အပိုင်း ၁၆၂
Viewers 18k

Chapter 162


လေဟာပြင်တွင် ကျင်းပသည့် မင်္ဂလာပွဲမျိုးသည် အဒီလာကဲ့သို့သောသူများအတွက်မူ စိတ်ပျက်စရာအတိပင် ဖြစ်သည်။ သူမက ကြီးကျယ်ခမ်းနားသည့် ပွဲအခမ်းအနားမျိုး တက်ရသည့်နှယ် ကောင်းမွန်စွာ ဝတ်စားဆင်ယင်ကာ  အင်မတန် ကောင်းမွန်လှသည့် ဖိနပ်မျိုးကိုပင် စီးလာခဲ့သော်ငြား ကျန်သူများမှာတော့ အလွန် ပူပန်ကြောင့်ကြမဲ့လွန်းလှပေသည်။ 


မင်္ဂလာပွဲကို ခြံဝန်းထဲတွင် ကျင်းပသည်ဆိုသော်လည်း အထူးတလည် အလှဆင်ယင်ထားကာ လူကုံထံများပင် အမြဲလိုလို မစားနိုင်လောက်သည့် စားစရာများဖြင့်ပါ တည်ခင်းဧည့်ခံထားသေးသည်။ ထိုသည်သာမက ဖျော်ဖြေရေးအစီအစဉ်များလည်း အများအပြား ထည့်သွင်းပေး၏။ လောယာ၏ နာမည်ကြီးကြယ်ပွင့်အချို့လည်း တက်ရောက်လာကြသေးသည့်အပြင် မြောက်များစွာသော အားကစားနည်းများနှင့် မက်ခါလက်နက်အသစ်အဆန်းများကိုပင် ပြင်ဆင်ပေးထား၏။ 


ပွဲအခမ်းအနားပြီးပြီးချင်း စားသောက်ဝိုင်းသို့ အရင်ဆုံး ဝင်ထိုင်ကာ စွမ်းရည်အတွက် သင့်လျော်သည့် စားစရာအမျိုးမျိုးတို့ကို စားလိုက်သူမှာ ကိတ်ပင်ဖြစ်သည်။ စွမ်းရည်အတွက် သင့်လျော်သည့် အစားအစာများကို မကြိုက်နှစ်သက်သူဟူ၍ မရှိသော်ငြား အများစုက တို့ကနန်းဆိတ်ကနန်းသာ စားကြပြီး ကိတ်တစ်ဦးတည်းကသာ မျက်နှာသေဖြင့်ထိုင်ရင်း တစ်ခုပြီးတစ်ခု ယူစားနေပေသည်။ 


သူ့အကောင့်ကို စစ်ဆေးရင်း အတိတ်က ဖြစ်ရပ်များကို ရှာတွေ့သွားမည်အား စိုးရိမ်နေသော Crohn ကလည်း ကိတ်အနောက်သို့ စိုးရိမ်တကြီး လိုက်လာလိုက်၏။ သို့သော် ကိတ်၏ အပြုအမူအရမူ သူကသာ အစိုးရိမ်လွန်နေခြင်း ဖြစ်ပေလိမ့်မည်။ ထို့အပြင် သူသည်လည်း ဗိုက်ဆာလာ‌သည့်အတွက် ... 


ကိတ်၏ ဘေးသို့ ဝင်ထိုင်ကာ သူ့ထက်ပင် လျင်မြန်သည့် အရှိန်နှုန်းဖြင့် စတင်စားသောက်လိုက်တော့သည်။ 


"Crohn မင်း စားပြီးသား မဟုတ်ဘူးလား ..." 


သူ့သူငယ်ချင်းတစ်ယောက်က စနောက်လိုက်သည်။ 


"မဟုတ်တာ အခုက နှစ်ယောက်စာဖြစ်နေပြီလေ ..." 


သူက တည့်တိုးပြောလိုက်သည်။ 


သူ့သူငယ်ချင်းမှာ အကြီးကြီး ထိရှသွားလေတော့၏။ 


သူ့မှာ အခုထိ ကလေးမရှိသေးဘူးလေ ... 


