အပိုင်း ၁၆၃
Viewers 18k

Chapter 163


 

ဆက်သွယ်ရေးစက်၏ တစ်ဖက်ခြမ်းရှိ ဧကရာဇ်က အပြုံးတို့ကို ဖောဖောသီသီ ထုတ်ပြကာ ဖက်ဒရယ်အကြောင်း ဆွေးနွေးရင်း သံအမတ်အဖွဲ့ကို ကာကွယ်ပေးရန် တစ်စုံတစ်ဦးကို စေလွှတ်ပေးဦးမည်ဖြစ်ကြောင်းကိုပါ ထည့်ပြောလိုက်သေးသည်။ 


"အရှင်က ဘယ်သူတွေကို တာဝန်ပေးဖို့ စဉ်းစားထားပါသလဲ ..." 


သူက မေးလိုက်သည်။ 


"Crohn နဲ့ ကိတ်ပေါ့ ..." 


ဧကရာဇ်က ခပ်ပြုံးပြုံး ပြောလိုက်သည်။ 


"တကယ်လို့ မာရှယ်ကျောက်အနေနဲ့ စိတ်မအေးနိုင်ရင် လိုက်သွားလို့ရပါတယ် ..." 


"ကျေးဇူးတင်ပါတယ် အချိန်ရောက်လာတဲ့အချိန်ကျရင် အရှင့်ကို ဒုက္ခပေးစရာတစ်ခု ရှိနေပါသေးတယ်..." 


သူက တစ်ဖက်ရှိ ဧကရာဇ်ကိုကြည့်ကာ ပြောလိုက်သည်။ 


"ကူညီနိုင်သရွေ့ ကူညီပေးပါ့မယ် ..." 


ဧကရာဇ်က ပြုံးကာ ပြောလိုက်သည်။ 


"ဒီလိုစကားကို ကြားလိုက်ရတဲ့အတွက် စိတ်သက်သာရာ ရသွားပါပြီ ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


စကားဝိုင်းကို အဆုံးသတ်ပြီးနောက် သူက သက်ပြင်းအသာချကာ အကြီးအကဲထန့်ကို ပြောလိုက်သည်။ 


"ရမ်ရှန့်ရော သူ‌ဒီနေ့ ဘာလုပ်နေလဲ ..." 


" သူ ဒီ‌နေ့ အခန်းထဲမှာပဲ နေနေတာ ..." 


သူက ထိုသို့ပြောကာ ဝမ်းဗိုက်တို့ ဖောင်းကားနေသည့် ဒုတိယသားကို ကတိုက်ကရိုက် ပွေ့ချီကာ ကျောက်လင်းယွီ၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။ 


"ဒါနဲ့ ... မင်းလည်း ပြန်ရောက်ပြီဆိုတော့ ကလေးတွေကို မင်းလက်ထဲပဲ ထည့်ခဲ့တော့မယ် ငါ့မှာ လုပ်စရာလေးတွေ ရှိနေသေးလို့ ..." 


သူက ကတိုက်ကရိုက် ပြေးထွက်သွားမည် ပြုပြီးကာမှ တင့်တယ်လှသော အမူအယာတို့နှင့်အတူ ခြေလှမ်းများ၏ အရှိန်ကို နှေးကွေးစေလိုက်တော့သည်။ 


ဖက်ဒရယ်နဲ့ လောယာအင်ပါယာ ... နောက်ဆုံးမှာ ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာကို သိချင်မိပါရဲ့ ... 


သူထွက်သွားပြီးနောက် ကျောက်လင်းယွီက ဘေးနားရှိ ကလေးများကို ငုံ့ကြည့်ကာ အကြီးဆုံးသားကို ကျောပိုးလိုက်ပြီး ကျန်သုံးယောက်ကို ပွေ့ချီရင်း အခန်းရှိရာဆီသို့ ပြန်သွားလိုက်တော့၏။ တံခါးဖွင့်လိုက်ချိန်တွင် အနည်းငယ် ရှက်‌ရွံ့နေဟန် မျက်နှာထားဖြင့် ရမ်ရှန့်ကို တွေ့လိုက်ရတော့သည်။ 


"ပြန်လာပြီလား ..." 


