အပိုင်း ၁၆၁
Viewers 18k

Chapter 161


"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ..." 


ဒိုင်းကို ဖယ်လိုက်သည့်အတွက် ကျောက်လင်းယွီ၏ အနားတွင် တည်ငြိမ်နေသော စွမ်းအင်များကို အားလုံး ခံစားလိုက်ရတော့သည်။ ထိုစွမ်းအင်မှာ ေကျာက်လင်းယွီ၏ စွမ်းရည်ကြောင့် ဖြစ်လာခြင်းမဟုတ်။ ကင်မရွန် ပိုင်ဆိုင်ထားသော စွမ်းရည် ဖြစ်သည့်အတွက် ဗုံးသုံးသည်ဟု ကျောက်လင်းယွီကို စွပ်စွဲခဲ့သူမှာ ရုတ်ချည်း အသံတိတ်သွားတော့သည်။ 


ကင်မရွန်က ကျောက်လင်းယွီကို သတ်ဖို့အတွက် ဒီအပင်တွေအပေါ်မှာ အားကုန်သုံးခဲ့ပေမယ့် ဘာလို့ ... ဘာလို့ သူ့ဘာသာသူပဲ ပြန်သတ်မိသွားပြီးတော့ ကျောက်လင်းယွီကကျ လုံးဝ မထိခိုက်လာရတာလဲ ... 


"မင်းက မသမာတဲ့နည်းလမ်းများ သုံးခဲ့သေးလား ..." 


တစ်ယောက်က သူ့ကို ထပ်မေးလိုက်ပြန်သည်။ 


"အခုဖြစ်ခဲ့တာတွေတွေက အားလုံးရဲ့ မျက်စိရှေ့မှာပဲ ရှင်းရှင်းလင်းလင်း ဖြစ်သွားခဲ့တာလေ မသမာတဲ့နည်းလမ်းကတော့ ... ငါ့ကို တိုက်ခိုက်ဖို့ သူ သုံးခဲ့တဲ့ အပင်အများစုမှာ စိတ်ကို ဂယောင်ချောက်ခြားဖြစ်စေတဲ့ အာနိသင်တွေ ပါနေတော့ သူဖော်တဲ့ဆေး သူ ပြန်စားမိတာ နေမှာပေါ့ ..." 


ကျောက်လင်းယွီက မျက်နှာသေဖြင့် ပြောလိုက်သည်။ 


ဒါဆို ကင်မရွန်က တကယ်ကြီး သူ့ဘာသာသူ ပြန်သတ်လိုက်မိတာပေါ့ ဟုတ်လား  ... 


လက်ရှိ ရှိနေသူများမှာ အခြေအနေကို ရှင်းရှင်းလင်းလင်း သဘောမပေါက်သည့်တိုင် ကျောက်လင်းယွီကို သွားမရှုပ်သင့်မှန်းတော့ နားလည်နေကြပြီဖြစ်သည်။ ကင်မရွန်က သူ့ဘာသာသူ ပြန်သတ်မိခြင်း ဟုတ်ခဲ့လျှင်ပင် ကျောက်လင်းယွီတွင် ဒဏ်ရာဒဏ်ချက် ရမလာသည်ကပင် အံ့ဩစရာကောင်းနေပြီဖြစ်သည်။ 


"စက်ရုပ်တွေကို ရှင်းလင်းခိုင်းလိုက် သိပ်မကြာခင် လက်ထပ်ပွဲ စကြရအောင် ..." 


ရေမွန်က မည်းမှောင်နေသော ပန်းခြံနှင့် ညှိုးလျော်နေသော အပင်တို့ကို ကြည့်ရင်း မကြည်မသာဖြင့် ပြောလိုက်သည်။ 


"မာရှယ်ရေမွန် ရှင်းလင်းရေးလုပ်တဲ့အခါ သတိလေးထားပေးပါ အဲဒီ့အပင်တွေအားလုံးမှာ အဆိပ်ရှိနေတယ် ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ ကင်မရွန်မှာ အပင်စွမ်းရည်ဟုတ်မဟုတ်၊ စွမ်းရည်နှစ်မျိုး ပိုင်ဆိုင်ထားခြင်း ရှိမရှိ သူမသိသော်လည်း အပင်တို့၏ ဗီဇလက္ခဏာများမှာမူ ပြောင်းလဲကုန်တော့သည်။ 


"ကျေးဇူးတင်ပါတယ် ..." 


