အပိုင်း ၁၆၅
Viewers 18k

Chapter 165


နီယာက သူ့ကို လှည့်ပင်မကြည့်ဘဲ မူခါ့သီ၏ နားနားကပ်ခါ တီးတိုးပြောလိုက်သည်။ 


"မင်း ပြန်ကျန်းမာလာတယ်လို့ သိရ‌မှပဲ စိတ်ချမ်းသာသွားတော့တယ် ..." 


ချပ်မင်က လျစ်လျူရှုခံရသည်ကို အမှုမထားပဲ  ဆက်ပြောလိုက်သည်။ 


"ကျွန်မကတော့ ရှင့်ကို အဆင်ပြေမနေဖို့ပဲ မျှော်လင့်တယ် ..." 


နီယာက ထိုသို့ပြောကာ မူခါ့သီနှင့်အတူ ယာဉ်ပျံထဲ ဝင်သွားလိုက်တော့၏။ 


ချပ်မင်က ခြေထောက်ကို ဆန့်ထုတ်ကာ လိုက်သွားရန် ပြင်လိုက်ပြီးကာမှ ဟန်ချက်ထိန်းထားလိုက်သည်။ အခမ်းအနားပွဲအတွင်း နောက်ထပ် ပြဿနာ မဖြစ်လိုတော့ပေ။ ပွဲပြီး၍ ယာဉ်ပျံပေါ်တက်ကာ ပြန်လာချိန်တွင်တော့ သူ့အမူအယာမှာ တိမ်ဖုံးထားသည့်နှယ် ညိုမည်းနေတော့သည်။ 


"ဘာလဲ မပျော်ပြန်ဘူးလား အရင်ဆုံး ကွာရှင်းချင်ခဲ့တာ ဘယ်သူလဲဆိုတာ မေ့သွားတာတော့ မဟုတ်ပါဘူးနော် ..." 


အဒီလာက သူမ၏ လက်သည်းတွင် ပုံဖော်ထားသော ပန်းပွင့်များကို စိုက်ကြည့်နေရင်း ခနဲ့လိုက်သည်။ 


"ငါ့ကိစ္စတွေမှာ ဝင်မပါနဲ့ ..." 


ချပ်မင်က အေးစက်စွာ ပြောလိုက်သည်။ 


"ကျွန်မက ဝင်ပါချင်တယ်များ ထင်နေလား ..." 


သူမက သူ့ကို စောင်းငဲ့ကြည့်ကာ အထူးကိရိယာတစ်မျိုးဖြင့် မျက်နှာကို သန့်စင်လိုက်သည်။ သူမက အသားအရေထဲ စိမ့်ဝင်ကာ ထိန်းသိမ်းထားပေးနိုင်သည့် မိတ်ကပ်များကို အသုံးပြုထားသော်ငြား အပြင်ဘက်တွင် အချိန်အတော်ကြာ ရပ်နေခဲ့ရသဖြင့် ဖုန်များ ကပ်နေမည်ဖြစ်ရာ မဖြစ်မနေ ဆေးကြောသန့်စင်ကာ အဝတ်အစားလဲရန် လိုအပ်နေပေသည်။ 


သူမ၏ အပြုအမူကို မြင်လိုက်ရသည့်အခါ ချပ်မင်၏ ခံစားချက်တို့မှာ ပို၍ပင် ဆိုးဝါးလာတော့သည်။ ထိုအချိန်တွင် နီယာ၏ ပုံရိပ်များက သူ့အတွေးတွင် ပြန်လည်ထင်ဟပ်လာသည်။ ထိုအချိန်က သူသည် နီယာ့ကို အမှန်တကယ် နှစ်သက်ခဲ့သော်ငြား သူလိုချင်သမျှတိုင်းကို ရနိုင်ရေးတွင်သာ ပိုပြီး စိတ်ဇောသန်မိခဲ့ခြင်းဖြစ်သည်။ 


သူ့နေအိမ်သို့ ရောက်ရှိပြီးနောက် ချပ်မင်က ယာဉ်ပျံပေါ်မှ တိတ်တဆိတ်သာ ဆင်းသွားလိုက်သည်။ အစောပိုင်းတွင် သူ့မျက်နှာမှာ အမူအယာ မဲ့နေသော်လည်း နောက်ပိုင်းတွင် ဟက်ဟက်ပက်ပက် ရယ်ချလိုက်တော့သည်။ 


ကိတ်နဲ့ Crohn တို့ကို ပြဿနာ မရှာမိအောင် ကောင်းကောင်းကြီး ထိန်းချုပ်ထားနိုင်ခဲ့တာပဲ ... 