"ပြန်လာပြီ မင်းလည်း ပြန်ရောက်နေပြီပဲ ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


"ဘာကြီး ကျွန်တော်က ဘာလို့ ပြန်ရောက်ရမှာလဲ  ... ဒီထဲမှာပဲ နေနေတာလေ ..." 


ရမ်ရှန့်က မလုံမလဲဖြစ်ဟန်ဖြင့် မေးလိုက်သည်။ 


ကျောက်လင်းယွီက ဘယ်လိုဖြစ်လို့ သတိထားမိသွားရတာလဲ ... 


"မင်းရဲ့ တည်ရှိမှုကို ခံစားလို့ ရနေတာလေ ... ရမ် မင်းက သေးသေးလေး‌ဖြစ်အောင်လည်း လုပ်လို့ရတယ်လား ..." 


သူက မေးလိုက်သည်။ ရမ်ရှန့်၏ စိတ်ဝိဉာဉ်အသွင်ကို မြင်ဖူးသော်ငြား ထိုမျှအထိ သေးကွေးသည့်ပုံစံကိုတော့ တစ်ခါမှ မတွေ့ဖူးသေးချေ။ 


"ရတာပေါ့ ဒါပေမယ့် ရှောင်လွီလိုတော့ ပိုပြီး ရှည်ထွက်လာအောင် လုပ်လို့မရဘူး ..." 


ရမ်ရှန့်က ဂျင်ဆင်းပင်ပေါက်လေးအသွင် ပြောင်းရင်း ပြောလိုက်သည်။ အမြစ်တို့ကို အိပ်ယာဘေးနားသို့ ဆန့်ထုတ်ကာ အရွက်ထိပ်ဖျားလေးများကို လှုပ်ယမ်းနေသည့် ဂျင်ဆင်းပင်ပေါက်လေးသည် အင်မတန် ချစ်စရာကောင်းလှပေသည်။


ကျောက်လင်းယွီက သူကိုင်လိုသည့် အရွက်နှစ်ရွက်ကို ကိုင်ခွင့်ရလိုက်သော်ငြား ရမ်ရှန့်မှာ ဂျင်ဆင်းပုံစံ ပြောင်းချိန်တွင် ပိုပြီး ထိလွယ်ရှလွယ်သဖြင့် ကျောက်လင်းယွီ သူ့ကို ထိတော့မည့်အချိန်မှာပင် အရွက်တို့ကို လိပ်ရင်း ရှောင်တိမ်းလိုက်တော့သည်။ 


နောက်တစ်စက္ကန့်အတွင်းမှာပင် သူ့ကို လက်သေးသေးလေးတစ်ဖက်က ဖမ်းယူကာ ပါးစပ်ထဲကို ပစ်ထည့်ပြီး လျာဖြင့် လျက်လိုက်သဖြင့် သူ့တစ်ကိုယ်လုံး တံတွေးများဖြင့် စိုရွှဲသွားတော့၏။ 


"ဒုတိယသား ..." 


ကျောက်လင်းယွီက သားဖြစ်သူကို မျက်နှာထားတင်းတင်းဖြင့် လှမ်းပွေ့လိုက်ကာ ရမ်ရှန့်ကလည်း လူပုံစံသို့ အမြန်ပြောင်းလိုက်တော့၏။ သားဖြစ်သူ၏ အနိုင်ကျင့်ခြင်းကို ခံလိုက်ရသည်မှာ ကျေနပ်ဖွယ်ရာ မရှိပေ။ 


"ဖေဖေ့ရဲ့အနံ့က အရမ်းကောင်းတာပဲ ..." 


