အပိုင်း ၁၆၈
Viewers 18k

Chapter 168


မာရှယ်ရေမွန်က မက်ခါတစ်စီး တည်ဆောက်ပေးရန် မစ္စတာဖန်းကို တောင်းဆိုခဲ့ပြီး တည်ဆောက်ပြီးစီးချိန်တွင်လည်း အများရှေ့တွင် ထုတ်မသုံးသည့်အတွက် လူထုက ထိုမက်ခါအကြောင်း တစ်ဖြေးဖြေး မေ့လျော့သွားတော့သည်။ ယခုမူ ထိုမက်ခါမောင်းနှင်သူမှာ ဂျန်ခင်ဖြစ်သွားတော့၏။ 


သူ့ဘေးနားတွင် နေရာလွတ်ဓားသွားများ ပိုပြီး ထွက်ပေါ်လာသည့်အပြင် ‌သူ့ခန္ဓာကိုယ်အနီးရှိ နေရာလွတ်‌ကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်ရန်မှာလည်း ပိုပြီး ခဲယဉ်းလှသည့်အတွက် ချပ်မင်မှာ တစ်ဖြေးဖြေး နောင်တရလာမိသော်လည်း အင်အားကြီးသည့် တိုက်ခိုက်ရေးစွမ်းအင်လည်း ရှိနေဆဲဖြစ်သည်။ 


သူက နေရာလွတ်ထဲတွင် သိမ်းထားသော စွမ်းအင်ပုံဆောင်ခဲတစ်ခဲကို ထုတ်လာကာ ဦးတည်ရာဆီသို့ တစ်ဖြည်းဖြည်း လျှောက်လာလိုက်၏။ နေရာလွတ်လှုပ်ရှားမှုမှာမူ ... အနီးအနားရှိ နေရာလွတ်များမှာလည်း အလွန်မတည်မငြိမ် ဖြစ်‌နေသည့်အပြင် သူလည်း မသေချင်သေးသည့်အတွက် အသုံးမပြုနိုင်ပေ။ 


စွမ်းအင်ဆုံမှတ်သို့ နီးသည်ထက် နီးလာသဖြင့် ချပ်မင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ခပ်ရေးရေး ထွက်ပေါ်လာတော့သည်။ 


သူ့ဘက်တော်သား ဖြစ်ဟန်ရှိခဲ့သည့် မိန်းမက သူ့ကို ကျရှုံးစေခဲ့သည့်အတွက် ဝဲလ်၏ မိန်းမနှင့် သူမ၏ ‌အနားရှိ ကလေးများကိုလည်း မုချ သေဆုံးစေမည်ဖြစ်သည်။ 


ထိုသို့ တွေးမိနေစဉ်မှာပင် ခေါင်းမူးစရာ ကောင်းလှသည့် လိမ္မောရောင်မက်ခါတစ်စီး ရွှံ့အိုင်ထဲမှ ထွက်ပေါ်လာတော့သည်။ စစ်သင်္ဘောက နေရောင်ကို ပိတ်ဆို့ထား၍သာ မဟုတ်ပါလျှင် ၎င်းမှာ ပိုပြီး တောက်ပနေမည့်အပြင် အစိမ်းရောင်ပုခုံးနှင့် အဝါရောင်တစ်ခုတည်းသာ ခြယ်ထားသည့် မက်ခါခေါင်းပိုင်းတို့မှာ ပိုပြီး ထင်ရှားနေမည်ဖြစ်သည်။ 


ထိုမက်ခါမှာ အရောင်ပြောင်းသွားသည်မှတစ်ပါး ချပ်မင်အတွက် မစိမ်းလှ။ မစ္စတာဖန်းက သူ့အတွက် အချိန်ကြာမြင့်စွာ ဖန်တီးပေးထားခဲ့ခြင်း ဖြစ်သော်ငြား ယခုမူ ကလေးဆန်လှသည့် အရောင်များ ခြယ်သထားသည့် အခြားသူတစ်ဦး၏ လက်ထဲသို့ ရောက်သွားတော့သည်။ 


ချပ်မင်၏ ပတ်လည်ရှိ တည်ငြိမ်သော နေရာလွတ်မှာ တစ်ဖြည်းဖြည်း နည်းပါးလာကာ ဓားသွားများ ဆက်တိုက် ထွက်ပေါ်လာပြီး အချို့က နေရာလွတ်အက်ကွဲကြောင်းအဖြစ် ပေါင်းစည်းသွားကြတော့သည်။ 