သူသည် ဖက်ဒရယ်နှင့် အင်ပါယာအကြား သံတမန်ရေးရာကို ဖျက်ဆီးလိုသည့်အတွက် ကျောက်လင်းယွီကို ပစ်မှတ်ထားခဲ့သည်ဟု အထင်ရောက်အောင် ကျောက်လင်းယွီအကြောင်းကို အသည်းအသန် စုံစမ်းခဲ့သည်။ ထို့ကြောင့်လည်း ဧကရာဇ်က စိုးရိမ်ပူပန်လာကာ စစ်ဗိုလ်ချုပ်များစွာကို ဖက်ဒရယ်သို့ စေလွှတ်လိုက်ခြင်းဖြစ်သည်။ 


ဧကရီကလည်း ကိုယ်ဝန်လွယ်ထားရကာ မာရှယ့်တွင်လည်း ကိုယ်ဝန်ရှိနေသည်။ ဧကရာဇ်၏ လူယုံတော်များမှာလည်း ကိုယ်ဝန်ဆောင်ထားရသည့်အတွက် မတိုက်ခိုက်နိုင်သူများသာ ကျန်နေခဲ့သည့် အချိန်မှာ သူ့အတွက် ဧရာမအခွင့်အရေးကြီးပင်ဖြစ်သည်။ 


ကျောက်လင်းယွီအပါအဝင် သုံးယောက်ပဲ ထွက်သွားတာဆိုတော့ သူ့ကြင်ယာဘက်နဲ့ ကလေးတွေက အင်ပါယာထဲမှာ ကျန်နေခဲ့မှာပဲ ... သူသာ လောယာအင်ပါယာကို အာဏာသိမ်းလိုက်ပြီး သူတို့ကို ဖမ်းလိုက်ရင် ဖက်ဒရယ်ကို သိမ်းနိုင်ဖို့ဆိုတာကလည်း အလွယ်လေးပဲ ... 


တန်းတူညီမျှ သံတမန်ဆက်ဆံရေးက မဖြစ်နိုင်ပေမယ့် ဖက်ဒရယ်ကို လက်အောက်ခံအဖြစ် ထားပေးဖို့လောက်ကတော့ ကိစ္စမရှိပါဘူး ပြီးတော့ အနာဂတ်မှာ နီယာ ဘာဆက်လုပ်မလဲဆိုတာကိုလည်း ကြည့်ချင်သေးတယ် ... 


ချပ်မင်က ထိုသို့ ကြံစည်နေစဉ် နန်းတော်ထဲရှိ ဧကရာဇ်နှင့် ဧကရီတို့မှာ စက်ရုပ်တို့၏ အကူအညီဖြင့် ကလေးခြောက်ယောက်ကို ထိန်းနေကြသည်။ ဖန့်ချန်ကျွင့်နှင့် Gerd တို့၏ ကလေးများမှာ သန္ဓေတည်ဆေးကြောင့် မွေးဖွားလာသည့် ပထမဆုံးကလေးများ ဖြစ်သည့်အတွက် သူတို့နှစ်ယောက်ကို အနည်းငယ် ဂရုတစိုက် စောင့်ကြည့်ရင်း သက်ပြင်းချလိုက်မိတော့သည်။ 


"ဒီကလေးနှစ်ယောက်က ချစ်စရာကောင်းလိုက်တာ စွမ်းရည်က နည်းနည်း အဆင့်နိမ့်နေတာလေး တစ်ခုပဲ ..." 


"ဒါက ကောင်းတဲ့အထဲတောင် ပါနေပါပြီ စွမ်းရည်အားကောင်းဖို့ဆိုတာ အရေးတကြီး လိုအပ်တာမှ မဟုတ်တာ ..." 


ဧကရီက ခပ်ပြုံးပြုံးပြောရင်း သားကြီးဘေးနားတွင် ဝိုင်းအုံနေကြသော ဒုတိယသား၊ တတိယသားနှင့် စတုတ္ထသားတို့ကို လှမ်းကြည့်လိုက်သည်။ သားကြီးက သူတို့တစ်ခါမှ မတွေ့ဖူးသည့် အပင်တစ်ပင် ပါရှိသော ပန်းအိုးတစ်လုံးကို ကိုင်ထား၏။ 


"အဲဒါ ဘာအပင်အမျိုးအစားလဲ ..." 