ဒုတိယသားက ရမ်ရှန့်ကိုကြည့်ကာ ပြောလိုက်သည်။ 


"လျက်ရုံပဲ လျက်တာပါ ကိုက်မစားပါဘူး ..." 


"..." 


ကျောက်လင်းယွီက ကလေးများကို ကန်ထုတ်လိုက်တော့၏။ 


ဒါက သူ့ဇနီးလေးကွ လျက်ခြင်းလျက် သူတစ်ယောက်ပဲ လျက်ရမှာ ... 


ထိုအချိန်တွင် လောယာအင်ပါယာ၏ အင်တာနက်ကွန်ယက်မှာလည်း တစ်ဖန် ပွက်လောရိုက်ကုန်ကြပြန်၏။ သန္ဓေတည်ဆေးနှင့် အာဟာရဆေးရည်အကြောင်း သတင်းထွက်လာသည်မှာလည်း ကြာမြင့်နေပြီဖြစ်ရာ ကျောက်လင်းယွီ၏ ရုတ်တရက် ထွက်ပေါ်လာမှုမှာ အများ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရတော့သည်။ 


ဖက်ဒရယ်က လူတွေက တကယ်ပဲ လောယာအင်ပါယာမှာ ရှိနေတာပေါ့ ပြီးတော့ ကျောက်လင်းယွီက ... ပုံကြမ်းတွေအရဆိုရင် သူက သားဆုပေးတဲ့ မင်းသားလေးနဲ့ တစ်ထေရာတည်းပဲ ... 


လူထုတစ်ရပ်လုံး လှုပ်ရှားတက်ကြွလာကြကာ ကျောက်လင်းယွီကို တွေ့ခွင့်ရရန် စောင့်ဆိုင်းနေကြတော့သည်။ သူ့ထံမှ သန္ဓေတည်ဆေး လက်ခံရရှိဖူးသူများကလည်း ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောကြားလာကြတော့၏။ 


ဖက်ဒရယ်မှာလည်း တစ်စထက်တစ်စ လူစိတ်ဝင်စားခြင်းကို ခံလာရကာ ဖက်ဒရယ်နှင့် ကျောက်လင်းယွီအကြောင်း စိတ်ဝင်တစား လေ့လာသူအရေအတွက်လည်း တိုးပွားလာတော့သည်။ 


ထိုအချိန်တွင် ဖက်ဒရယ်နှင့် အင်ပါယာမှ သံတမန်အဖွဲ့များ အပြန်အလှန် စေလွှတ်ပြီးဖြစ်သည့်သတင်းကို ထုတ်ပြန်လိုက်တော့သည်။ 


ထိုသတင်းကြောင့် ပြည်သူအများအပြား ဝမ်းသာလုံးဆို့သွားကြတော့သည်။ 


အင်ပါယာနဲ့ ဖက်ဒရယ်သာ သံတမန်ရေးရာအဆက်အသွယ်တွေ ရှိလာမယ်ဆိုရင် လောယာတွေဘက်က သန္ဓေတည်ဆေး အများကြီး ရလာမှာ မဟုတ်လား အင်ပါယာရဲ့ နိုင်ငံရေးအခြေအနေတောင် ပြောင်းလဲသွားနိုင်လောက်လားပဲ ... 


"သန္ဓေတည်ဆေးတွေက တန်ဖိုးကြီးတယ်လို့ ပြောလို့ရတော့ ဆေးကို ရနိုင်ဖို့ စိတ်မကူးဖူးပါဘူး ဒါပေမယ့် ဖက်ဒရယ်မှာ ကလေးတွေ အများကြီးရှိတော့ နည်းနည်းလောက် မွေးစားလို့ ရမှာပါ ဟုတ်တယ်မဟုတ်လား ပြောရရင် သူတို့ရဲ့ မျိုးရိုးဗီဇက ငါတို့တွေနဲ့ ပေါင်းစပ်ထားတာပဲလေ ငါနဲ့ စွမ်းရည်တူတဲ့ ကလေးတစ်ယောက်လောက် ရနိုင်မှာပါ ..." 