အဆင့်မြင့်မက်ခါများတွင် သုံးထားသည့် ကုန်ကြမ်းများမှာ ထူးထူးကဲကဲ ကောင်းမွန်လှသည့်အတွက် နေရာလွတ်ဓားသွားငယ်များကို ဖျက်ဆီးပစ်နိုင်သော်ငြား အက်ကွဲကြောင်းကတော့ ၎င်းကို အမည်မသိနေရာတစ်ခုသို့ လွှင့်ပစ်နိုင်ပေသည်။ 


ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဂျန်ခင်ပင်လျှင် ရှေ့ဆက်မတိုးရဲဘဲ အရှိန်လျော့နေရသော်ငြား လိမ္မော်ရောင်မက်ခါမှာမူ တစ်ရှိန်ထိုး ဆက်တိုးနေဆဲဖြစ်သည်။ 


တောက်‌ပနေသည့် မက်ခါက တဖိတ်ဖိတ်တောင်နေသော နေရာလွတ်အက်ကွဲကြောင်းအတွင်း ခုန်ဝင်သွားသည်မှာ ကခုန်နေသည့် စိတ်ဝိဉာဉ်သဖွယ် ပိုပြီး ထင်ရှားနေပေတော့သည်။ 


"အဲဒါ ဘယ်သူလဲ..." 


ချပ်မင်ဘက်တော်သားများကို ရှင်းလင်းနေသည့် နယ်ခြားစောင့်တပ်သားများက အလန့်တကြား မေးလိုက်ကြသည်။ ဗိုလ်ချုပ်ကြီး၏ မက်ခါမောင်းနှင်သည့် အရည်အချင်းမှာ ထိပ်တန်းအဆင့်ဟု ဆိုနိုင်သည့်တိုင် ထိုဓားသွားများကို ရှောင်တိမ်းကာ အနားသို့ တစ်ရှိန်ထိုး ကပ်မသွားရဲပေ။ ထိုလိမ္မော်ရောင်‌မက်ခါမှာမူ တိုက်ရိုက်ပင် ခုန်ဝင်သွားလိုက်သေးသည်။


"တအားကို သန်မာလွန်းတယ် သူ့ရဲ့ လှုပ်ရှားမှုတွေက အရမ်းကို အင်အားကြီးတာပဲ ဒီလိုလှုပ်ရှားမှုမျိုး လုပ်နိုင်ဖို့ ထိန်းချုပ်တဲ့ခလုတ်တွေ ဘယ်လောက်တောင် တပ်ထားရမလဲ မသိဘူးနော် ..." 


"ဒီမက်ခါက တအားကို သန်မာတာပဲ ဓားသွားတွေကတောင် မဖြတ်တောက်နိုင်ဘူး ပြောကြတာတော့ ဗိုလ်ချုပ်ကြီးရဲ့ မက်ခါက အကောင်းဆုံးဆို အခု ငါမြင်သလောက်ဆို ဒီမက်ခါကလည်း လုံးဝ မညံ့ဘူးနော် ..." 


"ဟိုးအရင်တုန်းက လိမ္မော်ရောင်ကို အရမ်းမိန်းမဆန်တယ်လို့ ထင်ခဲ့မိပေမယ့် အခုကြည့်လိုက်ကာမှ နည်းနည်းလေး ခန့်ညားလာသလိုပဲနော် ..." 


.... 


နယ်ခြားစောင့်တပ်ဖွဲ့ဝင်အားလုံးက မက်ခါကို ‌ကြည့်နေရင်း လောယာအင်ပါယာအနှံ့ တိုက်ရိုက်ထုတ်လွှင့်ပြသနေကာ တပ်ဖွဲ့ဝင်အသစ်တစ်ဦးက အနားတွင် ရှင်းပြရင်း ကခုန်နေသည်။ 


"တွေ့လား တွေ့လိုက်လားလို့ အခုသုံးသွားတဲ့ လှုပ်ရှားမှုက ဝါရင့်မက်ခါပြိုင်ပွဲမှာ ရွှေတံဆိပ်ရတဲ့သူ သုံးသွားတဲ့ဟာနဲ့ တစ်ထပ်တည်းပဲ မဟုတ်သေးဘူး ငါပြောတာ နှေးသွားပြီ ဒီတစ်ခေါက် သူလုပိလိုက်တဲ့ လှုပ်ရှားမှုမျိုးက ဘယ်သူမှ မလုပ်ဖူးဘူး အနာဂတ်မှာ ဒီဗီဒီယိုကို အရှိန်နှေးပြီးတော့ အခေါက်ပေါင်း ၁၈၀ လောက်ကြည့်ပြီး လေ့လာရမယ် ငါသာ အခုမောင်းနေတဲ့သူရဲ့ဘေးမှာ နေနိုင်ရင် ဗိုလ်ချုပ်ကြီးဂျန်ခင်ကိုပါ လွှမ်းမိုးနိုင်သွားမှာ သေချာတယ် ..." 


