အပိုင်း ၁၆၀
Viewers 18k

Chapter 160


ကင်မရွန်မှာလည်း အကြီးအကဲထန့်ကဲ့သို့ပင် အပင်စွမ်းရည်ပိုင်ရှင်ဖြစ်သည်။ အပင်စွမ်းရည်ပိုင်ရှင်တို့၏ စွမ်းရည်မှာ သန့်စင်မြေကဲ့သို့ နှစ်သက်ဖွယ်မကောင်းလှသည့်တိုင် စိတ်ပျက်စရာလည်း မကောင်းလှပေ။ သို့သော် ကင်မရွန်၏ ခန္ဓာကိုယ်မှ စိမ့်ထွက်လာသော စွမ်းအင်များမှာမူ ခန္ဓာကိုယ်ကို အပ်သေးသေးလေးများဖြင့် ထိုးနေသည့်နှယ် ခံစားရပေသည်။ 


ကင်မရွန်က သူ့ကို ပစ်မှတ်ထားနေခြင်း မဟုတ်သည့်အတွက် သူ့အပေါ် ကျရောက်သော စွမ်းအင်မှာ အလွန်နည်းပါးရာ အလွန်တကူ ရုန်းထွက်နိုင်ခဲ့သော်ငြား သူ့အနီးအနားရှိ အပင်များမှာမူ ... 


ရမ်ရှန့်၏ အမြစ်များဖြင့် ရစ်ပတ်ခံထားရသော အပင်မှာ တဆတ်ဆတ် တုန်ရီလာကာ ၎င်း၏ ပင်စည်ထဲရှိ ဆဲလ်နှင့် အမျှင်ဓာတ်များအားလုံး ပြောင်းလဲသွားတော့သည်။ ၎င်းမှာ သစ်ပင်တစ်ပင် ဖြစ်နေသေးသော်ငြား ခံစားချက်မှာမူ မတူတော့ချေ။ အစောပိုင်းကကဲ့သို့ လန်းဆန်းတက်ကြွသည့် ခံစားချက်များ မရှိတော့ဘဲ ပုပ်သိုးဆွေးမြည့်ကာ မည်းမှောင်သွားတော့သည်။ 


ဤတစ်ပင်တည်းသာ ထိုသို့ ဖြစ်သွားခြင်းမဟုတ်။ အနီးအနားရှိ အပင်အားလုံးမှာလည်း အလားတူပင် ပြောင်းလဲသွားတော့သည်။ 


ရမ်ရှန့်သည်လည်း ထိုအပင်တို့ကဲ့သို့ပင် ပြောင်းလဲတော့လုနီးပါး ဖြစ်ခဲ့သော်ငြား ရုတ်တရက် အသိဝင်သွားသဖြင့် ပတ်ဝန်းကျင်ကို အခွင့်ကောင်းယူကာ မြေကြီးထဲ ဝင်ပုန်း‌နေလိုက်တော့သည်။


အပင်အားလုံးက ကျောက်လင်းယွီကို တစ်ပြိုင်တည်း တိုက်ခိုက်လာကြသည့်အတွက် မည်မျှပင် သန်မာနေပါစေ ရှောင်တိမ်းနိုင်မည် မဟုတ်ချေ။ သို့သော် ကျောက်လင်းယွီက အပင်များ ဝိုင်းအုံလာသည်နှင့်တစ်ပြိုင်နက် အပြုံးတစ်ပွင့်ကို လှစ်ဟလာတော့၏။ သူသည် စွမ်းရည်ပိုင်ရှင်တစ်ဦးမဟုတ်။ မိစ္ဆာကျင့်ကြံသူတစ်ဦး ဖြစ်နေပြီဖြစ်သည်။ 


