အပိုင်း ၁၅၉
Viewers 18k

Chapter 159


လောယာအင်ပါယာတွင် အကာအကွယ်ဒိုင်းနှင့် စွမ်းအင်ကို ရှာဖွေသည့်ကိရိယာအမျိုးမျိုး ရှိနေရာ အကယ်၍ အဆင့်ကိုးစွမ်းရည်ပိုင်ရှင်တစ်ဦး စိတ်ဖောက်ပြန်သွားလျှင်ပင် သူ့ကို ဖိနှိပ်ရန် လုံလောက်သော စွမ်းအင်များကို အချိန်တိုအတွင်း စု‌ဆောင်းနိုင်ပေသည်။ စွမ်းရည်ပိုင်ရှင်တို့၏ တစ်ဦးချင်းခွန်အားမှာ အားကောင်းလှသော်ငြား နည်းပညာ၏ အားကောင်းမှုကိုလည်း လျော့မတွက်သင့်ပေ။ ပင်မကွန်ပျူတာက ဥပဒေကို ချိုးဖောက်သူများအား အဆင့်မြင့်နည်းပညာဖြင့် ဖန်တီးထားသောပစ္စည်း တစ်ခုတစ်လေကိုမှ အသုံးပြုခွင့်ပေးမည် မဟုတ်ရာ ရာဇဝတ်ကောင်များအဖို့ ထွက်ပြေးရန် ယာဉ်ပျံတစ်စီးပင် ရှာနိုင်လိမ့်မည် မဟုတ်ချေ။ 


များသောအားဖြင့် ရန်သူနှင့် အနီးကပ်တိုက်ခိုက်ရန်လည်း မလိုအပ်ပေ။ အကာအကွယ်ဒိုင်းအများစုမှာ လက်နက်မပါသော အဆင့်ခုနစ်စွမ်းရည်ပိုင်ရှင်၏ ရန်မူမှုကိုပင် ကာကွယ်ပေးနိုင်ပြီး အဆင့်ရှစ်နှင့် အဆင့်ကိုး စွမ်းရည်ပိုင်ရှင်များနှင့် ကြုံတွေ့ပါလျှင်မူ ... 


အင်ပါယာမှာ အဆင့်ရှစ်နဲ့ကိုး ပေါင်းလို့တောင် ဘယ်နှယောက်ပဲ ရှိတာမိုလို့လဲ ... 


ရေမွန်၏ လက်ထဲရှိ အကာအကွယ်ဒိုင်းမှာ အင်ပါယာ၏ ပထမတန်းစားဒိုင်းဟု သတ်မှတ်၍ ရကာ ၎င်းကို စတင်အသုံးပြုလိုက်သည်နှင့်တစ်ပြိုင်နက် ခြံဝင်းတစ်ဝက်နီးပါးကို ကာကွယ်ပေးနိုင်သည့်အတွက် တိုက်ပွဲ၏ သက်ရောက်မှု ခံရမည်ကို စိုးရိမ်နေသူများလည်း စိတ်သက်သာရာ ရသွားတော့သည်။ ထို့ကြောင့် ပွဲကြည့်ရန် ကိရိယာပေါင်းစုံတို့ကို အားတက်သရော ထုတ်လာကြတော့သည်။ 


"ကျောက်လင်းယွီက ခွန်အားကြီးတယ်ဆိုပေမယ့် သူက ဇာ့ဂ်ဘုရင်မနဲ့ တိုက်တဲ့အချိန်မှာ ဒဏ်ရာရပြီး သေလုနီးပါး ဖြစ်သွားခဲ့တာ မဟုတ်ဘူးလား ဒီတစ်ခေါက် သူရှုံးမှာ သေချာတယ် ..." 


"ငါ ဒီနေ့ရိုက်ထားတဲ့ဟာကို ဖက်ဒရယ်ကွန်ယက်မှာ သွားတင်သင့်တယ်လို့ ထင်လား သူတို့ရဲ့ စံပြပုဂ္ဂိုလ်ရဲ့ ပုံရိပ်ကို ဖျက်ဆီးရတာ ပျော်စရာကောင်းမှာပဲ ..." 


