အပိုင်း ၁၆၄
Viewers 18k

Chapter 164


နီယာနှင့် အခြားသူတို့၏ အကြည့်များမှာ ရုတ်ချည်း တောက်ပသွားကြသည်။ မူခါ့သီကလည်း လက်ကို စိတ်လှုပ်ရှားစွာဖြင့် ပွတ်သပ်လိုက်သည်။ နီယာမှာ မစ္စတာဖန်း၏ သမီးဖြစ်ကြောင်း သိလိုက်ရစဉ်က အလွန်စိတ်ဓာတ်ကျကာ သူမနှင့် မထိုက်တန်ဟု တွေးခဲ့မိသော်ငြား သူ အတွေးလွန်နေခြင်းသက်သက်သာ ဖြစ်ပြီး သူမက သူ့ကို စွန့်ခွါမသွားချေ။ 


ထိုမျှသာမကသေး။ သူ့ကလေးကိုပင် လွယ်ပေးလိုက်သေးသည်ဟု စဉ်းစားမိလိုက်လျှင် မူခါ့သီ၏ မျက်နှာပေါ်ရှိ အပြုံးတို့မှာ အနည်းငယ် ရူးကြောင်ကြောင်ပုံ ပေါက်သွားတော့သည်။ မစ္စတာဖန်းကမူ ကိုယ့်ကိုယ်ကို ရူးကြောင်ကြောင်ရုပ် ဖြစ်နေမှန်း သဘောမပေါက်သော သားမက်ဖြစ်သူကို အလိုမကျဟန်ဖြင့် စိုက်ကြည့်နေလိုက်တော့သည်။ 


သံတမန်များ ဖလှယ်ရာတွင် ဖက်ဒရယ်၏ လုံခြုံရေးအတွက် ထိုနေရာသို့ အရင်သွားကာ သံအဖွဲ့ကို လောယာအင်ပါယာသို့ ပြန်ခေါ်လာရမည်ဖြစ်သည်။ 


လောယာပြည်သူတို့၏ မျက်လုံးထဲတွင်မူ ဖက်ဒရယ်၏ အာကာသယာဉ်များသည် မျက်စိစပါးမွှေး စူးလိုစရာပင်ဖြစ်သည်။ ထိုသူများသာ လောယာသို့ လာရောက်ပါလျှင် ဆယ်နှစ် ... နှစ်တစ်ရာ ကြာ၍ပင် ရောက်လာမည် မဟုတ်ချေ။ 


နောက်တစ်နေ့မနက်တွင် လောယာ၏ သံတမန်များ စုစည်းရောက်လာကြပြီး အမြဲလိုလို နူးညံ့တတ်သည့် ဧကရာဇ်သည်ပင်လျှင် ခိုင်မာသည့် သဘောထားတစ်ခုကို ထုတ်ဖော်ပြသကာ သံအဖွဲ့တစ်ဖွဲ့လုံးကို သူ၏ သစ္စတော်ခံများဖြင့် ဖွဲ့စည်းလိုက်သည်။ ထိုသူများအပြင် ကျောက်လင်းယွီတို့အတွက်လည်း နေရာချန်ပေးထားသော်လည်း ပါဝင်လာမည့်သူ အတိအကျကို ဧကရာဇ်ပင် မသိချေ။ 


"သစ္စာတော်ခံတွေ အားလုံးကို ပို့လိုက်တော့ ပြဿနာ ဖြစ်မလာနိုင်ဘူးလား ..." 


ဧကရီက မေးလိုက်သည်။ 


"မပူပါနဲ့ ဘာမှ ပြဿနာ မရှိပါဘူး ..." 


သူက ခပ်ပြုံးပြုံး ပြောလိုက်သည်။ 


"ချပ်မင်သာ တစ်ခုခု လုပ်လာရင် ..." 


