အပိုင်း ၁၇၀
Viewers 18k

Chapter 170 


သူက ရမ်ရှန့်နှင့် ကလေးများကို အလွယ်တကူ မထားခဲ့နိုင်ချေ။ သူတို့သာ အန္တရာယ် ကြုံနေပါလျှင် သူ့အနေဖြင့် မကာကွယ်နိုင်လိုက်မည်ကို စိုးရိမ်၍ဖြစ်သည်။ ချပ်မင်၏ ရည်ရွယ်ချက်ကို တစ်စွန်းတစ်စ ရိပ်မိထားသည့်အတွက် ရမ်ရှန့်နှင့် ကလေးများအား နေခိုင်းရမည်ကို အနည်းငယ် နောက်ဆံတင်းနေ‌မိတော့သည်။ 


သူက မြွေကို လှုပ်နိုးလိုက်၍ မဖြစ်သောကြောင့် သံအမတ်အဖွဲ့နှင့် လိုက်သွားရမည် ဖြစ်သော်လည်း နောက်ဆုံးတွင်တော့ တိတ်တဆိတ် ပြန်လာရန်သာ ရွေးချယ်လိုက်တော့သည်။ 


အပြန်လမ်း၌ သူ့ကို လမ်းတားခဲ့သည့် ဖန့်ချန်ကျွင့်၏မိခင် ဖန့်ပန်လန်နှင့် မတွေ့ခင်အထိ လုံးဝ အနားမယူခဲ့ချေ။ ဖန့်ပန်လန်မှာ ဖက်ဒရယ်ပြင်ပသို့ တစ်နှစ်ပတ်လုံး ခရီးထွက်နေကာ နှစ်နှင့်ချီပြီး အိမ်မပြန်ဖြစ်သော်ငြား သိပ်မကြာခင်က တစ်ခေါက် ပြန်လာခဲ့လိုက်သေးသည်။ 


သူမ အိမ်အပြန်လမ်းတွင် ဖခင်ဖြစ်သူ အသက်အရွယ်ကြီးမြင့်လာသည်ကတစ်ကြောင်း၊ သားဖြစ်သူ အိမ်ထောင်ရက်သား မကျသေးသည်ကတစ်ကြောင်း အကြောင်းကြောင်းကြောင့် ဖက်ဒရယ်တွင် နှစ်နှစ်ကျော်မျှ နေထိုင်ရန် ကြံစည်ထားခဲ့သည်။ သို့သော် အိမ်ပြန်ရောက်ရောက်ချင်း အကြီးအကဲဖန့်၏ နာရေးသတင်းက ဆီးကြိုနေပေသည်။ သူမနှင့် အကြီးအကဲဖန့်တို့၏ သားအဖဆက်ဆံရေးမှာ ကောင်းမွန်သည်ဟု မဆိုနိုင်သော်ငြား သူမ၏ဖခင် ဖြစ်နေသည့်အတွက် လက်စားပြန်ချေပေးရန် ဆုံးဖြတ်လိုက်တော့သည်။ 


သူမက အကြီးအကဲဖန့်ကဲ့သို့ တစ်ကိုယ်တည်း အထီးကျန်ဆန်သူ မဟုတ်ဘဲ သန်မာ တက်ကြွပေသည်။ နေရာအနှံ့ ခရီးသွားနေစဉ်က လူပေါင်းများစွာနှင့်သာမက ဂြိုဟ်သားအချို့နှင့်ပင် တွေ့ဆုံးခဲ့သည့်အတွက် လောယာအင်ပါယာအကြောင်း အနည်းငယ် တီးမိခေါက်မိသည့်အပြင် ကျောက်လင်းယွီ၏ မိသားစုအခြေအနေနှင့် အကြီးအကဲဖန့်၏ သေဆုံးမှုမှာ လောယာနှင့် ပတ်သက်နေကြောင်း သိနေပေသည်။