"မင်းတို့ကောင်တွေ ရူးနေကြတာလား အခုအချိန်အထိ ဒီလိုစကားမျိုး ပြောရဲသေးတယ်ပေါ့ ကျောက်လင်းယွီ ဘာမှမထိခိုက်အောင်သာ ဆုတောင်းနေကြ သူသာ တစ်ခုခုဖြစ်သွားရင် ငါတို့တွေ သန္ဓေတည်ဆေးကို ဘယ်နေရာကနေ သွားတောင်းရတော့မှာလဲ..." 


"ကျောက်လင်းယွီက မက်ကူလန်ကို အလဲထိုးလိုက်နိုင်ရင် ကောင်းမှာပဲ အဲဒီ့တစ်ယောက်က တအား အာရုံနောက်ဖို့ကောင်းတာ ..." 


"ကျောက်လင်းယွီက မက်ကူလန်ကို မနိုင်ခဲ့ဘူးဆိုရင်တောင် သူက မာရှယ့်ရဲ့ မင်္ဂလာပွဲမှာ ပြဿနာ ဖြစ်စေခဲ့တာပဲလေ ... ငါတော့ သူဘာဖြစ်မလဲ ကြိုမြင်ယောင်နေပြီ ..."


... 


အချို့သူများက ဒိုင်း၏အပြင်ဘက်တွင် ‌ထိုင်စရာနေရာ ရှာနေကြပြီး အချို့ကမူ သူတို့အတွက် ထိုင်ခုံယူလာပေးရန် စက်ရုပ်များကို ညွန်ကြားနေကာ အချို့က စားစရာများကိုပင် မှာယူလိုက်ကြတော့သည်။ ထိုထဲတွင် ကိတ်နှင့် Crohn လည်း အပါအဝင်ဖြစ်သည်။ 


"ကျောက်လင်းယွီက တကယ်ကို သန်မာတယ်လား ..." 


ကိတ်က လက်မအရွယ် လှီးဖြတ်ထားသော အသားကင်ကို ဝါးတံစို့ဖြင့် ထိုးရင်း ဘေးနားရှိ Crohn ကို မေးလိုက်သည်။ 


"ဟုတ်တယ် ..." 


သူက ကူကယ်ရာမဲ့စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ 


"ကိုယ်တောင် သူ့ကို အနိုင်မတိုက်နိုင်ဘူး ..." 


"ရှေ့လျှောက် တိုက်ခိုက်တာမျိုးတွေ မလုပ်နဲ့တော့ ..." 


ကိတ်က ပြောလိုက်သည်။ 


"ဘာလို့လဲ အဲဒါက ကိုယ့်ရဲ့ ဝါသနာ‌လေ ..." 


"သန္ဓေသားကို တစ်ခုခု ထိခိုက်မိသွားလိမ့်မယ် ..." 


ကိတ်က အလွန်တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။ 


Crohn မှာ ပြောစရာစကားပင် မရှိတော့။ သူတို့အနားသို့ လျှောက်လာသည့် ရေမွန်မှာလည်း ဆွံ့အသွားရှာတော့သည်။ ထိုသည်ကို မြင်လိုက်သော ဂျန်ခင်က မျောလွင့်နေသော ပွဲကြည့်စင်အသေးစားလေးတစ်ခု ပြင်ဆင်စေကာ စားစရာအချို့ကိုပါ မှာယူလိုက်ရင်း မာရှယ့်ကို သူတတ်စွမ်းသလောက် အတတ်နိုင်ဆုံး သက်တောင့်သက်သာဖြစ်စေရန် စီစဉ်ပေးလိုက်တော့သည်။ 


မျောလွင့်နေသော ပွဲကြည့်စင်မှာ ၁၀ စတုရန်းမီတာမျှ ကျယ်ဝန်းကာ ဇိမ်ကျလှသော ဆိုဖာနှစ်ခုနှင့်အတူ ကော်ဖီစားပွဲတစ်ခုအပါအဝင် အံဆွဲပေါင်းများစွာနှင့် စိတ်ဖြင့် ထိန်းချုပ်၍ရသော နည်းပညာမြင့် ပစ္စည်းအချို့ပါ ပါဝင်ပေသည်။


ထိုစင်မြင့် ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အားလုံး၏ အကြည့်တို့က ပူပြင်းလာကာ Crohn ပင်လျှင် သတိလက်လွတ် မတ်တပ်ရပ်မိသွားတော့သည်။ 


"ငါ ဘာလို့ ဒါကို မတွေးမိတာပါလိမ့် ကိတ် နေဦးနော် မင်းအတွက်လည်း တစ်ခု ယူလာပေးမယ် နေပါဦး မင်းကလည်း ကိုယ့်ကို ဂရုစိုက်ပေးသင့်တာ မဟုတ်ဘူးလား ..." 


