အပိုင်း ၁၆၆
Viewers 18k

Chapter 166


ချပ်မင်သည် အများထင်သကဲ့သို့ အစွန်းရောက်အတွေး မရှိသည့်အပြင် ကျောက်လင်းယွီကိုလည်း မမုန်းတီ။ သူ၏ ရည်မှန်းချက်မှာ အားလုံးထင်ထားသည်ထက် ပိုကြီးမားကာ ကောင်းကောင်းမွန်မွန်သာ ပြင်ဆင်မထားပါလျှင် အစောင့်များ၏ ဖမ်းဆီးခြင်းကို ခံရနိုင်သည့်လုပ်ရပ်ဖြစ်သည်။ 


တော်ဝင်မိသားစုဟူ၍ ဖြစ်လာခြင်းမှာ ခွန်အားအရာ၌ သာလွန်သောကြောင့်သာ မဟုတ်။ လောယာအင်ပါယာ၏ ပင်မကွန်ပျူတာကို ဖန်တီးခဲ့သူများ ဖြစ်နေ၍လည်း ဖြစ်ပေသည်။ သူတို့၏ သွေးသားဆက်နွယ်ချက်အရ ပင်မကွန်ပျူတာရှိနေသော ဂြိုဟ်ပေါ်သို့ သွားရောက်နိုင်သည့် လက်မှတ်ကို ရနိုင်ရုံသာမက ကွန်ပျုတာနှင့်လည်း တိုက်ရိုက် ဆက်သွယ်နိုင်ပေသည်။ 


ထိုလက်မှတ်မှာ ဧကရာဇ်ဝဲလ်ထံတွင် ရှိနေသော်ငြား အခြားသူတစ်ယောက်ကသာ လုယူနိုင်ပါလျှင် ဧကရာဇ်နေရာ ပြောင်းလဲသွားမည်ဖြစ်သည်။ သို့သော် ထိုသို့ လုယူနိုင်ရန်မှာလည်း မလွယ်ကူလှချေ။ ဝဲလ်သည် ချပ်မင်၏ လုပ်ရပ်များ အနည်းငယ် လွန်ကျူးလာသဖြင့် သူ့အနား၌ သူလျှိုများ ထားခဲ့မိသည့်အပေါ် ကျေနပ်မိလာတော့သည်။ မူလက ချပ်မင်ကို သတိပေးဆုံးမရန်သာ ကြံရွယ်ထားသော်ငြား သူ့ထံမှ အချက်အလက်များစွာ ရလာခဲ့သဖြင့် အကျအန ပြင်ဆင်ခွင့် ရသွားတော့သည်။ 


ဧကရာဇ်က မတ်တပ်ထရပ်ကာ စက်ရုပ်များကို ညွှန်ကြားလိုက်သည်။ 


"ကလေးတွေကို မြေအောက်ထပ်ထဲ ပို့ထားလိုက် ..." 


စက်ရုပ်များက ကလေးများကို ဂရုတစိုက် စုစည်းပြီးနောက်တွင်တော့ ကြမ်းပြင်မှ အပေါက်တစ်ခု ထွက်ပေါ်လာကာ အားလုံး ပျောက်ကွယ်သွားတော့သည်။ 


ဝဲလ်က ကိုယ်ပိုင်ဆက်သွယ်ရေးစက်ကိုသုံးကာ သူ့ဇနီးအပါအဝင် ကလေးအားလုံး မြေအောက်ထပ်ထဲသို့ ရောက်နေပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် ရုတ်ချည်း ပြုံးလိုက်ကာ နောက်တစ်စက္ကန့်အတွင်းမှာပင် ‌နန်းတော်ခေါင်းမိုးပေါ်သို့ ရောက်ရှိသွားတော့သည်။ 


ထိုအချိန်တွင် နန်းတော်ကို အကာအကွယ်ဒိုင်းတစ်ခုက အုပ်မိုးထားသည်။ ၎င်းမှာ စက်ရုပ်က ဖန်တီးထားခြင်း မဟုတ်ဘဲ စွမ်းရည်ပိုင်ရှင်တစ်ဦးက ဖန်တီးထားသည့်ဒိုင်းဖြစ်သည်။ အဆင့်ရှစ်စွမ်းရည်ပိုင်ရှင်တစ်ဦး၏ အကာအကွယ်ဒိုင်းမှာ ကိုင်တွယ်ရန် မလွယ်ကူလှချေ။ 


"မင်းလည်း ပြင်ဆင်ထားလိမ့်မယ်လို့ မထင်ထားမိဘူး ငါ့ကို တကယ်ကို စောင့်ကြည့်နေတာပဲ ဘာလဲ လောယာကနေ နှင်ထုတ်နိုင်မယ့် အခွင့်အရေးကို ရှာနေတာလား ..." 