အတော်ကြာ နှုတ်ဆိတ်နေပြီးကာမှ သူက ထပ်မေးလိုက်သည်။ 


"Crohn ကလေးရဖို့ ဘယ်လိုလုပ်ရမလဲ မင်းမရီးက ငါသာ သူ့ကို ကလေးရအောင် လုပ်မပေးနိုင်ရင် ကွာရှင်းတော့မှာတဲ့ ..." 


"ကလေးရဖို့က ဒီလောက် မရိုးရှင်းမှန်း ‌သဘောပေါက်ထားရမယ်လေ မဟုတ်ဘူးလား ..." 


Crohn က ပြောလိုက်သည်။ 


"ဖက်ဒရယ်ကို ကူညီရမှာလား ..." 


ထိုသူက မေးလိုက်သည်။ 


"ဟုတ်တယ် စာချုပ်မှာ လက်မှတ်ထိုးဖို့ ဆန္ဒရှိရင်ပေါ့ ..." 


Crohn က ပြောလိုက်သည်။ လောယာသားတို့သည် စာချုပ်စာတမ်းပါ အချက်များကို လိုက်နာတတ်သူများ ဖြစ်ကြသည့်အတွက် လက်မှတ်ထိုးပြီးပါလျှင် သဘောတူညီချက်ကို ချိုးဖျက်တော့မည် မဟုတ်ချေ။ 


သူနှင့် စကားပြောနေသူက အ‌တန်ကြာ တိတ်ဆိတ်နေပြီးနောက် အလျင်အမြန် ခေါင်းငြိမ့်ပြလိုက်သည်။ 


"ကောင်းပြီလေ လက်မှတ်ထိုးပေးမယ် ..." 


ကျောက်လင်းယွီ ရောက်လာချိန်တွင်တော့ Crohn သည် လူနှစ်ယောက်နှင့် အပေးအယူလုပ်ပြီးနေပြီဖြစ်သည်။ ကျောက်လင်းယွီကို မြင်သည်နှင့်တစ်ပြိုင်နက် သူက နှုတ်ဆက်လိုက်သည်။ 


"လင်းယွီ ဒီကိုလာ ..." 


ကျောက်လင်းယွီက ဘေးနားဝင်ထိုင်ကာ မွှေးရနံ့သင်းပျံ့နေသော အသားကင်တစ်ပန်းကန်ကို စိတ်အေးလက်အေး စားသောက်ရင်း အနီးနားရှိ ဧည့်သည်များနှင့် စကားစမြည်ပြောလိုက်သည်။ 


ရမ်ရှန့်သည် အနီးနားရှိ အမြစ်တစ်ခုကို ကိုင်ကာ အရွက်နှစ်ရွက်ကို ပူးကပ်ရင်း အသားကင်ကို လောဘတကြီး ကြည့်နေမိသည်။  နောက်ဆုံးတွင်သူတောင့်မခံနိုင်တော့ပဲ ကျောက်လင်းယွီ၏ ခြေဖဝါးကိုပါ အမြစ်နှင့် သွားထိုးလိုက်တော့၏။ 


လုံခြုံရေးအတွက် သူ့ စိတ်စွမ်းအင်ကိုလည်း အသုံးမပြုနိုင်ရာ ကျောက်လင်းယွီနှင့် ဆက်သွယ်ရန်မှာ သူ့ခြေထောက်အား လှမ်းတို့ရန်မှတစ်ပါး အခြားနည်းလမ်း မရှိတော့ပေ။ 


ထ်ိုအချိန်တွင် ကျောက်လင်းယွီမှာလည်း သူဆိုလိုချင်သည်ကို သဘောပေါက်သဖြင့် အနည်းငယ် ကူကယ်ရာမဲ့သွားရှာ‌တော့၏။ 


ရမ်ရှန့်က စားချင်နေတာ ထင်တယ် ဟုတ်တယ်မဟုတ်လား ... 