 သူမ၏ သား၊ သားမက်နှင့် မြေးများမှာလည်း လောယာတွင် ရှိနေကြောင်း သိလိုက်ရသည့်အခါ မိတ်ဆွေများကို ဆက်သွယ်ကာ ‌လောယာအင်ပါယာသို့ အလျင်အမြန် ထွက်လာလိုက်တော့သည်။ 


သိူ့သော် လောယာသို့ ရောက်လာသည့်တိုင် အင်ပါယာကြယ်အနီးသို့ ကပ်ရန်နည်းလမ်း ရှာမရခဲ့ချေ။ ပင်မကွန်ပျူတာက ဂြိုဟ်တစ်ခုလုံးကို လွှမ်းခြုံထားသည့်အတွက် အာကာသယာဉ်တစ်စီးကို ဓားပြတိုက်ရန်မှာလည်း မဖြစ်နိုင်ချေ။ သူမက လောယာအင်ပါယာသားတစ်ဦးနှင့် မိတ်ဆွေဖွဲ့ကာ အင်ပါယာကြယ်သို့ ခေါ်သွားပေးရန် တောင်းဆိုမည်ဟု ဆုံးဖြတ်လိုက်ပြီးနောက် တိုက်တိုက်ဆိုင်ဆိုင်ပင် သူမရွေးချယ်လိုက်သည့်ပစ်မှတ်မှာ ကျောက်လင်းယွီ၏ စစ်သင်္ဘော ဖြစ်နေပေသည်။ 


သူမ၏ ယာဉ်ပျံဖြင့် ကျောက်လင်းယွီတို့ ယာဉ်ပျံကို ဝင်တိုက်ပြီးနောက် သူမက ကြယ်တာယာကွင်းပြင်ထဲတွင် လမ်းပျောက်ခဲ့ရရှာသည့် သူမ၏ သနားစဖွယ် အဖြစ်အပျက်များ၊ သွားစရာနေရာမရှိသည့်အပြင် ယာဉ်ပျံလည်း ပျက်စီးသွားကြောင်းများကို စီကာပတ်ကုံး ပြောပြလိုက်တော့သည်။ 


သူမနှင့် ဆက်သွယ်ခဲ့သူမှာ ကျောက်လင်းယွီဖြစ်သည်။ ထိုစဉ်က သူမသည် လောယာအင်ပါယာသားနှင့် တစ်ထေရာတည်းတူအောင် ရုပ်ဖျက်ထားသည့်အပြင် ကျောက်လင်းယွီကလည်း ရုပ်ဖျက်ထားသည့်အတွက် တစ်ယောက်နှင့်တစ်ယောက် မမှတ်မိကြပေ။ 


သူမက လောယာသို့ ခေါ်သွားပေးနိုင်မည့်သူကို ရှာနေကာ ကျောက်လင်းယွီကလည်း သူ၏ လတ်တလောအခြေအနေ ဖော်ထုတ်ခံရမည်ကို စိုးရိမ်၍ အလျင်အမြန် ပြန်ချင်သူဖြစ်ရာ နှစ်ဦးလုံးမှာ မတိုးသာမဆုတ်သာ အခြေအနေသို့ ရောက်ရှိသွားတော့သည်။ 


သူမ၏ ယာဉ်ပျံမှာ အမှန်တကယ် ပျက်စီးသွားသည့်အတွက် သူမကို နှင်မထုတ်နိုင်။ ထိုပြဿနာကြောင့် လောယာ၏ စစ်တပ်နှင့် ဥပဒေထိန်းသိမ်းရေးအဖွဲ့တို့၏ အာရုံစူးစိုက်မှု ခံလာရမည်ကို စိုးရိမ်သဖြင့် သူမကို လှည့်စားကာ ယာဉ်ပျံပေါ်မှ ကန်ထုတ်လိုက်ပြီး ဖန့်ချန်ကျွင့်ထံ လွှဲပေးလိုက်သည်။ 