သူ့ကို အပင်များ ပိတ်ဆို့ထား‌သည်ကို ကင်မရွန်က လှောင်ပြုံးတစ်ပွင့် ချိတ်ဆွဲရင်း  အပင်ထိပ်ဖျားပေါ်တက်ကာ ကြည့်နေလိုက်သည်။ ကျောက်လင်းယွီနှင့် စတင်တိုက်ခိုက်စဉ်က သူ၏ ကိုယ်ပိုင်လှည့်ကွက်ကို မသုံးသေး။ ယခုမှသာ ထုတ်သုံးလာခြင်းဖြစ်သည်။ အပင်စွမ်းရည်ပိုင်ရှင်တို့၏ တိုက်ခိုက်နိုင်စွမ်းမှာ များစွာ မကောင်းလှသော်ငြား သူကတော့ မတူပေ။ သူထိန်းချုပ်ထားသည့် အပင်များကို ကြောက်မက်ဖွယ် အဆိပ်များအဖြစ် ဗီဇပြောင်းပစ်နိုင်ကာ ထိုအဆိပ်က လူခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် ကိုယ်တွင်းကလီစာအားလုံးကို ဆွေးမြည့်ပျက်စီးကာ ထိုသူမှာ သူတစ်ဦးတည်းသာ ထိန်းချုပ်ရသည့် အလောင်းကောင်အဖြစ်သို့ ပြောင်းလဲသွားရတော့သည်။ 


တိတိကျကျ ပြောရပါလျှင် ၎င်းမှာ အပင်စွမ်းရည်ပင် မဟုတ်တော့ချေ။ လောယာအင်ပါယာတွင် နိုင်ငံသားများကို သတ်ဖြတ်ခြင်းအား ကြီးလေးသည့် ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားသည့်အတွက် သူ့စွမ်းရည်များကို လောယာတွင် အသုံးချခွင့် မရခဲ့။ ကြယ်တာယာခေတ် လူမှူအဖွဲ့အစည်းအဖြစ်သို့ပင် မကူးပြောင်းနိုင်သေးသည့် ရှေးဟောင်းမျိုးနွယ်စုများပေါ်တွင်သာ သူ့စွမ်းရည်ကို အသုံးပြုခွင့် ရခဲ့သော်ငြား ယခုမူ ကျောက်လင်းယွီထံ အသုံးချလိုက်တော့သည်။ 


ချပ်မင်က သူ့ကို ကျောက်လင်းယွီအား ထိန်းချုပ်နိုင်ရန် ကြိုးစားခိုင်းထားပေသည်။ 


ထိန်းချုပ်ခံထားရတဲ့ ကျောက်လင်းယွီက အသက်ရှူနေတာကလွဲရင် အသေကောင်သာသာပဲ‌ဆိုတော့ရော ဘာဖြစ်လဲ အပြင်ဘက်ကလူတွေက သူ့အပင်အကြောင်း သိတာမှ မဟုတ်တာ ... 


သိူ့သော် ကျောက်လင်းယွီကို အပင်အုပ်လိုက်ကြီးက ရူးသွပ်ဖွယ်ကောင်းလောက်အောင် ဝိုင်းရံထားကြောင်း တွေ့လိုက်ရသည့်အခါ ကြည့်နေသူများမှာ သူ့ကို ရှုံးတော့မည်ဟုသာ တွက်ဆလိုက်ကြပြီး အနည်းငယ် စိတ်ပျက်သွားကြတော့သည်။ 


"ကျောက်လင်းယွီ့ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုကြီးက အံ့ဩစရာပဲ သူ့ခွန်အားကလည်း မဆိုးပေမယ့် ကင်မရွန်ကလည်း သာမန်သူမဟုတ်တော့ သူ့အတွက် ကံဆိုးတာပဲ ..." 


"ကင်မရွန်ရဲ့ တိုက်ခိုက်တဲ့စွမ်းရည်က တကယ်ကို သန်မာတာပဲ ကြည့်ရတာ အပြင်မှာ နှစ်တွေအကြာကြီး ကျင်လည်ရင်း ရလာတဲ့ အတွေ့အကြုံတွေထင်တယ် ..." 


"ငါတိူ့တွေ နားချိန်ပေးသင့်လား ..." 