သူနဲ့ ဒုတိယသားက အတူဆုံးဆိုတာ တကယ်ကို မမှားဘူးပဲ ဒါပေမယ့် တစ်ခြားသူတွေက သူ့ကို အကဲခတ်နေကြတဲ့အချိန်မှာ ဘယ်လိုလုပ် အပင်တစ်ပင်ကို အစာကျွေးလို့ ရမှာလဲ ... 


"ကျောက်လင်းယွီ လောယာမှာ ဥပဒေက အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုပဲ လူသတ်ပြီးတာတောင် အပြစ်ပေးမခံရဘဲ ထွက်ပြေးနိုင်လိမ့်မယ်လို့ စိတ်တောင်မကူးနဲ့ ..." 


ကျောက်လင်းယွီက အခြားသူများနှင့် ဆက်သွယ်ပြောဆိုရင်း အစာတောင်းနေသည့် အပင်လေးကို မည်သို့မည်ပုံ ကျွေးမွေးသင့်ကြောင်း တွေးနေစဉ်မှာပင် လူငယ်တစ်ဦးက ရုတ်ချည်း ထပြောလိုက်သည်။ 


"လူသတ်သမား ဟုတ်လား ..." 


ကျောက်လင်းယွီက သူ့ကို အကြည့်တစ်ချက်ပင် မပို့ဘဲ ‌တီးတိုးရေရွတ်လိုက်သည်။ လောယာတွင် သူ့ကို ပြစ်ဒဏ်ချမှတ်လိုသူအချို့ ရှိနေသေးသော်ငြား ကူညီလိုသူအရေအတွက်ကသာ ပိုပြီး များပြားပေသည်။ 


"ကင်မရွန်က မင်းလက်ချက်နဲ့ သေသွားတာလေ ..." 


ထိုလူငယ်က ပြောလိုက်သည်။ 


"သူက သေကြောင်းကြံတာ မဟုတ်ဘူးလား  ..." 


ကျောက်လင်းယွီနှင့် စကားပြောနေသူက ဝင်ပြောလိုက်သည်။


ထိုလူငယ်မှာ မျက်နှာတစ်ခုလုံး နီမြန်းလာကာ ခွန်းတုန့်ပြန်တော့မည့် အချိန်မှာပင် ခြေဖဝါးအောက်ခြေမှ တစ်ခုခု ထိုးဆိတ်လိုက်သည်ကို ခံစားလိုက်ရတော့၏။ သူသည် စွမ်းရည်ပိုင်ရှင်တစ်ဦး ဖြစ်သော်ငြား အလန့်တကြားဖြင့် အော်ငိုမိလုမတတ် ဖြစ်သွားကာ သူ့ဘေးနားရှိ စားပွဲမှာလည်း ရုတ်တရက် ကျွမ်းထိုးမှောက်ခုံဖြစ်သွားပြီး စားစရာသောက်စရာနှင့် အချိုပွဲအမျိုးမျိုးတို့ သူ့ထံ ပျံ့လွင့်လာတော့၏။ 


စွမ်းရည်ပိုင်ရှင်တစ်ဦးအနေဖြင့် ၎င်းတို့ကို ရှောင်တိမ်းရန်မှာ မခဲယဉ်းလှသော်ငြား သူ့နောက်တွင် နံရံတစ်ခု ရှိနေဟန် ခံစားလိုက်ရကာ စားစရာအားလုံး သူ့ကို ဝင်တိုက်မိပြီး စားပွဲမှာလည်း ချာချာလည်ကာ မြေကြီးပေါ် လဲကျသွားတော့သည်။ 


ကျောက်လင်းယွီ၏ နှုတ်ခမ်းထောင့်စွန်းတို့မှာ မသိမသာ ကော့တက်လာတော့၏။ မြေကြီးပေါ်ကျသွားသော စားစရာများမှာ များမကြာမီမှာပင် တစ်ဖြေးဖြေး လျော့နည်းသွားလေတော့သည်။ 


"ဘယ်သူက နောက်ကျောကို ဓားနဲ့ထိုးလိုက်တာလဲကွ မင်းတို့တွေက ဂြိုဟ်သားကောင်ကို ကူညီပြီး ကိုယ့်မျိုးနွယ်အချင်းချင်းကို အနိုင်ကျင့်နေကြ‌တယ်ပေါ့ ဟုတ်လား ..." 