သူ့မျက်လုံးတို့မှာ မျှော်လင့်ချက်တို့ဖြင့် တလက်လက် တောက်ပလာသော်ငြား ကိတ်ကမူ သူ့ကို မျက်နှာသေဖြင့်သာ စိုက်ကြည့်နေလိုက်သည်။ 


"ကိတ် မင်းဗိုက်ထဲက ကလေးက သိပ်မကြာခင် မွေးလာတော့မှာ မဟုတ်လား အဲဒါပြီးရင်  ..." 


ပြီးရင် သူကလည်း ကိုယ်ဝန်ဆောင်တဲ့အချိန်မှာမှ ရနိုင်တဲ့ ဂရုစိုက်မှုမျိုးကို ပျော်ပျော်ကြီး ခံစားရတော့မှာပေါ့ ... 


"လစေ့တဲ့အထိ စောင့်ပြီးတော့ သဘာဝအတိုင်း မွေးဖို့ ဆုံးဖြတ်ထားတယ် ..." 


သုတေသနနှင့် ပတ်သက်၍ အစွဲအလမ်းကြီးလှသည့် ကိတ်က မျက်တောင်တစ်ချက်ပင် မခတ်ဘဲ ပြောလိုက်သည်။ ပြီးခဲ့သည့်လအနည်းငယ်ကတည်းက လိုအပ်သည့် အချက်အလက်များကို စုဆောင်းပြီးဖြစ်သော်ငြား Gerd ကို မမှီခိုရဲသည့်အတွက် သူ့တွင် ရွေးစရာ မရှိတော့ချေ။ 


ကလေးကို သဘာဝအတိုင်း မွေးဖွားလိုပါလျှင် မည်သည့်နေရာမှ မွေးရမည်မှန်း မသိသေးသော်လည်း မမွေးနိုင်ကာမှ C section နည်းဖြင့် ခွဲစိတ်၍လည်း နောက်မကျသေးပေ။ Crohn က သူ၏ ဂန္ဓမာပန်းလေးကို ရှုံ့ကာ ပြောလိုက်သည်။ 


"ငါကတော့ ဘယ်တော့မှ ရိုးရိုးအတိုင်း မမွေးဘူး ..." 


"သဘောပဲ ..." 


ကိတ်က သူ့ကို သနားစရာကောင်းလေဟန်ဖြင့် စိုက်ကြည့်လိုက်၏။ 


အချို့သော အကြောင်းများကြောင့် Crohn မှာ ကိတ်အား စောင့်ဆိုင်းမနေစေလိုတော့။ သို့သော် သက်ပြင်းမချဘဲလည်း မနေနိုင်တော့ချေ။ 


"အစောကြီးကတည်းက သိလိုက်သင့်တာ ဒီလိုမှန်းသိရင် အစကတည်းက  ကလေးယူဖို့ သဘောမတူလိုက်ပါဘူး ..." 


သူ့စကားပင် မဆုံးသေး။ ပတ်ပတ်လည်ရှိ လူများထံမှ မနာလိုအားကျသော အကြည့်ပေါင်းများစွာတို့ကို လက်ခံလိုက်ရတော့သည်။ သူသည် နေရာကောင်းကို ယူထားသည့်အတွက် စက်ရုပ်များကို ကုလားထိုင်ယူရန် စေခိုင်းထားသည့် သူ့အနားရှိ လူများမှာလည်း သူနှင့် စွမ်းအင်တူ၊ အဆင့်အတန်းတူများပင်ဖြစ်ပြီး ထိုသူများအားလုံးမှာ သားသမီးမရှိရာတွင်လည်း တူညီကြပေသည်။ 


ကလေးမရှိတဲ့အုပ်စုကြီးကို ရှေ့ထားပြီးတော့ ငလေးမလိုချင်ဘူးလို့ ပြောတာ ရန်စနေတာပဲ မဟုတ်ဘူးလား ... 