ချပ်မင်က မေးလိုက်သည်။ 


ပင်မကွန်ပျုတာကို ထိန်းချုပ်နိုင်မယ့် အခွင့်အရေး ... ဒါက ဘယ်လောက်တောင် မက်မောစရာ ကောင်းလိုက်သလဲ လောယာကို ဖျက်ဆီးဖို့ ကွန်ပျူတာကို အသုံးမပြုနိုင်ဘူးဆိုပေမယ့် ဒါကလည်း သိပ်ပြီး ခက်ခဲတဲ့အရာမှ မဟုတ်တာသန္ဓေသားဘဝပဲ ရှိသေးတဲ့ နှစ်ယောက်ကို အရှုံးပေးရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ ... 


"မင်းရဲ့ လုပ်ရပ်တွေအပေါ် ငါက ဘယ်လိုလုပ် စိတ်အေးလက်အေး နေနိုင်မှာလဲ ..." 


ဝဲလ်က ပြောလိုက်သည်။ 


"ဒါဆိုလည်း ဘာလို့ သူတော်ကောင်းယောင် ဆောင်နေသေးလဲ ..." 


ချပ်မင်က ထိုသို့ပြောကာ နှုတ်ခမ်းထောင့်စွန်းတို့ ကော့ညွတ်လျက် ပြုံးလိုက်သည်။


အဆင့်ရှစ်စွမ်းရည်ပိုင်ရှင်၏ အကာအကွယ်ဒိုင်းမှာ ပျက်စီးသွားပြန်တော့သည်။ သူနှင့် ဧကရာဇ် စကားပြောနေစဉ်မှာပင် သူ့လူများက စတင်လှုပ်ရှားလိုက်ပြီဖြစ်သည်။ 


"တကယ်ကို မရပ်တန့်တော့ဘူးလား ..." 


ဝဲလ်က ထပ်မေးလိုက်သည်။ 


"မင်းလည်း မဖြစ်နိုင်မှန်း သိနေရဲ့သားနဲ့ ဘာလို့ ထပ်မေးနေတာလဲ ဘာလဲ မင်းရဲ့ စေတနာတွေကို ထုတ်ပြချင်နေသေးတာလား ..." 


ချပ်မင်က ထေ့ငေါ့မှုအပြည့်ဖြင့် ပြောလိုက်သည်။ 


ဧကရာဇ်ဝဲလ်က သူ့ကို စိုက်ကြည့်ကာ သက်ပြင်းအသာ ချလိုက်သည်။ 


ချပ်မင်မှာ အစောပိုင်းတွင်က ဤမျှ ရည်မှန်းချက် ကြီးမားသေးသည် မဟုတ်ပေ။ တော်ဝင်မိသားစုဟူ၍ သူနှင့် ဝဲလ်သာ ကျန်တော့သည့်အတွက် အားလုံးက သူ့ကို ထီးနန်းဆက်ခံသူအဖြစ် သတ်မှတ်လာကြသည့်အခါမှသာ ထီးနန်းကို သူ့အပိုင်အဖြစ် တွေးလာခဲ့ခြင်းဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးကို ဖြတ်သန်းလာခဲ့ရသူအဖို့ သူ့အပိုင်ကို မည်သူ့လက်ထဲမှ ထည့်ပေးလိုမည် မဟုတ်ချေ။ 


အဆင့်ရှစ်စွမ်းရည်ပိုင်ရှင်၏ အကာအကွယ်ဒိုင်း ပျက်စီးသွားသည့်အပြင် သူ့လူများကလည်း စီစဉ်ထားသည့်အတိုင်း နန်းတော်ကို ဝိုင်းထားကြပြီဖြစ်သည့်အတွက် ချပ်မင်သည် အောင်မြင်မှုကို လက်ဆုပ်လက်ကိုင် ပြုနိုင်တော့မည်ဟု ခံစားရလာတော့၏။ 


ဟုတ်တယ် ဧကရာဇ်က သူ့ထက် အများကြီး ပိုသန်မာတဲ့ အဆင့်ကိုးစွမ်းရည်ပိုင်ရှင်လေ ဒါပေမယ့် အဲဒါလည်း ဘာအရေးလဲ အဆင့်ကိုးစွမ်းရည်ဆိုတာမျိုးက ထိန်းချုပ်ဖို့ မလွယ်တဲ့အပြင် တစ်ချက်လောက်လေး သတိလက်လွတ်ဖြစ်သွားတာနဲ့ ဂြိုဟ်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်မှာလေ ဧကရာဇ်က လုပ်ရဲပါ့မလား ... 