ရေမွန်က သူ့ကို ခေါင်းငြိမ့်ပြလိုက်သော်ငြား ကိတ်ကမူ ဦးထုပ်နှင့် လက်အိတ်တို့ကို ဝတ်ဆင်ကာ အကြွင်းအကျန်များကို သွားယူနေပြီဖြစ်သည်။ သုတေသနကို အရူးအမူး စွဲလမ်းနေသူ၏ နောက်တွင်မူ Crohn က ပြောစရာစကား ကင်းမဲ့နေဟန်ဖြင့် မတ်တပ်ရပ်နေလိုက်သည်။ 


ကင်မရွန် သေဆုံးသွားပြီဖြစ်သော်လည်း ထိုအကြောင်းကို စကားမစတော့ဘဲ မင်္ဂလာပွဲအခမ်းအနားကိုသာ ကျင်းပလိုက်တော့သည်။ 


မင်္ဂလာတေးသံ ထွက်လာသည်နှင့်တစ်ပြိုင်နက် ကျောက်လင်းယွီ၏ အကြည့်တို့မှာ အနီးနားရှိ မြက်ခင်းပြင်ပေါ် ကျရောက်သွားကာ တစ်ခုခုကို ရှာဖွေနေဟန်ဖြင့် အပင်များကို ဖြေးဖြေးချင်း လိုက်ကြည့်နေလိုက်သည်။ စိတ်စွမ်းအင်ယိုစိမ့်မှုတစ်ရပ်ကို ခံစားလိုက်ရသည့်အပြင် ရမ်ရှန့်မှာ ဤအနီးတစ်ဝိုက်တွင် ရှိနေသည်ဟုလည်း ခံစားမိနေပေသည်။ ထိုခံစားချက်မှာ အနည်းငယ် ထူးဆန်းနေသော်ငြား အမှန်ဖြစ်လိမ့်မည်ဟု ယုံကြည်ထား၏။ 


မြေကြီးအောက်တွင် ရမ်ရှန့်သည် အပင်တစ်ပင်၏ အမြစ်ကို ဖက်ထားရင်း အနီးအနားရှိ အာဟာရတို့ကို အညှာအတာကင်းမဲ့စွာ စုပ်ယူနေလိုက်သည်။ ထိခိုက်ဒဏ်ရာမရဘဲ လွတ်မြောက်လာနိုင်လောက်သည်အထိ ကံကောင်းခဲ့မှုကိုလည်း အံ့ဩ၍ မဆုံးနိုင်တော့ချေ။ 


လက်ထပ်ပွဲကို မပျက်စီးသေးတဲ့ ခြံဝင်းတစ်ဖက်ခြမ်းမှာ ကျင်းပနေတာဆိုတော့ သူလည်း သွားကြည့်သင့်လား ... 


ကျောက်လင်းယွီ၏ အရှိန်အဝါကို လိုက်ရှာရင်း ရမ်ရှန့်သည် သူ၏ အရွက်ကလေးနှစ်ရွက်ကို လက်သည်းခွံအရွယ်လောက်အထိ ချုံ့ပစ်ကာ ချောင်းကြည့်နေလိုက်သည်။ 


ကျောက်လင်းယွီက သူ့ခြေထောက်အောက်နားရှိ အပင်လေးကို ငုံ့ကြည့်ပြီးနောက် နှုတ်ခမ်းထောင့်စွန်းတို့ကို ကော့ညွတ်ကာ ထိုအပင်ကို သူ့ခြေထောက်နှစ်ဖက်ဖြင့် ခွထိုင်ထားလိုက်သည်။ ရမ်ရှန့်က နှုတ်ခမ်းတို့ကို ကော့ညွတ်ရင်း မော့ကြည့်လိုက်သည်။ 


"လူရှုပ်ကလေး ..." 


