံ‌ခိုင်းနေတာလား ..."


လောယာအင်ပါယာတွင် အပင်စွမ်းရည်ပိုင်ရှင် အများအပြားရှိသည့်အနက် အမျိုးသမီးတစ်ဦးက အသန်မာဆုံးဖြစ်သည်။ ကိတ်က သူမကို စိတ်ဝိဉာဉ်ဆေးပင်များ စိုက်ပျိုးပေးရန် အကူအညီတောင်းခဲ့ဖူးပြီး ပညာပေးဗီဒီယိုတစ်ခု ရိုက်ကူးပေးရန်ပါ တောင်းဆိုခဲ့ဖူးသည်။ 


သူမ၏ ဂုဏ်ပုဒ်မှာ အလွန်ထူးချွန်လှကာ လူတိုင်းက သူမကို ယုံကြည်ကြသော်ငြား ကျောက်လင်းယွီ၏ ရှေ့တွင် ရပ်နေသူမှာ သူမ၏ ရန်သူဖြစ်သည်။ 


ထိုသူမှာ သူမ၏ ပြိုင်ဘက်ဖြစ်ရုံသာမက အဆင့်နိမ့်မျိုးနွယ်စုများကို အထင်သေးရှုံ့ချတတ်သည့် လူမျိုးရေးခွဲခြားသူဖြစ်သည်။ သူသည် ချပ်မင်၏ ဘက်တော်သားတစ်ဦး ဖြစ်သည့်အပြင် အဆင့်နိမ့်မျိုးနွယ်စုများကို အသေခံတပ်သားအဖြစ် အသုံးပြုရန်ပင် အဆိုတင်သွင်းဖူးသေးသည်။ 


သူ့စကားကို မနာခံသည့်အတွက်ကြောင့်နှင့် ကြယ်တာယာလူနေမှုအဖွဲ့အစည်းအဖြစ်သို့ပင် မတိုးတက်သေးသည့် ဂြိုဟ်တစ်လုံးကို ဗီဇပြောင်းလဲပစ်ကာ တစ်‌ဖြေးဖြေး ပျက်စီးစေခဲ့သော်လည်း ထိုကဲ့သို့ ရက်စက်သည့် ပြစ်မှုမျိုး ထပ်မကျုးလွန်ရင် သတိပေးခံရသည်မှအပ ကြီးကြီးမားမား ပြစ်ဒဏ်မခံခဲ့ရချေ။ 


ကျောက်လင်းယွီသည်လည်း ထိုထူး‌ဆန်းထွေလာ သစ်ပင်တို့၏ ဖခင်ဟု သမုတ်ရလောက်သူကို သိထားပြီးဖြစ်သည်။ ထိုသူ၏ နာမည်မှာ ကင်မရွန်ပင်ဖြစ်သည်။ ထိုသူကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ကျောက်လင်းယွီ၏ နှုတ်ခမ်းထောင့်စွန်းတို့ ကော့တက်လာကာ လှောင်ရယ်လိုသည့် အပြုံးတစ်ပွင့် ထွက်ပေါ်လာတော့သည်။ 


ကျောက်လင်းယွီသည် ဤတစ်ကြိမ်တွင် ပြဿနာ ကြုံလာနိုင်ကြောင်း ခန့်မှန်းထားပြီးဖြစ်သည့်အတွက် သူ့ခွန်အားကို ချပြရန် ပြင်ဆင်ထားပြီးဖြစ်သည်။ သူ၏ သမားရိုးကျစွမ်းရည်များမှာ မသန်မာလှသော်ငြား ယခု သူသည် မိစ္ဆာကျင့်ကြံသူ ဖြစ်နေပြီဖြစ်သည်။ 


ကျောက်လင်းယွီ၏ သရော်လိုဟန် အပြုံးတို့ကြောင့် ကင်မရွန်၏ ဒေါသတို့မှာ ယမ်းပုံမီးကျသည့်နှယ် ပေါက်ကွဲထွက်လာတော့၏။ ထိုသူသည် ဒေါသတို့ကို ချုပ်တည်းထားတတ်သည့် လူစားမျိုး မဟုတ်ချေ။  


"ကျောက်လင်းယွီ သန္ဓေတည်ဆေး၊ အာဟာရဆေးရည်နဲ့ လိုအပ်တဲ့ အပင်တွေအကုန်လုံး အခုချက်ခြင်း ထုတ်ပေး ..." 


"ဘယ်နေရာမှာလဲ ..." 


ကျောက်လင်းယွီက‌ မေးလိုက်သည်။ 


"မင်းက ဒီမှာ ဆက်နေနေစရာ မလိုတော့ပါဘူး ဒါမှမဟုတ် ဒီနေရာကနေ ပြန်ထွက်နိုင်ပါ့မလားတောင် မသိနိုင်ဘူးနော် ..." 


ကင်မရွန်က သူ့ကို အထင်တသေး စိုက်ကြည့်လိုက်သည်။ ဖက်ဒရယ်၏ စွမ်းရည်ပိုင်ရှင်များမှာ လောယာအင်ပါယာအတွက်မူ ပမွှားသာဖြစ်သည်။ 


"သေချာလား ..." 