သူက အင်ပါယာကြယ်နဲ့ ပြည်သူတွေကို ဂရုမစိုက်ရင်တောင် သူ့မိန်းမနဲ့ ဗိုက်ထဲက ကလေးနှစ်ယောက်ကို ဂရုမစိုက်လို့ မရဘူးလေ ဟုတ်တယ်မဟုတ်လား ... 


လက်တွေ့တိုက်ပွဲတွင် အတွေ့အကြုံ သိပ်မရှိလှသည့် ဧကရာဇ်မှာ အခြားအဆင့်ကိုးစွမ်းရည်ပိုင်ရှင်တစ်ဦးနှင့် အင်ပါယာကြယ်ပေါ်တွင် ယှဉ်ပြိုင်တိုက်ခိုက်ရဲမည် မဟုတ်ချေ။ 


မာရှယ်ကလည်း ကလေးရှိနေတာဆိုတော့ ဘယ်လိုလုပ် လွယ်လွယ်လှုပ်ရှားရဲမှာလဲ တကယ်လို့ သူသာ လှုပ်ရှားရဲရင် ... နောက်ဆုံးတစ်ခေါက် သူ့မင်္ဂလာပွဲကို သွားတဲ့အချိန်တုန်းက မာရှယ့်ရဲ့ အိမ်ထဲမှာ လှည့်ကွက်နည်းနည်းလောက် လုပ်ခဲ့မှာပေါ့ ... 


နန်းတော်ကို အကာအကွယ်ဒိုင်းဖြင့် တစ်ဖန် ကာကွယ်လိုက်ပြန်သော်ငြား ချပ်မင်ကတော့ စိုးရိမ်ခြင်း အလျဉ်းမရှိ။ သူ့လူများ နောက်တစ်ဖန် ထိုးဖောက်နိုင်ခြင်းရှိမရှိသာ စိတ်ဝင်တစား စောင့်ကြည့်နေလိုက်သည်။ 


ဂြိုဟ်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေသည့်အတွက် နန်းတော်၏ အခြေအနေကို သာမန်သူများထံမှပင် ဖုံးကွယ်၍ မရတော့ချေ။ သို့သော် ချပ်မင် မျှော်လင့်ထားသကဲ့သို့ပင် နိုင်ငံရေးအပြောင်းအလဲအကြား ပါဝင်လိုသူဟူ၍ များများစားစား မရှိပေ။ သတိလက်လွတ် အပြုအမူတစ်ချက်‌ကြောင့်ပင် အသက်ဆုံးရှုံးနိုင်သည့်အပြင် သူသာ အောင်အောင်မြင်မြင် အာဏာသိမ်းနိုင်ပါလျှင် ပြုပြင်ပြောင်းလဲမှုများ လုပ်ပေးရုံသာမက ပင်မကွန်ပျူတာကိုသုံးကာ ဖက်ဒရယ်ကို ထိန်းချုပ်မည်ဟုလည်း အင်တာနက်ပေါ်တွင် ကတိပေး ဝါဒဖြန့်ထားပေးသေးသည်။ ဤသည်မှာ သာမန်လူတို့အဖို့ မလွန်ဆန်နိုင်လောက်သည့် မက်လုံးပင်ဖြစ်သည်။ 


နန်းတော်၏ စောင့်ရှောက်ရေးစက်ရုပ်များ တစ်ရုပ်ပြီးတစ်ရုပ် ကျရှုံးသွားသည်ကို စောင့်ကြည့်ရင်း ချပ်မင်၏ အမူအယာမှာ ပို၍ပင် မော်ကြွားလာတော့သည်။ ထိုတစ်ခဏ၌ပင် သူ့ဆက်သွယ်ရေးစက်ထံမှ နားကွဲလောက်သည့် အချက်ပေးသံတစ်ခု ထွက်ပေါ်လာကာ နန်းတော်ကို ဝိုင်းထားသည့် သူ့လူများထဲ၌ လောယာစစ်တပ်၏ ယူနီဖောင်းဝတ်ဆင်ထားသူများ တိတ်တဆိတ် ထွက်ပေါ်လာတော့သည်။ 