ဖန့်ချန်ကျွင့်မှာ သူမကို ကြည့်လေလေ ရင်းနှီးလေဟု ခံစားရလေဖြစ်ကာ နောက်ဆုံးတွင်တော့ သူမသည် သူ့မိခင်ရင်းဖြစ်ကြောင်း သိသွားတော့သည်။ များစွာ နှောင့်နှေးမသွားသော်ငြား လောယာတွင် တစ်ခုခု ဖြစ်ပွားနေကြောင်း သိလိုက်ရကာ ချပ်မင်၏ အာဏာသိမ်းသည့် ဗီဒီယိုကို တွေ့လိုက်ရချိန်တွင်မူ အခြေအနေမှာ တစ်ဆစ်ချိုး ပြောင်းလဲသွားတော့သည်။ 


သူ့သားနှစ်ယောက်မှာလည်း နန်းတော်ထဲတွင် ရှိနေသည့်အတွက် ဖန့်ချန်ကျွင့်သည်ပင် မိခင်ဖြစ်သူကို ဒေါသထွက်လာတော့သည်။ ရမ်ရှန့်နှင့် အခြားသူများ ဘေးကင်းကြောင်း သိလိုက်ရချိန်တွင် အပျော်ဆုံးသူမှာ ဖန့်ပန်လန့်ပင်ဖြစ်သည်။ယခုအချိန်တွင် သူမကဲ့သို့ မိန်းမလှလေးကို ကန်ထုတ်ခဲ့သည့် ကျောက်လင်းယွီကြောင့် စိတ်ပိုင်းဆိုင်ရာအရိပ်မည်းကြီး စွဲထင်နေလေ၏။


ရမ်ရှန့်က သဝန်တို၍ မဟုတ်ဘဲ အမှန်တကယ် သိလို၍ မေးခြင်းသာဖြစ်သည်ဟု ပြောလိုသော်ငြား သိလိုက်ရသည့်အချိန်တွင် ချက်ခြင်း စိတ်သက်သာရာ ရသွားတော့သည်။ 


"ပြောထားမယ်နော် ကျောက်လင်းယွီက ကျွန်တော့်အပိုင်ပဲ သူ့ကို ထိလို့မရဘူး ဟုတ်ပြီလား ..."


"မပူပါနဲ့ ငါကလည်း ကောင်လေးပေါက်စလေးတွေကို စိတ်မဝင်စားပါဘူး ..." 


သူမက ရင်ဘက်ကိုပုတ်ကာ အာမခံလိုက်သည်။ 


"သူက နည်းနည်းလေး အသက်ငယ်ပေမယ့် လူကောင်းတစ်ယောက်ပါ ..." 


ရမ်ရှန့်က ပြောလိုက်သည်။ 


အလွန်ငယ်ရွယ်သည်ဟု သတ်မှတ်ခံထားရသည့်

 ကျောက်လင်းယွီ : "..." 


"မင်းတို့တွေ တိုက်ရိုက်လွှင့်နေမှန်းရော သိလား ..." 


ဂျန်ခင်က မေးလိုက်သည်။ 


"..." 


"ဘယ်လိုကြင်နာတတ်မှုမျိုးလဲ ဒီကျောက်လင်းယွီက တကယ်ကြီးကို အိုနေတာလေ ... နတ်ဘုရားလေးကို ကြည့်ရတာ ရင်းနှီးနေပါတယ်လို့ ကျွန်တော် ပြောခဲ့သားပဲ လက်စသတ်တော့ သန္ဓေ‌တည်ဆေးအကြောင်း ရေးထားတဲ့အထဲမှာပါတဲ့ ဘေးစောင်းမျက်နှာလေးပဲကိုး... အဲဒီ့အချိန်ကတည်းက ကြည့်ကောင်းမှန်း သိခဲ့ပေမယ့် ဒီလောက်အထိ ငယ်လိမ့်မယ်လို့တော့ မထင်မိခဲ့ဘူး ..." 