အင်ပါယာရှိ နာမည်ကြီး အမျိုးသားကြယ်ပွင့်တစ်ဦးက ထိုသို့ ပြောကြားလာသည်။ 


သူက ဟာသအဖြစ်သာ ပြောလိုက်သော်ငြား အင်ပါယာရှိ ကလေးမရနိုင်သူများအဖို့်မူ ကမ္ဘာသစ်တစ်ရပ်ကို ရှာတွေ့လိုက်သည့်နှယ်ပင်ဖြစ်သည်။ 


ဟုတ်သားပဲ ဖက်ဒရယ်နဲ့ အင်ပါယာကြားမှာသာ သံတမန်ဆက်ဆံရေးရှိရင် သူတို့တွေ ကလေးမွေးစားနိုင်သားပဲ ... 


ကလေးသာ ရနိုင်မယ်ဆိုရင် သွေးသားတော်စပ်တာ မတော်စပ်တာတွေက ပြဿနာမရှိဘူး အဲဒီ့ကလေးရဲ့ စွမ်းရည်က အားနည်းရင်တောင် ကိစ္စမရှိဘူး အခုလတ်တလော တွေ့ရှိချက်အရဆို စွမ်းရည်အားနည်းတဲ့သူ ဒါမှမဟုတ် လုံးဝ စွမ်းရည်မရှိတဲ့သူတွေက ပိုပြီး ကလေးများများ ရနိုင်တယ်တဲ့ သူတို့မှာ အချိန်ရော ငွေရော ပေါများနေမှတော့ ကလေးလေးတွေကို ပျိုးထောင်ရတာလောက်တော့ မပြောပလောက်ပါဘူး ... 


ထိုအချိန်မှစကာ ဖက်ဒရယ်၏ မိဘမဲ့ဂေဟာများကို စိတ်ဝင်စားသူ များပြားလာတော့၏။ 


ဖက်ဒရယ်၏ ဖွံ့ဖြိုးနေသော ဂြိုဟ်များတွင် မိဘမဲ့ဂေဟာ မရှိတော့သော်ငြား မိဘမဲ့ဟေဟာရှိသော ဆင်းရဲသည့်ဂြိုဟ်အများအပြား ရှိနေဆဲပင်ဖြစ်သည်။ ယခင်က ၎င်းတို့သည် အစိုးရ၏ ‌ထောက်ပံ့ကြေးကိုသာ မှီခိုနေရသော်ငြား ယခုရက်ပိုင်းအတွင်း စိတ်ဝင်စားသည့် လူစိမ်းများစွာ တိုးပွားလာတော့၏။ 


စကွိုင်းယားကြယ်သည် ဖက်ဒရယ်၏ အစွန်းပိုင်းရှိ လှပသောကြယ်တစ်လုံးဖြစ်သည်။ ထိုပေါ်တွင် နေထိုင်ကြသူများမှာ စစ်သားများနှင့် ၎င်းတို့၏ ဆွေမျိုးများဖြစ်ကာ ဤဂြိုဟ်ပေါ်သို့ အလည်အပတ် လာရောက်ရင်း အရင်းအမြစ် ကြွယ်ဝသည့်အပြင် ရာသီဥတုမှာလည်း သင့်လျော်ကြောင်း တွေ့လိုက်ရသည့်အတွက် အခြေချနေထိုင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ 


၎င်းမှာ မြို့တော်ကြယ်နှင့် ဝေးကွာလှသည့်အပြင် နည်းပညာမှာလည်း များစွာ မဖွံဖြိုးသေးသော်ငြား လူဦးရေ ထူထပ်လှပေသည်။ သို့သော် စစ်သားနှင့် စူးစမ်းရှာဖွေသူအရေအတွက် များပြားလှသည့်အတွက် မြင့်မားလှသော မူမမှန်သေဆုံးနှုန်းများကြောင့် မိဘမဲ့ဦးရေ တိုးပွားလာရတော့သည်။ 