ကျောက်လင်းယွီက ရက်စက်မှုအပြည့်ဖြင့် မေးလိုက်သည်။ သူ့အနားတွင် ရစ်သိုင်းနေသော အရှိန်အဝါတို့မှာ ကင်မရွန်ထက်ပင် အားကောင်နေပေသည်။ 


"စမ်းကြည့်လေ ငါနိုင်ရင် အဲဒီ့ပစ္စည်းတွေအားလုံး ငါ့ကို ပေးရမယ် ..." 


ကင်မရွန်က ပြောလိုက်သည်။ 


သန္ဓေတည်ဆေး ရလိုသည့်အတွက် ကျောက်လင်းယွီထံမှ ထင်မြင်ချက်ကောင်း ရလိုသူတစ်ဦးက ဝင်ရောက်ဖြန်ဖြေပေးမည် ပြင်လိုက်သော်ငြား ကျောက်လင်းယွီက ချက်ခြင်း သဘောတူလိုက်သည်။ 


"ကိစ္စမရှိဘူး ..." 


ဒီကျောက်လင်းယွီက ရူးနေတာတော့ မဟုတ်ပါဘူးနော် သူက ဖက်ဒရယ်တစ်ခုလုံးမှာ အသန်မာဆုံးဆိုရင်တောင် လောယာမှာတော့ ဘာမှမဟုတ်ဘူးလေ ... 


သူနှင့် မိတ်ဖွဲ့ရန် ကြံရွယ်ထားသူများက တစ်ဖန် စိတ်ပျက်ကုန်ကြတော့သည်။ 


ကိုယ့်ခွန်အားကိုတောင် မသိတဲ့ လူတစ်ယောက်ကို ယုံကြည်ပေးဖို့က တကယ်ခက်ခဲတဲ့အလုပ်ပဲ ... 


"ဟိုနားကို သွားကြမလား ..." 


ကင်မရွန်မက်ကူလန်က မ‌နီး‌မဝေးရှိ ထောင့်တစ်ထောင့်ကို ညွှန်ပြလိုက်သည်။ မာရှယ်၏ နေအိမ်မှာ ဂရုစိုက်ပေးမည့်သူ ကင်းမဲ့ကာ ခြုံနွယ်ပိတ်ပေါင်း ထူထပ်‌နေသည်မှာ သူ့အတွက် အကောင်းဆုံး စစ်မြေပြင်ပင်ဖြစ်သည်။ ထို့ကြောင့်လည်း ကျောက်လင်းယွီကို ထွက်လာရန် ရန်စရဲခြင်းဖြစ်ပေသည်။ 


ကျောက်လင်းယွီ ထွက်လာချိန်တွင် မူလက ပင်စည်တို့ကို တိတ်တဆိတ် ဆန့်ထုတ်ထားသော အပင်တစ်ပင်က အရွက်များအဖြစ်သို့ ပြန်ပြောင်းသွားတော့သည်။ 


ကျောက်လင်းယွီနှင့် ကင်မရွန် မက်ကူလန်တို့၏ စီးချင်းထိုးပွဲမှာ မကြာမီတွင်ပင် ရေမွန်၏ နားထဲသို့ ပေါက်ကြားသွားတော့သည်။ သူ၏ လက်ထပ်ပွဲသို့ ရောက်လာသည့် ဧည့်သည်ကို စိန်ခေါ်ရဲသူ ရှိလာသည်မှာ အံ့ဩစရာပင်ဖြစ်သည်။ သူ့မျက်နှာထားမှာ မကြည်သာလှတော့။ တစ်ခဏမျှ အသံတိတ်နေပြီးနောက် အေးစက်စွာဖြင့် ပြောလိုက်သည်။ 


"အကာအကွယ်ဒိုင်းကို ပြင်လိုက်တော့ ..." 


ကျောက်လင်းယွီမှာ လှည့်ကွက်အချို့ ရှိနေ၍သာ သဘောတူလိုက်ခြင်း ဖြစ်နိုင်ရာ သူသည်လည်း ဝင်မပါဘဲ အသာရပ်ကြည့်နေမည်ဖြစ်သည်။ လောယာအင်ပါယာသားတိုင်းတွင် သဘာဝလွန်စွမ်းအင်များ ပိုင်ဆိုင်ထားကြသော်ငြား နည်းပညာ၏ စွမ်းပကားကိုလည်း လျော့မတွက်သင့်။  အကာအကွယ်ဒိုင်းများသည် အမြင့်ဆုံးအဆင့်အထိ ကာကွယ်ပေးနိုင်ပေသည်။ လောယာအင်ပါယာရှိ စွမ်းရည်ပိုင်ရှင်တို့၏ ဖျက်ဆီးနိုင်စွမ်းမှာ အင်မတန် အားကောင်းလှရာ အကာအကွယ်ဒိုင်းများကသာ လုံလုံလောက်လောက် ကာကွယ်မပေးနိုင်ပါလျှင် စွမ်းရည်ပိုင်ရှင်တစ်ဦးတည်း၏ လက်ချက်ဖြင့် ဂြိုဟ်တစ်ခုလုံး သွေးချောင်းစီးကုန်မည်ဖြစ်သည်။ 


Xxxxx