တပ်သားလေးက အဆက်မပြတ် ပြောနေလိုက်ပြန်သည်။ 


ဆက်သွယ်ရေးစက်ကိုထုတ်ကာ ကြည့်နေသော ကျောက်လင်းယွီမှာ ပြောစရာစကားပင် မရှိတော့ချေ။ 


"တောင်းပန်ပါတယ် ဒီကောင်လေးက နည်းနည်း စကားများတတ်လို့ ..." 


ဂျန်ခင်က ထိုသို့ပြောကာ သူ့လူများကို ချက်ခြင်း စာပို့လိုက်သည်။ 


ဒီစစ်သားလေးက မာရှယ်ရဲ့ အလုပ်သင်ဆိုတော့ သူ့ကို ဘယ်သူမှ လက်တုန့်မပြန်အောင် ဂရုစိုက်ပေးရမယ် ... 


ထိုအကြောင်း ပြောကာမှ သူတို့သည် သန္ဓေတည်ဆေးကို အသုံးပြုကာ ကလေးလိုချင်ကြသည့်တိုင် ဖက်ဒရယ်ကိုတော့ အနည်းနှင့်အများ အထင်သေးကြဆဲဖြစ်ရာ ရမ်ရှန့်နှင့် ကျောက်လင်းယွီတို့မှာ အမြင်ကောင်းတစ်ရပ် ချန်ထားခဲ့ကြောင်း မည်သူမှ အငြင်းမပွားချေ။ 


"နတ်ဘုရားလေးက အရမ်းကြည့်ကောင်းတယ်ဆိုပေမယ့် ငယ်လွန်းသေးတဲ့အပြင် သူ့ရဲ့ မက်ခါမောင်းတာကလည်း နားလည်ဖို့ တအားခက်တာပဲ သူသာ မက်ခါထဲမှာ မဟုတ်ရင် ဖခင်တစ်ယောက်လို ချစ်ခြင်းမျိုးပဲ ဖြစ်လာနိုင်မှာ တကယ်တမ်းပြောရရင် အင်္ကျီအနီရောင် ဝတ်ထားတဲ့ ဆံပင်အနက်ရောင်နဲ့ မိန်းကလေးကမှ ကြည့်လို့အကောင်းဆုံးပဲ ..." 


သူ့စကားကို ကြားလိုက်သည့် ဖန့်ပန်လန်က ဆံပင်တို့ကို ဆွဲဖွလိုက်သော်ငြား ထိုစစ်သားလေးက အဝတ်အစားများ ဆွဲချွတ်နေသည်ကို မြင်လိုက်ရေသာကြောင့် ရုတ်ချည်း စိတ်ပျက်သွားတော့သည်။ 


"ဒယ်ဒီ ဆင်းတော့မယ် ..." 


သားကြီးက ထိုသို့ပြောလာသည့်အတွက် ကျောက်လင်းယွီက သူ့ကို အောက်ချပေးလိုက်လျှင် သူက ဘေးနားရှိ ရွှံ့ပုံထဲတွင် နစ်နေသူ၏ လက်တစ်ဖက်ကိုဆွဲကာ ရွှံ့ထဲမှ ထုတ်ပေးလိုက်သည်။ သူ့စားစရာကို တစ်ဝက်သာ စားရသေးသည့်အတွက် မဖြုန်းတီး‌လိုပေ။ 


သူ ဆွဲထုတ်လာသူမှာ အကူအညီတောင်းသည့်တိုင် လျစ်လျူရှုခံထားရသည့် ချပ်မင်ဖြစ်သည်။ သူက ခြောက်ကပ်သွားသည်အထိ စုပ်ယူလို၍ သယ်ခဲ့ခြင်း ဖြစ်သော်ငြား အခြားသူတို့၏ အမြင်တွင်မူ ကြင်နာတတ်သော ကလေးလေးဖြစ်သည်။