အင်ပါယာကြယ် အနီးအနားက စစ်တပ်တွေကို ထိန်းချုပ်ပြီး စစ်သားတွေကိုလည်း ရုပ်ဖျက်ခိုင်းပြီး မာရှယ့်နန်းတော်နဲ့ တစ်ခြားနေရာတွေကို စောင့်ကြည့်ဖို့ စေလွှတ်ထားတာဆိုတော့ ... အခုရောက်လာတဲ့စစ်သားတွေက ဘယ်သူတွေလဲ ... 


ချပ်မင်၏ မျက်နှာထားမှာ ရုတ်ချည်း ပြောင်းလဲသွားတော့သည်။ စစ်တပ်အမှတ်အသားပါ စစ်သင်္ဘောတို့က အင်ပါယာကြယ်၏ အထက်တွင် ရုတ်ချည်း ထွက်ပေါ်လာကာ လောယာနယ်ခြားစောင့်တပ်ဖွဲ့ကလည်း အင်ပါယာကြယ်တစ်ခုလုံးကို ဝိုင်းထားလိုက်တော့၏။ 


ဧကရာဇ်၏ ရာထူးအဆင့်အတန်းမှာ အလွန်မြင့်မားသည် ဆိုသော်ငြား စစ်တပ်နှင့် နယ်ခြားစောင့်တပ်ကိုတော့ မထိန်းချုပ်နိုင်ချေ။ လက်ရှိတွင် ကိုယ်ဝန်လွယ်ထားရသည့် မာရှယ်ပင်လျှင် အပြည့်အဝ ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ 


ငွေရောင်စစ်သင်္ဘောက အင်ပါယာကြယ်၏ ကောင်းကင်တစ်ခုလုံး အမှောင်ဖုံးသွားလုနီးပါး ဖြစ်စေခဲ့သည်။ လမ်းမီးများ တစ်ခုပြီးတစ်ခု ထွန်းလင်းလာပြီးနောက် အာကာသယာဉ်တစ်စီးက တစ်ဖြေးဖြေး သက်ဆင်းလာကာ နန်းတော်၏ အပေါ်နားတွင် ရပ်တန့်လိုက်သည်။ ၎င်းမှာ အင်ပါယာနန်းတော်ထက်ပင် ပိုမိုကြီးမားကာ ကြယ်တစ်ခုလုံး၏ ဆယ်ပုံတစ်ပုံမျှ ရှိနေသဖြင့် ချပ်မင်လည်း ထူးဆန်းမှုကို ခံစားလာရတော့သည်။ 


ဒီဟာက အင်ပါယာရဲ့ အကောင်းဆုံး ကုန်ကြမ်းတွေနဲ့ လုပ်ထားပြီး နန်းတော်ထက်တောင် ပိုပြီး ခိုင်မာတယ်လို့ ပြောကြတဲ့ နယ်ခြားစောင့်တပ်ရဲ့ ပင်မစစ်သင်္ဘော "အိပ်မက်ဥယျာဉ်" လေ ... ဒါကို စတည်ဆောက်တုန်းက လောယာအင်ပါယာအတွက် နောက်ကြောင်းပြန်လှည့်ဖို့ လုပ်ခဲ့တာ  မဟုတ်လား ဒါကို မာရှယ်ရေမွန်တစ်ယောက်ပဲ အမိန့်ပေးနိုင် ... မဟုတ်သေးဘူး မာရှယ်ရေမွန်မှာတောင် ဒီစစ်သင်္ဘောကို အင်ပါယာကြယ်ကို ယူလာခွင့် မရှိဘူးလေ မဟုတ်ရင် အပြစ်ပေးခံရမှာကို ... 