...


လူထုက တီးတိုး တွတ်ထိုးနေချိန်မှာပင် ကာကွယ်ရေးဒိုင်း၏ အလယ်ခေါင်ရှိ သစ်ပင်တို့ဖြင့် အုပ်မိုးခံထားရသော အစိမ်းရောင်ဘောလုံးကြီးမှာ အတွင်းမှတစ်ဆင့် တစ်ဖြေးဖြေး ညှိုးနွမ်းခြောက်သွေ့သွားတော့သည်။ အပြင်ဘက်ရှိ ပွဲကြည့်သူများမှာမူ ထိုအကြောင်းကို မသိသေး။ သစ်ပင်ထိပ်ဖျားတွင် ရပ်နေသော ကင်မရွန်တစ်ဦးတည်းကသာ သူ့စွမ်းအင်များ တစ်ဖြေးဖြေး ပျောက်ကွယ်သွားသည့်အတွက် အံ့အားသင့်လာတော့သည်။ 


ဒီလူက သူ့စွမ်းအင်တွေကို ပေါင်းစပ်နေတာလား ... 


ထိုသို့တွေးမိသည်နှင့်တစ်ပြိုင်နက် ကင်မရွန်မှာ ဒေါသထွက်ရင်း တစ်ချိန်တည်းမှာပင် သဘောတွေ့သွားတော့သည်။ သူ့စွမ်းရည်မှာ အလွန်ထူးခြားလှသော်လည်း မမျှော်လင့်ထားစွာဖြင့် ကျောက်လင်းယွီသည် သူ့စွမ်းရည်ကို ပေါင်းစပ်နေပေသည်။ 


ကျောက်လင်းယွီမှာ မြန်မြန်ပေါင်းစပ်လေ မြန်မြန် သေနိုင်လေပင် ဖြစ်သည်။ 


သူက ကျောက်လင်းယွီကို ထိန်းချုပ်ရန် ကြိုးစားလိုက်သော်လည်း ကျောက်လင်းယွီကိုသာမက သူ့အနီးအနားရှိ အပင်များကိုပါ မထိန်းချုပ်နိုင်တော့ချေ။ 


စောက်ကျိုးနည်း ဘာတွေဖြစ်ကုန်တာလဲ ... 


သူက ကျောက်လင်းယွီအနားရှိ အပင်တို့ကို ထိန်းချုပ်ထားရာမှ လွှတ်လိုက်ရန် ကြိုးစားသော်ငြား သူ့စွမ်းရည်မှာ ကော်ဖြင့် ကပ်ထားသည့်နှယ် ထွက်မလာတော့ချေ။ အခြားအပင်များကိုလည်း မထိန်းချုပ်နိုင်တော့ချေ။ 


သူသည် ကျောက်လင်းယွီအကြောင်း အချိန်အတော်ကြာ စုံစမ်းခဲ့ပြီး ဇာ့ဂ်ဘုရင်မကို တိုက်ခိုက်သည့် ဗီဒီယိုကိုလည်း ကြည့်ထားဖူးသည့်အတွက် သူ့ကိုယ်သူ ဇာ့ဂ်ဘုရင်မဟု ခံစားမိလာတော့၏။ သူ့စွမ်းအင်များသည် အစောပိုင်းက ထိန်းချုပ်ထားသည့် အပင်များပေါ်တွင်သာ ပျံဝဲနေတော့သည်။ 


လောယာအင်ပါယာတွင်လည်း ပေါင်းစပ်စွမ်းရည်နှင့် ဝါးမျိုဖျက်ဆီးသော စွမ်းရည်များ ရှိသော်လည်း နှစ်ခုလုံးမှာ အဆိုးအပြစ်များ ရှိနေပေသည်။ ကိုယ့်ထက် သန်မာသည့် စွမ်းရည်ပိုင်ရှင်နှင့် ကြုံတွေ့ပါလျှင် သို့မဟုတ် ခြယ်လှယ်စိုးမိုးတတ်သည့် စွမ်းရည်မျိုးနှင့် ကြုံလာရပါလျှင် ကိုယ်ကိုယ်တိုင်သာ နာကျင်ရမည်ဖြစ်သည်။ 


သူ့စွမ်းရည်က ခြယ်လှယ်စိုးမိုးတတ်တဲ့အပြင် ကျောက်လင်းယွီထက်လည်း အားကောင်းနေတဲ့ဟာကို ဘယ်လိုတွေ ဖြစ်ကုန်ရတာလဲ ... 