ဧကရာဇ်က တအံ့တဩ မေးလိုက်သည်။ 


"ဖေဖေချန်ထားပေးခဲ့တာ ကျွန်တော်တို့မှာ အများကြီး ရှိသေးတယ် ..." 


သားကြီးက ဘေးနားသို့ လက်ညှိုးထိုးပြလိုက်သည်။ ပန်းအိုးအရေအတွက် အများအပြား တန်းစီနေကြကာ အထဲရှိ အပင်များမှာလည်း သားကြီးကိုင်ထားသည့် အပင်နှင့် တစ်ထေရာတည်းပင်ဖြစ်သည်။ 


"အဲဒါ သန္ဓေတည်ဆေးအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတစ်မျိုး ထင်တယ် ဟုတ်တယ်မဟုတ်လား ..." 


ဧကရာဇ်က ကျောက်လင်းယွီ သူ့ထံ ပေးပို့ထားသည့် ဆေးပင်များကို သတိပြုမိ၍ အနည်းငယ် အံ့အားသင့်သွားတော့သည်။ 


"အာ ဖေဖေပြော‌တာတော့ အဲဒါကို စားရင် ခန္ဓာကိုယ်အတွက် ကောင်းတယ်တဲ့ စားကြည့်ချင်လား  ..." 


သားကြီးက မေးလိုက်သည်။ 


သူ့လက်ထဲတွင် ကိုင်ထားသည်မှာ ရမ်ရှန့်ဖြစ်သော်လည်း အခြားအပင်များမှာမူ ရမ်ရှန့်စိုက်ပျိုးထားသည့် သာမန် ဂျင်ဆင်း‌ပင်များသာ ဖြစ်သည့်အတွက် ၎င်းတို့ကို စားသုံးပါလျှင် ခန္ဓာကိုယ်အတွက် များစွာ အထောက်အကူဖြစ်ပေသည်။


"တကယ်လား ဒါဆို နောက်မှ စမ်းစားကြည့်တာပေါ့ ..." 


ဝဲလ်က သဘောတကျဖြင့် ‌ပြန်ပြောလိုက်သည်။ 


ဒုတိယသားက သားကြီး သတိလက်လွတ်ဖြစ်နေသည်ကို အခွင့်ကောင်းယူကာ လက်မောင်းထဲရှိ အပင်ကို လျက်လိုက်သည်။ 


"လျက်ပြန်ပြီလား ..." 


"လျက်မှာ လျက်ချင်တယ်လို့ ... အတူတူ လျက်ကြမလား ..." 


သူက တောက်ပနေသော အကြည့်တို့ဖြင့် သားကြီးကို စိုက်ကြည့်လိုက်သည်။ 


နှလုံးခုန်သံ တစ်ချက်မြန်သွားပြီးနောက် သားကြီးက မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။ 


"မရဘူး ..." 


"ဟုတ်တယ် မဆေးကြော၊ မချက်ပြုတ်ရသေးဘဲ စားလို့ မရဘူးလေ ဆေးပြီး ချက်ပြီးရင်တောင် ကလေးတွေက အားဖြည့်ဆေးတွေ စားလို့မရဘူး ..." 


ဧကရာဇ်က သူတို့ကို ဟန့်တားလိုက်သည်။ 


"..." 


အကြီးဆုံးသားမှာ ဆွံ့အသွားရရှာတော့၏။ 


ရမ်ရှန့်မှာ သားဖြစ်သူ၏ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းကို ခံလိုက်ရပြန်သော်လည်း ဧကရာဇ်၏ အရှေ့တွင်သာ ရှိနေသေးသည့်အတွက် သူ့ကို သင်ခန်းစာပေး၍လည်း မရ‌ချေ။ သားကြီးက ထိုဝက်ဝံလိုသား၏ လက်ထဲမှ ကာကွယ်ကာ သူ့ကို ခပ်တင်းတင်း ပွေ့ဖက်ပေးထား၍သာ တော်သေးသည်။ 


ဒုတိယသား မင်း စောင့်ကြည့်နေလိုက် လူပုံစံ ပြောင်းပြီးကာကျမှ အကိုက်ခံရတဲ့ခံစားချက်က ဘယ်လိုဆိုတာ ပြပေးဦးမယ် ... ကလေးတွေရဲ့ မျက်နှာက တအားကို နူးညံ့အိစက်နေတာဆိုတော့ ဝါးစားပစ်လို့ ကောင်းမှာပဲ ... 