ချပ်မင်က အိပ်မက်ဥယျာဉ်ကို မော့ကြည့်နေချိန်မှာပင် လှေကားတစ်စီး ကျဆင်းလာပြီး တပ်သားများစွာ ခြံရံကာ ခပ်ဖြေးဖြေး လျှောက်လာသူကို တွေ့လိုက်ရတော့သည်။


ထိုသူက အရပ်မရှည်လှသည့်အပြင် အလွန်အမင်း သာမန်ဆန်လှသော စစ်ယူနီဖောင်းကိုသာ ဝတ်ဆင်ထားသည်။ ခေါင်းဆောင်းဆောင်းထားသည့်အတွက် သူ့မျက်နှာကို မမြင်ရသေးသော်ငြား ရေမွန်မဟုတ်သည်မှာတော့ သေချာပေသည်။ အပန်းဖြေနေသည့်နှယ် ခပ်နှေးနှေး လျှောက်လာသော်ငြား အနီးနားရှိ လူများမှာမူ ရှင်းမပြနိုင်လောက်သည့် ဖိအားတို့ သက်ရောက်ခြင်းကို ခံနေရပေသည်။


 ချပ်မင်သည်လည်း သူ့ကိုယ်သူ ရှုံးနိမ့်သွားပြီမှန်း သိနေသော်ငြား မည်သူ့ထံတွင် ရှုံးနိမ့်သွားမှန်းကိုတော့ မသိသေးချေ။ 


အတွေးထဲတွင် နာမည်ပေါင်းများစွာ ပေါ်ထွက်လာသည့်တိုင် မည်သူကမှ သူ့ရှေ့တွင် ရပ်နေသူနှင့် မကိုက်ညီပေ။ ထိုသူက ခေါင်းဆောင်းကို ဆွဲချွတ်ကာ အေးစက်စက်အမူအယာကို လှစ်ဟပြလိုက်သည်။ 


"မစ္စတာချပ်မင် ခင်ဗျားကို နိုင်ငံတော်ပုန်ကန်မှု၊ စစ်တပ်ရဲ့ စီမံခန့်ခွဲမှုတွေမှာ ဝင်ရောက်နှောင့်ယှက်မှုတွေအတွက် သံသယရှိနေပါတယ် ကျွန်တော်တို့နောက်ကို လိုက်ခဲ့ပေးပါ ..." 


"ဂျန်ခင် ..." 


ချပ်မင်က သူ့ကို အထိတ်တလန့် စိုက်ကြည့်နေလိုက်သည်။ သူက ဂျန်ခင်ကို အထင်မသေး‌ဖူးသော်လည်း ထိုကဲ့သို့ကိစ္စမျိုး ဆောင်ရွက်လိမ့်မည်ဟုလည်း တွေးမထားဖူးပေ။ ဂျန်ခင်က လှေကားပေါ်တွင်ရပ်ကာ သူ့ကို ငုံ့ကြည့်နေပြီး အလွန်ခန့်ညားလှသည့် မျက်နှာမှာမူ ခံစားချက်တို့ ကင်းမဲ့နေပေသည်။ 


"မင်းတို့က ငါထင်ထားတာထက်ကို ပိုပြီး ပြင်ဆင်ထားကြတာပဲ မဟုတ်မှလွဲရော ငါက ဟိုးအစကတည်းက စောင့်ကြည့်ခံနေရတာများလား ..." 


ချပ်မင်က ပြောလိုက်သည်။ နယ်ခြားစောင့်တပ်ဖွဲ့သည် လောယာအင်ပါယာ၏ နယ်စပ်တွင်သာ တစ်နှစ်ပတ်လုံး အခြေချနေထိုင်ရသည့်အတွက် ကြိုတင်ပြင်ဆင်ထားခြင်း မရှိဘဲ ရုတ်တရက် ပေါ်ပေါက်လာလိမ့်မည် မဟုတ်ချေ။ 


"အရင်ဆုံး စည်းကျော်ခဲ့တာက မင်းပါ ..." 


ဧကရာဇ်က ဝင်ပြောလိုက်သည်။ 


"ငါ မလုပ်ရင်ရော မင်းက ငါ့ကို အာရုံမစိုက်ဘဲ နေမှာလား ..." 


ချပ်မင်က သရော်လိုက်သည်။ 


သူ့ရဲ့ တည်ရှိမှုသေးသေးလေးကအစ ဒီလူ့အတွက် ခြိမ်းခြောက်မှု ဖြစ်နေတာ မဟုတ်ဘူးလား ... 


အပေါ်ယံတွင်တော့ ချပ်မင်က အရှုံးပေးတော့မည့်ဟန် ပေါ်နေသော်ငြား အတွင်းစိတ်ထဲတွင်မူ ... သူ့လက်ပေါ်ရှိ ခလုတ်များကို အသာဖိလိုက်သည်။ သူသည် အင်ပါယာကြယ်ပေါ်ရှိ အိမ်တိုင်းကို ပစ္စည်းတစ်ခု တပ်ဆင်ထားကာ ထိုအရာများက ဧကရာဇ်ဝဲလ်ကို မသတ်နိုင်သည့်တိုင် ကြီးစွာ ဒုက္ခရောက်စေနိုင်မည်ဖြစ်သည်။ 


ဒါပေမယ့် ဒီဟာကလည်း သူထင်ထားသလို ဖြစ်မလာပြန်ဘူး ... 