ချပ်မင်က အာဏာရရန် တိုက်ခိုက်နေခဲ့သော်လည်း သူတို့တွင် ဆက်ခံသူ မရှိသည့်အတွက်သာ လျစ်လျူရှုထားခြင်းဖြစ်သည်။ သို့သော် ယခုမူ မတူတော့ချေ။ ဧကရီ၏ ဝမ်းဗိုက်ထဲတွင် မျိုးဆက်များ ရှိနေပြီဖြစ်သည်။ 


တော်ဝင်မိသားစုမှာ ကြွယ်ဝရုံမှလွဲ၍ အာဏာမရှိပါလျှင် ... အရာတိုင်းကို ကာကွယ်နိုင်မည် မဟုတ်ချေ။ သူမသည် အမြဲလိုလို ကလေးများအတွက် စဉ်းစားပေးနေရပေသည်။ 


"မပူပါနဲ့ ချပ်မင်တစ်ယောက်ထဲမှာပဲ ရည်ရွယ်ချက် ရှိတာ မဟုတ်ပါဘူး ..." 


သူ့စကား အပြီးတွင် တံခါးစောင့်စက်ရုပ်၏ ချိုသာသောအသံ ထွက်ပေါ်လာတော့၏။


"အရှင် ကျောက်လင်းယွီ ရောက်လာပါပြီ ..." 


"သူ့ကို အထဲဝင်ခိုင်းလိုက်ပါ ..." 


ဧကရာဇ်က ပြုံးကာ ပြောလိုက်သည်။ ကျောက်လင်းယွီက သူ့ကို တစ်စုံတစ်ခု တောင်းဆိုလိုကြောင်း ပြောထားဖူးရာ ယခု လာခြင်းမှာ ထိုအတွက်သာ ဖြစ်ပေလိမ့်မည်။ 


ထို့နောက်တွင်တော့ ကျောက်လင်းယွီနှင့်အတူ ဖန့်ချန်ကျွင့်နှင့် ကိတ်တို့ ရောက်လာကြာတော့သည်။ အားလုံးက မူလရုပ်သွင်ကို ပြန်လည်ပြောင်းလဲထားကြသည့်အတွက် ဧကရာဇ်က အကြည့်တစ်ချက်ဖြင့်ပင် သတိပြုမိလိုက်သော်ငြား သူ့အာရုံအလုံးစုံမှာ ထိုသူများ ချီပိုးထားသည့် ကလေးများထံတွင်သာ ရှိနေပေသည်။ 


ကျောက်လင်းယွီက တစ်ယောက်ကို ကျောပိုးကာ ကျန်သုံးယောက်ကို ပွေ့ချီထားသည်။ ဖန့်ချန်ကျွင့်နှင့် ကိတ်တို့ကလည်း တစ်ဦးစီ အသီးသီး ချီထားကြရာ စုစုပေါင်း ကလေးခြောက်ယောက်ကို မြင်လိုက်ရသည့်အတွက် ဧကရာဇ်မှာ လှုပ်လှုပ်ရွရွ ဖြစ်လာတော့သည်။ သူ့ဘဝတစ်လျှောက်လုံး သားသမီးမှအပ လိုတရဖြစ်ခဲ့သော်ငြား ယခုမူ သူ့ရှေ့တွင် ကလေးခြောက်ယောက် ရောက်နေပေတော့သည်။ 


"ညီအစ်ကိုကျောက်က ဘာလို့များ ကလေးတွေကို ခေါ်လာတာလဲ ..." 


ဧကရာဇ်၏ မနာလိုဖြစ်နေမှုမှာ အလွန်မြင့်မားသွားသည့်အတွက် လေသံပင် ပြောင်းလဲသွားတော့သည်။ 


"အရှင့်ကို တောင်းဆိုစရာလေး ရှိနေလို့ပါ ..." 


ကျောက်လင်းယွီက ကလေးသုံးယောက်နှင့် ကျောပေါ်ရှိ သားကြီးကို ကြမ်းပေါ်သို့ ကစားရန် ချပေးလိုက်သည်။ 


နန်းတော်တွင် အလိုအလျောက် သန့်ရှင်းပေးသည့်စနစ်ကို ထည့်သွင်းထားသည့်အတွက် ကြမ်းပြင်များမှာ ပြောင်လက်နေရာ သားကြီးမှတစ်ပါး ကျန်သုံးယောက်လုံး ဝမ်းလျားမှောက်ကာ တွားသွားလိုက်ကြတော့သည်။ 


"ဘာများလဲ ..." 