ကင်မရွန်၏ အမူအယာမှာ ပိုပြီး ခြောက်ခြားလာသည့်အတွက် အပြင်ဘက်ရှိ ပွဲကြည့်သူများကပင် ထူးဆန်းနေကြောင်း သတိပြုမိလာတော့သည်။ 


"ကင်မရွန်က  ဘာဖြစ်နေတာလဲ ..." 


"သူ့ကြည့်ရတာ သရဲတွေ့လိုက်သလိုပဲ ဟိုလူကို သူက အနိုင်တိုက်နိုင်တော့မှာ မဟုတ်ဘူးလား ..." 


အများစုက အံ့ဩသွားကြတော့သည်။ ကင်မရွန်ကလည်း ညာဘက်လက်ဖြင့် သူ၏ ဘယ်ဘက်လက်ကောက်ဝတ်ကို စမ်းကြည့်လိုက်ချိန်တွင် စွမ်းအင်တို့မှာ အလျင်အမြန် ကုန်ဆုံးသွားကြောင်း တွေ့လိုက်ရတော့သည်။ တစ်ချိန်တည်းမှာပင် ကျောက်လင်းယွီထံသို့ လှပသော ပန်းတစ်ပွင့် ပျံသန်းလာကာ အစေ့များလည်း ပျံ့နှံ့လာတော့သည်။  ၎င်းမှာ ပန်းအစစ်မဟုတ်။ အတွင်းတွင် သေးငယ်သော်ငြား အားပြင်းလှသည့် ဗုံးများကို ထည့်သွင်းထားပေသည်။ 


ဤတိုက်ပွဲတွင် စွမ်းရည်မှတစ်ပါး လက်နက်တစ်စုံတစ်ရာမှ သုံးခွင့်မရှိသော်ငြား သူ့စွမ်းရည်များမှာ အသုံးမပြုနိုင်တော့ပေ။ ကင်မရွန်က ကျောက်လင်းယွီ ရပ်နေသည့်နေရာသို့ ခါးသီးစွာ စိုက်ကြည့်လိုက်ရင်း အကာအကွယ်ဒိုင်းကို သူ့ကိုယ်ပေါ် လွှမ်းခြုံနိုင်ရန် အဆင်သင့်ပြင်ထားလိုက်သည်။ 


သူ ဗုံးသုံးလိုက်သည့် အချက်ကို သိပ်မကြာမီ ရှာတွေ့သွားမည် ဖြစ်သော်ငြား ယခုမူ လူတိုင်းက ပန်းဟုသာ ထင်နေကြသေးသည့်အတွက် သူ့ကို တားကြမည် မဟုတ်ချေ။ ‌နောက်ပိုင်းကိစ္စများအတွက်မူ ... သေဒဏ်မပေးသရွေ့ ထွက်ပြေးလွတ်မြောက်နိုင်ပေသည်။ 


ကျောက်လင်းယွီကို လုပ်ကြံရန်မှာ ချပ်မင်နှင့် အစောပိုင်းကတည်းက တိုင်ပင်ထားသည့်အရာဖြစ်သည်။ သန္ဓေတည်ဆေး ဖော်စပ်သည့် နည်းလမ်းမှာ သူ့လက်တွဲဖော်၏ လက်ထဲတွင်သာ ရှိနေရာ ကျောက်လင်းယွီသာ သေဆုံးသွားပါလျှင် ဖက်ဒရယ်နှင့် အင်ပါယာတို့ ပူးပေါင်းနိုင်တော့မည် မဟုတ်သည့်အပြင် သူ၏ လက်တွဲဖော်ကိုပါ သွေးဆောင်ရန် လွယ်ကူသွားမည်ဖြစ်သည်။ 