ကျောက်လင်းယွီကို စကားအနည်းငယ် ပြောပြီးနောက် ရမ်ရှန့်က ငြိမ်ငြိမ်လေး ပြန်နေနေလိုက်တော့သည်။ 


ကျောက်လင်းယွီ ဒီလူကတော့ တကယ်ကို ဉာဏ်ကောင်းတာပဲ အခု သူ့ပေါ်ကို ချက်ခြင်းကြီး ရောက်ချလာပြီး သေချာပေါက်ကို ရှာတွေ့သွားတယ် သူ့မှာ ဘာမှလည်း အမှားလုပ်ထားတာ မရှိဘဲနဲ့ ဂရုစိုက်မှရမယ်ဆိုတဲ့ အတွေးကြီး ဝင်နေပါ့လား ... 


ကင်မရွန်ကို သတ်ရန် ကူညီပေးခဲ့သည့် အပင်၏ အမြစ်ကို တွဲလွဲခိုရင်း ရမ်ရှန့်က ကျောက်လင်းယွီ၏ ဖိနပ်ကိုဖြတ်ကာ သူ့ခြေ‌ဖဝါးပေါ်သို့ စက်ဝိုင်းပုံ ဆွဲပေးလိုက်သည်။ စုံတွဲတို့အကြား ပိုပြီး ရင်းနှီးကျွမ်းဝင်လာစေနည်း အမည်ရ စာအုပ်တွင် စုံတွဲများကြား ရင်းနှီးမှုပိုတိုးလာစေရန် အလို့ငှာ အပြုအမူသေးသေးလေးများ လုပ်ဆောင်သင့်သည်ဟု ဖတ်ခဲ့ရဖူးပေသည်။ 


ကျောက်လင်းယွီက လှုပ်ရှားလိုက်သော်ငြား သူ့နှုတ်ခမ်းထောင့်စွန်းတို့မှာမူ ဖုံးမရဖိမရစွာပင် ကော့တက်လာကာ မင်္ဂလာပွဲကိုသာ အာရုံစိုက်နိုင်ရန် မနည်းကြိုးစားလိုက်ရတော့သည်။


လောယာအင်ပါယာရှိ မင်္ဂလာပွဲများမှာ ဖက်ဒရယ်နှင့် ဆင်တူလှသော်လည်း ပြောရမည့်စကားများမှာတော့ များစွာ ကွဲပြားလှပေသည်။ လောယာတို့၏ ဓလေ့ရိုးရာ မင်္ဂလာပွဲများမှာ သုံးရက်ကြာ ကျင်းပရသည့် အနုစိတ်ပွဲအခမ်းအနားများ ဖြစ်ပေသည်။ ပထမရက်တွင် အဝတ်အစားအသစ်များ ဝတ်ဆင်ကာ ကျမ်းသစ္စာကျိန်ဆိုကြရပြီး ဒုတိယနှင့် တတိယရက်များတွင်မူ စုံတွဲနှစ်ဦး၏ အိမ်များ၌ ပွဲကျင်းပရသော်ငြား နောက်ပိုင်းတွင် လောယာအင်ပါယာ၌ လူဦးရေ တစ်ဖြည်းဖြည်း နိမ့်ဆင်းလာသည့်အတွက် ထိုဓလေ့ကို လိုက်နာသူ နည်းပါးလာတော့သည်။ 


ယခုမူ အသစ်စက်စက် ဇနီးမောင်နှံများသည် လက်ထပ်မှတ်ပုံတင်ခြင်းကို အကျဉ်းချုံး ပြုလုပ်ကာ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ဆွေမျိုးမိတ်သင်္ဂဟများနှင့် ဧည့်ခံပွဲ ကျင်းပရင်း အဆုံးသတ်လိုက်ကြသည်။ ဤသည်မှာ ဖက်ဒရယ်ရှိ မင်္ဂလာပွဲများနှင့် များစွာ ဆင်တူလှပေသည်။ 