ဧကရာဇ်က ကလေးများကိုသာ ငေးနေရင်း သတိလက်လွတ်ဖြင့် မေးလိုက်သည်။ 


"ကလေးတွေကို ဂရုစိုက်ပေးဖို့ပါ သူတို့ မထိခိုက်သေးသရွေ့ ပူးပေါင်းဆောင်ရွက်မှုက တည်မြဲနေမှာပါ ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


ကလေးများကို ဖက်ဒရယ်သို့ ခေါ်သွားရန်လည်း မသင့်တော်လှသည့်အတွက် လောယာနန်းတော်ကသာ သူတို့အဖို့ အလုံခြုံ‌ဆုံးနေရာ ဖြစ်ပေလိမ့်မည်။ ဧကရာဇ်ဝဲလ်သည် အင်ပါယာတွင် အသန်မာဆူံးသူဖြစ်ရာ သူ့ဘေးနားသို့ ထားထား၍သာ မလုံခြုံပါလျှင် လုံခြုံမည့်နေရာ မရှိနိုင်တော့ချေ။ 


သူ့စကားကို ကြားလိုက်ရသည့်အခါ ဧကရာဇ်၏အပြုံးတို့ လွင့်စင်သွားတော့သည်။ 


ကလေးတွေ မထိခိုက်သရွေ့ ပူးပေါင်းမှုက တည်မြဲနေမှာဆိုတော့ ကလေးတွေ တစ်ခုခုဖြစ်သွားရင် ပူးပေါင်းမှု မရှိတော့ဘူးဆိုတဲ့ သဘောလား ကျောက်လင်းယွီ၏ နည်းလမ်းက ထင်ထားတာထက် ကျော်လွန်နေတယ်ဆိုပေမယ့် သေချာတွေးကြည့်ရင် ဒါကမှ အကောင်းဆုံး ဖြေရှင်းနည်းပဲ ... 


"ကလေးတွေကို မှဲ့တစ်ပေါက်တောင် မစွန်းစေရပါဘူး ကျောက်လင်းယွီ မင်းရဲ့ ကြင်ယာဘက်ကလည်း ဖက်ဒရယ်ကို ပြန်လိုက်မှာလား ..." 


ဧကရာဇ်က အံ့ဩတကြီး မေးလိုက်သည်။ ကျောက်လင်းယွီက သူ့ထံမှ လူခြောက်ယောက်စာနေရာ တောင်းဆိုထားခဲ့သည်။ 


"မဟုတ်ပါဘူး ဖက်ဒရယ်ကို သွားမယ့်သူတွေက ကျွန်တော်တို့သုံးယောက်ပါပဲ ..." 


သူက ထိုသို့သာ ပြောကာ ထပ်ရှင်းမပြတော့။ ဧကရာဇ်၏ မျက်နှာတွင် အံ့ဩရိပ်တို့ စွန်းထင်းသွားသော်ငြား သူက ထပ်မေးမနေတော့။ အနီးအနားရှိ ဧကရီက စက်ရုပ်တစ်ရုပ်ကို လှမ်းခေါ်လိုက်သည်။ 


"စားစရာတွေ ထပ်ပြီး ယူလာခဲ့ဦး ..." 


အစားအသောက်ကို အလွန်အမင်း ဝါသနာထုံလှသည့် ဒုတိယသားက ဧကရီ၏ သွားရည်စာပန်းကန်တိုင်းကို ပြောင်စင်နေအောင် စားလိုက်ပြီးဖြစ်သည်။ လောယာသံအဖွဲ့ မထွက်ခွါမီ အခမ်းအနားတစ်ခုကို အကျဉ်းချုံး ကျင်းပကာ လောယာ၏ ထိပ်သီးအရာရှိအားလုံး တက်ရောက်လာကြသည်။ ထို့အပြင် လောယာအနှံ့ တိုက်ရိုက်ထုတ်လွှင့်နေသည့်အတွက် ဖက်ဒရယ်အကြောင်း သိလိုသူတိုင်းက စိတ်ဝင်တစား စောင့်ကြည့်နေကြတော့သည်။ 