ကံဆိုးသွားရှာလေသူ လူငယ်လေးက ဒေါသတကြီး မေးလိုက်သည်။ 


သူ့ဘေးနားရှိ လူများက ကိစ္စများ၏ တရားခံကို တိတ်တဆိတ် ခန့်မှန်းရင်း နှုတ်ပိတ်နေကြပြီး ကျန်သူများကမူ လှုပ်ရှားရာတွင် နောက်ကျသွားသည့်အတွက် နောင်တရနေကြတော့သည်။ 


သူ့ကို ဟန့်တားကာ စားစရာများ ပစ်ပေါက်ခံရချိန်တွင် ရှောင်တိမ်းခွင့် မပေးခဲ့သော အမျိုးသားကမူ အနည်းငယ် ဂုဏ်ယူနေမိတော့သည်။ သူက လက်ဦးမှုယူလိုက်သူ မဟုတ်သော်ငြား သူ၏တုန့်ပြန်မှုများမှာလည်း အလွန်မြန်ဆန်ပေသည်။ 


ဘယ်သူကများ သူ့ထက်အရင် လှုပ်ရှားလိုက်လဲ မသိဘူး တကယ်ကို လက်သွက်တာပဲ ... 


မှောက်ခုံဖြစ်နေသော စားပွဲအောက်တွင်မူ လက်ဦးမှုယူလိုက်သည့် ရမ်ရှန့်က သူစားလိုသည်များကို ရွှံ့ထဲသို့ ဆွဲယူရင်း အမြစ်ကို ဦးစားပေးလိုက်သည်။ သို့သော် အမြစ်များဖြင့် စုပ်ယူချိန်တွင် အရသာမခံနိုင်သည့်အတွက် အနည်းငယ် စိတ်ဓာတ်ကျလာတော့၏။ 


ထို့နောက်တွင်တော့ ကျောက်လင်းယွီကို မည်သူကမှ လာမနှောင့်ယှက်တော့။ ရမ်ရှန့်ကလည်း စားစရာအကြောင်း ထပ်စဉ်းစား‌မနေတော့ချေ။ 


လက်ထပ်ပွဲကို အောင်မြင်စွာ ကျင်းပပြီးနောက် ကျောက်လင်းယွီလည်း ကိတ်၊ Crohn တို့နှင့်အတူ ပြန်လာခဲ့လိုက်သည်။ သူ ရေမွန်၏ အိမ်တော်ကို နောက်ပြန်လှည့်ကြည့်နေချိန်တွင် အကာအကွယ်ဒိုင်းထံမှ အသံတစ်သံကို ကြားလိုက်ရ၏။ ထို့နောက်တွင်တော့ မည်သည့်လှုပ်ရှားမှုကိုမှ မတွေ့ရတော့။ 


ရေမွန်၏ အိမ်တော်ထိန်းက ဂျန်ခင်ကို တစ်ဖန် အကြောင်းကြားလိုက်ရပြန်တော့သည်။ 


"သခင်လေးဂျန်ခင် အကာအကွယ်ဒိုင်းက နောက်တစ်ခါ အသံမြည်လာပြန်ပါပြီ ကြည့်ရတာ သစ်ပင်တစ်ပင်ရဲ့ အမြစ်တွေက ဒိုင်းကို သွားထိနေတာနဲ့ တူပါတယ် ဒိုင်းမှာတော့ ဘာမှ ပျက်စီးထားတဲ့အရိပ်အယောင် မတွေ့ရပါဘူး အပင်စွမ်းရည်ပိုင်ရှင်တစ်ယောက်ယောက်ကများ ဒီအပင်ကို လမ်းကြောင်းပြောင်းပေးနိုင်လောက်သလားတော့ ..." 


"အဆင်ပြေတယ်လို့ ကြားရတာပဲ ဝမ်းသာနေပါပြီ ..." 