စစ်သားလေးက တလက်လက်တောက်နေသည့် အကြည့်တို့ဖြင့် ရေရွတ်နေစဉ်မှာပင် အမျိုးသားတစ်ဦး ရောက်လာကာ သူ့နောက်ကျောကို ရိုက်လိုက်သည်။ 


"ခွေးသား မင်းကများ ဗိုလ်ချုပ်ကြီးဂျန်ခင်ကို လွှမ်းမိုးချင်သေးတယ်ပေါ့ ဟုတ်လား ..." 


"လွှတ်ခနဲ ပြောမိသွားလို့ပါ တကယ်တမ်းက ဗိုလ်ချုပ်ကြီးဂျန်ခင်ကို အနိုင်ယူချင်ရုံ သက်သက်တင်ပါ အဲဒီ့မကောင်းဆိုးဝါးကို လုံးဝ စိတ်မဝင်စားပါဘူး ..." 


စစ်သားလေးက အော်ငိုလိုက်ချင်သော်ငြား မျက်ရည်က ထွက်မလာချေ။ 


စစ်သားလေးဖြစ်စေ၊ လောယာပြည်သူတိုင်း အထူးသဖြင့် အင်ပါယာကြယ်တွင် နေထိုင်သူတိုင်းမှာ ဘာဆက်ဖြစ်လာမည်မှန်း မသိသေးသည့်အတွက် နှလုံးသားတစ်ခုလုံး လေးလံနေကြတော့သည်။ အခြေအနေမှာ တစ်စထက်တစ်စ ပိုရှုပ်ထွေးလာကာ အချိန်မရွေး သူတို့အပေါ် ငြိစွန်းလာနိုင်ပေသည်။ သို့သော် အချို့လူများမှာမူ သက်ပြင်းချကာ ဟန်ဆောင်အပြုံးတစ်ပွင့် ထုတ်ဖော်လိုက်ကြသေးသည်။ 


"ကျွန်တော် မှားသွားပါတယ် ဗိုလ်ချုပ်ကြီးကို မကောင်းဆိုးဝါးလို့ မခေါ်လိုက်သင့်ပါဘူး တိုက်ပွဲကိုပဲ ဆက်ကြည့်ရအောင်နော် မဟုတ်သေးဘူး  တိုက်ပွဲမြင်ကွင်းဆီ ပြန်သွားရအောင် ကျွန်တော် အားလုံးကို မင်းသားချပ်မင်ရဲ့ မျက်နှာလေး အနီးကပ်ပြပေးမယ် တန် တန့် တန် ... အားလုံးပဲ သူ့မျက်နှာကို တွေ့လိုက်ကြရဲ့လား အရမ်းကို သိမ်မွေ့တဲ့ မင်းသားလေးဆီမှာ ဒီလိုမျက်နှာထားမျိုး တွေ့ရလိမ့်မယ်လို့ စိတ်တောင် မကူးဖူးဘူး အားလုံးပဲ နောင်တစ်ချိန်မှာ emoji အဖြစ် ပြန်သုံးနိုင်အောင် သေသေချာချာ လေး screenshot ရိုက်ထားကြနော် ..." 


ထိုစစ်သားလေးမှာ လောယာအင်ပါယာ၏ အနာဂတ်အတွက် အလွန်အရေးကြီးသော တိုက်ပွဲကို ဟာသသဖွယ် ဗလွတ်ရွှတ်တ လျှောက်ပြောနေသည့်အတွက် လူတိုင်းက သူ့ကို ဖမ်းဆီးရိုက်နှက်လိုစိတ်များ ဖြစ်ပေါ်လာတော့သည်။ သရုပ်ပြကွန်ယက်တွင်မူ သူ၏ သရုပ်ပြပုံရိပ်ကို စုရုံးရိုက်နှက်လိုက်ကြပြီးဖြစ်သည်။ 