ထိုသည်ကို သိထားသည့် ချပ်မင်ကလည်း ညင်ညင်သာသာအပြုံးဖြင့် ဇနီးဖြစ်သူနှင့်အတူ ရောက်လာခဲ့သည် သူနှင့် ပြဿနာ ဖြစ်ထားဖူးသူများပင်လျှင် သူ့ကို အထင်မှားခဲ့မိလေသလားဟု ထင်ယောင်ထင်မှား ဖြစ်လာကြတော့သည်။ 


ဒီလိုသိမ်မွေ့တဲ့ မင်းသားမျိုးက ဘယ်လိုလုပ် တစ်ခြားသူတွေပြောတဲ့ အဆင့်နိမ့်မျိုးနွယ်စုအပေါ် ရက်ရက်စက်စက် သတ်ဖြတ်ပြီး လက်မှာ သွေးစွန်းနေတဲ့သူ ဖြစ်နိုင်မှာလဲ ... 


အများစု၏ အမြင်တို့မှာ ပြောင်းလဲသွားသော်ငြား ချပ်မင်မှာ ဇွတ်အတင်း ကြိတ်မှိတ်ကာ ပြုံးနေရကြောင်းကိုတော့ မသိကြပေ။ ကျောက်လင်းယွီနှင့် မစ္စတာဖန်းတို့မှာ ဆက်ဆံရေးကောင်းမွန်ကြောင်း ကြိုသိထားသော်လည်း သူ့ ဇနီးေဟာင်းကိုပါ ကျန်းကျန်းမာမာဖြင့် ပြန်တွေ့လိုက်ရလိမ့်မည်ဟုတော့ မျှော်လင့်မထားပေ။ 


သံအမတ်အဖွဲ့တွင် ဧကရာဇ်၏ လူယုံတော် တော်ဝင်အစောင့်အရှောက်နှစ်ဦးအပြင် ကိတ်နှင့် Crohn ပါ ပါရှိသေးသည်။ သို့သော် သူတို့ကို အာရုံစိုက်သူဟူ၍ များများစားစား မရှိ။ ကျောက်လင်းယွီနှင့် သူ့အဖွဲ့သားများကိုသာ မျက်နှာမလွှဲစတမ်း စိုက်ကြည့်နေကြသည်။ 


ကျောက်လင်းယွီကို အားလုံးက သိရှိထားကြပြီးဖြစ်ကာ ဖက်ဒရယ်ကွန်ယက်အတွင်း လှည့်ပတ်ကြည့်ရှုနေကြသူများက Gerd နှင့် ဖန့်ချန်ကျွင့်အကြောင်းကိုပါ တစ်စွန်းတစ်စ သိထားကြသည်။ ယခင်ကဆိုလျှင် သူတို့နှစ်ယောက်ကို စိတ်ဝင်တစား ကြည့်မိကြမည် ဖြစ်သော်ငြား ယခုမူ အကြည့်တို့၏ လားရာမှာ ပြောင်းလဲသွားကြတော့သည်။ 


မစ္စတာဖန်းသည် အင်ပါယာ၏ နာမည်ကြီး မက်ခါပညာရှင်ဖြစ်ကာ ဆယ်စုနှစ်ပေါင်းများစွာကတည်းက လူသိများခဲ့သူဖြစ်သည်။ သူ့ကို မသိသူဟူ၍ မရှိသည့်အပြင် နီယာမှာလည်း အလားတူပင်ဖြစ်သည်။ ချပ်မင်သည် အင်ပါယာ၏ မင်းသားဖြစ်သည့်အတွက် သူ၏ လက်ထပ်ပွဲနှစ်ခုမှာ လူပြောများသော အကြောင်းအရာဖြစ်ပြီး ပထမကြင်ယာတော်ကိုလည်း မသိသူ မရှိကြပေ။ 