 ကျောက်လင်းယွီက ထိုအကြောင်းကို ရိပ်မိသော်လည်း ရှင်းပြမနေတော့ဘဲ ဖန့်ပန်လန်၏ လက်ချက်ကြောင့် ‌အေးခဲနေသော ရေခဲများကို ထုခွဲရင်း လွတ်ထွက်စပြုလာသော စွမ်းအင်အားလုံးကို စုပ်ယူလိုက်သည်။ 


အခွင့်အရေးကောင်းတစ်ခုကို အလဟဿ ဖြုန်းတီးပစ်တာ ဘယ်လောက် ရှက်စရာကောင်းလိုက်သလဲ သူသာ ကောင်းကောင်း မကြိုးစားရင် တစ်နေ့နေ့ကျ သားတွေက ကျော်တက်သွားလိမ့်မယ် ... 


"ချပ်မင် ..." 


ဂျန်ခင်က သားကြီး၏ ခြေရင်းတွင် လှဲနေသူကို လှမ်းခေါ်လိုက်သည်။ ထို့နောက် ကိုယ်ကိုကိုင်းကာ လက်ကို ချပ်မင်၏ လည်ပင်းပေါ် တင်လိုက်ရင်း အမူအယာမဲ့နေသော မျက်နှာပေါ်မှ အလွန်လှပသော အပြုံးတစ်ပွင့်ကို လှစ်ဟလိုက်သည်။ 


"စိတ်စွမ်းရည်ဆုံးရှုံးသွားရင် ဘယ်တော့မှ ပြန်မသက်သာလာတော့ဘူးတဲ့ မင်းက ကံကောင်းတယ်လို့ ပြောရမယ် ခန္ဓာကိုယ်က ဆိုးဆိုးဝါးဝါး မပျက်စီးတော့ နှစ်တွေအကြာကြီး အသက်ရှင်နိုင်ဦးမှာ စိတ်စွမ်းအင်မရှိတဲ့သူကို အန္တရာယ်များတဲ့ ဂြိုဟ်တွေပေါ် နယ်နှင်ဒဏ်ပေးလို့လည်း မရတော့ မင်းက ပိုပြီး ကြီးလေးတဲ့ပြစ်ဒဏ်ကို ခံရမှာပဲ အနာဂတ်မှာ စောင့်ကြည့်ရေးကိရိယာမျိုးစုံတပ်ပြီး အင်ပါယာကြယ်ပေါ်က အမှိုက်တွေကို လှည်းကျင်းနေရတော့မှာပဲ ..." 


ချပ်မင်၏ တည်ငြိမ်နေသော အမူအယာတို့မှာ ရုတ်ချည်း ပပျောက်သွားတော့သည်။ ဂျန်ခင်က သူ့လက်ကို ပုဝါတစ်ထည်ဖြင့် သုတ်ကာ လွှင့်ပစ်လိုက်ပြီး ၎င်းက ချပ်မင်၏ မျက်နှာပေါ်သို့ အတည့်ကျသွားတော့သည်။ လက်စားချေသည်ဟု ပြော၍ရသည်ထက်ပင် ကျော်လွန်အောင် လုပ်ဆောင်ခဲ့ပြီးဖြစ်ကာ နယ်ခြားစောင့်တပ်ဖွဲ့ကလည်း ဖမ်းဆီးရမိသူများနှင့်အတူ ပြန်ထွက်သွားတော့သည်။


 ဧကရာဇ်ဝဲလ်က ပျက်စီးနေသော နန်းတော်ကိုကြည့်ကာ ကျောက်လင်းယွီကို ပြုံးပြလိုက်သည်။ 


"သွားရအောင် ဧကရီမှာ ရှုခင်းလှတဲ့ ကျွန်းတစ်ကျွန်းရှိတယ် ..." 