Crohn လည်း ပါးစပ်ကို ပိတ်ထားရန်သာ အမျှော်အမြင်ရှိစွာဖြင့် ဆုံးဖြတ်လိုက်တော့သည်။ 


"တိုက်ပွဲစနေပြီ ..." 


ကိတ်က ခပ်တိုးတိုးပြောကာ စကားလမ်းကြောင်း ပြောင်းပေးလိုက်သည်။ ကျောက်လင်းယွီက ကင်မရွန်နှင့် တိုက်ခိုက်ရန် သဘောတူလိုက်သည်မှာ သူ့ခွန်အားကို ပြချင်ရုံသက်သက်ကြောင့်သာမဟုတ်။ ဖက်ဒရယ်အနေဖြင့် နေရာတစ်ခုကို အခိုင်အမာ ခြေကုပ်ယူလိုပါလျှင် အမြဲတမ်း အထင်သေးခံဘဝဖြင့်သာ နေထိုင်သွား၍ မရပေ။ ထို့အပြင် အနိုင်ရရန်လည်း သူ့ကိုယ်သူ ယုံကြည်ချက်ရှိနေပေသည်။ 


‌ကျင့်ကြံခြင်း၏ ကျေးဇူးကြောင့် သူ့ခွန်အားများ တိုးပွားလာသည်သာမက နည်းဗျူဟာအချို့ကိုလည်း သင်ယူထားမိသေးသည်။ 


သူက နေရာလွတ်တစ်ခုတွင် ရပ်ကာ ကင်မရွန်ကို စိတ်အေးလက်အေး စိုက်ကြည့်နေလိုက်သော်ငြား အမှန်တကယ်တွင်မူ စိန်ခေါ်မှုကို အာရုံစူးစိုက်မှုအပြည့်ဖြင့်  ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ 


သူသည်သာမက ကင်မရွန်သည်လည်း အလေးအနက် ဖြစ်နေလေ၏။ သူက ကျောက်လင်းယွီကို များစွာ အထင်မကြီးသည့်တိုင် အာရုံစိုက်မှုကိုလည်း မလစ်ဟင်းစေရပေ။ သို့သော် သူသည် အပင်စွမ်းရည်ပိုင်ရှင်တစ်ဦး ဖြစ်သည့်အတွက် မရှုံးနိမ့်နိုင်‌လောက်ဟုသာ တွက်ဆထားသည်။ 


သူရထားသော သတင်းများအရ ကျောက်လင်းယွီသည် ပေါင်းစပ်စွမ်းရည်ပိုင်ရှင်ဖြစ်သည်။ သူ့ခန္ဓာကိုယ်၏ ခွန်အားနှင့် ခုခံမှုတို့မှာ သာမန်သူတို့ထက် ကျော်လွန်သည့်အတွက် တိုက်ခိုက်ရာတွင် အလွန်အင်အားကြီးသည့်အပြင် သူ့စွမ်းရည်ကြောင့် မည်သည့်ရန်သူကမှ အနားကပ်မလာနိုင်ပေ။ 


သူနှင့် ကျောက်လင်းယွီတို့အပေါ် လွှမ်းခြုံထားသော အကာအကွယ်ဒိုင်းကို ကြည့်ရင်း ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီးနောက် အနီးအနားရှိ အပင်များကို ထိန်းချုပ်ကာ ဗီဇပြောင်းလဲစေလိုက်တော့သည်။ 


ကျောက်လင်းယွီကလည်း သူ့အကြောင်း သိထားသည့်အတွက် ကင်မရွန်ရှိရာသို့ ပြေးဝင်လာသော်လည်း အနားသို့ မရောက်နိုင်ခင်မှာပင် နွယ်ပင်တစ်ပင်က သူ့ကို အဝေးသို့ ဆွဲခေါ်သွားကာ ခြေထောက်အောက်ရှိ မြက်ပင်တို့ဖြင့် ငြိတွယ်သွားတော့သည်။ 