ရမ်ရှန့်မှာ ဒုတိယသားအား အရွက်များကိုသုံး၍ မိဘအပေါ် လေးစားသင့်ကြောင်း သင်ကြားပြသပေးချင်သော်ငြား အခြားသူ၏ နေရာတွင် ရှိနေသည့်အပြင် ရှာတွေ့မသွားစေရန်အလို့ငှာ စိတ်ကို ထိန်းချုပ်ထားလိုက်ရသည်။ ကျောက်လင်းယွီက ကလေးများကို တိတ်တဆိတ်ကာကွယ်ပေးနိုင်ရန် သူ့ကို ချန်ထားခဲ့ခြင်းဖြစ်သည်။ 


ကလေးများအကြောင်း တွေးနေရင်း ဘေးနားရှိ ကလေးခြောက်‌ယောက်ကို လှမ်းကြည့်လိုက်သည်။ သူ့ကလေး လေးယောက်မှာ ထိန်းသိမ်းစောင့်ရှောက်ရန် လွယ်ကူကာ တစ်ချိန်လုံး စားသောက်နေကြပေသည်။ Gerd နှင့် ဖန့်ချန်ကျွင့်တို့၏ ကလေးများမှာလည်း ရံဖန်ရံခါ စားစရာတောင်းတတ်ကြသော်ငြား လောယာအင်ပါယာရှိ လူများမှာ ကလေးများကို အထူးတလည် အာရုံစိုက်ကြသည့်အတွက် ထိုကလေးနှစ်ယောက်မှာ များစွာ ဂရုစိုက်ခြင်းကို ခံရပေသည်။ 


ဒီကောင်လေးနှစ်ယောက်ကတော့ ဒီတိုင်းသာ ဆက်သွားရင် သူတို့အဖေကို မေ့သွားတော့မှာပဲ ... တော်သေးတာပေါ့ သူ့ကလေးတွေက ဉာဏ်ကောင်းပြီးတော့ ဒီရက်ပိုင်းမှာ ကျောက်လင်းယွီအကြောင်း မကြာခဏ မေးနေကြသေးလို့ ... ပြောရရင် သူလည်း ကျောက်လင်းယွီကို လွမ်းနေပြီ သူတို့နှစ်ယောက် စတွေ့ကြပြီဆိုကတည်းက တစ်ခါမှ ဒီလိုမျိုး အကြာကြီး မခွဲဖူးသေးဘူး ... 


ရမ်ရှန့်၏ အရွက်တို့မှာ ရုတ်ချည်း ညှိုးလျော်သွားတော့သည်။ သူတို့ခွဲခွါရသည့် ကာလအရှည်ကြီးမှာ ယခင်ဂျင်ဆင်းဘဝက တစ်ရေးတစ်မော အိပ်ချိန်လောက်ပင် မကြာသေးကြောင်းကိုတော့ သတိမရတော့ချေ။ 


"သားကြီး ဘာလို့ မင်းလက်ထဲက အပင်က တစ်ရက်ပြီးတစ်ရက် ညှိးနွမ်းလာရတာလဲ ..." 


ဧကရာဇ်က Gerd ၏ ကလေးနှစ်ယောက်ကို ချော့သိပ်ပြီးနောက် ကျောက်လင်းယွီ၏ ကလေးများနှင့် ပိုပြီးရင်းနှီးလာရန် အစပျိုးလိုက်သည်။ 


"သူက သိပ်မကြာခင် အဆင်ပြေသွားမှာပါ ..." 


သားကြီးက ပြောလိုက်သည်။ 


"တကယ်လား ဒီအပင်တွေကို မြေဩဇာကျွေးတာလည်း မမြင်မိဘူးနော် အပင်တွေအတွက် အာဟာရဖျော်ရည် ပြင်ဆင်‌ပေးစေချင်လား ..." 


ဧကရာဇ်က မေးလိုက်သည်။ သားကြီးက ငြင်းပယ်မည်ပြုစဉ်မှာပင် ခေါင်းထဲမှ အသံတစ်သံကို ကြားလိုက်သည့်အတွက် သဘောတူလိုက်၏။ 


"ဟုတ်ကဲ့ ..." 