ဂျန်ခင်က ဧည့်သည်များကို လိုက်လံနှုတ်ဆက်နေရင်း အနည်းငယ် ထူးဆန်းသယောင် ခံစားမိလိုက်သော်လည်း မကြာမီမှာပင် ထိုထူးဆန်းမှုကို မေ့ပျောက်သွားတော့သည်။ သူသည် ရေမွန်ကိုသာ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး ဂရုစိုက်ပေးလိုသည့်အတွက် ထိုအရာများကို များစွာ အာရုံမထားလိုတော့ချေ။ 


ကျောက်လင်းယွီလည်း စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းတစ်ချက်ချရင်း ယာဉ်ပျံရှိရာသို့ ပြန်သွားလိုက်တော့၏။ 


သူအိမ်ပြန်ရောက်လာချိန်တွင် ကလေးများကို ရေတွက်နည်း သင်ပေးနေသည့်အကြီးအကဲထန့်၏ အမူအယာမှာမူ အနည်းငယ် ထူးဆန်းနေသည်ကိုတွေ့လိုက်ရသည်။ 


"အကြီးအကဲထန့်က ဘာဖြစ်လို့လဲ ..." 


သူက တအံ့တဩ မေးလိုက်သည်။ 


"အိုး ... ငါ သူတို့ကို ရေတွက်နည်း သင်ပေးချင်လို့ဆိုပြီး အွန်လိုင်းကနေ teething cookie ဆယ်သေတ္တာ မှာလိုက်တာ ..."

(Teething cookie ဆိုပြီး ရှာလိုက်တော့ ရိုးရိုးကွက်ကီးတွေပဲ ထွက်လာပေမယ့် သူက ကလေးတွေ သွားပိုးမစားအောင် လုပ်ထားတဲ့ ကွက်ကီးကို ပြောချင်တာလို့ပဲ ထင်ပါတယ် ) 


"ကွက်ကီးတွေကရော ..." 


ရမ်ရှန့်က သိချင်စိတ်အပြည့်ဖြင့် မေးလိုက်သည်။ 


သေတ္တာလွတ်အချို့သာ ရှိနေတော့၏။ 


"အကုန်စားလိုက်ကြပြီ ..." 


သူ သင်ကြားပေးနေချိန်တွင် အကြီးဆုံးသားက အထင်မကြီးဟန်ဖြင့် စိုက်ကြည့်ကာ အားလုံးကို သိနေပြီးသားဟု ဆိုလာသည်။ ဒုတိယသားက ကျွမ်းကျွမ်းကျင်ကျင် ရေတွက်ပြရင်း ကွက်ကီးတို့ကို အလျင်အမြန် စားလိုက်သည်။ တတိယသားကမူ အိပ်နေရာမှပင် ထမလာသေးချေ။ စတုတ္ထသားက ဒုတိသားကို သူ့ခန္ဓာကိုယ်ဖြင့် တက်ဖိလိုက်သည့်အတွက် ဒုတိယသားမှာ ရှိုက်ကြီးတငင် ငိုချလိုက်ရာ အကြီးအကဲထန့်၏ နှလုံးသားတစ်ခုလုံး နူးညံ့သွားရတော့သည်။ ထိုစဉ် စတုတ္ထသားက ကွက်ကီးအချို့ ထိုးထည့်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် ငိုသံတို့ ရပ်ဆိုင်းသွားတော့၏။ 


ဒီရက်ပိုင်းထဲမှာ ကလေးထိန်းရတာ ပိုပြီး ခက်ခဲလာသလိုပဲ ... 


မဟုတ်ဘူး Gerd နဲ့ ဖန့်ချန်ကျွင့်ရဲ့ ကလေးတွေကတော့ ထိန်းရလွယ်ပါတယ် တစ်ယောက်ကဆို အကြီးအကဲဖန့်ရဲ့ ငယ်ရုပ်လေးနဲ့တောင် တူနေသေးတယ် ... 