အများစုက သူ့ကို ရိုက်ချင်နေကြသည့်တိုင် ချပ်မင်၏ စကားကို နားယောင်ခဲ့ကြသူများမှာတော့ သူပေးခဲ့သည့် ကတိနှင့် ရည်ရွယ်ချက်များကို မေ့လျော့ကာ ကြောက်ရွံ့စိတ်တို့ ဖိစီးလာ‌ကြတော့သည်။ 


ဒီလူကလည်း အသုံးဝင်သားပဲ ... ဒီနေ့ပြီးသွားရင်တော့ ကျွမ်းကျင်မှုမရှိတဲ့ စစ်သားကို တိုင်တန်းရမယ် သူ့လိုလူမျိုးက စစ်မတိုက်ဘဲ ဟာသအစီအစဉ်တွေမှာပဲ တင်ဆက်သူ လုပ်နေသင့်တာ ... 


ချပ်မင်၏ အကျည်းတန်လှသော အမူအယာမှာ အများရှေ့မှောက်သို့ ပေါ်ထွက်လာသည့်အတွက် အားလုံးက တစိမ့်စိမ့်တွေးပြီးနောက် screenshot ရိုက်ရန် ရွေးချယ်လိုက်ကြသည်။ 


အွန်လိုင်းပေါ်ရှိ အနေအထားမှာ အလွန်ထူးဆန်းနေစဉ် ရမ်ရှန့်ကလည်း ကျားတစ်ကောင်ကဲ့သို့ မာန်ဖီနေတော့သည်။ သူက လူသားပုံစံအဖြစ်သို့ပင် မပြောင်းတော့ဘဲ အမြစ်တို့ ပျံ့လွင့်နေကာ အနည်းငယ် အားကုန်သုံးနေရသည့် ခံစားချက်မျိုး ပေးစွမ်းနေပေသည်။ 


ဒီစောက်ကျိုးနည်း ဓားသွားတွေကတော့ ပိုပိုပြီးကို များလာတာပဲ ... အစောပိုင်းတုန်းကမှ ရှောင်ချိန်ရှိသေးတယ် အခုတော့ ရှောင်ကို မရှောင်နိုင်တော့ဘူး ... 


ရမ်ရှန့်အတွက်ပင်လျှင် မလွယ်ကူတော့ရာ ဂျန်ခင်အတွက်မှာ ပို၍ပင် ခက်ခဲမည်ဖြစ်သည်။ ရှောင်တိမ်းနေရင်း ရမ်ရှန့်က အမြစ်အချို့ကို ခွဲထုတ်ကာ ‌တိုက်ခိုက်မှုမျိုးစုံကို ဖန်တီးလိုက်သည်။ ထိုတိုက်ခိုက်မှုများမှာ နေရာလွတ်အက်ကွဲကြောင်း၏ ဝါးမျိုမှုကို ခံရသည့်တိုင် ချပ်မင်ကိုတော့ အခက်တွေ့စေပေသည်။ 


"သူက ဒီလောက်ရှုပ်ထွေးတဲ့ လှုပ်ရှားမှုမျိုး လုပ်နေရင်းတောင် ဆက်ပြီး တိုက်ခိုက်နိုင်သေးတယ်နော် စိတ်စွမ်းအင်နဲ့ အပြည့်အဝ ထိန်းချုပ်နေတာဆိုရင်တောင် ဘယ်သူမှ လိုက်မလုပ်နိုင်လောက်ဘူး ဟုတ်တယ်မဟုတ်လား ဘယ်တုန်းကများ လောယာမှာ ဒီလောက်သန်မာတဲ့သူ ရှိသွားတာလဲ ..." 


ရေမွန်၏ အသံက နားကြပ်မှတစ်ဆင့် ဂျန်ခင်၏နားထဲသို့ ရောက်လာတော့သည်။ 


"ဒီမက်ခါက မစ္စတာဖန်းက ပိုင်တဲ့ဟာလေ သူက ကျောက်လင်းယွီနဲ့ ဆက်ဆံရေးကောင်းတယ်ဆိုတော့ ..."


ဂျန်ခင်က စိတ်ရှုပ်ထွေးနေဟန်ဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။ 


နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ သူ့စကားကို နာခံလာစေရန် သိမ်းသွင်းရာတွင် ရေမွန်၏ အကူအညီ လုံးဝမပါဘဲ သူ့ကိုယ်ပိုင် ကာယအား၊ ဉာဏအားဖြင့်သာ စွမ်းဆောင်ခဲ့သည့်အတွက် ဂျန်ခင်၏ ခွန်အားမှာ လျော့တွက်၍ မရချေ။ 


သို့သော် သူ၏ မက်ခါမောင်းနှင်နိုင်စွမ်းမှာ ထိုသူကို မယှဉ်နိုင်သေးပေ။ 


လောယာမှာတောင် ဒါမျိုး လုပ်နိုင်မယ့်သူ မရှိဘူး ဖက်ဒရယ်က တကယ်ကို အံ့ဩစရာကောင်းတဲ့ နေရာတစ်ခုပဲ ... 