ဧကရာဇ်က လက်ဖဝါးအရွယ် အာဟာရဖျော်ရည်တစ်ပုလင်း ယူလာစေကာ ရမ်ရှန့်ရှိနေသည့် အိုးထဲသို့ နှစ်စက် လောင်းထည့်ပေးလိုက်သည်။ 


"ဒီလိုအပင်မျိုးအတွက် တစ်ရက်ကို နှစ်စက်လောက်ထည့်တာ အသင့်တော်ဆုံးပဲ ဒါပေမယ့် သေချာလေး ဂရုတစိုက် စောင့်ကြည့်ဖို့ မမေ့နဲ့နော် အာဟာရဖျော်ရည်က သိပ်မကောင်းရင်လည်းပြော ဒီအပင်အတွက် သီးသန့် ဖန်တီးခိုင်းပေးမယ် ..." 


နှစ်စက်ပဲလား ... 


ရမ်ရှန့်မှာ အာဟာရဖျော်ရည်၏ အရသာကိုပင် မခံစားလိုက်ရချေ။ ထို့နောက် ပုလင်းကို ပြန်သိမ်းသွားကြောင်း တွေ့လိုက်ရသည့်အတွက် အလွန်စိတ်ဓာတ်ကျသွားတော့သည်။ 


အာဟာရဖျော်ရည်‌ကို တောင်းဖို့အတွက်နဲ့ ရှာတွေ့သွားမှာကိုတောင် ဂရုမစိုက်ဘဲ အရဲစွန့်ခဲ့တာကို ရလာတော့ကျ နှစ်စက်ပဲတဲ့လား ... 


"ကျွန်တော်လည်း စားချင်တယ် ..." 


ရမ်ရှန့်က ကူကယ်ရာမဲ့နေစဉ်မှာပင် ဒုတိယသားက ရုတ်တရက် ပြေးဝင်လာကာ အာဟာရဖျော်ရည်ပုလင်းကို လုယူပြီး ပါးစပ်ထဲ လောင်းထည့်မည် ပြုလိုက်သည်။ 


သူ့အရှိန်မှာ အလွန်လျင်မြန်လှသော်ငြား အင်ပါယာ၏ အသန်မာဆုံးပုဂ္ဂိုလ်ဖြစ်သော ဧကရာဇ်ကိုတော့ မယှဉ်နိုင်ပေ။ ထို့ကြောင့် ဖျော်ရည်ကို ‌မသောက်နိုင်ခင်မှာပင် ပုလင်းရော လူပါ ဧကရာဇ်၏ လက်ထဲသို့ ပါသွားတော့သည်။ 


ဧကရာဇ်က အာဟာရဖျော်ရည်‌ သောက်ချင်နေသည့် ကလေးကို စိုက်ကြည့်ရင်း သက်ပြင်းခပ်ဖွဖွ ခိလိုက်သည်။ 


"ပေါက်စလေး ဒါတွေက စားလို့မရဘူး သိရဲ့လား ပေါက်ကရတွေအကုန်လုံးကို ဗိုက်ထဲ ထိုးသိပ်ထည့်နေလို့ မရဘူးလေ ..." 


ဒုတိယသားက သူ့ကို မျက်ရည်တို့ တွဲလွဲခိုနေရင်း စိုက်ကြည့်လိုက်သည်။ 


"ဗိုက်ဆာလို့ ..." 


ဧကရာဇ်မှာ သူ့ကို အနိုင်ကျင့်နေမိပြီလားဟုပင် ခံစားလိုက်ရကာ ပုလင်းကို ကမ်းပေးတော့မည့် အချိန်တွင်ပင် အသိစိတ် ပြန်ဝင်လာသည်။ ထိုကဲ့သို့သော တာဝန်မဲ့သည့် လုပ်ရပ်မျိုး မလုပ်မိလိုက်၍သာ တော်သေးသည်။ လက်ကိုယမ်းလိုက်သည်နှင့်တစ်ပြိုင်နက် အာဟာရဖျော်ရည်ပုလင်း ပျောက်ကွယ်သွားကာ သူက ဒုတိယသားကို အောက်ချပြီး စက်ရုပ်တစ်ရုပ်ကို ဆင့်ခေါ်လိုက်သည်။ 


"စားစရာတစ်ခုခု ပြင်ဆင်ပြီး ဒီကိုပို့ပေး ကလေးတွေ ဗိုက်ဆာနေကြပြီ ..." 