ပြီးခဲ့သည့်နှစ် ဇာ့ဂ်ဘုရင်မ လာရောက်တိုက်ခိုက်ခဲ့စဉ်ကလည်း စကွိုင်းယားကြယ်ရှိ မိသားစုထောင်ပေါင်းများစွာတို့သည် ချစ်ခင်ရသူများကို ဆုံးရှုံးခဲ့ရကာ မိဘမဲ့ဦးရေ ရာပေါင်းများစွာ တိုးပွားလာတော့ငည။ ဖက်ဒရယ်က စစ်သားများ၏ ကျန်ရစ်သော သားသမီးများကို ကောင်းစွာ ဂရုစိုက်ကာ လူလားမြောက်စမှာပင် ပင်စင်လစာ ခံစားခွင့် ပြုထားသည်။သို့သော် အရွယ်မရောက်ခင်တွင်မူ မိဘမဲ့ဂေဟာ၌ နေရန် လိုအပ်ပေသေးသည်။ 


ဖွံ့ဖြိုးလာသော သိပ္ပံနှင့် နည်းပညာကြောင့် သာမန်သူများသည် သားသမီးပျိုးထောင်ရာတွင် စက်ကိရိယာများကိုသာ အလုံးစုံမှီခိုထားသည့်အတွက် ကလေးမွေးစားလိုသူမှာ လက်တစ်ဆုပ်စာမျှသာ ရှိပေသည်။ ဂေဟာသို့ မကြာခဏ လာရောက်လုပ်အားပေးသူများ ရှိကြသည့်တိုင် တစ်နှစ်လျှင် ကလေးနှစ်ဦးခန့်သာ မွေးစားခံရပြီး ထိုအရေအတွက်မှာ ဂေဟာရှိ မိဘမဲ့ပေါင်း နှစ်ထောင်ကျော်နှင့် နှိုင်းယှဉ်ပါလျှင် အလွန်နည်းပါးလှပေသည်။ 


သို့သော် ယခုလတ်တလောတွင်မူ အခြေအနေမှာ တစ်ဆစ်ချိုးပြောင်းလဲလာကာ ဂေဟာ၏ ဒါရိုက်တာထံသို့ အမြောက်အများ လာရောက်ဆက်သွယ်ကြလေသည်။


စကွိုင်းယားဂေဟာတွင် ကြယ်တာယာကွန်ယက်၌ အထူးစာမျက်နှာတစ်ခုရှိကာ ဂေဟာမှူးက နေ့တိုင်း ဓာတ်ပုံနှင့် ဗီဒီယိုများ တင်ပေးလေ့ရှိပေသည်။ ထိုတင်ပေးသည့် ဓာတ်ပုံအရေအတွက်ကို တိုးမြှင့်ပေးရန် တောင်းဆိုမှုများကို လက်ခံရရှိခဲ့စဉ်က တဏှာရူးများဖြင့် ကြုံနေရလေသလားဟု အထင်မှားခဲ့မိသော်လည်း ထိုသူများက သူမကို ဆက်သွယ်သည့်အပြင် ငွေကြေးပင် လှူဒါန်းလာလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားချေ။ 


ထိုသူများမှာ ကလေးများကို ထိခိုက်လိုစိတ် အလျဉ်းမရှိဘဲ ကလေးများကို ချစ်ခင်ခြင်းသက်သက်သာဖြစ်ကြောင်း သိလိုက်ရသည့်အတွက် ဂေဟာကို လူသိများလာခြင်းအပေါ် ဝမ်းသာကာ လှူဒါန်းငွေနှင့် အပန်းဖြေပန်းခြံတစ်ခု တည်ဆောက်ပေးလိုက်တော့သည်။ သိူ့သော် ထိုသူများက အထူးမွေးစားခွင့်အကြောင်း မေးမြန်းလာပြီး ထိုသို့မေးမြန်းသူအရေအတွက်မှာလည်း မယုံနိုင်လောက်အောင်ပင် တိုးပွားလာတော့သည်။ 