ဤစစ်ပွဲ ပြီးသွားပါလျှင် ထိုသူနှင့်အတူ တွဲဖက်မောင်းနှင်ရန်ပင် တေးမှတ်ထားလိုက်တော့သည်။ သိူ့သော် ထိုအချိန်မှာပင် ကွင်းပြင်ဆီမှ ကလေးဆန်သည့် အသံတစ်ခုကို အံ့ဩဖွယ် ကြားလိုက်ရတော့သည်။ 


"ဒီ ခွေးကောင် မင်းကို အသေသတ်ပြမယ် ..." 


ထိုအသံကို ကြားရပြီး မကြာလိုက်၊ ထိန်းချုပ်ခန်း၏ အရှေ့နားဆီတွင် အပေါက်‌ခပ်သေးသေးတစ်ခု ဖြစ်လာပြီး နေရာလွတ်ခလုတ်နှင့် လက်တစ်ဖက် ထွက်လာတော့၏။ ထိုလက်က ဝှေ့ယမ်းလိုက်လျှင် နေရာလွတ်ခလုတ်ထဲမှ ထူးထူးဆန်းဆန်းပစ္စည်းများ ထွက်ပေါ်လာကာ ချပ်မင်ထံ ဦးတည်ပျံသန်းသွားပြီး ကာကီရောင် ဧရာမ စွမ်းအင်သတ္ထုရိုင်းကြီးတစ်ခု ထွက်ပေါ်လာတော့သည်။ 


စွမ်းအင်ပုံဆောင်ခဲများက စွမ်းရည်ပိုင်ရှင်များကို စွမ်းအင်ထောက်ပံ့ပေးနိုင်သော်ငြား စွမ်းအင်သတ္ထုရိုင်းများမှာမူ မတည်ငြိမ်သည့် ပတ်ဝန်းကျင်တွင် ပေါက်ကွဲထွက်သွားနိုင်ပေသည်။ ‌ဗုံးနှင့် အခြား အီလက်ထရောနစ် ပစ္စည်းကိရိယာများကိုပါ အတူတကွ ပစ်လွှတ်လိုက်သည့်အတွက် ပေါက်ကွဲအားမှာ ပိုမိုပြင်းထန်သွားတော့သည်။ ထို့ကြောင့် အက်ကွဲကြောင်းက စွမ်းအင်တစ်စိတ်တစ်‌ဒေသကို ဝါးမျိုသွားသည့်တိုင် ချပ်မင်ထံတွင် လှိုင်းဂယက်ထသည့်ဒဏ် သက်ရောက်သွားပေသည်။ 


အခြေအနေကို တင်ပြနေသည့် စစ်သားလေးက တစ်ဖန် အော်ပြောလိုက်ပြန်သည်။ 


"ကြည့် ကြည့် အားလုံးပဲ ကြည့်လိုက်ကြပါဦး မင်းသားချပ်မင်ရဲ့ဆံပင်က လှိုင်းဒဏ်ကြောင့် မီးကျွမ်းနေပြီ ဒီဆံပင်စတိုင်အသစ်က အရမ်းကို အံ့ဩဖို့ကောင်းတာပဲ လူတိုင်းပဲ screenshot ရိုက်ပြီး သိမ်းထားကြနော် သေချာပေါက် screenshot ရိုက်ထားကြပါ ..." 


ပူပန်နေသည့် နှလုံးသား၊ ငိုကြွေးလိုသည့် မျက်နှာထားနှင့် လောယာပြည်သူတို့မှာ screenshot ရိုက်ရန် ရွေးချယ်လိုက်ကြပြန်တော့သည်။ 


"ဒီမောင်းနှင်သူက မက်ခါမောင်းနေရင်း တန်းလန်းနဲ့ကို ပစ္စည်းတွေ လွှင့်ပစ်နိုင်သေးတယ်ပေါ့ သူ့ရဲ့ စိတ်စွမ်းအင်က တကယ်ကို အသန်မာဆုံးဖြစ်ရမယ် ငါထင်တယ် သူ့ရဲ့ စိတ်စွမ်းအင်က မာရှယ့်ထက်ကို မြင့်လောက်တယ် ... အား နောက်စေ့ကို မရိုက်နဲ့လို့ ... ငါမှားပါတယ် ထပ်မပြောတော့ဘူး ဟုတ်ပြီလား ... နောက်စေ့ဆိုတာ လူတစ်ယောက်အတွက် နာကျင်ဖို့ အလွယ်ဆုံးနေရာဆိုတာ မသိဘူးလား သူ့ကို ငါ့အိုင်ဒေါအဖြစ် သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်ပြီ ..." 