"စားစရာရောရှိလား ..." 


သားကြီးက ဖန့်ပန်လန်၏ ရင်ခွင်ထဲတွင်‌နေကာ သူမ၏ ရင်ဘက်ကို တစူးတစမ်း ကြည့်နေရင်း မေးလိုက်သည်။ 


"ရှိတာပေါ့ ..." 


ဒါပေမယ့် သူ့ရဲ့ အစားစားချင်စိတ်အရဆို ဝအောင်ကျွေးမွေးဖို့က ခဲယဉ်းမှာပဲ ... ဒီလိုဆိုမှ ကျောက်လင်းယွီရဲ့ ကြင်ယာဘက်နဲ့ ကလေးတွေက တစ်ခုခု ထူးဆန်းနေသလိုပဲ 


ဧကရာဇ်က ရုတ်ချည်းထွက်ပေါ်လာသည့် ရမ်ရှန့်ကိုတစ်လှည့်၊ ချက်ခြင်းကြီးထွားလာသည့် အကြီး‌ဆုံးသားကိုတစ်လှည့် စိုက်ကြည့်ရင်း အံ့ဩမိနေသော်ငြား တစ်ချိန်တည်းတွင်ပင် စိတ်သက်သာရာ ရသွားတော့သည်။


ရမ်ရှန့်နဲ့ ကလေးတွေရဲ့ မျိုးရိုးဗီဇက တစ်ခုခုမှားနေတာ ထင်တယ်နော် ဖက်ဒရယ်က သတင်းတွေအရဆို ရမ်ရှန့်ကလည်း ချက်ခြင်းကြီး ကြီးထွားလာတာတဲ့ ဒါပေမယ့် ဒီလိုကြီး ဖြစ်တာက သူတို့အတွက် တကယ်ရော အဆင်ပြေရဲ့လား စိတ်ပိုင်းဆိုင်ရာကရော လိုက်လာရဲ့လား ရမ်ရှန့်ရဲ့ အသက်အစစ်အမှန်ကရော ဘယ်လောက်လဲ မသိဘူး ... 


အတွေးများစွာ ဖြတ်ပြေးပြီးကာမှ သူ့ကိုယ်သူ စည်းကျော်နေမိပြီဟု ခံစားမိလိုက်တော့သည်။ 


သူက ဘာလို့ တစ်ခြားမိသားစုရဲ့ကိစ္စတွေကို အရေးစိုက်နေရမှာလဲ သူ့မှာလည်း ဂရုစိုက်ရမယ့် ဇနီးနဲ့ သားသမီးတွေ ရှိနေတာကို ... 


ဧကရီကို ဘေးနားသို့ ဆွဲခေါ်ပြီးနောက် ပြင်းရှနေသည့် အရှိန်အဝါတို့မှာ ရုတ်ချည်း နူးညံ့သွားတော့သည်။ 


ဧကရီ၏ ကျွန်းမှာ အလွန်ကြီးမားကာ ရှုခင်းတို့မှာလည်း ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင်ပင် လှပပေသည်။ လေယာဉ်ပေါ်မှ ဆင်းလာပြီးနောက်တွင်တော့ ယာဉ်ပျံပေါ်တွင် လမ်းလျှောက်နေသော မိန်းမလှလေးကို တွေ့လိုက်ရသည်။ 


"အဒီလာ ဘယ်သွားမလို့လဲ ..." 


ဧကရီက မေးလိုက်သည်။ 


"သူ့ကို သွားတွေ့မလို့ ..." 