ကျမ်းသစ္စာကျိန်ဆိုခြင်းနှင့် လက်ထပ်မှတ်ပုံတင်ခြင်းတို့မှာမူ မတူညီကြပေ။ ရေမွန်နှင့် ဂျန်ခင်တို့၏ ဆက်သွယ်ရေးစက်များကို ချိတ်ဆက်ကာ အချက်အလက် ထည့်သွင်းခွင့်ပြုလိုက်သည်နှင့်တစ်ပြိုင်နက် အလိုအလျောက် လက်ထပ်ပြီးဖြစ်ကာ ခွင့်ပြုချက် ပေးရန်သာ လိုအပ်ပေသည်။ 


လောယာသားတို့တွင် လက်ပတ်နာရီနှင့် ဆင်တူသော ဆက်သွယ်ရေးစက်များ ကိုယ်စီရှိကြကာ ထိုထဲတွင် ပုဂ္ဂလိကအချက်အလက်များ ပါဝင်ပေသည်။ ခွင့်ပြုချက်ကို ကနဦး ခွင့်ပြုချက်၊ အလယ်အလတ် ခွင့်ပြုချက်၊ အထူးခွင့်ပြုချက်နှင့် အလုံးစုံခွင့်ပြုချက်ဟူ၍ အမျိုးမျိုး ခွဲခြားထားပေသည်။ အများစုက သာမန်မိတ်ဆွေများအတွက် ကနဦး ခွင့်ပြုချက်၊ မိသားစုနှင့် ချစ်သူအတွက် အလယ်အလတ် ခွင့်ပြုချက်တို့ကို ပေးလေ့ရှိပြီး လက်ထပ်ပွဲ ကျင်းပချိန်တွင် လက်တွဲဖော်ကို အထူးခွင့်ပြုချက်ပေးကြသည်။ အလုံးစုံခွင့်ပြုချက်ကို လိုလိုလားလား ပေးသူမှာတော့ အနည်းငယ်မျှသာ ရှိပေသည်။ 


ရေမွန်နှင့် ဂျန်ခင်တို့နှစ်ဦး မှတ်ပုံတင်ကြပြီးနောက် တစ်ဦးနှင့်တစ်ဦး မည်သည့်ခွင့်ပြုချက်မျိုး ပေးလိမ့်မည်လဲဟု စိတ်ဝင်တစား စောင့်ကြည့်နေကြသော်ငြား အံ့ဩ‌စရာကောင်းသည့်အချက်မှာ ထိုအဆင့်ကို ကျော်သွားလိုက်ကြပြီး စာရင်းသွင်းပြီးသည်နှင့်တစ်ပြိုင်နက် ရေမွန်က လှည့်ထွက်သွားကာ ဂျန်ခင်ကလည်း သူ့ကို မတားမြစ်ချေ။ 


ပြောတော့ကျ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ကောင်းတယ်ဆို ဘာလို့ ရေမွန်က ဒီလိုကြီး လုပ်သွားရတာလဲ မာရှယ်က ကလေးရဖို့အတွက်နဲ့ပဲ လက်ထပ်လိုက်တာလား ... 


အလွန်အကျုး အကျဉ်းချုံးဖြစ်လွန်းသည့် လက်ထပ်ပွဲမှာ ကင်မရွန်၏ သေဆုံးမှုကဲ့သို့ပင် လူတိုင်းကို သံသယ ပေါက်ဖွား‌လာစေတော့သည်။ 


"ရေမွန် သွားတော့မလို့လား ..." 


ဒုဗိုလ်မှူးကြီးဂျုံးစ်က ရုတ်တရက် ထမေးလိုက်သည်။ 


"ကိစ္စရှိသေးလို့လား ..." 


"အခု ရှင်က လက်ထပ်ပြီးသွားပြီဆိုတော့ ရှင့်လက်တွဲဖော်ကို ယုံကြည်မှုအချို့ ပေးရမယ်လေ ကိုယ့်ရဲ့ဆက်သွယ်ရေးစက်ကို ဝင်ရောက် အသုံးပြုခွင့်လိုမျိုးပေါ့ ..." 