ထိုပန်းများတွင် အပင်နံ့ လုံးဝ ရှိမနေပေ။ 


ရမ်ရှန့်မှာ ထိုပန်းများနှင့် ပတ်သက်၍ တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိလိုက်သည့်အတွက် ပူပန်လာရတော့သည်။ 


ကျောက်လင်းယွီရဲ့ ခန္ဓာကိုယ်က နှစ်တစ်သောင်းကျော် ကျင့်ကြံခဲ့တဲ့လိပ်နဲ့ ယှဉ်လို့ရနေပြီဆိုပေမယ့် နာတာကတော့ နာမှာပဲလေ ... 


ထိုသို့တွေးကာ ရမ်ရှန့်သည် သူ့ဘေးနားရှိအပင်ကြီး၏ အမြစ်ကို ရုတ်ချည်း ဆွဲယူလိုက်တော့၏။ 


ကင်မရွန်က ထိုပန်းပွင့်များကို ပစ်လွှတ်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့ခြေထောက်အောက်ရှိ အပင်မှ ကိုင်းတစ်ကိုင်း ရုတ်တရက် ထွက်လာကာ ထိုပန်းပွင့်များကို ကင်မရွန်ထံ လမ်းကြောင်းပြောင်းပေးလိုက်တော့၏။ 


အကာအကွယ်ဒိုင်းအပြင်ဘက်ရှိ လူများမှာတော့ အံ့ဩကုန်ကြတော့သည်။ ထိုပန်းပွင့်ထဲတွင် ပါရှိသည့် အရည်များမှာ ဧရိယာအနည်းငယ်ကိုသာ ပျက်စီးစေသည့်တိုင် ပြင်းအားကြီးမားလှသည့် အရည်များ ဖြစ်ပေသည်။ 


ကျောက်လင်းယွီမှာ အပင်များဖြင့် ပိတ်ဆို့ခံထားရ၍ ထိုပန်းပွင့်၏ တိုက်ခိုက်မှုကို တိုက်ရိုက်မခံရနိုင်သော်လည်း အနည်းအကျဉ်းတော့ ထိခိုက်မည်ဖြစ်သည်။ သို့သော် ပို၍ အံ့ဩဖွယ်ကောင်းသည်မှာ ထိုပန်းပွင့်များသည် စတင်ပစ်လွှတ်လိုက်သည့် ကင်မရွန်ထံသာ ပြန်လှည့်သွားကြတော့၏။  


အပြင်ဘက်ရှိ လူများကမူ ကင်မရွန်က တမင်တကာ လုပ်လိုက်သည်ဟုသာ ထင်ကာ အံ့အားသင့်နေကြသည်။ သို့သော် ကင်မရွန်ကတော့ ကြောက်အားလန့်အားဖြင့် အကာအကွယ်ဒိုင်းကို အသက်သွင်းနေပြီဖြစ်သည်။ သူ့စွမ်းရည်ကို ဆုံးရှုံးလိုက်ရပြီးဖြစ်ရာ ခြေထောက်အောက်ရှိ အပင်ကို အခြားသူတစ်ဦးက ထိန်းချုပ်နေခြင်းသာ ဖြစ်ပေသည်။ 


ကျောက်လင်းယွီကလည်း အပင်စွမ်းရည်ပိုင်ရှင်ပဲလား ဒါပေမယ့် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... 