တိုက်ပွဲကို တရားဝင် စတင်လိုက်တော့သည်။ 


ရမ်ရှန့်သည် ကျောက်လင်းယွီကို စိတ်ပူရသည့်အပြင် အပြင်ဘက်ရှိ အခြေအနေများကို စူးစမ်းလိုသည့်အတွက် ဂျင်ဆင်းပင်ပုံစံပြောင်းကာ ထွက်လာခဲ့ခြင်းဖြစ်သော်လည်း သူရောက်လျှင်ရောက်ချင်းမှာပင် ကျောက်လင်းယွီနှင့် အခြားတစ်ယောက်၏ တိုက်ပွဲကို မမျှော်လင့်ဘဲ ကြုံတွေ့လိုက်ရတော့သည်။ 


အကာအကွယ်ဒိုင်းထဲရှိ မြက်ယောင်ဆောင်ထားသော ရမ်ရှန့်က ပြိုင်ပွဲကို အသံတိတ်ကြည့်ရန်ပြင်ရင်း ဘေးပတ်ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်သည်။ 


ဒီလိုမှန်းသိရင် ရှောင်လွီကိုပါ ခေါ်လာပါတယ် အခုကျ သူနဲ့အတူ စကားပြောပေးနိုင်မယ့်သူ မရှိတော့ တစ်ယောက်တည်းပဲ စိတ်လှုပ်ရှားပြီး စောင့်ကြည့်နေရတော့မှာ ...


ကျောက်လင်းယွီကို ရစ်ပတ်ထားသော အပင်မှာ စုတ်ဖြဲခံလိုက်ရကြောင်း တွေ့လိုက်ရချိန်တွင် ရမ်ရှန့်က သစ်ရွက်လက်ဖဝါးဖြင့် အားရပါးရ လက်ခုပ်တီးလိုက်သည်။ သို့သော် လေကလည်း တဖြူးဖြူးတိုက်နေသည့်အတွက် မည်သူကမှ သတိမပြုမိလိုက်ချေ။ 


ကျောက်လင်းယွီက အရမ်းကို ခန့်ညားတာပဲ အဲဒီ့အမှိုက်ကောင်ကို အပြတ်ရိုက်သတ်ပစ်လိုက် ... 


ကျောက်လင်းယွီနှင့် တိုက်ခိုက်နေသော လူဆိုးကောင်က အစေ့တစ်စေ့ကို ပစ်ကာ ပန်းပွင့်ပြီး အသီးသီးလာအောင် ထိန်းချုပ်လိုက်သည်အား မြင်လိုက်ရသည်။ အသီးမှတစ်ဆင့် ကျောက်လင်းယွီထံ ကျည်ဆံကဲ့သို့သော အစေ့များ ပျံ့လွင့်လာကြောင်း တွေ့လိုက်ရချိန်တွင် ရမ်ရှန့်မှာ တစ်ဖန် ပူပန်လာရပြန်တော့သည်။ သူ့အရွက်များမှာ အနည်းငယ် တွန့်လိမ်သွားကာ မြေအောက်ရှိ အမြစ်များကလည်း သူ့အနားရှိ သစ်ပင်အိုကြီးကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားလိုက်သည်။ 


ထိုအပင်၏ အစေ့များတွင် စိတ်ချောက်ခြားစေသည့် အာနိသင်ရှိကာ ထိမိသည်နှင့် နေရာအနှံ့ပျံ့နှံ့သွားတတ်သည့်အတွက် ကျောက်လင်းယွီကိုသာ ထိမိသွားပါလျှင် မကောင်းနိုင်တော့ချေ။ 


ကျောက်လင်းယွီက မည်သည့်သက်ရောက်မှုကိုမှ မခံရသည့်အပြင် အစေ့အနည်းငယ်ကိုပင် အားမာန်အပြည့်ဖြင့် ပြန်ပစ်လွှတ်ပေးနိုင်ကြောင်း သိလိုက်ရသည့်အခါ ရမ်ရှန့်လည်း အနီးနားရှိ အပင်ကို သူ့အရွက်များဖြင့် လက်ဖဝါချင်းရိုက်လိုက်သည်။  ထို့နောက် အရွက်များကို ပြန်သိမ်းလိုက်ချိန်တွင် ထိုအပင်က ရုတ်ချည်း စိမ်းသည်ထက်စိမ်းလန်းလာကာ သူ့ကိုပင် ကျော်လွန်ကာ ကြီးထွားလာတော့သည်။ 