ဗုံးတွေ ဖောက်ခွဲရေးပစ္စည်းတွေက ဘာလို့ ဘာမှ တုန့်ပြန်မလာရတာလဲ ဘယ်သူကမှ ဒါတွေကို မစစ်ဆေးနိုင်ဘူးလေ ... 


ချပ်မင်၏ မျက်လုံးတို့မှာ သွေးသဖွယ် နီမြန်းလာတော့သည်။ သူ့ဘေးနားရှိ အဆင့်မြင့်စွမ်းရည်ပိုင်ရှင်တို့က အကာအကွယ်ဒိုင်းများ တစ်ခုပြီးတစ်ခု ပစ်လွှတ်ကာ သူ့စွမ်းအင်ကို ဖိနှိပ်နေ၍သာ မဟုတ်ပါလျှင် စွမ်းအင်များ ရုန်းရင်းဆန်ခတ်ဖြစ်လာတော့မည် ဖြစ်သည်။ 


မဟုတ်သေးဘူး အခု သူ့စွမ်းရည်တွေက အထိန်းအကွပ်မဲ့နေတော့ စွမ်းအင်ရုန်းကြွချင်လို့တောင် ရုန်းကြွလို့မရတော့ဘူး ... သူ့ဘေးကင်းလုံခြုံရေးကို အမြဲတမ်း ဂရုစိုက်ခဲ့ရဲ့သားနဲ့ ဘယ်သူကများ လာပြီး လက်ဆော့သွားတာလဲ ... 


သူ၏ လက်ရှိအခြေအနေမှာ ယုံကြည်နိုင်ဖွယ်ရာပင် မရှိတော့သည့်အတွက် ချပ်မင်လည်း မျက်စိကို မှိတ်ထားလိုက်လျှင် ချောမောလှပသည့် မိန်းမပျို‌တစ်ဦး၏မျက်နှာ ထွက်ပေါ်လာတော့သည်။ ထိုမျက်နှာပိုင်ရှင်၏ ဦးနှောက်မှာ ရင်သားကဲ့သို့ပင် ဖွံ့ဖြိုးခြင်းမရှိ။ သူမအတွက်မူ သူ၏ ရည်မှန်းချက်များသည် ဒီဇိုင်နာဖန်တီးထားသည့် အိတ်များ၊ အဝတ်အစားများလောက်ပင် အရေးမပါလှချေ။ 


သူ တက်တက်ကြွကြွ အားကျိုးမာန်တက်ဖြင့် စီစဉ်ခံလေတိုင်း ထိုမိန်းမက အသုံးမဝင်သည့် ပစ္စည်းများကို ဝယ်ယူကာ ငွေရေးကြေးရေးကိုပင် လိမ်လည်ခဲ့သေးသည်။ ချပ်မင်မှာ ရေအေးတစ်ပုံး လောင်းချခံလိုက်ရသည့်နှယ် ခံစားလိုက်ရတော့သည်။ ဘာကြောင့် ပူပန်သောကရောက်နေမှန်း သူ့ကိုယ်သူလည်း နားမလည်နိုင်တော့ချေ။ 


သူက ထိုမိန်းမကို ဘယ်သောအခါကမှ မနှစ်လိုခဲ့။ သူနှင့် လိုက်ဖက်နှုန်း မြင့်မားနေ၍သာ မဟုတ်ပါလျှင် သူမကို လုံးဝ ရွေးချယ်ခဲ့မည် မဟုတ်ချေ။ သိူ့သော် အတိတ်က သူ့အတွေးအားလုံးမှာ မှားယွင်းသွားချေတော့သည်။ ထိုမိန်းမမှာ သူထင်ထားသကဲ့သို့ မရိုးရှင်းလှပေ။ 


ထိုမိန်းမကို အရူးဟုသာ သဘောထားပြီး သူလုပ်ခဲ့သမျှအတွက် အကာအကွယ်အဖြစ် နေစေခဲ့သည့်အတွက် သူမကို သံသယမဝင်မိလိုက်ပေ။ ... 


Xxxxxxx