သူတို့က ကလေးပေါက်စလေးတွေတင် မကဘဲ ဆယ်ကျော်သက်တွေကိုပါ မွေးစားချင်တာတဲ့... ဘယ်အချိန်ကများ ကမ္ဘာကြီးက ပြောင်းလဲသွားတာလဲ ဖက်ဒရယ်မှာ မွေးစားချင်တဲ့သူ အရေအတွက်ကရော ဘာလို့ ဒီလောက်ကြီး များလာရတာလဲ ... 


ဂေဟာမှူးမှာ ဇဝေဇဝါ ဖြစ်လာတော့သည်။ 


သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ဖက်ဒရယ်မှ အမှာများကို ယူဆောင်ကာ ငွေလက်ခံရယူပြီး ထိုငွေအားလုံးကို ဂေဟာသို့ လှူဒါန်းလိုက်တော့သည်။ 


သူ့တွင် ကလေးရှိသော်လည်း သူ့ကလေးများမှာ အသက်နှစ်ရာကျော်နေကြပြီဖြစ်ရာ အခြားတစ်ဦးကို ထပ်မံမွေးစားလိုလာလေသည်။ အင်ပါယာသားများအကြား ဖက်ဒရယ်ကွန်ယက်သို့ ကူးသန်းရခြင်းမှာ ရေပန်းစားလာကာ ဖက်ဒရယ်ရှိ ကာတွန်းနှင့် ကလေးအစီအစဉ်များမှာလည်း အပြိုင်အဆိုင် လူကြိုက်များလာကြတော့သည်။ 


ထိုအချိန်မှာပင် နီယာ၏ ခန္ဓာကိုယ်ထဲရှိ ထိခိုက်ဒဏ်ရာများကို ဖယ်ရှားကုသနိုင်ပြီး ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ရမည့်အချိန်သို့ ရောက်ရှ်ိလာတော့သည်။ 


.....


နီယာ၏ ပြန်လည်သက်သာလာမှုအပေါ် အပျော်ရွှင်ဆုံးသူများမှာ မူခါ့သီနှင့် မစ္စတာဖန်းပင် ဖြစ်သည်။ သေလုဆဲဆဲ မိသားစုဝင်က ကျန်းမာရေးကောင်းနေသည့်အပြင် အသွင်အပြင်မှာလည်း သာမန်လူတစ်ဦးနှင့် ခြားနားမှု မရှိတော့သည့်အတွက် နှစ်ဦးလုံး ဝမ်းသာမျက်ရည် ကျဆင်းလာရတော့သည်။ 


ခပ်ကြီးကြီးအမျိုးသားတစ်ဦး နင့်နင့်သည်းသည်း ငိုကြွေးနေခြင်းသည် အလွန်အရုပ်ဆိုးလှသော်ငြား မစ္စတာဖန်းနှင့် မူခါ့သီတို့မှာမူ ကြည့်ရဆိုးသည်ဟု လုံးဝ မခံစားရပေ။ စစ်မှန်သည့် ခံစားချက်ကြောင့် လူတိုင်း၏ နှလုံးအိမ်မှာ နွေးထွေးသွားရတော့၏။ 


"ကျွန်မရဲ့ ကျန်းမာရေးက ပိုသက်သာလာတဲ့အပြင် စွမ်းရည်တွေလည်း ရှိနေသေးတယ် ..." 