သူ့အတွေးတို့ လေလွင့်နေစဉ်မှာပင် ကျောက်လင်းယွီက ကွက်ကီးပုံးခွံများကို လွှင့်ပစ်လိုက်သည်။


"နီယာရဲ့ကျန်းမာရေးက ဘယ်အချိန် ပြန်သက်သာလာမှာလဲ သူမ နေပြန်ကောင်းလာတဲ့အချိန်ကျရင် သူမကို ဖက်ဒရယ်ရဲ့ မစ်ရှင်အတွက် စကားပြန်လုပ်ခိုင်းကြရအောင် ..."


ဖက်ဒရယ်ရှိ စိတ်စွမ်းအင်အသုံးပြုနိုင်သူအားလုံးမှာ လေယာသို့ ရောက်ရှိနေရာ ကျန်သူများသည် လောယာဘာသာစကားကို အလျင်အမြန်လေ့လာရန် စိတ်စွမ်းအင်ကို အသုံးမပြုနိုင်သည့်အတွက် စကားပြန်တစ်ဦး မုချလိုအပ်လာတော့သည်။ နီယာကို ဖက်ဒရယ်အတွက် စကားပြန်လုပ်ခိုင်းရခြင်းတွင် အခြားအကြောင်းပြချက်များလည်း ရှိနေပေသေးသည်။ 


ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီးကတည်းက လူရှေ့ပြန်ထွက်ရန် ကြံရွယ်နေသော နီယာအဖို့ ဤသည်မှာ အခွင့်အရေးကောင်းတစ်ခု ဖြစ်ပေသည်။ ကျန်းမာရေး ပြန်ကောင်းလာသည့်အပြင် ကိုယ်ဝန်ပင် လွယ်ထားရနိုင်သည့် ဇနီးလောင်းကို ပြန်တွေချိန်တွင် ဖြစ်ပျက်သွားမည့် ချပ်မင်၏ မျက်နှာမှာ အလွန်ကြည့်၍ကောင်းနေမည် ဖြစ်သည်။ ထိုအဆိုပြုချက်အားလုံးမှာ ဖက်ဒရယ်၏ သံတမန်များ ဘေးကင်းကင်းနှင့် ရောက်လာရန်ပင်ဖြစ်သည်။ 


"ဖက်ဒရယ်က သံတမန်တွေ ဟုတ်လား ..." 


အကြီးအကဲထန့်က သူ့ကို တအံ့တဩ မေးလိုက်သည်။ 


"သူတို့က ဘယ်လိုလုပ် ရောက်လာကြမှာလဲ လမ်းခရီးက ..." 


ဖက်ဒရယ်နဲ့ လောယာအင်ပါယာဆိုတာ အဝေးကြီးလေ လာတဲ့လမ်းမှာ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ... 


"ကျွန်တော် တွက်ဆထားတာသာ မှန်ရင် ချပ်မင်က တစ်ခုခု လှုပ်ရှားနေပြီ ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ သူက ကိစ္စရပ်များစွာကို ဆောင်ရွက်ခဲ့သော်ငြား ဧကရာဇ်ကသာ အများဆုံး ဆောင်ရွက်ခဲ့သူဖြစ်သည်။ 


ဧကရာဇ်က နူးညံ့တဲ့ပုံ ပေါ်ပေမယ့် သူက ချပ်မင်ကို အဆုံးစွန်အထိ တွန်းပို့လိုက်ပြီးပြီ ချပ်မင် လှုပ်ရှားတော့မယ့်အချိန်ပဲ ... 


"ဒါဆို ငြင်းလို့ရလောက်လား သံအဖွဲ့သာ အန္တရာယ် ဖြစ်သွားရင် ..." 


အကြီးအကဲထန့်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ 


"မရဘူး ဧကရာဇ်က သဘောတူမှာ မဟုတ်ဘူး ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ ချပ်မင် သူ့ကို ပြောခဲ့သည့်စကားများအရ ဧကရာဇ်ကလည်း သဘောတူပြီးဖြစ်ကြောင်း သိသာနေပေသည်။ ထို့နောက်တွင်တော့ မျှော်လင့်ထားသည့်အတိုင်းပင် ဧကရာဇ်က သူ့ကို ဆက်သွယ်လာတော့၏။


Xxxxxxx