ကင်မရွန်မှာ တောင့်တင်းသွားကာ သူ့အကာအကွယ်ဒိုင်း ပျက်စီးမသွားစေရန်သာ ဆုတောင်းနေလိုက်တော့သည်။ ထိုစဉ် သူ့ဒိုင်းသည် ဘန်းခနဲ အသံအကျယ်ကြီးမြည်ကာ ပျက်စီးသွားတော့၏။ 


အသံကျယ်ကြီးတစ်ခု ထွက်လာပြီးနောက် မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်နေသော ကင်မရွန် ရပ်နေသည့် နေရာတစ်ခုလုံး ပေါက်ကွဲထွက်သွားကာ သူကိုယ်တိုင်လည်း တစ်စစီ ပျက်စီးသွားတော့သည်။ ကျောက်လင်းယွီကို ရစ်ပတ်ဖွဲ့နှောင်ထားသော သစ်ပင်များလည်း ပေါက်ကွဲသွားကာ ကျောက်လင်းယွီတစ်ဦးတည်းသာလျှင် အဝတ်အစားတို့ ပျက်စီးရုံမှတစ်ပါး အနာတရ မရှိဘဲ ကျန်ရစ်ခဲ့လေတော့သည်။ 


ပေါက်ကွဲထွက်သွားသော အပိုင်းအစများအားလုံး မြေပေါ်သို့ ပြန့်ကြဲကျလာကာ ကျောက်လင်းယွီက အနည်းငယ် အံ့အားသင့်နေဟန်ဖြင့် မတ်တပ်ရပ်နေသည်။ သူက ကင်မရွန်၏ စွမ်းရည်များကို စုပ်ယူလိုက်သည်မှာ မှန်သော်ငြား အပြည့်အဝ မချေဖျက်နိုင်သေးချေ။ 


ကင်အရွန်မှာ အလျင်လိုနေမှန်း သိနေသည့်အပြင် သူ့တွင်လည်း အခြားနည်းလမ်းများ ရှိနေသည့်အတွက် ကင်မရွန်၏ စွမ်းရည်ကို အသုံးပြုကာ ပြန်တိုက်ခိုက်ရန် ပြင်ဆင်ထားပြီးဖြစ်သည်။ သို့သော် ထိုသူက သူ့ကိုယ်သူ ဖောက်ခွဲလိုက်သည့်အတွက် ကျောက်လင်းယွီသည် ထိုသူ၏ စွမ်းရည်များအား ချုပ်နှောင်ထားသည့်အပင်များကို ဖျက်ဆီးရာတွင်သာ အသုံးပြုလိုက်ရတော့သည်။ 


အဲဒါ ဘာကြီးလဲ ... 


ထိုခဏတွင် ကျောက်လင်းယွီမှာ ပြောစရာစကားပင် ရှာမတွေ့တော့ချေ။ 


သူတို့နှစ်ယောက်၏ တိုက်ပွဲကို ကြည့်နေသူများမှာလည်း ထပ်တူပင် ပြောစရာစကားစ ပျောက်ရှသွားကြတော့သည်။ 


စောစောလေးကမှတင် ရက်စက်ပြီး အားကောင်းတဲ့ ကင်မရွန်က ဘယ်လိုလုပ်ပြီး မျက်စိတစ်မှိတ်လေးအတွင်းမှာတင် အစိတ်စိတ်အမြွာမြွာ ဖြစ်ကုန်ရတာလဲ ကျောက်လင်းယွီက သူ့ကို ဖောက်ခွဲလိုက်တာများလား ... ဒါပေမယ့် သူကပဲ ရုပ်ဖျက်ထားတဲ့ ဗုံးတွေကို ပစ်လိုက်ပြီးတော့ သူ့ကိုယ်သူ သတ်လိုက်မိသလို ဖြစ်သွားတာလား ... 


ဗုံးပစ်ပြီးကာမှ အသိပြန်ဝင်လာပြီး အဲဒါတွေကို ပြန်သိမ်းလိုက်တာလား ... 


ဒါမှမဟုတ် ဗုံးကို ပစ်လိုက်ပေမယ့် မပေါက်တော့ အဲဒီ့အကြံက မကောင်းဘူးဆိုပြီး ပြန်ယူလိုက်တာများလား ... 