သူမက ကျောက်လင်းယွီနှင့် အခြားသူများကို ခေါင်းငြိမ့်ပြလိုက်သည်။ သူမက မည်သူမည်ဝါဟု ထုတ်မပြောသော်ငြား သူမ၏ စကားများအရ ချပ်မင်ကို သွားတွေ့မည်ဖြစ်ကြောင်း သိလိုက်ရသည့်အတွက် ဧကရီ၏ အမူအယာမှာ ရှုပ်ထွေးလာတော့သည်။ 


ဧကရာဇ်က ပြုံးကာ ပြောလိုက်သည်။ 


"အထဲဝင်ပြီး အနားယူကြရအောင် ..." 


ဖြစ်ပျက်ခဲ့သည်များ အပြီးတွင် သူတို့အားလုံးမှာ ညစ်ပတ်ပေရေနေကြရာ မည်သည်ကိုမှ မတွေးခင် အရင်ဆုံး ကိုယ်လက်သန့်စင်ရန် လိုအပ်နေပေသည်။ 


စက်ရုပ်များက အားလုံးကို သက်ဆိုင်ရာအခန်းအသီးသီးသို့ လိုက်ပို့လိုက်ကြပြီး ရမ်ရှန့်နှင့် သားကြီးတို့က ရေအမြန်ချိုးကာ ထမင်းစားပွဲတွင် စောင့်နေလိုက်ကြသည်။ စားပွဲပေါ်ရှိ သစ်သီးနှင့် ကိတ်အားလုံးကို စားသောက်ပြီးနောက် အခြားသူများလည်း ရောက်လာကြတော့သည်။ 


ဧကရာဇ်က အဓိကထိုင်ခုံတွင်ထိုင်ကာ အရေးကြီးကိစ္စတစ်ရပ်ကို ကြေငြာလိုသော်ငြား ရမ်ရှန့်နှင့် ကလေးများ၏ အကြည့်ကို မြင်လိုက်ရချိန်တွင် သူ့အပြုအမူများမှာ လူသားမဆန်ဟု ခံစားမိလာတော့သည်။ 


"အရင်ဆုံး စား‌လိုက်ရအောင် ပြီးရင် ငါ့မှာ အရေးတကြီး ပြောစရာ ရှိနေသေးတယ် ..." 


အင်ပါယာက ဗုံးတစ်လုံး ပစ်ချမည့်အကြံကို လက်လျော့ကာ သူတို့ စားသောက်နေကြသည်ကိုသာ အံ့ဩတကြီး ကြည့်နေလိုက်တော့သည်။ 


နန်းတော်မှာ ပျက်စီးသွားသော်ငြား ဧကရီ၏ ကျွန်းတွင် မည်သည့်အရာမှ ပြတ်လပ်မနေချေ။ စားစရာများ ပေါများလှသော်လည်း စားစရာပမာဏနှင့် ပတ်သက်လာပါလျှင်မူ မည်မျှပင် များပြားနေပါစေ စားသောက်ရန် မလုံလောက်သေးချေ။ ရမ်ရှန့်နှင့် ဒုတိယသားကိုတစ်လှည့် ကျန်ကလေးများကို တစ်လှည့် ကြည့်ကာ သူတို့မှာ ဟန်မပျက်သေးသည့်တိုင် ဧကရာဇ်ကမူ ညစာမစားမီ သတင်းကို မကြေငြာမိသည့်အတွက် ဝမ်းသာမိနေတော့သည်။ 


လူတိုင်းက ဝမ်းသာလုံးဆို့ကာ အနည်းငယ်သာ စားကြသည်ဟူသည့် ဖြစ်ရပ်မှာ သူ့စိတ်ကူးထဲတွင်သာရှိသည်။


တကယ့် လက်ရှိအခြေအနေတွင်မူ သူသာ ထိုသတင်းကို ပြောလိုက်ပါလျှင် ဝမ်းသာလုံးဆို့ကာ နောက်ထပ် ထပ်စားရန် စောင့်နိုင်ကြတော့မည် မဟုတ်ချေ။ 


သူက အလျင်လိုမနေ၍သာ တော်သေးသည်။ 


Xxxxxxxxxxx