ထိုမျှသာမကသေး။ ကျောက်လင်းယွီက ကင်မရွန်သုံးသည့် အပင်တိုင်းကို သူထံ ပြန်ပစ်ပေးလိုက်သည့်အခါ ထိုသူက အံ့အားတကြီးဖြင့် ခြေကုန်သုတ်ကာ ပြေးနေသည်မှာ ပို၍ပင် စိတ်ကျေနပ်ဖွယ် ကောင်းလှသေးသည်။ သူနှင့် ကျောက်လင်းယွီတို့၏ တိုက်ပွဲမှာ အကြိတ်အနယ် ဖြစ်နေလေသည်။ 


ကင်မရွန်၏ ခွန်အားမှာ အားမနည်းလှသည့်အပြင် တိုက်ခိုက်သည့်နည်းလမ်းမှာလည်း ထူးဆန်းလှပေသည်။ ထို့အပြင် ကျောက်လင်းယွီအနားသို့ လုံးဝ မကပ်ဘဲ နှစ်ဦးအကြား အကွာအဝေးတစ်ခု ခြားထားပေသည်။ 


ထို့ကြောင့်‌ ကျောက်လင်းယွီမှာ များစွာ မလှုပ်ရှားနိုင်သည့်တိုင် သူ၏ တိုက်ခိုက်မှုများမှာ အလွန်အံ့အားသင့်ဖွယ် ကောင်းလှပေသည်။ အကြိမ်များစွာ တိုက်ခိုက်ပြီးသည့်တိုင် အဝတ်အစားတို့သာ ကပိုကရိုဖြစ်သွားပြီး ခန္ဓာကိုယ်မှာတော့ မထိခိုက်သေး။ သို့သော် လှုပ်ရှားမှုများမှာတော့ နှေးကွေးစ ပြုလာတော့သည်။ 


ဘာကိစ္စ နှေးလာတာ ဖြစ်ရမှာလဲ သူက ကျားကိုစားဖို့ ဝက်ယောင်ဆောင်နေတာ အသိသာကြီးပဲကို ... 


ကျောက်လင်းယွီ၏ ပြောင်းလဲမှုကို ခံစားမိသည့် ရမ်ရှန့်၏ နှုတ်ခမ်းထောင့်စွန်းတို့မှာ ကော့တက်လာတော့၏။ 


သူသည် ကျောက်လင်းယွီနှင့် အလွန်ရင်းနှီးသူဖြစ်ရာ ထိုအပြုအမူမှာ အတုအယောင်သာဖြစ်ကြောင်း သိနေပေသည်။ 


သို့သော် ကင်မရွန်ကတော့ မသိ။ ကျောက်လင်းယွီ၏ အစောပိုင်း လှုပ်ရှားမှုအများစုမှာ အံ့ဩဖွယ်ကောင်းသည့်တိုင် အဝတ်အစားများမှာ ရှုပ်ပွနေသည့်အတွက် ကင်မရွန်မှာ သူ့ကို လုံးဝ အထင်မကြီးတော့ချေ။ ယခုမူ သူ့လှုပ်ရှားမှုတို့မှာ တစ်ဖြေးဖြေး နှေးကွေးလာသည့်အတွက် မောဟိုက်နေပြီဟုသာ ထင်လိုက်တော့၏။ 


ဖက်ဒရယ်ကလူတွေ‌ကတော့ ဖက်ဒရယ်က လူတွေပါပဲ သူတို့ကို ဘယ်လိုနည်းနဲ့မှ မယှဉ်နိုင်ပါဘူး ... 


ဒိုင်းအပြင်ဘက်ရှိ အခြေအနေများကို သတိပြုမိသော ကင်မရွန်က တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။ ဤနေရာမှာ ရေမွန်၏ ပိုင်နက် ဖြစ်နေပေသည်။ 


သူက ဒိုင်းထဲရှိ အပင်အားလုံးကို ထိန်းချုပ်လိုက်ချိန်တွင် အမြစ်နှင့် အစေ့အားလုံး ပျံတက်လာကာ သစ်ရွက်သစ်ခက်တို့မှာလည်း တစ်ရောင်တည်း ဖြစ်သွားပြီး ကျောက်လင်းယွီကို တိုက်ခိုက်မည့် မကောင်းဆိုးဝါးများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ 


Xxxxx