မဖြစ်နိုင်ဘူးလေ ဟုတ်တယ်မဟုတ်လား ကင်မရွန်က ဘယ်လိုဖြစ်လို့ ကာတွန်းကားထဲက ဦးနှောက်မပါတဲ့ ဗီလိန်တွေ လုပ်သလို လုပ်ရပ်မျိုး လုပ်မှာလဲ ... 


သို့သော် ကင်မရွန်က ဗုံးကို ပစ်လိုက်ပြီးကာမှ သူ့ခြေထောက်အောက်ရှိ အပင်ကို သုံးကာ ပြန်ယူခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ 


အားလုံးက တိုက်ပွဲဖြစ်ပွားသွားရာနေရာကို အံ့ဩတကြီးဖြင့် တစ်ဖန်စိုက်ကြည့်လိုက်ပြန်သည်။ ကင်မရွန် ရပ်နေခဲ့သည့် သစ်ပင်မှာ မီးသွေးတုံးအဖြစ်သို့ ပြောင်းလဲသွားတော့၏။ ဗုံးမှာ သေးငယ်သော်ငြား ပေါက်ကွဲနိုင်စွမ်းမှာမူ မနိမ့်လှပေ။ အပြင်ဘက်အကာအကွယ်ဒိုင်းကိုပင် ထိခိုက်သွားပြီး ကျောက်လင်းယွီ ရပ်နေသည့် အနီးအနားရှိ သစ်ပင်တို့်မှာမူ ပြာမှုန့်များအဖြစ်သိူ့ပင် ပြောင်းလဲကုန်တော့သည်။ 


"ကျောက်လင်းယွီ ဒီပြိုင်ပွဲမှာ မင်းရဲ့ စွမ်းရည်ကလွဲလို့ တစ်ခြားလက်နက်တွေ သုံးလို့ မရဘူးလေ ဗုံးတွေကို ဖွက်ထားတာလား ..." 


တစ်စုံတစ်ယောက်က ဖြစ်သမျှတိုင်းကို  ကျောက်လင်းယွီအပေါ်  ပုံချလိုက်တော့သည်။ 


ဗုံးကို အသုံးပြုခဲ့သူမှာ မက်ကူလန်ဖြစ်ကြောင်း အားလုံးအသိ ဖြစ်သော်ငြား သေသွားပြီဖြစ်သည့်အတွက် နောက်ကြောင်းလိုက်ကာ စုံစမ်း၍ မရပေ။ 


"ငါ ဗုံးမသုံးဘူး ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ သူ၏ ချမ်ခွမ့်အိတ်ထဲတွင် ကိရိယာတန်ဆာပလာများစွာ ရှိသော်ငြား လုံးဝ ထုတ်မသုံးခဲ့ချေ။ 


"ဒါဆို မင်းမှာ ပေါက်ကွဲစေနိုင်လောက်တဲ့ ထူးခြားစွမ်းရည်တွေများ ရှိနေလို့လား ..." 


သူ့ကို မေးခဲ့သူကပင်လျှင် နောက်တစ်ကြိမ် ထပ်မေးလိုက်ပြန်သည်။ 


ထို့နောက် မျောလွင့်နေသည့် ပွဲကြည့်စင်ပေါ် ထိုင်နေသော ရေမွန်က ခါယမ်းနေသော အကာအကွယ်ဒိုင်း၏ ထိပ်ဖျားကို ထိကိုင်လိုက်လျှင် ချက်ခြင်း ပျောက်ကွယ်သွားတော့သည်။ 


"ကောင်းလိုက်တဲ့တိုက်ကွက် ..." 


သူ့ဘေးနားရှိ ဂျန်ခင်က ရယ်ရယ်မောမောဖြင့် ပြောနေစဉ်မှာပင် ဒိုင်းအတွင်းဘက်ထဲမှ ပျံ့နှံ့လာသော စွမ်းအင်များကို ခံစားလိုက်ရသည့်အတွက် ထူးဆန်းသော အမူအယာနှင့်အတူ မှတ်ချက်ချလိုက်သည်။


Xxxxxx