သူမက ပြောလိုက်သည်။ သူမက ရေမွန်ကို ကြိုက်ကာ ထိုသူက သူမကို ပြန်မကြိုက်သည်မှာ အားလုံးအသိပင် ဖြစ်သော်လည်း မည်သည့်အဆိုးမြင်စိတ်မှ မရှိသည့်အပြင် ဂျန်ခင်အတွက်ပင် စိတ်မကောင်းဖြစ်မိတော့သည်။ 


"ပေးပြီးသားလေ ..." 


ရေမွန်က ပြောလိုက်သည်။ 


"အလုံးစုံခွင့်ပြုချက် ပေးထားပြီးသား ..."


ဂျုံးစ်၏ အံ့ဩနေသော အမူအယာတို့မှာ လေးစားအားကျသည့်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။ 


"သူက တကယ်ကို ရှင်ချစ်ရတဲ့သူပဲကိုး ကျွန်မလည်း အနာဂတ်ကျ ကျွန်မအတွက် အလုံးစုံခွင့်ပြုချက်ပေးမယ့်သူမျိုး ရှာရမယ်  ... " 


ဒုဗိုလ်မှူးကြီးဂျုံးစ်ရေ  အလုံးစုံခွင့်ပြုချက် ပေးမယ့်သူကို ဘယ်လိုလုပ် လွယ်လွယ်ရှာလို့ရမှာလဲ ... 


အားလုံးက သူမအတွက် တိတ်တဆိတ် ‌ဖယောင်းတိုင် ထွန်းပေးလိုက်ကြကာ တစ်ချိန်တည်းမှာပင် ဂျန်ခင်အပေါ် သူတို့၏ အမြင်ကိုလည်း ပြောင်းလဲလိုက်ကြတော့သည်။ 


ယခင်က သူတို့သည် ဂျန်ခင်ကို အနည်းငယ် အထင်သေးကာ လေးလေးစားစား ဆက်ဆံရန် မလိုဟုပင် တွေးခဲ့ကြသော်ငြား ရေမွန်က သူ့ကို အလေးအနက်ထားကြောင်း ပြသလိုက်သည့်အတွက် မည်သူကမှ ဂျန်ခင်ကို ပေါ့သေးသေး မတွေးရဲတော့ချေ။ 


Crohn မှာ ပို၍ပင် အားကျသွားတော့သည်။ 


"ကိတ် ကြည့်ပါဦး သူတို့က မင်္ဂလာမဆောင်ရခင်ကတည်းက ဘယ်လိုလုပ်ပြီး အလုံးစုံခွင့်ပြုချက် ပေးလို့ ရသွားတာလဲ ..." 


"အာ ..." 


ကိတ်က သူ့ကို စောင်းငဲ့ကြည့်ရင်း ဆက်သွယ်ရေးစက်ကို ဟိုဟိုသည်သည် ကလိနေလိုက်သည်။ 


"ကိတ်က လူကြီးမင်းအတွက် အလုံးစုံခွင့်ပြုချက် ဖွင့်ပေးနေပါတယ် သဘောတူပါသလား ..." 


Crohn မှာ ကြက်သေသေသွားတော့သည်။ သူနှင့်ကိတ်ကြားတွင် အချစ်မရှိဟု ခံစားရသည့်အတွက် အနည်းငယ် အဆင့်တက်ရန် ကြိုးစားနေသော်ငြား ဤကဲ့သို့သော ရလဒ်မျိုး ရလာလိမ့်မည်ဟုတော့ ထင်မှတ်မထားပေ။ 


သူ့ကိုယ်ပိုင် အတွေးကမ္ဘာအကြောင်း အားရပါးရ ပြောပြမည် ကြံသော်ငြား ကိတ်က အနီးအနားရှိ ညစာတည်ခင်းကျွေးမွေးရာနေရာသို့ မဆိုင်းမတွ ထွက်သွားသည့်အတွက် စကားပြောရန် အခွင့်အရေး မရခဲ့တော့သော Crohn မှာ စိတ်ဓာတ်ကျသွားတော့သည်။ ထို့ကြောင့် သူက ကျောက်လင်းယွီကို ရင်ဖွင့်ရန် ကြိုးစားလိုက်တော့၏။