စက်ရုပ်က အချက်ပြမီးတစ်ချက်လက်လာကာ ချက်ခြင်း ငြင်းဆန်လိုက်သည်။


"အမိန့်ကို လက်မခံနိုင်ပါဘူး..စက်ရုပ်မှာ ကလေးငယ်တွေကို အထူးတလည် စောင့်ရှောက်ပေးရမယ့် စနစ် ထည့်သွင်းထားတဲ့အတွက် ကလေးတွေကို အလွန်အကျူး ကျွေးမွေးပြီး ညှင်းပန်းနှိပ်စက်မယ့်လုပ်ရပ်တွေကို လုံးဝ ခွင့်မပြုထားပါဘူး ဒီကလေးကို ကျွေးမွေးထားတဲ့ စားစရာတွေက သတ်မှတ်စံနှုန်းထက် နှစ်ဆပိုများနေပါပြီ ..." 


ဘယ်သူကများ ဒီစောက်ကျိုးနည်းစနစ်ကို ထည့်ထားရတာလဲကွ ... 


ဒုတိယသား၏ အစာစားလိုစိတ်ကို သိနေသည့် ဧကရာဇ်က စက်ရုပ်တစ်ရုပ် ထပ်ရှာရန် ပြင်နေစဉ်မှာပင် ထိုစက်ရုပ်က သူ့ရှေ့သို့ ပိတ်ရပ်ကာ ပြောလိုက်သည်။ 


"ကလေးတွေရဲ့ လက်ရှိအခြေ‌အနေကို စစ်ဆေးပြီး စက်ရုပ်မှာ ပါဝင်တဲ့ အချက်အလက်တွေကို စောင့်ရှောက်ရေးစနစ်နဲ့ အလိုအလျောက် ထိန်းညှိထားတဲ့အတွက် ကလေးတွေကို အသေအချာ မစောင့်ရှောက်ပေးနိုင်ရင် တရားစွဲဆိုခြင်းကို ခံရမှာ ဖြစ်ပါတယ် ..." 


"..." 


သူ့ကိုယ်ပိုင်စက်ရုပ်၏ ခြိမ်းခြောက်မှုကို ခံလိုက်ရသည့် ဧကရာဇ်မှာ ပြောစရာစကားပင် ပျောက်ရှသွားတော့သည်။ ထိုစကားများကို နားလည်နေသည့် ဒုတိယသားကလည်း ချက်ခြင်း အော်ဟစ်‌ငိုကြွေးလိုက်တော့သည်။ 


ထိုကဲ့သို့ ရှုပ်ထွေးနေစဉ်မှာပင် နန်းတော်အပြင်ဘက်၌ ပေါက်ကွဲသံ အကျယ်ကြီးတစ်ခုကို ကြားလိုက်ရသည်။ အင်ပါယာတစ်ခုလုံး၌ အားအကြီးဆုံး အကာအကွယ်ဒိုင်းဟု သတ်မှတ်၍ရသော နန်းတော်ကို ကာရံထားသည့် ဒိုင်းမှာ ဘန်းခနဲ မြည်ကာ ပျက်စီးသွားတော့သည်။ 


အင်ပါယာက မတ်တပ်ထရပ်ရင်း တီးတိုးရေရွတ်လိုက်သည်။ 


"ရောက်လာပြီပဲ ..." 


အစောပိုင်းတွင် ချပ်မင်သည် ကျောက်လင်းယွီကို သတ်ဖြတ်ရန် လုပ်ကြံသူများ စေလွှတ်ခဲ့ပြီးနောက် ဖက်ဒရယ်နှင့် အင်ပါယာအကြား သံတမန်ဆက်ဆံရေးကို အားသွန်ခွန်စိုက် အားပေးရင်း တစ်ဖက်တွင်လည်း ကျောက်လင်းယွီနှင့် အခြားသူများအကြောင်း စုံစမ်းရန် သူလျှိုများစွာ စေလွှတ်ခဲ့သည်။ ထို့ကြောင့် လူတိုင်းက သူသည် သူ့ကိုယ်ပိုင်အကျိုးစီးပွားအတွက် ဖက်ဒရယ်နှင့် ပူးပေါင်းရေးကို ဖျက်ဆီးချင်နေသည်ဟုသာ တွေးလိုက်ကြတော့သည်။


 ၎င်းမှာ အယောင်ပြလုပ်ရပ်များသာ ဖြစ်ကြောင်းကိုတော့ မည်သူကမှ မတွေးမိခဲ့ချေ။ 


Xxxxxx