နီယာက အံ့ဩတကြီး ပြောနေရင်းမှာပင် မျက်ရည်တို့ ပိုးပိုးပေါက်ပေါက် ကျဆင်းလာတော့၏။ သူမသည် ငယ်ရွယ်စဉ်ကတည်းကပင် မက်ခါထုတ်လုပ်ရေးတွင် ထူးချွန်ကာ မက်ခါအစိတ်အပိုင်းအမျိုးမျိုးနှင့် ကစားခဲ့သော်ငြား နောက်ပိုင်းတွင် သူမ၏ ခန္ဓာကိုယ်မှာ တစ်ခုခုလွဲချော်သွားခဲ့ရသည်။ ယခုမူ မက်ခါထုတ်လုပ်ရေးအား ပြန်လည်လုပ်ဆောင်နိုင်တော့မည် ဖြစ်သည့်အတွက် ပီတိမျက်ရည်တို့မှာ တားမနိုင်ဆီးမရ ကျဆင်းလာတော့၏။ 


"နီယာ ကျွန်တော်တို့နဲ့အတူ ဖက်ဒရယ်ကလူတွေကို လိုက်ကြိုပေးလို့ ရမလား ..." 


ရမ်ရှန့်က မေးလိုက်သည်။ သူသည် ဖက်ဒရယ်ရှိ လူသားများနှင့် ပတ်သက်၍ ပိုပြီး ဂရုတစိုက် လေ့လာထားသည့်အတွက် ... လူသားတို့၏ အာကာသယာဉ်များမှာ လောယာတို့ကို မည်သည့်နည်းနှင့်မျှ မယှဉ်နိုင်ကြောင်း သိထားသည်။


သို့သော် နီယာ့အပေါ် မှီခိုလိုက်ပါလျှင်မူ အခြေအနေမှာ ကွဲပြားသွားမည်ဖြစ်သည်။ 


သူမ သွားပါလျှင် မစ္စတာဖန်းလည်း သေချာပေါက် လိုက်မည်ဖြစ်ကာ ထိုသူနှစ်ဦးတည်းဖြင့်ပင်လျှင် ဖက်ဒရယ်အာကာသယာဉ်၏ လုံခြုံရေးအဆင့်ကို များစွာ တိုးမြှင့်ပေးနိုင်သည်။ 


"ရတာပေါ့ ..." 


သူမက ပြောလိုက်သည်။ ရမ်ရှန့်နှင့် ကျောက်လင်းယွီတို့က နာမည်ကောင်း မယူသည့်တိုင် သူမ၏ ပြန်လည်သက်သာလာမှုအတွက် ထိုသူနှစ်ဦးကို ကျေးဇူးတင်ရမည်ဖြစ်မှန်း သိနေရာ သူမအနေဖြင့် ရမ်ရှန့်၏ တောင်းဆိုမှုကို လုံးဝ ငြင်းပယ်လိမ့်မည် မဟုတ်ချေ။ 


"ငါလည်းလိုက်မယ် ..." 


မစ္စတာဖန်းက ပြောလိုက်သည်။ သူ့သမီးထက် အရေးကြီးသည့်အရာ မရှိတော့သည့်အတွက် သူမအနောက်သို့ လိုက်လာမည်ဖြစ်သည်။ 


"ငါရောပဲ ငါက ရတနာရှာတဲ့သူ ဖြစ်ခဲ့တာဆိုတော့ ကြယ်တာယာခရီးသွားလာရေးအပိုင်းမှာ တော်တဲ့အပြင် မက်ခါလည်း ပြင်နိုင်သေးတယ် ဒါပေမယ့် ... နီယာရှိနေတာဆိုတော့ မင်းတို့တွေ ငါ့ကို မလိုအပ်လောက်ပါဘူး ..." 


မူခါ့သီက နှာခေါင်းကိုတို့ကာ ပြောလိုက်သည်။ 


"ကျေးဇူးတင်ပါတယ် ပြန်ရောက်လာရင် ဆေးလုံးတွေ ပေးပါ့မယ် ..." 


ကျောက်လင်းယွီက ကျေးဇူးတင်သည့်စိတ်ကို ဖော်ပြလိုက်သည်။ 


Xxxxxx