မစ္စတာဖန်း၏ သမီးဖြစ်သူနှင့် ချပ်မင်အကြား မင်္ဂလာပွဲကို အများက သောင်းသောင်းဖျဖျ အားပေးခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် မည်သည့်အကြောင်းကြောင့် ကွာရှင်းခဲ့‌ကြောင်းကိုတော့ သိသူ မရှိပေ။ 


ထိုအချိန်က နီယာနှင့် ချပ်မင်၏ ကွာရှင်းမှုနှင့် ပတ်သက်၍ ကောက်ချက်ချမှုများစွာ ပေါ်ထွက်ခဲ့ပြီး အချို့က ချပ်မင်သည် နေမကောင်းသည့် ဇနီးသည်ကို စွန့်ပစ်ခဲ့သည်ဟု ဆိုကြကာ အချို့က နီယာတွင် ကိုယ်ဝန်ရှိနေပြီး ချပ်မင်နှင့် စကားများရာမှ ထိခိုက်သွားခဲ့သည်ဟု ဆိုကြသည်။ ကောက်ချက်ချမှုများ မည်မျှပင် များပြားနေပါစေ နီယာ၏ကျန်းမာရေး ညံ့ဖျင်းသည့်အချက်မှာတော့ မည်သူမှ အငြင်းမပွားပေ။ နီယာက အားလုံး၏ အရှေ့မှ အကြာကြီး ပျောက်ကွယ်သွားသည့်အတွက် ထိုအချက်ကို အတည်ပြုပေးသည့်သဘော သက်ရောက်သွားတော့သည်။ 


ဒါပေမယ့် အခု သူမရဲ့ မျက်နှာက နီမြန်းနေပြီးတော့ ဘယ်လိုမှ ကျန်းမာရေးမကောင်းတဲ့ပုံ မပေါ်ဘူးလေ ပြီးတော့ သူမက တစ်ခြားယောကျာ်းတစ်ယောက်နဲ့တောင် လက်ချင်းတွဲထားလိုက်သေးတယ် ... (သူက မိန်းကလေးလို့ညွှန်းပြီး ဒီမှာကျ ယောကျ်ားလေးလို့ ပြန်ညွှန်းပါတယ် Tomboy ပုံစံထင်ပါတယ်)


နေပါဦး ... အဲဒီ့တစ်ယောက်က ဒီရက်ပိုင်းအတွင်းကမှ ဇနီးကို ချစ်တတ်တဲ့ စံပြခင်ပွန်းလို့ အချီးကျူးခံထားရတဲ့ မူခါ့သီ မဟုတ်လား ... 


အွန်လိုင်းပေါ်မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသူများက သူတို့သုံးဦး၏ အမည်ကို ပြောလိုက်ကြပြီး မူခါ့သီ၏ အချက်အလက်များ ထွက်ပေါ်လာချိန်တွင် အချို့က ဒေါသပုန်ထကုန်ကြတော့သည်။ 


အဲဒါ မူခါ့သီ မဟုတ်လား အာဟာရဆေးရည်ကို မရောင်းဘဲ သူ့ဇနီး ကျန်းမာရေးပြန်ကောင်းလာအောင် အကုန်သောက်ခိုင်းလိုက်တဲ့တစ်ယောက်လေ ဒါပေမယ့် အခုကျ သူက တစ်ခြားတစ်ယောက်ရဲ့လက်ကို ကိုင်ထားပါ့လား ... 


(မင်းသားချပ်မင်နဲ့ နီယာတို့ ကွာရှင်းပြီးကတည်းက အချစ်ကို အယုံအကြည် မရှိတော့ဘူးလေ ဟိုရက်ပိုင်း မူခ့ါသီကိုတွေ့တော့ အချစ်ဆိုတာ ရှိပါသေးလားဆိုပြီး ခံစားမိလိုက်ပေမယ့် အခု သူက တစ်ခြားတစ်ယောက်ရဲ့လက်ကို ကိုင်ထားတယ် ... ငါတော့ အချစ်ဆိုတာကြီးကို မယုံကြည်နိုင်တော့ဘူး ... )


(နီယာ့ခန္ဓာကိုယ်က အဆင်ပြေနေ‌သားပဲ မင်းသားက သူမကို စွန့်ပစ်ခဲ့တယ်ဆိုတဲ့ ကောလဟာလတွေက လျှာအရိုးမရှိတိုင်း လျှောက်ပြောနေကြတာ သပ်သပ်ပါပဲ ငါပြောသားပဲ မင်းသားက နာမကျန်းဖြစ်နေတဲ့ ဇနီးသည်ကို စွန့်ပစ်တယ်ဆိုတာ မဟုတ်ပါဘူးလို့ ...)