တပ်သားသစ်လေးက ဆက်ပြီး တင်ဆက်နေဆဲဖြစ်သည်။ 


"လာပါ အားလုံး အတူတူကြည့်လိုက်ရအောင် သူက တစ်ခုခုကို လွှင့်ပစ်လိုက်တယ်နော် သူ ဘာတွေ လွှင့်ပစ်လိုက်လဲ သိရအောင် ရှေ့ကို နည်းနည်းလောက် ပြန်ရစ်လိုက်မယ်နော် နေပါဦး လက်က ဘာလို့ နူးညံ့ပြီး ပန်းရောင်သမ်းနေရတာလဲ ..." 


တပ်သားလေးက ဖြူဖွေးနူးညံ့နေသည့် လက်၏ ဓာတ်ပုံကို ပုံကြီးချဲ့ကာ သူ့ကိုယ်ပိုင်လက်နှင့် နှိုင်းယှဉ်လိုက်သည်။ နှိုင်းယှဉ်ကြည့်လိုက်ပါလျှင် အခွံခွာထားသော ကြက်ဥပြုတ်နှင့် အခွံမခွါထားသော ကြက်ဥပြုတ်ကဲ့သို့ပင် ခြားနားလှပေသည်။ 


"နေပါဦး အဲဒါ ဘာကြီးလဲ ရာဂနှိုးဆွပေးနိုင်တဲ့ အဝတ်အစားတွေလား အဲဒါက ရှေးခေတ်ဝတ်စုံ ဝတ်ရတာ ကြိုက်တဲ့ ကလေး‌တွေအတွက် မဟုတ်ဘူးလား ဒါကြီးကို ကိုယ်နဲ့မကွာ သယ်ထားတာက အရမ်းကို ယုတ်မာရာ မကျလွန်းဘူးလား ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးအက်ဥပဒေအရဆိုရင် ဒီလိုပစ္စည်းမျိုး သုံးတဲ့သူက သေချာပေါက်ကို ပြစ်ဒစ်ချမှတ်ခံရမှာ ပြီးတော့ ကြီးလေးတဲ့ ပြစ်မှုတွေမှာဆို အိပ်ငွေ့ချကုထုံးကိုပါ ယူရမှာနော် ဒါက လုံးဝကို ခွင့်လွှတ်သင့်တဲ့ကိစ္စ မဟုတ်ဘူး ..." 


တပ်သားလေးက ဓားသွားများကြောင့် အစိတ်စိတ်အမြွာမြွာဖြစ်သွားသော တိရစ္ဆာန်ဝတ်စုံကို ညွှန်ပြရင်း ဒေါသတကြီး ပြောလိုက်သည်။ 


"ဒီလိုကောင်မျိုးက လုံးဝ ငါ့အိုင်ဒေါ မဖြစ်နိုင်ဘူး သူ့ကို တံတွေးနဲ့တောင် ထွေးပစ်လိုက်ချင်သေးတယ်..." 


ဟေး နန်းတော်ထဲမှာ တိုက်ပွဲဖြစ်နေတာလေ ဧကရာဇ်ကလည်း အန္တရာယ်ကြား ရောက်နေတဲ့အချိန်မှာ ကျေးဇူးပြုပြီး အသက်မပြည့်သေးသူ ကာကွယ်ပေးရေး ဥပဒေအကြောင်း ညွှန်ကြားပို့ချနေတာတွေ ရပ်ပေးလို့ ရမလား ဒါပေမယ့် ဒီမက်ခါမောင်းတဲ့တစ်ယောက်‌ကတော့ တကယ်ကို ဆန်ကုန်မြေလေးကောင်ပဲနော် ... 


နေပါဦး ငါတို့ပါ လမ်းကြောင်းလွဲကုန်ပြီဟ ... 


စောင့်ကြည့်နေသူများမှာ ပြောစရာစကားပင် ပျောက်ရှသွားရတော့သည်။ 


Xxxxxx