"ကိတ်က ငါ့အတွက် အလုံးစုံခွင့်ပြုချက် ဖွင့်ပေးလိုက်တယ်ကွ ပြောသားပဲ သူက ငါ့ကို ဟိုးအစောကြီးကတည်းက ကြိတ်ကြိုက်နေတာပါဆို သူ့ရဲ့ လျှို့ဝှက်ချက်တွေအားလုံးကိုရော ၊ ပိုင်ဆိုင်သမျှတွေ အားလုံးကိုပါ ငါ့ကို လွတ်လွတ်လပ်လပ် ထိန်းချုပ်ခွင့်ပေးထားတဲ့ ချစ်သူမျိုးလေ ... မင်း အားကျနေပြီ မဟုတ်လား ..." 


"ရမ်ရှန့်ကလည်း ငါ့ကို အလုံးစုံခွင့်ပြုချက် ပေးထားပြီးသား ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ လောယာအင်ပါယာတွင် ရမ်ရှန့်တစ်ယောက် အခက်ကြုံနေရမည်ကို စိုးရိမ်သဖြင့် သူတို့နှစ်ဦး၏ ဆက်သွယ်ရေးစက်များကို ချိတ်ဆက်ထားသည့်အတွက် သူတို့နှစ်ဦးမှာ အပြန်အလှန် အလုံးစုံခွင့်ပြုချက်‌ ပေးထားပြီးဖြစ်သည်။ 


ရမ်ရှန့်  မည်သည့်အရာကိုပဲ လုပ်ပါစေ သူသိနေမည်ဖြစ်ကာ ဖက်ဒရယ်တွင်လည်း ရမ်ရှန့်သည် သူပေးထားသော နာရီကို ကိုယ်နှင့်မကွာ ‌ဆောင်ထားဆဲဖြစ်သည်။ နေပါဦး ... ကျောက်လင်းယွီမှာ သူ့ခြေထောက်ကို ပြန်ငုံ့ကြည့်ရင်း မွန်းကြပ်လာတော့သည်။


အခု သူ့ခြေဖဝါးကို ကလိနေတဲ့ ကောင်လေးအကြောင်း ဘာမှ မသိသေးဘူးပဲ ... 


သူ့နှလုံးသားမှာ လေးလံလာသည့်အတွက် အခြားသူများကိုလည်း သက်တောင့်သက်သာဖြစ်ခွင့်ပြုမည် မဟုတ်ချေ။ 


"ကိတ်က နေ့တိုင်း သုတေသနလုပ်ရင်း အလုပ်ရှုပ်နေတဲ့အပြင် သူ့ရဲ့ စမ်းသပ်ချက်အများစုကလည်း ဆက်သွယ်ရေးစက်ထဲမှာ ရှိတာမဟုတ်တော့ မင်း သူ့ရဲ့ ကိုယ်ရေးကိုယ်တာ စာတိုတွေထဲ ဝင်ကြည့်တောင် ဘာမှ ကိစ္စရှိမှာ မဟုတ်ဘူး ‌ဒါပေမယ့် မင်းကတော့ ... ငါမှတ်မိသလောက်ဆို ရှေ့ရက်ပိုင်းတုန်းက မင်းလူယုံက မင်းကို ရှာနေတာ မဟုတ်လား သူတစ်ခုခု တွေ့သွားမှာကို မကြောက်ဘူးလား ..." 


Crohn ၏ အမူအယာက ရုတ်ချည်း ပြောင်းလဲသွားကာ ကိတ်ထံ ပြေးသွားလိုက်သော်ငြား ကျောက်လင်းယွီကမူ သူ့ခြေထောက်အောက်ရှိ မြက်ပင်လေးကိုသာ ကြည့်နေလိုက်သည်။ သူကြည့်နေသော မြက်ကလေးက လေနှင့်အတူ ယိမ်းနွဲနေပြီး ကျန်မြက်များနှင့် လုံးဝ ကွဲပြားနေခြင်း မရှိပေ။ 


"မင်းက အံ့ဩစရာ ကောင်းလောက်အောင်ကို သန်မာတာပဲ ..." 