... 


စခရင်ပေါ်တွင် မှတ်ချက်များစွာ ထွက်ပေါ်လာကာ လူထုတစ်ရပ်လုံး စိတ်လှုပ်ရှားနေချိန်မှာပင် တစ်ယောက်က ကောက်ကာငင်ကာ ပြောလာသည်။ 


(မူခါ့သီရဲ့ ဇနီးနာမည်က ဒူနီယာဆိုတော့ သူမနဲ့နီယာက တစ်ယောက်တည်းများလား ... )


ထိုစာကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် မှတ်ချက်ဧရိယာမှာ နှေးကွေးလာတော့သည်။ 


(အဲဒီ့အချိန်တုန်းက နီယာရဲ့ ဆေးစစ်ချက်က ဒူနီယာနဲ့ တစ်ပုံစံတည်းပဲ ... )


(မူခါ့သီက ရတနာလိုက်ရှာတဲ့သူလေ သူက နီယာ့ကို ကြိုက်ရင်တောင် သူမက ပြန်ကြိုက်မှာ မဟုတ်ဘူး နီယာနဲ့ ဒူနီယာက တစ်ယောက်တည်းဖြစ်နေလို့သာ ပြန်ကြိုက်တာပေ့ါ ... )


(ဟုတ်တယ် အကြောင်းပြချက်မရှိဘဲနဲ့ နီယာက ဘာလို့ အမှိုက်ကောက်သမားကို ကြိုက်မှာလဲ သူက သူမပေါ်မှာပဲ စိတ်ရောကိုယ်ပါ နစ်မြှုပ်ထားလို့သာပေါ့ ... )


(ငါ နောက်တစ်ကြိမ် အချစ်ကို အယုံအကြည် ရှိသွားပြန်ပြီ ... )


"+1... 


"+2... 


.... 


(ကြင်ယာတော်နီယာ ကျန်းမာရေးမကောင်းဘူးလို့ သတင်းထွက်တုန်းက အားလုံးက သတင်းမှားလို့ပဲ ပြောကြတယ်လေ ဒါပေမယ့် သူမကသာ တကယ်ပဲ ဒူနီယာဆိုရင် ကျန်းမာရေး မကောင်းတာရော၊ မင်းသားချပ်မင်က သူမကို စွန့်ပစ်ခဲ့တာရော အားလုံးက အမှန်တွေပေါ့ ... )


ပွဲအပိုင်းတွင် အများစုက ချပ်မင်အပေါ်  အမြင်ပြောင်းလဲသွားခဲ့ကြသော်ငြား အနည်းငယ် အသက်ပိုကြီးကာ အတိတ်ကဖြစ်ရပ်များအကြောင်း သိခဲ့ကြသူများမှာတော့ တစ်ဖန် အသံတိတ်သွားတော့သည်။ 


အင်တာနက်ပေါ်တွင် ဤကဲ့သို့ ပွက်လောရိုက်နေသော်ငြား အခမ်းအနားပွဲအတွင်းရှိ ပရိသတ်များမှာမူ ချပ်မင်ကို အဓိပ္ပါယ်ပြည့်နေသည့် အကြည့်တို့ဖြင့် စိုက်ကြည့်နေကြတော့သည်။ ချပ်မင်ကိုယ်တိုင်မှာလည်း စိတ်ရှုပ်ထွေးနေဟန်ပင်။ သို့သော် များမကြာမီမှာပင် နီယာ့ကို ပြုံးကာ နှုတ်ဆက်လိုက်သည်။ 


"နီယာ မတွေ့ရတာ ကြာပြီနော် ..."


Xxxxxxx