မာရှယ်၏ အိမ်ပေါက်ဝတွင် ရပ်နေခဲ့စဉ်က သူ့အနားသို့ ချဉ်းကပ်ကာ စကားစပြောလာသော ချပ်မင်က နောက်တစ်ဖန် ရောက်လာပြန်တော့သည်။ သူ့အမြင်မှာ အခြားသူများထက် ပိုကောင်းသည့်အတွက် ကျောက်လင်းယွီနှင့် ကင်မရွန်တို့၏ တိုက်ပွဲတွင် ကျောက်လင်းယွီက ပိုပြီး သန်မာကြောင်း သိထားပေသည်။ 


"ကျေးဇူးတင်ပါတယ် ..." 


သူက ပြောလိုက်သည်။ 


"ငါက အမှန်အတိုင်း ပြောတာပါ ..." 


ချပ်မင်က ပြောလိုက်သည်။ 


"ပြီးတော့ ထပ်ပြီး ဂုဏ်ပြုစရာ ရှိနေသေးတယ် လောယာက ဖက်ဒရယ်နဲ့အတူ သံတမန်ရေးရာ ဆက်ဆံမှုတွေလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီလေ အဲဒါနဲ့ ငါလည်း နှစ်ဦးနှစ်ဖက် ကိုယ်စားလှယ်တွေ လဲလှယ်ကြဖို့ အဆိုပြုပေးလိုက်တယ် ..." 


ချပ်မင်က အပြုံးအပြည့်ဖြင့် ပြောလိုက်သော်ငြား ကျောက်လင်းယွီမှာမူ အံ့ဩသွားရတော့သည်။ လက်ရှိအခြေအနေအရ ကိုယ်စားလှယ်လဲလှယ်ခြင်းသည် သင့်တော်သော်လည်း ထိုအပေါ်တွင် အခြေခံကာ မသမာမှုများစွာ ဖြစ်ပွားသွားနိုင်ပေသည်။


ချပ်မင်က စကားဆက်ပြောတော့မည့် အချိန်တွင် သူ့ကြင်ယာတော် အလှလေးက လက်မောင်းထဲသို့ လဲကျလာတော့သည်။ 


သူက ဇနီးဖြစ်သူကို ဆီးကာပွေ့ထားသော်ငြား အမူအယာမှာမူ မကောင်းလှတော့ချေ။ 


"ဘာဖြစ်လို့လဲ ..." 


"ဘယ်သိမလဲ ဒီမင်္ဂလာဆောင်က လေဟာပြင်မှာမှ လုပ်ရတယ်လို့ ကျွန်မမှာ မြက်ခင်းပေါ် ‌ဖြတ်လျှောက်ဖို့တောင် စိုးရိမ်နေရပြီ ..." 


သူမက မကျေမနပ်ဖြင့် မြည်တွန်တောက်တီးလိုက်သည်။ 


ချပ်မင်က သူ့ကို အရှက်ကွဲစေသည့် အမျိုးသမီးအား ကန်ထုတ်လိုက်ချင်သော်ငြား ထိုကဲ့သို့ လုပ်ဆောင်၍ မရချေ။ နောက်ဆုံးတွင်တော့ ရေခဲရိုက်ထားသော မျက်နှာထားနှင့်အတူ သူမကို ယာဉ်ပျံဆီသို့ လိုက်ပို့ပေးလိုက်ရတော့သည်။ 


ကျောက်လင်းယွီက အောက်ကို ငုံ့ကြည့်လိုက်ချိန်တွင်တော့ မြက်ကလေးမှာ ပျောက်ကွယ်သွားချေပြီ။ တစ်ခဏမျှ ရပ်တန့်နေပြီးမှသာ နောက်တစ်နေရာသို့ ရွှေ့သွားလိုက်တော့သည်။


Xxxxxxx